Sunday, September 27, 2009
၂၀၀၈ အခြေခံ ဥပဒေ၏ ကိုးကန့် နိမိတ်ပုံ
အခြေခံဥပဒေအောက်၌ ပထမဆုံးအကြိမ် ပြည်သူ့လွှတ်တော် ကျင်းပမည့် နေ့မတိုင်မီတရက် ညဘက်တွင် ရန်ကုန်မြို့ ကမာရွတ် ရဲစ ခန်း ကို ပြည်သူများက မီးရှို့ကြသည်။ ဥပဒေကျောင်းသား ကိုနော်ရိန်း၊ ကိုတင်မြင့်၊ ကိုတင်ဖေတို့ ထောင်ကျခံရသည်။ ၇၄ ဥပဒေ၏ ဗွေဆော်ဦး နိမိတ် ဖြစ်ပါသည်။ ၇၄၊ ၇၅၊ ၇၆ ဆက်တိုက် လူထုအုံကြွမှုများ ပေါ်ပေါက်ခဲ့သည်။ ၁၉၈၈ ခုနှစ်၏ အကြိုတိုက်ပွဲများ ဖြစ်ပါသည်။ မဆလ တပါတီ အာဏာရှင်စနစ်နှင့်အတူ ၁၉၇၄ ဥပဒေမှာ ဖျက်သိမ်းလိုက်ရသည်။
ယခု နအဖ ၏ တအာဏာစနစ်ဖြစ်သည့် တပြည်ထောင် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို အသက်သွင်းဖို့ ၂၀၁၀ ရွေးကောက်ပွဲအတွက် သဲသဲမဲမဲ ပြင်ဆင်နေသည်။ ၂၀၀၈ ဖွဲ့စည်းပုံကို ဆန္ဒခံယူသည့်ကာလတွင် နာဂစ်မုန်တိုင်းကြီး လာနေသည်ကို နိုင်ငံတကာ အိမ်နီးနားချင်းများက အကြိမ်ကြိမ် သတိပေး၊ အကြောင်းကြားခဲ့သော်လည်း အာဏာလောဘဇောက ဖုံးလွှမ်းနေသည့်အတွက် ပြည်သူ့အကျိုး ဖျက်ဆီးမည့် နာဂစ်မုန်တိုင်းကြီး သတင်းကိုပင် ကြိုတင်ကာကွယ်နိုင်ရန် အသိပေး၊ သတင်းမထုတ်ပြန်ခဲ့သည်ကို ထောက်ချင့်၍ စစ်အစိုးရ၏ တာဝန်ပျက်ကွက်ခဲ့ကြောင်း ထင်ရှားသည်။ ဒုက္ခသည်များအား ကူညီသူတွေကိုပင် ထောင်ထဲ သွင်းလိုက်သေးသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ၏ ဗွေဆော်ဦးနိမိတ်အဖြစ် နာဂစ်မုန်တိုင်းကြီးနှင့် တွေ့ခဲ့ရ၍ နာဂစ်ဖွဲ့စည်းပုံဟု ခေါ်တွင်ခဲ့ပါသည်။ ထို့နောက်တွင် သံဃာ့အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်။ သံဃံသရဏံ ဂန်းစာမိခဲ့သည်။ ယခု နောက်ဆုံးပေါ် လုပ်ရပ်တခုကို လုပ်ချလိုက်ပြန်သည်။ ကိုးကန့် အော်တိုနိုမီ (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ) မဟုတ်ဘဲ၊ ကိုးကန့် အော်တိုဂန်း ထွက်ပေါ်လာပါသည်။ ဆန်းစစ်ကြပါစို့။
၂ဝဝ၈ ခုနှစ် နာဂစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၅၆ တွင် “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ” ကို အောက်ပါ အတိုင်းသတ်မှတ်သည်။
(က) စစ်ကိုင်းတိုင်းရှိ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ်တို့ကို စုစည်းပြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ။
