Wednesday, September 16, 2009

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၅

မင်းဟန်

(၈၈)
၁၉၈၉ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန ဝန်ကြီးဗိုလ်ချုပ်ဖုန်းမြင့်၏ လက်မှတ်နှင့် နဝတ က ကြေညာ ချက်အမှတ် ၃၈ အား ထုတ်ပြန်၏။ ကြေညာချက် ၃၈ က …. နိုင်ငံရေးပါတီများအနေနှင့် ပုံနှိပ်ထုတ်ဝေရန်အတွက် ဗဟိုမှတ် ပုံတင်အဖွဲ့တွင် မှတ်ပုံတင်ခွင့်ပြုချက် တင်ရမည်။ ဗဟိုမှတ်ပုံတင်အဖွဲ့မှ ခွင့်ပြုမှ …. စာပေစိစစ်ရေးက ခွင့်ပြုမှ ထုတ်ဝေဖြန့်ချိခွင့်ရမည်။ ထားတော့….။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွက်မူ ကြေညာချက် ၃၈ ပါ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ ပြဿနာမရှိတော့….။

အဖွဲ့ချုပ်တွင်က ပိုင်းဖြတ်ချက် ရှိနှင့်ပြီးဖြစ်သည်။ အာဏာဖီဆန်ရေး လမ်းစဉ်အား အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အတွင်း ချမှတ်ခဲ့ပြီးဖြစ်သည်။ ဤအတွက် ….. မတရားသည့် အမိန့်အာဏာမှန်သမျှအား အဖွဲ့ချုပ်က တာဝန်အရ ဖီဆန်၍သွားတော့မည်။ ပြီးလျှင် … (Movement) ရှိသော နိုင်ငံရေးလှုပ်ရှားမှုများအား ဆက်တိုက်ဖော်ဆောင်သွားရန်လည်း အဖွဲ့ချုပ်၏ အလုပ်အမှုဆောင် အစည်းဝေးက ဆုံးဖြတ်ထား၏။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးပြဿာနာများကို နိုင်ငံရေးနည်းအရ ပြေပြစ်သော နည်းလမ်းဖြင့် မဖြေရှင်းဘဲ လက်နက်နည်းနှင့် ဖြေရှင်းခဲ့မှုအပေါ် အများပြည်သူများ အမှတ်တရဖြစ်စေရန်နှင့် နောင်တွင်လည်း နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ပြေပြစ်စွာ တွေ့ဆုံဆွေးနွေး အဖြေရှာဖြေရှင်းရေးသို့ ဦးတည်လာစေရန် ရည်ရွယ်ပြီး နှစ်ပတ်လည် အထိမ်းအမှတ်နေ့များတွင် နိုင်ငံရေးလှုပ်ရှားမှုပွဲများ ပြုလုပ်သွားရန် အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင် ဆွေးနွေးခဲ့၏။

ဤအတွက်ပင် …. ဇွန်လ ၂၁ ရက်၊ မြေနီကုန်း ဒီမိုကရေစီလူထုတိုက်ပွဲ တနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားများအား ရန်ကုန်ရှိ အဖွဲ့ချုပ်ရုံးများ၌ ကျင်းပပြုလုပ်သွားကြမည်ဖြစ်သည်။

၁၉၈၈ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ မြေနီကုန်းလူထုတိုက်ပွဲက …. စစ်သားများ၊ လုံထိန်းများအား လူထုက ဓား-ဓားချင်း၊ လှံ-လှံချင်း ရင်ဆိုင်သည့်တိုက်ပွဲ ဖြစ်သည်။ အောက်မေ့အမှတ်ရဖွယ်ရာ ဂုဏ်ရောင်ပြောင်သည့် သမိုင်း….။

