Monday, September 21, 2009

ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး

အောင်ဇော်

မကြာသေး မီက ဖြစ်ပွား ခဲ့သည့် တရုတ်-မြန်မာ နယ်စပ် တလျှောက် တိုက်ပွဲ များကြောင့် ဘေဂျင်းနှင့် နေပြည်တော် အကြား ချစ်ကြည် ရေးဂဟေ အားလျော့လာ လေပြီလောဟု စောကြော သုံးသပ်မှုများ ပေါ်ထွက် လာခဲ့သည်။

သို့သော်လည်း သမိုင်းကြောင်းအရ ပြန်ကြည့်လျှင် ယခုဖြစ်ရပ်သည် နှစ်နိုင်ငံအကြား အမြစ်တွယ်နေသည့်သဖွယ် ခိုင်ခိုင် မြဲမြဲ ရှိနေသည့် မိတ်ဖက်၊ ရန်ဖက် ဒွိဟစိတ်ကို အထင်အရှား ဖော်ပြနေသည်။ ဤအနေအထားမှာလည်း အလွန်အမင်း ခြားနားကြသည့် နှစ်နိုင်ငံအကြား တလျှောက်လုံးတည်ရှိလာခဲ့သည့် ဆက်ဆံရေး အနေအထား ဖြစ်သည်။

ပြီးခဲ့သည့် ဆယ်စုနှစ် ၆ ခု တာ ကာလတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ခေတ်မီ၊ လွတ်လပ်သော နိုင်ငံများ ဖြစ်ခဲ့ ကြသည်။ မိတ်ဆွေအဖြစ် ရှိခဲ့ကြသကဲ့သို့ ရန်သူလည်း ဖြစ်ခဲ့ကြဖူးသည်။ မိတ်ဆွေရော၊ ရန်သူအဖြစ်ပါ ဆက်ဆံခဲ့ကြသည့် ကာလများပင် ရှိခဲ့ပါသည်။

ကမ္ဘာ့စင်မြင့်ပေါ် ဤနှစ်နိုင်ငံတက်လာကြသည့်အခါ ထိုးထွက်လာသည်မှာ တရုတ်နိုင်ငံ ဖြစ်နေသည်။ နိုင်ငံတကာက အထီးကျန် သင်းကွဲနိုင်ငံဟု သတ်မှတ်ခံနေရသည့် မြန်မာနိုင်ငံ မဟုတ်ပေ။ ဤ အချက်ကလည်း နောက်ပိုင်းတွင် အရေးပါလာသည်။ ၁၉၄၉ ခုနှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်သည့်အခါ ပထမဦးဆုံး အသိအမှတ်ပြုခဲ့သည့် တိုင်းပြည်များတွင် ကွန်မြူနစ်အုပ်စုပြင်ပမှ နိုင်ငံဟူ၍ မြန်မာတနိုင်ငံသာ ရှိခဲ့ဖူးပါသည်။

မြန်မာပြည်သည် ဘေဂျင်းရှိ တရုတ်နိုင်ငံအစိုးရနှင့် နှစ်နိုင်ငံ အပြန်အလှန် မကျူးကျော်ရေးစာချုပ် ချုပ်ဆိုခဲ့သော ပထမဦးဆုံး နိုင်ငံတခုဖြစ်ပြီး ၁၉၆၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ၎င်းနှစ်တွင်ပင် မြန်မာနိုင်ငံက တရုတ်နှင့် နယ်စပ်မျဉ်း သဘောတူညီမှု ပထမဦးဆုံး ရယူနိုင်သည့် အိမ်နီးချင်းနိုင်ငံ ဖြစ်လာခဲ့သည်။

ဆယ်စုနှစ်တခုမျှ ကြာသည့်အခါ ကုလသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်သူ မြန်မာနိုင်ငံမှ ဦးသန့်က ကုလသမဂ္ဂတွင် တရုတ်နိုင်ငံ တရားဝင်နေရာ ရယူနိုင်ရေးအတွက် ကြိုးပမ်းရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ကူညီ ဆောင်ရွက် ပေးခဲ့ပြန်သည်။ ဤသို့ဆောင်ရွက်ပေးခဲ့သည့် ကျေးဇူးကို နောင်တချိန်တွင် တရုတ်နိုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် အာဏာကို သုံး၍ မြန်မာစစ်အစိုးရကို ကာကွယ်မှုပေးသည့် နည်းဖြင့် ပြန်ဆပ်လိမ့်မည်ဟု ဦးသန့်က အိပ်မက် မက်ခဲ့ဖူးမည် မဟုတ်ပါ။

၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းစဉ်က တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ကပြောင်းကပြန်ဖြစ်ပြီး ပိုမို ဆိုးရွားလာခဲ့သည်။ နောက်ပိုင်း ၂၆ နှစ်တာ ကာလတွင် ဗိုလ်ချုပ်နေ၀င်းနှင့် သူ၏တပ်မှူးများက တရုတ်နိုင်ငံ၏ ကျောထောက် နောက်ခံမှု ရရှိထားသော ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) ၏ တပ်များကို တိုက်ခိုက်ချေမှုန်းရင်း ရုန်းကန်ခဲ့ရသည်။

ဗကပ သည် တရုတ်မြေပေါ်မှနေ၍ ဗိုလ်ချုပ်နေ၀င်းအစိုးရအပေါ် ပြစ်တင်ရှုတ်ချရန် ခွင့်ပြုချက် ရခဲ့ရုံမက တရုတ်နိုင်ငံမှ ပေးသည့် စစ်ရေးနှင့် ဘဏ္ဍာရေး အကူအညီ အမြောက်အများ ရရှိခံစားခဲ့သည်။ တရုတ်နိုင်ငံက ဗကပ အဖွဲ့ဝင်များကို နိုင်ငံရေး၊ စစ်ရေးသင်တန်းများ ပို့ချပေးခဲ့ပြီး ဗိုလ်နေ၀င်းအစိုးရ ဆန့်ကျင်ရေးအတွက် နေ့စဉ် ၀ါဒ ဖြန့်ချိနိုင်ရန် အသံလွှင့်ရုံ တခုပင် ထူထောင်ပေးခဲ့ပါသည်။

တချို့ ဗကပ ခေါင်းဆောင်များက ဘေဂျင်းတွင်ပင် နေထိုင်နိုင်ခဲ့ကြသည်။ သူတို့က လစာခံစားခွင့်၊ အခမဲ့အိမ်ရာ နှင့် အိမ်အကူဝန်ထမ်းများပင် ရရှိခဲ့ကြသည်။

၁၉၇၀ ပြည့်လွန်နှစ်များက ဘေဂျင်းတွင် နိုင်ငံတော်အခမ်းအနားများ ကျင်းပရာတွင် ဗကပ ခေါင်းဆောင်များက တရုတ် ခေါင်းဆောင်များနှင့်အတူ စင်မြင့်ပေါ်တွင် ထိုင်ခွင့်ရခဲ့ကြပြီး၊ မြန်မာအစိုးရ၏ တရားဝင် ကိုယ်စားလှယ် အရာရှိများမှာမူ သာမန်ပရိသတ်အဖြစ်သာ တက်ရောက်ခွင့် ရခဲ့ကြသည်။ ဤဖြစ်ရပ်ကြောင့် တချို့သော မြန်မာ သံတမန်များ ဒေါသ ထွက်ခဲ့ကြပြီး ထိုအချက်ကြောင့်လည်း တရုတ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်များ ဧည့်ခံ ကျင်းပသည့် အခမ်းအနားများကို တက်ရောက်ရန် ငြင်းပယ်လိုကြခြင်း ဖြစ်သည်။ သို့သော်လည်း ဦးနေ၀င်းက တရုတ်နိုင်ငံနှင့် မိတ်ဆွေဖြစ်ရမည်ဟု သဘောထားခဲ့သည်။

အဘယ်ကြောင့်နည်း။ မြန်မာနိုင်ငံ၏ အိမ်နီးချင်း အင်အားကြီး နိုင်ငံနှင့် မိတ်ဆွေသဖွယ် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားရန် လိုအပ်သည်ဟု သူတွက်ချက်ခဲ့သောကြောင့် ဖြစ်နိုင်သည်။ သူက ရံဖန်ရံခါ တရုတ်နိုင်ငံသို့ တရားဝင် အလည်အပတ် ခရီး သွားရောက်ခဲ့ပြီး အပြန်တွင် အကူအညီများ၊ ထောက်ပံ့မှုများ ရရှိလာတတ်သည်။

သို့သော်လည်း ဦးနေ၀င်းက မည်သည့်အခါမျှ တရုတ်နိုင်ငံအကြိုက် လိုက်လျောရန် လိုအပ်သည်ဟု မယူဆခဲ့ပေ။