(ခ) ရှမ်းပြည်နယ်ရှိ ရွာငံနှင့် ပင်းတယမြို့နယ်တို့ကို စုစည်းပြီး ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ။
(ဂ) ရှမ်းပြည်နယ်ရှိ ဟိုပုန်း၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်တို့ကို စုစည်းပြီး ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ။
(ဃ) ရှမ်းပြည်နယ်ရှိ နမ့်ဆန်နှင့် မန်တုံမြို့နယ်တို့ကို စုစည်းပြီး ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ။
(င) ရှမ်းပြည်နယ်ရှိ ကုန်ကြမ်းနှင့် လောက်ကိုင်မြို့နယ်တို့ကို စုစည်းပြီး ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ။
(စ) ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း (ပန်းခမ်း) မြို့နယ် ၆ မြို့နယ်တို့ကို ခရိုင်နှစ်ခုခွဲပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း - ဟု ဖော်ပြထားပါသည်။
ရှမ်းပြည်နယ်ကြီးတခုလုံးအတွက် လူမျိုးစု ၅ စု အတွက်သာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသကို ဖော်ပြထားပါသည်။ ရှမ်းပြည်နယ်ရှိ တခြားသော လူမျိုးစုအများအပြားကို လုံးဝ အသိအမှတ် မပြုရာကျပါသည်။ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး ဥပဒေမျိုးကို တခြားနိုင်ငံ အများအပြားတွင် ဥပဒေပြုလွှတ်တော်ကသာ ရေရှည်စဉ်းစားမျှော်မြင်၍ သက်ဆိုင်ရာ အမျိုးသားပြည်သူများနှင့် ညှိနှိုင်းကာပြဋ္ဌာန်းကြသည်များကိုသာ တွေ့ကြရ ပါသည်။ လွယ်လင့်တကူ ပြဋ္ဌာန်းကြရိုး ထုံးစံမရှိပါ။ လွတ်လပ်ရေးနှင့် ပြည်တွင်းစစ်သည် အမွှာညီအကိုလို ဖြစ်နေသည့် မြန်မာနိုင်ငံလိုမျိုးတွင် ဤကဲ့သို့ မဖြစ်စလောက် သဏ္ဍာန်ဆောင် ဟန်ဆောင်ပန်ဆောင် ဖော်ပြလိုက်ရုံဖြင့် အဆင်ပြေသွားမည့် ကိစ္စမျိုးမဟုတ်ပါ။ လူမျိုးစု လက်နက်ကိုင်အင်အားစု အရေအတွက်ပေါင်းကို ရေတွက်ကြည့်ရုံဖြင့် သိမြင်နိုင်ပါသည်။ တကယ်တမ်း ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးချင်၍ မဟုတ်ဘဲ၊ ယာယီအဆင်ပြေမည်ထင်၍ ငါ့လှေငါထိုး ပဲခူးရောက်ရောက် ထိုးချင်ရာ ထိုးကြည့်သည့်အနေဖြင့် အာဏာတည်မြဲရေးသက်သက် ဖြစ်သည်။ မက်လုံးပေးပြီး သူ့ပိုက်ကွန်တွင်း သက်ဆင်းလာအောင် ထောင်ခြောက် ဆင်ထားခြင်းသာဖြစ်ကြောင်း ဖော်ပြချက်သက်သက်ဖြင့်ပင် အောက်ပါအတိုင်း တွေ့မြင်နိုင်ပါသည်။