၁၉၈၈ ခုနှစ် ဇွန်လ ၂ဝ ရက်နေ့တွင် မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ) အာဏာပိုင်တို့က ရန်ကုန် ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်လက်အောက်ရှိ တက္ကသိုလ် ၄ ခုအား ပိတ်လိုက်၏။ ဤတွင် …. ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ကျင်းပနေသည့် လူထုစည်းဝေးပွဲများအား၊ နောက်တနေ့တွင် ရန်ကုန်ဆေးတက္ကသိုလ် (၁) သို့ ပြောင်းရွှေ့လိုက်ကြ၏။ ရန်ကုန်ဆေးတက္ကသိုလ် (၁) က နှစ်နေရာ ရှိသည်။ ပထမနှစ်နှင့် ဒုတိယနှစ် ဆေးပညာသင်တန်းသားများ၏ ကျောင်းဆောင်က မြန်မာ့အသံနှင့် မျက်နှာချင်းဆိုင် ပြည်လမ်းမပေါ်တွင်ရှိပြီး၊ တတိယနှစ်နှင့် နောက်ဆုံးနှစ် ဆေးပညာသင်တန်းသားများ၏ ကျောင်းဆောင်က …. ရန်ကုန် ပြည်သူ့ဆေးရုံကြီးအနီးတွင် ရှိ၏။

၁၉၈၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်…..။
ပြည်လမ်းရှိ ဆေး (၁) ဝင်းအတွင်း ထောင်သောင်းချီသော ကျောင်းသားတို့ စုရုံးမိကြပြီး လူထုစည်းဝေးပွဲများ ပြုလုပ်ကြ၏။ ငြိမ်းငြိမ်းချမ်းချမ်းပင်…..။

ပြည်လမ်းရှိ ကျောင်းသားဟောပြောပွဲကြီးအား ဦးဆောင်သူတို့က …. ရန်ကုန်ဆေးရုံကြီးအနီးရှိ ဆေးတက္ကသိုလ် (၁) တွင် ပြုလုပ်နေသည့် လူထုစည်းဝေးပွဲနှင့် ပူးပေါင်းရန်အတွက် ဆေး (၁) သို့ ချီတက်ကြရန် စီစဉ်ကြ၏။ မွန်းလွဲ ၁ နာရီတွင် လိပ်ခုံးဆေး (၁) ဝင်းအတွင်းမှ ထွက်ခဲ့ကြ၏။ ပြည်လမ်းမတလျှောက် ….. ဆန္ဒပြကျောင်းသားထုကြီးက ပြည့်လျှံ၍သွား၏။ ပြည်လမ်းမထက် ဆန္ဒပြလူတန်းရှည်ကြီးသည် ငြိမ်းချမ်းစွာနှင့် ချီတက်၍လာကြသည်။ ပြည်လမ်းမ၏ ညာဘက် မြန်မာ့အသံအနီးတလျှောက်တွင်မူ ‘ဘရင်းကယ်ရီယာကား’ များနှင့် စစ်သားများ….။ ‘ဟံသာဝတီ’ အဝိုင်းကြီးတွင်လည်း စစ်သားများက မဲမဲလှုပ်မျှ နေရာယူထားကြ၏။ သေနတ်ပြောင်းဝများက ဆန္ဒပြချီတက်၍ လာနေကြသည့် ကျောင်းသားတို့အား ချိန်ရွယ်၍ထား၏။ ပြီးလျှင် ရှေ့တွင် ….. ချီတက်လာသည့် ကျောင်းသားထုကြီးဆက်၍ မချီတက်နိုင်ရန် လမ်းမအား သံဆူးကြိုးခွေများနှင့် ပိတ်ထား၏။ စစ်သားများနှင့် လုံထိန်းများကလည်း လမ်းအား ပိတ်၍တားထားကြ၏။