၁၉၆၇ ခုနှစ်တွင် သူက တရုတ်နိုင်ငံအပေါ် မကျေမနပ်ဖြစ်နေသည့် သူ့ဒေါသက မြန်မာပြည်တွင် နေထိုင်သည့် တရုတ်လူမျိုးများအပေါ် ပုံချလိုက်သည်။ ပညာရေးဝန်ကြီးဌာနက ကျောင်းသားများကို “တရားဝင် ခွင့်ပြုထားခြင်း မရှိသည့် တံဆိပ်များ” တပ်ဆင်ခြင်း မပြုရန် တားမြစ်ခဲ့သဖြင့် ဇွန်လတွင် တရုတ် ဆန့် ကျင်ရေး အဓိကရုဏ်းများ ပေါ်ပေါက်ခဲ့သည်။ ထိုသို့ တားမြစ်လိုက်သည့် ရည်ရွယ်ချက်မှာ တရုတ် ခေါင်းဆောင်ကြီး မော်စီတုန်းဓာတ်ပုံပါသည့် ရင်ထိုးများ၊ တံဆိပ်များကို တပ်ဆင်ကြသည့် တရုတ်နွယ်ဖွား ကျောင်းသားများကို ရည်ရွယ်သည်။

ဆန္ဒပြသူများက ရန်ကုန်ရှိ တရုတ်နိုင်ငံ သံရုံးကို တိုက်ခိုက်ခဲ့ကြသည်။ ရန်ကုန်နေ တရုတ်လူမျိုးပေါင်း ၁၀၀၀ ကျော်လည်း ထိန်းသိမ်းခံလိုက်ရပြီး တရုတ်အများစုလည်း ပုန်းလျှိုးနေကြရသည်။ တရုတ်လူမျိုး ၅၀ ခန့် အကြမ်းဖက်မှုအတွင်း သတ်ဖြတ်ခံခဲ့ရသည်ဟု မြန်မာအစိုးရက ကြေညာချက် ထုတ်ခဲ့သည်။ သို့သော်လည်း တရုတ်အရာရှိများက သေဆုံးသူ အရေအတွက် ရာဂဏန်း ရှိသည်ဟု ဆိုသည်။

တရုတ်သွေးပါသူ ဦးနေ၀င်းက မည်သည့် အတွက်ကြောင့် တရုတ်-ဗမာ အဓိကရုဏ်းများ ဖြစ်ပေါ်လာရန် ခွင့်ပြုခဲ့ပါသနည်း။ ဗကပ ရေဒီယိုက သူ့ကို ဖက်ဆစ်ဟု ခေါ်ဆိုသောကြောင့် လက်တုံ့ပြန်ခြင်းလော။ မည်သို့ဆိုစေ တချို့ လေ့လာ သုံးသပ်သူများက ဤအဓိကရုဏ်းကြောင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ဆန်ပြတ်လပ်မှုပြဿနာကို အာရုံပြောင်းသွားသည်ဟု ဆိုကြသည်။

မည်သို့ပင် ဖြစ်စေ၊ ဤအကြမ်းဖက်မှုများကြောင့် တရုတ်-မြန်မာဆက်ဆံရေး ထာဝရ ပျက်ပြားသွားရသည်အထိတော့ မဖြစ်စေခဲ့ပါ။ အကြမ်းဖက်မှုများ ငြိမ်သက်သွားပြီးနောက်တွင် ဦးနေ၀င်းအစိုးရနှင့် တရုတ်နိုင်ငံတို့ ပြန်လည်ရင်းနှီးမှု ရသွားပြန်သည်။

မြန်မာ့ တပ်မတော် နှင့် ဗကပ တပ်များ နယ်စပ် တလျှောက်တွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သော်လည်း ၁၉၇၅ ခုနှစ် နိုဝင်ဘာလတွင် ဦးနေ၀င်းက တရုတ်နိုင်ငံသို့ နောက်တကြိမ် သွားရောက်ပြီး နှစ်နိုင်ငံအကြား "မကျူးကျော်ရေး" စာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

နောက်ဆုံး ဘေဂျင်းအစိုးရက ဗကပသို့ ပေးနေသော အထောက်အပံ့များကို ၁၉၈၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းကာလတွင် ရပ်ဆိုင်းလိုက်သည်။ ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုလဲခဲ့ပြီး၊ ထိုအချိန်မှစ၍ တရုတ်နိုင်ငံသည် လက်ရှိ ဖိနှိပ် အုပ်ချုပ်နေသော စစ်အစိုးရအတွက် အင်အားကြီး အမာခံမိတ်ဆွေ ဖြစ်လာတော့သည်။

