Wednesday, September 23, 2009

လွင့်မျောနေသော ကြယ်ပွင့်ကလေးများ

မောင်သာမန် (စင်္ကာပူ)

ခင်ညိမ်းသစ်ရဲ့ 'ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်' ဆောင်းပါးကို ဖတ်အပြီး မျက်ရည်ကျသူ များစွာရှိပါတယ်။ ရှစ်လေးလုံး မမေ့နိုင်တဲ့ ဓာတ်ပုံမှာ ဒေါက်တာမင်းသိန်းနဲ့ ဒေါက်တာစောလွင်က သေနတ်ဒဏ်ရာနဲ့ သွေးလူးနေတဲ့ (ကြွေလွင့်သွားပြီ ဖြစ်တဲ့) ကျောင်းသူလေး မဝင်းမော်ဦးကို ဆေးရုံဆီ သယ်ယူလာတဲ့ ဖြစ်ရပ်မှန်။ ကျနော်တို့ မျက်ရည်ပြန် သုတ်ပြီးတော့ ဘာဆက် လုပ်ကြမလဲ .. စဉ်းစားရင်း၊ လွင့်မျောနေတဲ့ ကြယ်ပွင့်တွေကို အားပေး ကူညီဖို့ နည်းလမ်း တခု ရှိပါတယ်။ ဒါကြောင့် လွင့်မျောနေတဲ့ ကြယ်ပွင့် ဆိုတာ ဘယ်သူလဲ၊ ငါလည်း အဲဒီ အထဲမှာ ပါသလား၊ မိမိကိုယ်ကို အခြေတည်မြဲတဲ့ ကြယ်ပွင့်လို့ ယူဆ နေသူ အတွက်တော့ ဒီစာတိုလေး ဖတ်ရင် အကျိုး ရှိမယ် မထင်ပါဘူး။

၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီး လူသားချင်းစာနာတဲ့အနေနဲ့ မြန်မာဒုက္ခသည်တွေကို အမေရိကန်နဲ့ ဥရောပသမဂ္ဂ၊ သြစတြေးလျားနိုင်ငံတွေက အမြောက်အမြား လက်ခံခေါ်ယူသွားကြတာ အရေအတွက်အားဖြင့် ၅ သောင်းကျော် တရားဝင်စာရင်း ရှိပါတယ်။ ဒိအရင် မြန်မာလူငယ်များစွာ ပြည်တွင်းမှာ ပညာဆက်မသင်တော့ဘဲ အသက် ၁၈ နှစ်ကျော်ရင် ပြည်ပကိုထွက်ပြီး အလုပ်လုပ်ကြတာ မြန်မာပြည်မှာ အစဉ်လာတခုလို ဖြစ်နေပါတယ်။ လူငယ်တွေ ပညာဆက်သင်ရမယ့်အချိန်မှာ စားဝတ်နေရေးခက်ခဲပြီး စစ်တပ်၊ ကြံ့ဖွံ့ ရောက်သွားသူတွေ ရှိသလို၊ ပြည်ပရောက်သွားသူလည်း များစွာ ရှိပါတယ်။ အဲဒီလူငယ်တွေကို နံပါတ် (၁) "လွင့်မျောနေသော ကြယ်ပွင့်ကလေးများ"၊ ကျန်တဲ့လူတွေကတော့ နံပါတ် (၂) အဆင့် ''လွင့်မျောနေသော ကြယ်ပွင့်များ'' ပါပဲ။ ပညာအခြေခံ၊ မိဘ၊ မိတ်ဆွေ အခြေခံရှိပြီး စင်္ကာပူမှာ ကျောင်းတက်၊ အလုပ်လုပ်နိုင်သူတွေ၊ အမေရိကားရောက် မြန်မာတွေကတော့ ကုသိုလ်ကံကောင်းတယ် ဆိုရမလား။