ထိုသူတို့က …. မောင်းပြန်သေနတ်များနှင့် ပစ်ရန် အသင့်….။ နံပါတ်တုတ်များနှင့် ရိုက်ရန် အသင့်…..။ ဆန္ဒပြလူထုကြီးက ရှေ့တိုး၍မရ…. နောက်ဆုတ်၍မရနှင့် ပြည်လမ်းမထက်၌ ပိတ်မိ၍နေသည်။ အနားတွင်မူ မြေနီကုန်းဈေးနှင့် ရပ်ကွက်အိမ်ယာများရှိ၏။ မကြာ….. TE 11 စစ်ကားကြီးများ အရှိန်ပြင်းစွာနှင့် မောင်းနှင်လာပြီး လူထုကြီးအား ဝင်၍တိုက်၏။ မောင်းပြန်သေနတ်များနှင့်လည်း ကားပေါ်မှနေ၍ ပစ်၏။ ဆန္ဒပြလူထုကြီးသည် မြေနီကုန်းဈေးအတွင်းသို့ ဝင်ပြေးကြ၏။ မြေနီကုန်းရပ်ကွက်လေးအတွင်းသို့ တိုးဝင်၍ ပြေးကြရ၏။ ဝရုန်းသုန်းကား….။ ဖရိုဖရဲ။ အပြိုပြိုအလဲလဲနှင့်….။ ၁၃ နှစ်အရွယ် အထက်တန်းကျောင်းသားလေး ၂ ဦး TE-11 စစ်ကားကြီးများ၏ တိုက်ကြိတ်ခြင်းအား ခံလိုက်ရ၏။ တယောက်က ပွဲချင်းပြီး သေဆုံးသွား၏။ တယောက်ကမူ သွေးအိုင်ထဲတွင် …. သေလောက်သည့် ဒဏ်ရာနှင့်…..။

မြေနီကုန်းရပ်ကွက်အတွင်းမှ လူထုသည် လမ်းများပေါ်သို့ ထွက်လာပြီး စစ်သားများနှင့် လုံထိန်းတို့အား ရင်ဆိုင်၍ တိုက်ခိုက်တော့၏။ ရရာလက်နက်များနှင့် ပစ်ခတ်တိုက်ခိုက်၏။ အုတ်ခဲပိုင်းများနှင့်လည်း ပစ်၏။ ‘ဂျင်ကလိ’ များနှင့် ပစ်၏။ လုံထိန်များလည်း သေ၏။ လူထုအချို့လည်း ကျဆုံး၏။

ဇွန်လ ၂၁ ရက်၊ မြေနီကုန်းတိုက်ပွဲက …. လူထု ၈ဝ ခန့်နှင့် လုံထိန်း ၂ဝ ခန့် သေဆုံးခဲ့သည့် တိုက်ပွဲဖြစ်၏။

သွေးနှင့် ကဗ္ဗည်းထိုးခဲ့ကြသည့်….မြေနီကုန်း၊ ဇွန် -၂၁ သမိုင်း…..။


(၈၉)
၁၉၈၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ …..။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်ရှိ အဖွဲ့ချုပ်ရုံးများ၌ မြေနီကုန်း ဒီမိုကရေစီလူထုတိုက်ပွဲ တနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားများအား ပြုလုပ်၏။ ပထမဦးစွာ ဒေါ်အောင်ဆန်းစုကြည် ဗဟန်းအဖွဲ့ချုပ်ရုံး အခမ်းအနားသို့ သွား၏။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဥက္ကဋ္ဌ ဦးတင်ဦးလည်း ပါ၏။ ဗဟန်းအဖွဲ့ချုပ်ရုံး၌ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြော၏။

“၂၁ ဇွန်လရဲ့ အရေးအခင်းအခမ်းအနားကို ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များသာမက ဒီမိုကရေစီတိုက်ပွဲဝင်နေကြတဲ့ အဖွဲ့အစည်းတွေကနေ လာရောက်အားပေးတဲ့အတွက် အများကြီး အားတက်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ရဲ့ တိုက်ပွဲဟာ အဖွဲ့အစည်းတခုတည်းရဲ့ တိုက်ပွဲ မဟုတ်ပါဘူး။ အမျိုးသားအားလုံးရဲ့ တိုက်ပွဲဖြစ်ပါတယ်။ တနိုင်ငံလုံးမှာရှိတဲ့ ဒီမိုကရေစီလိုလားတဲ့ ပြည်သူလူထုရဲ့ တိုက်ပွဲကြီး ဖြစ်ပါတယ်။

