Tuesday, September 22, 2009

တရုတ်-မြန်မာ ဆက်ဆံရေး

မဇ္ဈိမသတင်းဌာန

Chronology of China-Burmese Relations
တရုတ်-မြန်မာ ဆက်ဆံရေး


၁၉၄၉

အောက်တိုဘာ ၁။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်လိုက်ပြီဖြစ်ကြောင်း မော်စီတုန်းက ပီကင်းမြို့တော်၌ ကြေညာ။


ဒီဇင်္ဘာ ၁၇။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို မြန်မာပြည်က စတင်အသိအမှတ်ပြု။

၁၉၅ဝ

ဇန်နဝါရီ-မတ်။ တရုတ်ပြည်၌ ကွန်မြူနစ်တို့ အောင်ပွဲခံအပြီး အင်အား ၂ဝဝဝ ကျော်ရှိသော တရုတ်ပြည်၊ ယူနန်နယ်မှ ကူမင်တန်(တရုတ်ဖြူ)တပ်များ တရုတ်-မြန်မာနယ်စပ်ကို ဖြတ်ကျော်၍ ရှမ်းပြည်အရှေ့ပိုင်းရှိ ကန်တုန်တွင် အခြေစိုက်ဒေသများ တည်ထောင်ရန် ဝင်ရောက်လာကြ။

၁၉၅၃

ဧပြီ။ အခြား တရုတ်ဖြူစစ်တပ်တစု ဝ,တောင်တန်းများပေါ်သို့ ဖြတ်ကျော်ဝင်ရောက်လာ၍ မြန်မာအစိုးရတပ်များနှင့် တိုက်ပွဲဖြစ်ပွား။

ဇွန် ၂၈-၂၉။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချူအင်လိုင်း ရန်ကုန်သို့ အလည်အပတ်ရောက်ရှိ။

ဇူလိုင် ၃ဝ။ မြန်မာအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးဘဆွေ ကုလသမဂ္ဂသို့ သွားရောက်ပြီး၊ တရုတ်အမျိုးသားရေးဝါဒီ (တရုတ်ဖြူ) များအား ကျူးကျော်သူအဖြစ် ကြေညာပြီး ကုလသမဂ္ဂ၌ ၎င်းတို့၏ ထိုင်ခုံနေရာ ဖြုတ်ပစ်မည်ဟု ပြောဆို။

စက်တင်္ဘာ။ ဒု-ဗိုလ်ချုပ်ကြီးနေဝင်း ထိပ်တန်းစစ်ရေးကိုယ်စားလှယ်အဖွဲ့အား ခေါင်းဆောင်၍ တရုတ်ပြည်သို့သွား။ စစ်လက်နက်စက်ရုံများနှင့် စစ်သင်တန်း ထူထောင်မှုများအား သွားရောက်ကြည့်ရှုခဲ့။

နိုဝင်္ဘာ။ ဖဆပလ ဥက္ကဋ္ဌအဖြစ် ဦးနု တရုတ်ပြည်သို့သွား။ ချူအင်လိုင်းနှင့်တွေ့။ ကချင်ပြည်နယ်ရှိ အငြင်းပွားနေသော နယ်စပ်ဒေသရှိ တရုတ်စစ်တပ်များ ရုပ်သိမ်းပေးရန် သဘောတူခဲ့။

နိုဝင်္ဘာ။ တရုတ်စစ်သား ၃ဝ 'ဝ'တောင်တန်းများပေါ်သို့ ဝင်ရောက်။ အင်အားဆတူရှိ မြန်မာတပ်များနှင့် တိုက်ပွဲဖြစ်။

ဒီဇင်္ဘာ ၁-၁၆။ ဝန်ကြီးချုပ်ဦးနု တရုတ်ပြည်သွား။ နှစ်နိုင်ငံ နယ်စပ်ပြဿနာ ကိစ္စရပ်များနှင့် မြန်မာပြည်တွင်း နေထိုင်ကြသော တရုတ်များကိစ္စနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးခဲ့။

၁၉၅၄။ နှစ်နိုင်ငံကြား ပထမဦးဆုံး ကုန်သွယ်ရေးစာချုပ်ချုပ်ဆို။

၁၉၆ဝ

စက်တင်္ဘာ ၄ - အောက်တိုဘာ အစောပိုင်း။ အဖွဲ့ဝင် ၄ဝဝ ကျော်ပါ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ဝန်ကြီးချုပ်ဦးနု တရုတ်ပြည် အမျိုးသားနေ့ အခမ်းအနားသို့ သွားရောက်။