ကျနော် စင်္ကာပူမှာ Marine, Oil & Gas Industry မှာ ၂၀၀၉ အလုပ်ပြန်လုပ်တော့ စင်္ကာပူဟာ ရွှေ့ပြောင်းလုပ်သားတွေကို အထူးအားထားနေတာ တွေ့ရပါတယ်။ မြန်မာလူငယ်များစွာကို တွေ့ရပါတယ်။ ပေါ်လီကျောင်းဆင်း မြန်မာလူငယ်များစွာနဲ့ အလုပ်လုပ်ကိုင်ခဲ့တုန်းက လွင့်မျောနေသော ကြယ်ပွင့်ကလေးများရဲ့ ဘဝဟာ သာယာဖြောင့်ဖြူးနေသလို မြင်ခဲ့ရပါတယ်။ အခုတော့ ၁ဝ တန်းတောင် မအောင်ဘဲ စင်္ကာပူမှာ WP လုပ်နေတဲ့ မြန်မာလူငယ်များစွာနဲ့ အတူလုပ်ကိုင်ရတဲ့အခါ ခါချဉ်ကောင်ကြီး ခါးကမသန်တဲ့ မိမိဘဝကိုပဲ တွေးပြီး ပြုံးမိပါတယ်။ ဘာတတ်နိုင်မှာလဲ .. ကိုယ့်ဘဝ ကိုယ်ပဲ ဖန်တီးလျှောက်လှမ်းရမှာ။ သူတို့လေးတွေအတွက် ဘာများ ပူပန်စရာရှိသလဲ။ မြန်မာပြည်မှာ ဆင်းရဲနွမ်းပါးသူတွေ တပုံကြီး။ သူတို့အတွက်က ပိုပြီးအရေးကြီးတယ်လို့ ပြောနိုင်ပါတယ်။ ကျနော်ရဲ့ တူတွေ၊ တူမတွေလည်း နည်းပေါင်းစုံနဲ့ ထိုင်း၊ မလေးရှား၊ စင်္ကာပူဆီ ရောက်လာကြတော့ ... ဘယ်လိုနည်းနဲ့ သူတို့ကို ကူညီနိုင်မလဲ စဉ်းစားရပါတယ်။

အမေရိကားရောက် မိတ်ဆွေတယောက်က သူ့ရဲ့ တူတော်မောင်တယောက်ကို မလေးရှားမှာ အလုပ်လုပ်နေရာကနေ .. စင်္ကာပူကို သွားရောက်လုပ်ကိုင်ဖို့ အကြံပေးပါတယ်။ ဒီလူငယ်လည်း ကြိုးစား၊ ရိုးသားတဲ့အပြင် လူငယ်သဘာဝအတိုင်း ကိုယ့်ကိုယ်ကို အထင်ကြီးပါတယ်။ စင်္ကာပူအလုပ်က ပွဲစားခ US$2000 ပေးရမယ်ဆိုတော့ စင်္ကာပူရောက် ကျနော်တို့ဆီကတဆင့် ပေးဖို့လုပ်ပါတယ်။ အဆင်မပြေတော့ ဒီလူငယ်ကလေး ၂ဝဝ၈ စင်္ကာပူစီးပွားရေးကျဆင်းချိန် Global Recession နဲ့အတူ မြန်မာပြည် ပြန်သွားရရှာပါတယ်။

ငွေအားဖြင့် တတ်နိုင်တဲ့သူတွေဟာ နိုင်ငံခြားကို ငွေရင်းနှီးပြီး လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မုံရွာမြို့မှာ မိန့်ခွန်းတခုပြောခဲ့တာ သတိရပါတယ်။ ဒီမိုကရေစီရပြီးရင် ဆက်လက်ထိန်းသိမ်းဖို့အတွက် ပိုမိုခက်ခဲစွာ လုပ်ဆောင်ရမယ့်အကြောင်း ပြောခဲ့ပါတယ်။ နိုင်ငံခြားမှာ အိမ်ဝယ်ရတာကတော့ ပိုက်ဆံရှိရင် ရပေမယ့် လစဉ်အရစ်ကျပေးငွေနဲ့ အိမ်ကိုပြုပြင်ထိန်းသိမ်းစရိတ်က ပိုပြီးအရေးကြီးကြောင်း ဥပမာ ပြခဲ့ပါတယ်။ ဒီလိုပါပဲ၊ နိုင်ငံခြားမှာ ပညာသင်၊ အလုပ်လုပ်နိုင်ပြီးရင် ဆက်လက်အောင်မြင်စွာ လုပ်ဆောင်နိုင်ဖို့ကတော့ မြန်မာအချင်းချင်း ယိုင်းပင်းနေထိုင်ကြဖို့ အရေးအကြီးဆုံးပါပဲ။