အခုအချိန်မှာ ကျမတို့ သတ္တိရှိရမယ်။ မတရားတဲ့ အမိန့်အာဏာများကို ကျမတို့ ဖီဆန်ရမယ်။ ဒါ ကျမတို့အားလုံးမှာ တာဝန်ရှိပါတယ်။ တာဝန်အရ ဖီဆန်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မတရားတဲ့ အမိန့်အာဏာများကို တာဝန်အရ ဖီဆန်ကြပါလို့ ကျမ တောင်းပန်ချင်ပါတယ်။ ကျမတို့ ဒီလိုပဲ ဆက်ပြီးတော့ ကြောက်လို့၊ အားနာလို့၊ စိုးရိမ်လို့ ကိုယ့်တာဝန်ကို မထမ်းဆောင်နိုင်ဘူးဆိုရင် လိုချင်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို ထူထောင်ဖို့ အင်မတန်မှ ခဲယဉ်းပါလိမ့်မယ်။

အမိန့်အာဏာဖီဆန်ရေးဆိုတဲ့ လှုပ်ရှားမှုကြီးကို ကျမတို့ အဖွဲ့ချုပ်အနေနဲ့ ဖော်ထုတ်ဖို့ ကြိုးစားနေပါတယ်။ အမိန့်အာဏာဖီဆန်ရေးထဲမှာ ပြည်သူလူထုအားလုံးက တက်တက်ကြွကြွ ပါဝင်ကြပါ။ ဒီလို အမိန့်အာဏာတွေကို အခုအချိန်မှာ ထိထိရောက်ရောက် ဖီဆန်နိုင်မှ တကယ်ပဲ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲများ ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီလို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာဟာ ဒီမိုကရေစီလမ်းမှာ မလွှဲမရှောင်သာ ဖြတ်ကျော်ရမယ့်ကိစ္စတခု ဖြစ်ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများမှတဆင့် ပြည်သူလူထုလိုချင်တဲ့ အုပ်ချုပ်မှုစနစ်တခုကို ဖော်ထုတ်ရမယ်။ ပြည်သူလူထုကို လေးစားမယ့်၊ ကြင်နာမယ့်၊ စေတနာနဲ့ အုပ်ချုပ်မယ့် အစိုးရတခုကို ဖော်ထုတ်ရမယ်။ ဒီလိုလုပ်ဖို့အတွက် အားလုံး ကြိုးစားကြပါ။ ကျမတို့ အဖွဲ့ချုပ်နဲ့ လက်တွဲပြီးတော့ မတရားတဲ့ အမိန့်အာဏာ မှန်သမျှကို ဝိုင်းဝန်းပြီးတော့ တာဝန်အရ ဖီဆန်ကြပါလို့ တိုက်တွန်းရင်းနဲ့ ကျမ နိဂုံးချုပ်ပါတယ်”

ဗဟန်းမြို့နယ်ရုံး အခမ်းအနားပြီးသည့်နောက် စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်ကြပြန်သည်။ စမ်းချောင်းမြို့နယ် အဖွဲ့ချုပ်ရုံး၏ မြေနီကုန်း ဇွန်လ ၂၁ ရက် အခမ်းအနားသို့ လူထု ၅ဝဝဝ ကျော်ခန့် တက်ရောက်ကြ၏။ လုံခြုံရေးတပ်သားတို့ကလည်း ပြည့်ပြည့်သိပ်သိပ်ပင်……။ ဒေါ်အောင်ဆန်းစုကြည်က လူထုအား စကားပြော၏။ သူမ၏ အသံက အသံချဲ့စက်မှတဆင့် …. ကြည်ကြည်လင်လင်၊ ရှင်းရှင်းလင်းလင်း…..။