အောက်တိုဘာ။ တရုတ်-မြန်မာကြား နယ်စပ်မျဉ်းကြောင်း ပဋိဉာဉ်စာချုပ် ပီကင်း၌ ချုပ်ဆို။

၁၉၆၁

ဇန်နဝါရီ ၂-၉။ မြန်မာပြည်သို့ ချူအင်လိုင်း လာရောက်လည်ပတ်။ နယ်ခြားစာချုပ် အတည်ပြု။ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို ၉ ရက်နေ့မှာ လက်မှတ်ထိုး။ အဆိုပါစာချုပ်အရ တရုတ်ပြည်က မြန်မာပြည်အား အတိုးမဲ့ ချေးငွေအဖြစ် ဒေါ်လာသန်း ၃ဝ ချေးရန် ကတိပြု။

ဇန်နဝါရီ ၂၆။ ရှမ်းပြည်နယ်၊ ကန်တုန်မြောက်ပိုင်းတွင် အခြေစိုက်လျက်ရှိသော ကူမင်တန် (တရုတ်ဖြူ) တပ်များအား ပူးတွဲထိုးစစ်ဆင်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အင်အား ၂ဝ,ဝဝဝ (တပ်မကြီး ၃ ခုစာ)နှင့် မြန်မာစစ်တပ်မှ အင်အား ၅,ဝဝဝ ပူးပေါင်းပါဝင်။

ဧပြီ။ အမေရိကန်-ထိုင်ဝမ် ပူးတွဲထုတ်ပြန်ချက်၌… မြန်မာပြည်၊ ရှမ်းပြည်တွင်းရှိ အင်အား ၆,ဝဝဝ ရှိ ကူမင်တန်တပ်များသည် ၎င်းတို့နှင့် ဆက်စပ်နှီးနွှယ်မှု မရှိကြောင်း ပြောဆို။

အောက်တိုဘာ ၁ဝ-၁၅။ ဝန်ကြီးချုပ်ဦးနု တရုတ်ပြည်သို့ သွားရောက်။

၁၉၆၂

ဖေဖေါ်ဝါရ ၂၄။ ဗီယက်နမ်သို့ အမေရိကန်တို့၏ ကျူးကျော်ဝင်ရောက်မှုမှာ မြောက်ဗီယက်နမ်သို့ တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်ပြီး တရုတ်ပြည်၏ လုံခြုံရေးနှင့် အာရှငြိမ်းချမ်းရေးကို ထိခိုက်စေသည်ဟု တရုတ်ပြည်က ထုတ်ဖော်ပြောဆို။

သြဂုတ် ၁။ မြန်မာစစ်အစိုးရသစ်အား ရှုတ်ချထားသည့် တရုတ်ပြည်ရောက် မြန်မာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ ပြည်သူသို့ ကြေညာချက်အား ထုတ်ပြန်ခွင့်ရရှိ။

၁၉၆၃

စက်တင်္ဘာ ၃။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန်အတွက် သခင်ဗသိန်းတင် ခေါင်းဆောင်သော ဗကပ ကိုယ်စားလှယ် တတိယအဖွဲ့ တရုတ်ပြည်မှ ရန်ကုန်မြို့သို့ ရောက်ရှိ။

နိုဝင်္ဘာ။ သခင်ဗသိန်းတင် ရန်ကုန်မှ ပီကင်းသို့ ပြန်လည်ထွက်ခွာ။ ဗကပ ကိုယ်စားလှယ်အဖွဲ့ဝင် ဦးခင်မောင်ကြီး၊ ဦးစန်းသူနှင့် ဦးသိန်းအောင်တို့ သခင်ဗသိန်းတင်တို့နှင့် ပြန်လည်ပူးပေါင်းရန် မော်စကိုမှ ပီကင်းသို့ရောက်ရှိ။ သခင်ဗသိန်းတင်၊ ဦးခင်မောင်ကြီး၊ သခင်သန်းမြိုင်၊ ဦးသန်းရွှေနှင့် ဦးတင်ရီတို့ '၅ ဦး ဦးဆောင်အဖွဲ့' ပီကင်း၌ ဖွဲ့စည်း။ တရုတ်ပြည်၏ မြန်မာပြည်တွင်းသို့ ပြန်ပို့ရေးအစီအစဉ်အား ပြင်ဆင်နိုင်ရန် ဖွဲ့ခြင်းဖြစ်။ မြန်မာပြည်မြောက်ပိုင်းသို့ စိမ့်ဝင်ထိုးဖောက်နိုင်မည့် လမ်းများကို ဦးစန်းသူက တရုတ်-မြန်မာနယ်စပ်ဒေသတွင်း စတင်လေ့လာစူးစမ်း။ ဂျီဇောင်၌ နေထိုင်ကြသော နော်ဆိုင်း၏ ကချင်ရဲဘော်များ သခင်ဗသိန်းတင်နှင့် အခြား ဗကပ ခေါင်းဆောင်များနှင့် ဆွေးနွေးရန် ဇိချွမ်းသို့ သွားရောက်။