အခက်အခဲများ

မြန်မာတွေ အဖွဲ့အစည်းနဲ့ မလုပ်တတ်တဲ့ သဘောကြောင့် တဦးကောင်း၊ တယောက်ကောင်းပဲ လုပ်နေရပါတယ်။ နိုင်ငံခြားမှာလည်း မြန်မာများရင် ကုမ္ပဏီတော့ မလွယ်ဘူးလို့ ခံယူထားသူတွေ များနေတော့ ကိုယ့်ကုမ္ပဏီမှာ မြန်မာတွေ လာမှာကို ကြောက်နေကြ ပါတယ်။ ကိုယ်အဆင်ပြေနေရင် ကိုယ့်ကုမ္ပဏီမှာ အနည်းဆုံး ကိုယ့်ဆွေမျိုးကိုတော့ အလုပ်ရအောင် ကြိုးစားလုပ်ဆောင်ပေးရမှာပါ။

မြန်မာပြည်မှာ နအဖ စစ်တပ်အုပ်စိုးတော့ စင်္ကာပူမှာလည်း နအဖ သားသမီးတွေ အများအပြား နည်းမျိုးစုံနဲ့ ရောက်နေကြ ပါတယ်။ သူတို့တတွေ အများစုကတော့ နအဖ လုပ်ရပ်ကို အဟုတ်ကြီး ထင်နေကြသူတွေပါပဲ။ စင်္ကာပူရောက်ပြီး မကြာခင်မှာ နအဖ လုပ်ပုံကိုင်ပုံတွေ မဟုတ်ကြောင်း သိလာကြမှာပါ။ ဒီတော့ သူတို့ရဲ့ ဖခင် ဗိုလ်ချုပ် ဆွေမျိုးတွေကို စင်္ကာပူမှာ လူ့အခွင့်အရေး အသင့်အတင့်ရပြီး၊ လူကိုလူလို မြင်တတ်တာတွေ ပြန်ပြောမှာပါ။ စင်္ကာပူအစိုးရကလည်း ပွဲစားနိုင်ငံဆိုတော့ အမေရိကန်၊ ဥရောပသမဂ္ဂ (အီးယူ)၊ တရုတ်၊ မြန်မာ အစိုးရတွေကြားမှာ ညှပ်နေတော့ Political Freedom မရှိလှတဲ့ နိုင်ငံတခု ဖြစ်ပေမယ့် လူတွေရဲ့ ပါးစပ်ပေါက်ကိုတော့ (လက်ဖက်ရည်ဝိုင်းမှာ) ပြောခွင့်ပေးထားပါတယ်။ နအဖ စစ်အစိုးရကတော့ ပြောတာနဲ့ အဲဒီပြောတဲ့လူ ခဏလောက်ဆိုပြီး ညသန်းကောင်ဆို လာခေါ်သွားတတ်တယ်တဲ့။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံခြားရောက် မြန်မာတွေမှာလည်း စစ်အုပ်စုနဲ့ ဒီမိုကရေစီအုပ်စု နှစ်ခုရှိနေပေမယ့် ၉၀ ရာနှုန်းကတော့ ဒီမိုကရေစီ ဘက်သားတွေဆိုတာ သေချာလှပါတယ်။

ငါအဆင်ပြေရင်တော့ ဒီလွင့်မျောနေတဲ့ ကြယ်ပွင့်ကလေးတွေအတွက် တခုခုတော့ လုပ်ပေးရမယ်ဆိုပြီး အဆင်ပြေအောင် ကြိုးစားနေသူတွေ ... အဆင်ပြေအောင်ဆိုတာ ငွေ၊ အိမ်၊ စီးပွားရေးကိုပဲ လုပ်နေသူတွေပါပဲ။ လူ့အလို နတ်မလိုက်နိုင်ဆိုတဲ့အတိုင်း ဘယ်တော့မှ အဆင်ပြေမှာ မဟုတ်ပါဘူး။ ကျနော်လည်း ကိုယ်ရတဲ့ငွေ၊ ကိုယ့်မှာရှိတဲ့ အချိန်တွေကို ပြန်စဉ်းစားပါတယ်။ ရှိတဲ့အချိန်ထဲက ၉၀ ရာခိုင်နှုန်းကို မိမိစိတ်ကျေနပ်အောင် သုံးစွဲနေတယ်ဆိုတာ အံ့သြစရာ တွေ့ရတယ်။ ငါ့မိဘ၊ ငါ့သားသမီး၊ ငါ့ကွန်ပြူတာ၊ ငါ့ဘလောက်၊ ငါ့အလုပ်... စသဖြင့် အချိန်ကုန်နေပါတယ်။ ငါ့သူငယ်ချင်းနဲ့ မိတ်ဆွေတွေမှာ မြန်မာလူမျိုး များစွာရှိနေတာကိုတော့ အကျေနပ်ဆုံး အချက် တခုပါပဲ။