“ကျမတို့ လူထုဟာ စည်းကမ်းရှိရမယ်။ ကျမ ပထမဦးဆုံး ဒီတိုက်ပွဲဝင်လာကတည်းက ပြောပါတယ်။ ဒီမိုကရေစီလိုလားတဲ့ ပြည်သူလူထုဟာ စည်းကမ်းရှိရှိနဲ့လုပ်မှ ဖြစ်ပါလိမ့်မယ်။ အဲ့ဒီတော့ ကျမတို့အားလုံး စည်းကမ်းရှိရှိနဲ့ နေကြပါ။ နောက်ပြီးတော့လည်း တပ်မတော်သားများကို ရန်မစပါနဲ့။ တပ်မတော်သားများဟာလည်း သူတို့ရဲ့ တာဝန်အရ တာဝန်သိသိနဲ့ လုပ်စရာရှိတာ လုပ်သွားကြမယ်လို့ မျှော်လင့်ရမှာပဲ။ တပ်မတော်သားများ ရှိနေတယ်ဆိုတော့ တပ်မတော်သားများကို ရည်ညွှန်းပြီးတော့ ကျမ ပြောစရာရှိတာ ပြောလိုက်ရမှာပဲ။ ဗိုလ်ချုပ်ကြီးစောမောင်ကိုယ်တိုင် ပြောခဲ့ပါတယ်။ တပ်မတော်သားများဟာလည်း ရွေးကောက်ပွဲမှာ မဲပေးရမှာပဲတဲ့။ အဲ့ဒီတော့ တပ်မတော်သားများအနေနဲ့ ရွေးကောက်ပွဲမှာ မဲပေးရမယ့် နိုင်ငံသူ၊ နိုင်ငံသားများဆိုတော့ ဘယ်အဖွဲ့အစည်းများကို မဲပေးသင့်တယ်ဆိုတာ ဆုံးဖြတ်ဖို့ လိုတယ်။ တပ်မတော်ဆိုတာဟာ တိုင်းပြည်အပေါ်မှာ သစ္စာရှိရမယ်။ ကိုယ့်ရဲ့ နိုင်ငံသူ၊ နိုင်ငံသားများအပေါ်မှာ သစ္စာရှိရမယ်။ ဖေဖေဟာ တပ်မတော်ကို ထူထောင်ကတည်းက လူတယောက်အတွက် မဟုတ်ဘူး၊ အဖွဲ့အစည်းတခုအတွက် မဟုတ်ဘူး။ နိုင်ငံတနိုင်ငံလုံးအတွက် ထူထောင်ခဲ့တယ်ဆိုတာ ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။ ဒီလိုစိတ်ထားမျိုးနဲ့ ထူထောင်ခဲ့တဲ့ တပ်မတော်ပါ။ ပထမဦးဆုံး ဘီအိုင်အေခေတ်က တပ်မတော် စတင်ပေါ်ပေါက်လာတာ ဘယ်လိုပေါ်ပေါက်လာတာလဲ။ ကျောင်းသားပြည်သူ၊ ရဟန်းရှင်လူများက ဝင်ပြီးတော့ တပ်မတော်ကို ထူထောင်ခဲ့တာပဲ။

ကျောင်းသားပြည်သူ၊ ရဟန်းရှင်လူများနဲ့ စပြီးတော့ ထူထောင်ခဲ့တဲ့ တပ်မတော်ဖြစ်ပါတယ်။ အခုလည်း တပ်မတော်ထဲမှာရှိတဲ့ တပ်မတော်သားများဟာ ကျမတို့ ပြည်သူလူထုကြားက ပေါက်ဖွားလာတဲ့ သားများ ဖြစ်ပါတယ်”


(၉ဝ)
ဒေါ်အောင်ဆန်းစုကြည်တို့၏ အစီအစဉ်က …. စမ်းချောင်းမြို့နယ် အဖွဲ့ချုပ်ရုံးမှ အခမ်းအနားပြီးလျှင် … မနှစ်က ဇွန်လ ၂၁ ရက်နေ့၊ မြေနီကုန်းအရေးအခင်းတွင် ကျောင်းသားလူငယ်များ သွေးမြေကျ၊ ကျဆုံးခဲ့ရသည့်နေရာသို့ သွားရောက်၍ အောက်မေ့ဖွယ်ပန်းခြင်းချ အလေးပြုရန် ဖြစ်၏။