၁၉၆၅

ဇူလိုင် ၂၄ - သြဂုတ် ၁။ ဦးနေဝင်း တရုတ်ပြည်သို့ သွားရောက်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက်နှင့် ၁၉၆၁ စာချုပ်တို့ကို ထပ်မံအတည်ပြုခဲ့။

၁၉၆၇

ဇန်နဝါရီ ၂၇။ အိန္ဒိယနိုင်ငံ အရှေ့မြောက်နယ်စပ်မှ နာဂသူပုန် ၁၃၂ ဦး မြန်မာပြည်မြောက်ပိုင်းဒေသကို ၁၉၆၆ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်နေ့မှ စတင်ဖြတ်ကျော်၍ တရုတ်ပြည် ယူနန်နယ်စပ်သို့ ရောက်ရှိလာကြ။ ဦးဆောင်လာသူများမှာ Thuingaleng Muivah နှင့် Thinoselie M.Keyho တို့ဖြစ်ပြီး ၎င်းတို့ကို တရုတ်များက လက်ခံပြီး နိုင်ငံရေးနှင့် စစ်ရေး သင်တန်းများ ပေးခဲ့။

ဇွန် ၁၉။ တရားဝင်ခွင့်ပြုချက်မရှိသော တံဆိပ်/ရင်ထိုးများကို ကျောင်းသားများ တပ်ဆင်ခြင်းအား ပညာရေးဝန်ကြီးဌာနက ပိတ်ပင်။ ရန်ကုန်မြို့ရှိ တရုတ်ကျောင်းသားများက မော်စီတုန်းပုံ ရင်ထိုးများ တပ်ဆင်နေကြခြင်းကို ပိတ်ပင်ရန် ရည်ရွယ်ခြင်းဖြစ်။

ဇွန် ၂၆။ ရန်ကုန်မြို့ရှိ တရုတ်ကျောင်း ၂ ကျောင်းရှေ့၌ မြန်မာဦးရေ ၂,ဝဝဝ စုရုံးရောက်ရှိ။

ဇွန် ၂၈။ ရန်ကုန်မြို့တွင် တရုတ် ၁,၃၂၈ ဦး အဖမ်းခံရ။ တရုတ်သံရုံးက ဤလုပ်ရပ်ကို တရားဝင်ကန့်ကွက်။

ဇွန် ၂၉။ ရန်ကုန်မြို့ရှိ တရုတ်သံရုံးကို ဆန္ဒပြသူများက တိုက်ခိုက်။ ၎င်းတို့၏ သံအမတ်ကြီး ရန်ကုန်သို့ ပြန်မလာတော့ကြောင်း ပီကင်းက ကြေညာ။ ဇွန် ၂၂-၂၉ အရေးအခင်းများအတွင်း တရုတ် ၅ဝ ကျော် သေဆုံးခဲ့သည်ဟု မြန်မာအစိုးရမှ တရားဝင်ကြေညာ။ တရုတ်တို့ဘက်မှ တရုတ် ရာနှင့်ချီ၍ သေဆုံးခဲ့ရသည်ဟု ပြော။

ဇူလိုင် ၇။ တရုတ်ပြည်မှ မြန်မာပြည်သို့ အထောက်အပံ့များ ဆိုင်းငံ့ထား။

ဇူလိုင် ၁၆။ တရုတ်ပြည်သစ် သတင်းဌာန (New China News Agency) မှ သတင်းထောက်တဦး မြန်မာပြည်မှ နှင်ထုတ်ခြင်းခံရ။

သြဂုတ် ၁၁။ ယူနန်နယ်ပေါ်သို့ မြန်မာစစ်လေယာဉ်များ ကျူးကျော်ပျံသန်းသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပီကင်းရှိ မြန်မာသံရုံးသို့ ချောစာပို့စွပ်စွဲ။