တဦးချင်းမှ အဖွဲ့အစည်းသို့

ကြယ်တွေကြွေနေတဲ့ တိုင်းပြည်အတွက် လုပ်စရာတွေ ကြီးကြီးကျယ်ကျယ် လုပ်နေစရာ မလိုပါဘူး။ အုတ်တချပ်သဲတပွင့်ဆိုရင် လုံလောက် ပါတယ်။ မိုးမခ အင်တာနက်မှာ သင်ယခုဘာလုပ် နေပါသလဲ၊ (၁) အင်တာနက်တွင် မြန်မာသတင်းဖတ် နေပါသည်။ (၂) အီးမေးပို့ နေပါသည်။ (၃) မြန်မာပြည် ဖုန်းပြောနေ ပါသည်... စသဖြင့် ရယ်စရာ မေးခွန်းကို တွေ့ဖူးပါတယ်။ ထက်မိုး (နယူးဒေလီ) အဖွဲ့ရဲ့ အမေရိကန်-အင်္ဂလိပ် စကားပြော CD ထုတ်လုပ်မှု အချိန်ပေးခြင်းကိုလည်း လေးစားမိပါတယ်။ ဒီလထဲမှာ ချင်းမိုင်က မြန်မာ ဘောလုံးအသင်းတွေ အကြောင်းလည်း နားထောင်ရပါတယ်။ ပျော်ပျော်ပါးပါး အမေရိကား .. ပွဲလမ်းသဘင်တွေ၊ သီဆိုကခုန် ပျော်ရွှင်မှုတွေနဲ့ မြန်မာတွေ စုစည်းခြင်းကတော့ ခဏတာ စုစည်းမှုပါပဲ။ ခဏတာ စုစည်းချိန်မှာ မိမိတိုင်းပြည်နဲ့ လူမျိုးအတွက် တခန်းတကဏ္ဍက ကူညီနိုင်ခြင်းဟာ အဖွဲ့အစည်း စိတ်ဓာတ်ပါ။

တခါကလည်း "လွင့်မျောနေသော ဦးခေါင်းများ" ဆောင်းပါး ဖတ်ဖူးပါတယ်။ ဦးခေါင်းတွေကို စုစည်းဖို့ ကြိုးစားနေရင် အချိန်ကုန်မှာပါ။ မြန်မာ ၂ ယောက်ရှိရင် အဖွဲ့ ၃ ဖွဲ့ဆိုတဲ့ ရယ်စရာကိုလည်း အတိတ်မှာ ထားလိုက်ပါ။ လက်ရှိ ရှိနေတဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနဲ့ ဒီမိုကရေစီရေး အဖွဲ့စည်းတခုထဲ အသင်းသားအဖြစ် ပါဝင်နေပြီလား။ လွင့်မျောနေသော ဦးခေါင်းဘဝမှာပဲ ကျနော် မနေရစ်ချင်ပါဘူး။ နအဖ ကတော့ သူတို့အဖွဲ့အစည်းကို စုစည်းတည်ထောင်ခြင်းက လက်နက်အင်အား၊ ငွေအင်အားနဲ့ လူတွေရဲ့ အကြောက်တရားကို ကိုင်တွယ်ထားနိုင်လို့ပါပဲ။ ဖြစ်ခြင်း၊ ပျက်ခြင်း နိယာမအရ နအဖ စစ်အစိုးရလည်း မတည်မြဲပါဘူး။