ဒေါ်အောင်ဆန်းစုကြည်တို့၏ မော်တော်ယာဉ်များ ၁၉၈၈ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က သွေးမြေကျခဲ့ကြသည့် နေရာသို့ ရောက်သည့်အချိန်၌ ကျောင်းသားလူငယ်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တို့က တဖက်နှင့်တဖက် တင်းတင်းမာမာနှင့် စောင်၍နေကြသည်။ ထိပ်တိုက်ရင်ဆိုင်တိုးကြသည့် အဆင့်သို့မူ မရောက်သေး…..။ အခြေအနေက အချိန်မရွေး တင်းမာလာပြီး ရုန်းရင်းဆန်ခတ်များ ဖြစ်သွားနိုင်မည့် အခြေအနေ….။ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့က ၁၅ ယောက်ခန့် ရှိ၏။ မော်တော်ယာဉ်အား လမ်းဘေးပလက်ဖောင်းတွင်ကပ်၍ ရပ်လိုက်၏။ ပြီးလျှင် ….. ဒေါ်အောင်ဆန်းစုကြည် ကားပေါ်မှဆင်း၍ သွေးမြေကျခဲ့သည့်နေရာသို့ သွားပြီး၊ ပန်းစည်း ချ၏။ အလေးပြု၏။ ခဏငယ်အတွင်း မြေနီကုန်း တနှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားက ပြီးခဲ့၏။ ဒေါ်အောင်ဆန်းစုကြည် ပန်းစည်းချပြီး မော်တော်ယာဉ်ဆီသို့ ပြန်အလာတွင် ….. အရင်ကရှိနှင့်ပြီး၊ အခြေအနေအား အကဲခတ်နေကြသည့် ကျောင်းသားလူငယ်များကလည်း သူတို့၏ လွမ်းသူ့ပန်းခြင်း၊ ပန်းခွေများအား ဒေါ်အောင်ဆန်းစုကြည် လွမ်းသူပန်းခြင်းချခဲ့သည့် နေရာတွင် လိုက်၍ ချကြ၏။ အလေးပြုကြ၏။

ဤတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လွမ်းသူပန်းခြင်းချ အလေးပြုကြသည့် ကျောင်းသားများအား လိုက်၍ဖမ်း၏။ နံပါတ်တုတ်နှင့် ရိုက်၏။ အခြေအနေက ချက်ချင်းပင် ရုတ်ရုတ်သဲသဲနှင့် ရုန်းရင်းဆန်ခတ်ဖြစ်၍ သွားသည်။ ပြေးပြေးလွှားလွှားနှင့်….။ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် အတူပါလာသည့် အဖွဲ့ချုပ်ဗဟိုလူငယ်အဖွဲ့ဝင် တစ်ယောက်ကိုလည်း လုံခြုံရေးတပ်သားတို့က ဖမ်းဆီး၍ ခေါ်ဆောင်သွား၏။ ပန်းစည်းချသည့် လူငယ်အချို့လည်း ဖမ်းဆီးခြင်း ခံကြရ၏။ မတတ်နိုင်….။ ဒေါ်အောင်ဆန်းစုကြည်တို့ ကားများပေါ်သို့တက်ပြီး ထိုနေရာမှ ထွက်ခွာခဲ့၏။