၂ဝဝ၈ နာဂစ်ဖွဲ့စည်းပုံ ပုဒ်မ ၂၇၆၊ ပုဒ်မခွဲ (ဈ) တွင် “တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့တို့တွင် ဦးစီးအဖွဲ့ဝင် စုစုပေါင်း၏ လေးပုံတပုံ ဖြစ်သည့် ဦးစီးအဖွဲ့ဝင် ဦးရေကို တပ်မတော်သားများဖြင့် လိုအပ်သလို ဖြည့်စွက်တာဝန်ပေးနိုင်သည်” ဟု ပါရှိသည်။ လေးပုံတပုံ (၂၅ ရာခိုင်နှုန်း) သည် လုပ်ပိုင်ခွင့်အာဏာအားလုံး၏ လေးပုံတပုံ ဖြစ်သည်။ သမိုင်းလက်တွေ့အရ ကိုလိုနီခေတ်က ဒိုင်အာခီအုပ်ချုပ်ရေး၊ ၉၁ ဌာန အုပ်ချုပ်ရေးတို့၏ ခါးသီးသည့်အတွေ့အကြုံကို မြန်မာပြည်သူများ ခံစားဖူးပြီးသား ဖြစ်ပါသည်။ ဖျက်ပိုးတလုံးတည်းဖြင့် မွေးမြူရေးပိုး အားလုံးကို ဖျက်ဆီးသတ်ဖြတ်ပစ်နိုင်ကြောင်း သဘာဝနိယာမများ ရှိပါသည်။ ထို့အတူ သဘာဝ တရားဥပဒေများအရလည်း လက်မခံနိုင်ပါ။ မတရားလျှင် ဘယ်အရာမှ ဥပဒေ ဖြစ်မလာနိုင်ပါ။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့၏ ဥပဒေပြု စာရင်း (ဇယား ၃)
၁။ မြို့ပြနှင့် ကျေးရွာ စီမံကိန်းများ
၂။ လမ်းတံတား ဖောက်လုပ်၊ တည်ဆောက်၊ ပြုပြင်ထိန်းသိမ်းရေး၊
၃။ ပြည်သူ့ကျန်းမာရေး၊
၎။ စည်ပင်သာယာရေးလုပ်ငန်း၊
၅။ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊
၆။ စားကျက်မြေများ ထိန်းသိမ်းရေး၊
၇။ သစ်တောများ ကာကွယ်ထိန်းသိမ်းရေး၊
၈။ ပြည်ထောင်စုက ပြဋ္ဌာန်းသည့် ဥပဒေနှင့်အညီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊
၉။ မြို့နှင့် ကျေးရွာများအတွင်း ရေနှင့် လျှပ်စစ်မီးဆိုင်ရာ ကိစ္စ၊
၁ဝ။ မြို့များနှင့် ကျေးရွာများ၏ ဈေးများဆိုင်ရာကိစ္စ - ဟူ၍ ဖော်ပြထားသည်။
အထက်ဖော်ပြထားချက်သည်သာ နအဖ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဥပဒေပြုအာဏာ ဖြစ်ပါသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အမျိုးသားပြည်သူများ၏ တန်းတူရေး၊ သွေးစည်းရေး၊ အတူတကွ တိုးတက်ရေးအတွက် အနှစ်သာရ ဘာတခုမျှ ပြဋ္ဌာန်းပိုင်ခွင့် မရှိသည်ကို အထင်အရှား တွေ့မြင်ရပါသည်။
စစ်အုပ်စုက မောင်ပိုင်စီးထားသည့် လုပ်ပိုင်ခွင့်ကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။