ကျနော်တို့ရဲ့ တဦးချင်း တာဝန်တွေ

ဒီမိုကရေစီနိုင်ငံကို ဒီမိုကရေစီ အင်အားစုတွေ ဦးဆောင်နိုင်ချိန်မှာ လွင့်မျောနေတဲ့ ကြယ်ပွင့်ကလေးတွေက ဦးဆောင်ရတော့မှာ ဖြစ်ပါတယ်။ ဒီ ကြယ်ပွင့်ကလေးတွေ အတွက် သင်နဲ့ ကျနော်တို့ရဲ့ အချိန်၊ ငွေ ၅ ရာနှုန်းလောက်ကို ဘယ်လိုသုံးကြမလဲ၊ ကိုယ့်မိသားစုဆွေမျိုး၊ ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေနဲ့ ဆွေးနွေးကြပါ။ မြန်မာပြည်မှာ ကြွေကျသွားတဲ့ ကြယ်ပွင့်တွေရဲ့ မိသားစုကို တယ်လီဖုန်းဆက် အားပေးခြင်း၊ ငွေကြေးအနည်းငယ် ပေးပို့ခြင်း၊ မြန်မာပြည် အလည်ပြန်သူ မိတ်ဆွေတွေကိုလည်း အားပေးခြင်း လုပ်နိုင်ပါတယ်။ အလွန်ဆုံး မိမိပတ်ဝန်းကျင်မှာ လွင့်မျောနေတဲ့ ဒီမိုကရေစီ ဘက်တော်သား ကြယ်ပွင့်ကလေးတွေကို အလုပ်ရှာပေးခြင်း၊ အားပေးစကားပြောခြင်း၊ ခေါ်ယူကျွေးမွေးခြင်း... စတာတွေဟာ မေတ္တာပြခြင်းတခုပါပဲ။ လောကမှာ ပေးနိုင်တာ ၂ ခုပဲ ရှိပါတယ်။

၁။ တယ်လီဖုန်းအားဖြင့် လည်းကောင်း၊ လူချင်း တွေ့ဆုံခြင်းအားဖြင့် လည်းကောင်း လွင့်မျောနေတဲ့ ကြယ်ပွင့်တွေ၊ ကြွေသွားတဲ့ ကြယ်ပွင့်လေးတွေရဲ့ မိသားစုတွေကို အားပေးနိုင်ပါတယ်။ မေတ္တာပို့ခြင်းဟာ အလွန်ကောင်းပါတယ်။ Action Speaks Louder ဆိုတဲ့အတိုင်း လက်တွေ့လုပ်ဆောင်မှုနဲ့ မေတ္တာပို့၊ အားပေးနိုင်ရပါတယ်။ လူသားတိုင်းမှာ ယုံကြည်ချက်၊ မျှော်လင့်ချက်နဲ့ ချစ်ခြင်းမေတ္တာ ၃ မျိုးမှာ မေတ္တာဟာ အမွန်မြတ်ဆုံး ဖြစ်ပါတယ်။ မေတ္တာထား နိုင်ပါသလား..။

၂။ ငါးဖမ်းနည်းပဲ သင်ပေးမယ် - ငါးတော့ လုံးဝမပေးနိုင်ဘူး၊ ဒီမိုကရေစီရေးပဲလုပ်နေ ဒါမှမဟုတ် ဖြုန်းတီး၊ ပျော်ပါးမှုတွေပဲ လုပ်နေပြီး... ကိုယ့်စားဝတ်နေရေး အဆင်မပြေလည် ဖြစ်နေသူတွေကို ခပ်မာမာ၊ ခပ်ဝေးဝေး နေသူတွေလည်း ရှိပါတယ်။ သူတို့လိုအပ်တဲ့ ငါးကြီးကို မပေးနိုင်တောင်မှာ ကိုယ်တတ်နိုင်တဲ့ ငါးအသေးလေးတော့ ပေးသင့် ပါတယ်။ ငွေကြေးအားဖြင့်လည်း အနည်းငယ် ပေးကမ်းကူညီခြင်းလည်း Moral Support ဖြစ်ပါတယ်။ အနည်းငယ် ဝေမျှပေး နိုင်ပါသလား .....။

No comments:

Post a Comment