ဒေါ်အောင်ဆန်းစုကြည်တို့၏ မော်တော်ယာဉ်များ ဘီးလိမ့်၍ထွက်ခွာရုံပင် ရှိသေး၏။ သေနတ်သံများအား ကြားရသည်။ သေနတ်သံများက ဆက်တိုက်ပင် …. ပစ်ခတ်နေ၏။ ကျောင်းသားလူထုအတွင်းသို့ ပစ်ခတ်နေသည့် သေနတ်သံလား ….. မိုးပေါ်ထောင်ဖောက်ပြီး ခြောက်လှန့်ပစ်ခတ်၍ လူစုခွဲသည့် သေနတ်သံလေလား … မခွဲခြားတတ်….။ မဖြစ်….။ လူထုအား သေနတ်နှင့်ပစ်၍ ခြိမ်းခြောက်နေသည့် အခြေအနေအား မျက်နှာလွှဲထားခဲ့ပြီး ဆက်၍ထွက်သွားရန် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် မည်သို့မျှမဖြစ်…။ မထွက်နိုင်….။ ကားအား ပြန်လှည့်ခိုင်း၏။ ပြီးလျှင် … ပစ်ခတ်နေသည့် နေရာဆီသို့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြန်လာခဲ့၏။ ဒေါ်အောင်ဆန်းစုကြည်တို့၏ကား ရပ်လိုက်သည်နှင့် ရဲအရာရှိဝတ်စုံနှင့်သူများ ဒေါ်အောင်ဆန်းစုကြည်၏ ကားအား ဝိုင်းရံလိုက်ကြ၏။ ရဲအရာရှိတဦးက ….

“ မပြေးနဲ့ … မောင်းမပြေးနဲ့ …. ပစ်လိုက်မယ်…”
“ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်း …. ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်း ” ဟူ၍ ရိုင်းစိုင်းကြမ်းတမ်းစွာ အော်ဟစ်၍ပြော၏။ လက်ထဲမှ သေနတ်ကလည်း တရမ်းရမ်း….။ ဟိုချိန်လိုက်၊ သည်ချိန်လိုက်နှင့်….။

ဒေါ်အောင်ဆန်းစုကြည်က …. ကားပေါ်မှဆင်းရင်း ….
“ဘယ်သူမှ မောင်းမပြေးဘူး….၊ သေနတ်သံကြားလို့ တမင်ပြန်လှည့်လာတာ” ဟု ဆိုသည်ကိုပင် … ထိုရဲအရာရှိက … “စကားမရှည်နဲ့ … ငြိမ်ငြိမ်နေ…” ဟု ကြိမ်းမောင်း၍နေ၏။

ဒေါ်အောင်ဆန်းစုကြည်တို့အားလုံးအား မြေနီကုန်းရဲစခန်းအရှေ့သို့ ခေါ်ဆောင်လာခဲ့ကြ၏။ ရဲစခန်းအရှေ့တွင်ပင် ခေတ္တမတ်တပ်ရပ်နေစေပြန်၏။ ပြီးလျှင် …. TE-11 စစ်ကားပေါ်သို့ တက်ခိုင်း၏။ ဒေါ်အောင်ဆန်းစုကြည်တို့အားလုံး TE-11 စစ်ကားကြီးပေါ်သို့ တက်လိုက်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်အား စစ်ဖက်မှ ဗိုလ်မှူးကြီးတဦးက လာတွေ့ပြီး မဝတ (မြို့နယ်ကောင်စီ) ရုံးကို ခေတ္တလိုက်ခဲ့ရန် …. လူကြီးလူကောင်းပီပီ ယဉ်ယဉ်ကျေးကျေး စကားဆို၏။ မဝတ ရုံး၌ ဒေါ်အောင်ဆန်းစုကြည်နှင့် TE-11 ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်၍ စကားပြောခဲ့သည့် ဗိုလ်မှူးကြီးတို့ စကားပြောကြ၏။ ဆွေးနွေးကြ၏။