၂ဝဝ၈ နာဂစ်ဖွဲ့စည်းပုံ ပုဒ်မ ၁၄ ။ ။ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ဤဖွဲ့စည်းပုံ အခြေခံဥပဒေအရ သတ်မှတ်သည့် ဥပဒေအတိုင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည် (လေးပုံတပုံ ပါဝင်သည်) - ဟု ပြဋ္ဌာန်းချက်သည် ပြည်ထောင်စု တခုလုံးကို တပ်မတော်က ပိုင်ဆိုင်သည်ဟု ဖော်ပြချက်ဖြစ်သည်။ ဤသည်မှာ တိုင်းပြည်လွတ်လပ်ရေး ရကတည်းက ဤနေ့ ဤအချိန်ထိ တက်လာသည့် အစိုးရတိုင်းက ကျင့်သုံးခဲ့သည့် လူမျိုးကြီးဝါဒ၏ တပြည်ထောင်စနစ် ထူထောင်လိုသည့် စိတ်နေစိတ်ထားကို အဆိုးရွားဆုံး အံထုတ်ပြခြင်းဖြစ်သည်။
သမိုင်းကို တိုက်ရိုက်မီးမောင်းထိုးကြည့်ရန် လိုလာပါသည်။ ဗြိတိသျှ စစ်အုပ်ချုပ်ရေးအောက်တွင် ကျင်းပခဲ့သည့် နေသူရိန် လူထုအစည်းအဝေးကြီးက ဖတပလ အဖွဲ့ချုပ် ဖွဲ့စည်းပုံယာယီဥပဒေကို ကြေညာခဲ့သည်။ အဖွဲ့ချုပ်ဥပဒေ အမှတ်စဉ် (ဂ) တွင် “ဗမာပြည်ကို ပြည်သူ့ဆန္ဒအတိုင်း ပြန်လည်ထူထောင်ကြရန်၊ အမှတ်စဉ်(ဃ) တွင် “လူမျိုးအသီးသီးအား မိမိတို့ကံကြမ္မာကို မိမိတို့ဘာသာ ဖန်တီးနိုင်သော အခွင့်အရေးပေးရန်” ဟု ဖော်ပြပါရှိပါသည်။
လွတ်လပ်ရေးရပြီး မရှိအတူ ရှိအတူဘဝမှ၊ မရှိတုန်းကတော့ အတူတူ အာဏာရှိလာတော့ မတူကြတော့ပါ။ ထိုမိုက်ဖော်ဆိုးဘက်များထဲတွင် နောက်ဆုံးပေါ် နအဖ က အဆိုးရွားဆုံး ဖြစ်နေသည်။ ဘာဖြစ်လို့လဲ။ စစ်အစိုးရနှင့် နှစ်ဦးနှစ်ဖက် သဘောတူပြီး အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေးယူထားကြသည့် ငြိမ်းအဖွဲ့များကို ချေမှုန်းနေပုံကို ကြည့်ပါ။
ငြိမ်းချမ်းရေးလက်မှတ် ဆိုသည်မှာ နအဖ စစ်အုပ်စုက တဖက်သတ် လုပ်ခိုင်းသည့် အရာကို လုပ်၊ မလုပ်လျှင် ပစ်သတ်ဆိုသည့် အမိန့်ကို နာခံရမည့် သဘောတူညီချက်လို ဖြစ်နေသည်။
ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၁) မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (ခေါ်) ကိုးကန့်တပ်ဖွဲ့ နယ်မြေအတွင်း ပုန်ကန်မှုတခုလိုလို ဖန်တီးလုပ်ကြံပြီး ၂ဝဝ၉ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ ညဘက်တွင် နအဖ စစ်ကား ၆၉ စီး ဝင်လာတာကြောင့် အရပ်သားများ တရုတ်နိုင်ငံဘက်သို့ အလုံးအရင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဤအဖြစ်အပျက်များက ဘာကို သတိရစေပါသလဲ။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းသည့် နေ့ရက်များကို ပြန်မြင်ယောင်လာစေပါသည်။ မုန့်လုံးစက္ကူကပ်၊ ဂျာအေးသူ့အမေရိုက်မည့် ကိန်းသာ ဖြစ်လာပါတော့မည်။ အဘယ်မှာ ပြည်တွင်းငြိမ်းချမ်းရေး ရနိုင်ပါအံ့နည်း။
ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းတရပ်ကို တည်ဆောက်လိုသည်ဆိုပါလျှင် ဘယ်အရာမဆို တဖက်သတ် အစွန်းရောက်၍ မရနိုင်ပါ။ ပါတီစုံစနစ်ကို လက်ခံပါသည်ဟု တရားဝင်ကြေညာထားသည့် မူရှိလျှင်၊ မူအတိုင်း တသွေမတိမ်း လိုက်နာရပါမည်။ ၂ဝဝ၈ နာဂစ် ဖွဲ့စည်းပုံ အခြေခံမူများ --
ပုဒ်မ ၆ တွင် “နိုင်ငံတော်သည် -
ပုဒ်မခွဲ (ဃ) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊
ပုဒ်မခွဲ (စ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု ကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး တို့ကို အစဉ်တစိုက် ဦးတည်သည်ဟု ဖော်ပြချက်ကို တွက်ကြည့်ရန် လိုပါသည်။
ပါတီစုံကိုလက်ခံလျှင် “နိုင်ငံရေး ဦးဆောင်မှုကဏ္ဍတွင် နိုင်ငံရေးပါတီများကသာ ဦးဆောင်ရပါမည်။ ”စစ်တပ်မှာ ဝန်ထမ်းသာ ဖြစ်ပါသည်။ အနိုင်ရပါတီကသာ အစိုးရကို ဖွဲ့ရသည်မှာ နိုင်ငံတကာ ဖော်မြူလာ၊ လုပ်ထုံးလုပ်နည်း ဖြစ်ပါသည်။ နအဖ ထောင်ရန် ရည်ရွယ်ထားသည့် ကြံ့ဖွံ့ပါတီမှာ ခေတ်သစ် နာဇီပါတီသာ ဖြစ်လာပါလိမ့်မည်။
လတ်တလော ပူပူနွေးနွေး စစ်အုပ်စု ရင်ဆိုင်နေရသည့် ပြစ်မှုများကို ဘယ်လိုရင်ဆိုင် ဖြေရှင်းမလဲ။
“ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ”
“ငြိမ်းချမ်းရေး အဖွဲ့များနှင့် နအဖ”
အကျင့်ပါနေသည့်အတိုင်း လက်နက်အားကိုးဖြင့်သာ ဖြေရှင်းမည်ဆိုပါက၊ နိုင်ငံ လွတ်လပ်ရေး ရခါနီးဆဲဆဲ ပြည်ထောင်စုကို လိုလားသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို သတ်ဖြတ်ခဲ့သည့် ပြည်ထောင်စုကို မလိုလားသော နယ်ချဲ့လက်ပါးစေ “ဦးစောနှင့် အပေါင်းပါ ၉ ဦး” တို့ လိုက်ခဲ့သည့် လမ်းကြောင်းအတိုင်း ချီတက်ကြပေတော့မည်။ တရားသူကြီးချုပ် ဒေါက်တာမောင်မောင် ရေးသည့် “နိုင်ငံတော်လုပ်ကြံမှု” ကို ဖတ်ကြည့်နိုင်ပါသည်။ ထိုစာအုပ်တွင် “ဇော်ဂျီ၏ အမှာစာ” ၏ “ဤကျမ်း၏ နိဂုံးချုပ်အခန်းတွင် ရာဇဝင်ရိုင်းအောင် ပြုခဲ့ကြသော လူမသမာတို့သည် တရားဥပဒေအတိုင်း မိုက်ပြစ်ကို ခံလိုက်ကြရပါပြီ။ စိတ်ပြေကြပါတော့၊ စိတ်ဖြေကြပါတော့။ ရှေးအဖို့ အလိမ္မာအသိ၊ သတိဖြစ်အောင်သာ အားထုတ်ကြပါတော့ဟု ကျမ်းဆရာက ဆိုချင်ပုံရသည်ဟု ထင်ပါသည်” - ဟူ၍ ရေးသားထားပါသည်။ အသိကို သတိဖြစ်အောင် ကြိုးစားကြသည်မှာ လူလိမ္မာတို့၏ အလုပ်ဖြစ်ပါသည်။
No comments:
Post a Comment