ယခုအခါ တရုတ်-မြန်မာနယ်စပ်ရှိ ပဋိပက္ခများက ရေဆူမှတ် ရောက်လာပြီဟု ဆိုနိုင်သည်။ ၀ တပ်ဖွဲ့များနှင့် တခြားသော တိုင်းရင်းသား တပ်ဖွဲ့များကို စစ်အစိုးရက တိုက်ခိုက် ထိုးစစ်ဆင်ရန် ဆုံးဖြတ်ခဲ့ပါက သွေးထွက်သံယိုမှုများလည်း ရှိလာတော့မည် ဖြစ်သည်။ တိုက်ပွဲများ ဖြစ်လာလျှင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ ထွက်ပြေးခိုလှုံလာသူ ဒုက္ခသည် ထောင်သောင်းချီ ရှိလာပေတော့မည်။

နယ်စပ်ဒေသတလျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ရရှိအောင် ပြန်လည်ထိန်းသိမ်းရန် တရုတ် နိုင်ငံက တောင်းဆိုခဲ့သည်။ မကြာသေးခင်က ကိုးကန့်ဒေသနေ တရုတ်လူမျိုးများနှင့် ကိုးကန့်အပစ်ရပ်အဖွဲ့ကို တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ သြဇာသက်ရောက်မှုမှာ အကန့်အသတ်မျှသာ ရှိနေကြောင်း ပြသနေသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးက ပြီးခဲ့သည့် ဇွန်လတွင် ဘေဂျင်းသို့ အလည်အပတ် ရောက်ခဲ့ရာတွင် တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့များအပေါ် ထိုးစစ် ဆင်မည် ဖြစ်ကြောင်း တရုတ်ခေါင်းဆောင်များကို အသိပေးခဲ့သည်ဟု သတင်းများအရ သိရှိရသည်။ ၀န်ကြီးချုပ် ၀မ်ကျားပေါင် အပါအ၀င် တရုတ် ခေါင်းဆောင်များက စစ်ပွဲများနှင့် ထုသားပေသား ကျပြီးသား ဗိုလ်ချုပ်ကြီးကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာပါရန် နားချခဲ့သေးသည်။

ဝနှင့် ကိုးကန့်တပ်ဖွဲ့များ မူးယစ်ဆေးဝါးကိစ္စတွင် ပါဝင်ပတ်သက်နေမှုနှင့် လက်နက်စက်ရုံများ တည်ဆောက်နေခြင်းအပေါ် မကျေနပ်သည့် မြန်မာစစ်ဗိုလ်ချုပ်ကြီးက ထိုအကြံပေးချက်ကို နားထောင်မည် မဟုတ်ပေ။ သူက မြန်မာနိုင်ငံသို့ ပြန်ရောက်ရောက်ချင်း တရုတ်နိုင်ငံ နယ်စပ်သို့သွား၍ စစ်ပြင်ဆင်ခဲ့သည်။

မည်သည့်အတွက်ကြောင့်နည်း။ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ကို အကြီးအကျယ် မှီခို အားထား နေကြောင်း မြန်မာဗိုလ်ချုပ်များက ကောင်းကောင်း သိထားပါသည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ဖြတ်သန်း၍ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖောက်လုပ်ရန်ပင် ပြင်ဆင်နေပါသည်။ ဘင်္ဂလားပင်လယ်အော်ကို မဟာဗျူဟာအရ မျက်စိကျနေသည်နှင့်အညီ၊ ဘေဂျင်းအစိုးရက နေပြည်တော်နှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်ဦးမည် မဟုတ်ပါ။

ကြည့်ရသည်မှာ မြန်မာစစ်ဗိုလ်ချုပ်များက နယ်စပ်ဒေသတွင် သူတို့၏သြဇာကို ပိုမို ချဲ့ထွင်နိုင်ရန် ဆုံးဖြတ်ထားပုံရပြီး၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသား လက်နက်ကိုင် တပ်များ နှင့် ဒေသခံ ပြည်သူ့စစ်များကို လက်နက်ဖြုတ်ရန် ဖိအားပေးနေပုံရသည်။

အတိတ်ကာလတွင် တရုတ်-မြန်မာ ဆက်ဆံရေးက ခပ်ကြမ်းကြမ်းလည်း ရှိခဲ့ဖူးသည်။ သို့သော် တဦး နှင့် တဦး ယခင်အချိန်များထက် ပို၍ အပြန်အလှန် လိုအပ်နေကြောင်း သဘောပေါက်ထားကြသည်။ မြန်မာစစ်အစိုးရက သူတို့ကိုယ်သူတို့ တရုတ်နိုင်ငံနှင့် မိတ်ဆွေဖြစ်ကြောင်း ပြသလိုသော်လည်း၊ တရုတ်အစိုးရ၏ ရုပ်သေး မဟုတ်ကြောင်းလည်း အမောက်ထောင်ပြမည့်ဟန် ရှိပါသည်။

အောင်ဇော်ရေးသားသည့် Brothers at Arm's Length ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

No comments:

Post a Comment