ဒေါ်အောင်ဆန်းစုကြည်က ….
“ဒီ ၂/၈၈ ကိုတော့ ကျမတို့ လိုက်နာဖို့ မဖြစ်ပါဘူး။ လူ ၅ ယောက်နဲ့ နိုင်ငံရေးလုပ်ဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျမတို့ဟာ ဘာမှ ဆူဆူပူပူလည်း လုပ်မှာမဟုတ်ပါဘူး။ အေးအေးချမ်းချမ်း၊ ငြိမ်ငြိမ်သက်သက်နဲ့ပဲ လုပ်စရာရှိတဲ့ နိုင်ငံရေးကို လုပ်သွားမှာပါ။ အာဏာဖီဆန်ရေးနဲ့ ပတ်သက်လို့ကတော့ …. ကျမတို့ဟာ မတရားတဲ့ အမိန့်ဆိုးတွေဆိုရင်တော့ ဖီဆန်သွားရမှာပါပဲ။ အခု အာဏာဖီဆန်တာဟာလည်း ပုံနှိပ်သူများနဲ့ ထုတ်ဝေသူများ မှတ်ပုံတင်ရေး အမိန့်အာဏာကို ဖီဆန်နေတာဖြစ်ပါတယ်။ အခုလည်း …. ကျောင်းသားလေးတွေကို ဖမ်းဆီးနေတာဖြစ်လို့ ပစ်ခတ်သံတွေကြားလို့ ကျမပြန်လှည့်လာခဲ့တာပါ”

မဝတ ရုံးအတွင်း ၃ နာရီခန့် ဆွေးနွေးကြပြီးသည့်နောက် ဒေါ်အောင်ဆန်းစုကြည်တို့အား ပြန်နိုင်ပါပြီဟူ၍ ဗိုလ်မှူးကြီးက ယဉ်ယဉ်ကျေးကျေးပင် ပြောဆိုပြီး ပြန်ခွင့်ပြုခဲ့သည်။

ထိုနေ့က မြေနီကုန်း တနှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ပစ်ခတ်မှုတွင် တဦးကျဆုံးခဲ့ရ၏။ သူက … တစည (တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) မှ စည်းရုံးရေးမှူးတဦး ဖြစ်၏။ ဒဏ်ရာနှင့် လဲနေသည့် ဦးသိန်းမိုးအား ကျောင်းသားများက ပစ်ခတ်နေသည့်ကြားမှ အရဆွဲပြီး ဆေးရုံသို့ ပို့၏။ မသေဆုံးမီ ဦးသိန်းမိုးက သူသည် တစည မှ ဖြစ်ကြောင်း ပြောသွား၏။ တစည အဖွဲ့ဝင်ကဒ်ကိုလည်း ထုတ်၍ပြခဲ့၏။ ဆေးရုံသို့မရောက်မီမှာပင် ဦးသိန်းမိုး ကွယ်လွန်ခဲ့၏။

ဒေါ်အောင်ဆန်းစုကြည်၏ စိတ်တွင်မူ အတွေးများက ဖြန့်ကျက်၍ တွေးနေမိ၏။ “ကျောင်းသားလူငယ်တွေဟာ အကြမ်းဖက်ချင်တဲ့ လူတွေဆိုလို့ရှိရင် ဦးသိန်းမိုးကြီးကို တစညကြီးဟဲ့ .. ဆိုပြီး ပစ်ခဲ့မှာပေါ့။ ဒီလိုစိတ်တွေ မရှိပါဘူး။ ကျမတို့ ပြည်သူလူထုအချင်းချင်းပဲ၊ ကျမတို့ စိတ်မကောင်းဘူး။ ဦးသိန်းမိုးတယောက် ကျသွားတယ်။ ဦးသိန်းမိုးဆိုတာဟာ တစညတို့၊ အလုပ်သမားစည်းလုံးညီညွှတ်ရေးပါတီတို့ ဆိုတာဟာ ကျမတို့စိတ်ထဲမှာ မထားပါဘူး။ ပြည်သူထဲက တယောက်ကျသွားတယ်။ ဒီလောက်တောင်မှ ကျမတို့မှာ အသက်လုံခြုံမှု မရှိဘူးလား၊ ဒါဟာအင်မတန်မှ ဝမ်းနည်းစရာကောင်းတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီလိုအခြေခံအခွင့်အရေးတွေ လိုချင်လို့ ကျမတို့ ဒီမိုကရေစီလှုပ်ရှားမှုထဲမှာ ပါဝင်နေတာပဲ။ ဒီလိုရည်ရွယ်ချက်တွေနဲ့ ကျမတို့ ဆက်ပြီးတော့ လုပ်သွားမှာပဲ”

No comments:

Post a Comment