သြဂုတ် ၂၁။ တရုတ်ပြည်ရှိ မြန်မာကျောင်းသားအားလုံး မြန်မာပြည်သို့ ပြန်လည်ခေါ်ယူ။

သြဂုတ်-စက်တင်္ဘာ။ ဘရန်ဆိုင်း ဦးဆောင်သော ကချင်သူပုန်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သို့ စေလွှတ်။ ပီကင်းနှင့် ရှန်ဟိုင်းသို့ သွားရောက်ခဲ့ကြ။

အောက်တိုဘာ ၆။ တရုတ်ပညာရှင်အားလုံး မြန်မာပြည်မှ ထွက်ခွာလာကြရန် အမိန့်ထုတ်။

၁၉၆၈

ဇန်နဝါရီ ၁။ ကချင်စစ်သူရဲကောင်း နော်ဆိုင်း ဦးဆောင်ကွပ်ကဲသည့် ရာပေါင်းများစွာသော လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် ဗကပ တပ်ဖွဲ့များ တရုတ်ပြည်မှ မြန်မာပြည်နယ်စပ်ကိုဖြတ်၍ ရှမ်းပြည်မြောက်ပိုင်း မုန်းကိုးအား တိုက်ခိုက်သိမ်းပိုက်။ ဗကပ အား တရုတ်၏ အလုံးအရင်းဖြင့် ကူညီထောက်ပံ့မှုများ စတင်။

ဇန်နဝါရ ၅။ ဖုန်ကြားရှင်နှင့် ဖုန်ကြားဖုတို့ ဦးစီးကွပ်ကဲသည့် ဗကပ တပ်များ တရုတ်ပြည်မှ မြန်မာနယ်စပ်ကို ဖြတ်ကျော်၍ ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသထဲသို့ ဝင်ရောက်လာ။

ဧပြီ ၆။ မြန်မာပြည်တွင် တိုင်းရင်းသားတရုတ်များအား 'ဝရမ်းမဲ့ ဖမ်းဆီးမှုများ' ကို တရုတ်ပြည်က ကန့်ကွက်။

၁၉၇၁။ နှစ်နိုင်ငံအကြား ကုန်သွယ်မှု သဘောတူညီစာချုပ်သစ် လက်မှတ်ရေးထိုး။ နှစ်ဦးနှစ်ဖက်လုံး အထူးအခွင့်အရေးရ နိုင်ငံများအဆင့်ဖြင့်ဖြစ်။

၁၉၇၃

ဒီဇင်္ဘာ ၁၅-၁၈။ ပန်ဆန်းအစည်းအဝေး၌ ရှမ်းပြည်တပ်မတော် (SSA) ခေါင်းဆောင် စဝ်ထေနှင့် စဝ်နွမ်တို့က ဗကပမှ အကူအညီများပေးပါရန် မေတ္တာရပ်ခံ။ SSA နှင့် ဗကပအကြား ပထမဦးဆုံး ဆက်သွယ်မှု စတင်ထူထောင်နိုင်ခဲ့။ ရှမ်းနှင့် ကရင်အဖွဲ့များ၏ ပန်ဆန်းကိုယ်စားလှယ်အဖွဲ့အား တရုတ်ပြည်သို့ လာရောက်လည်ပတ်နိုင်ရန် အဖိတ်ကြားခံခဲ့ရ။ စီမောနှင့် ကူမင်းတို့သို့ သွားရောက်လည်ပတ်ခဲ့ကြ။

၁၉၇၅

နိုဝင်္ဘာ ၁၁-၁၅။ ဦးနေဝင်း တရုတ်ပြည်သို့ ၄ ရက်ကြာ ထပ်မံသွားရောက်။ နှစ်နိုင်ငံအကြား 'ရန်လိုသည့် အပြုအမူများ မရှိစေရး' သဘောတူညီချက် ရရှိ။

၁၉၇၉

ဇူလိုင် ၁၂။ ရေရာစွာ သတ်မှတ်ဖော်ပြမထားသော ပရောဂျက်လုပ်ငန်းများအတွက် အကူအညီ အထောက်အပံ့အဖြစ် တရုတ်ပြည်မှ ဒေါ်လာ ၆၃ သန်း အကူအညီရကြောင်း ရန်ကုန်က ကြေညာ။

နိုဝင်္ဘာ ၂၈။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဟွန်ဟွာ မြန်မာပြည်သို့ ရောက်ရှိ။

၁၉၈ဝ

ဇူလိုင် ၁ဝ။ ဇူလိုင်လ ၁၂ ရက်နေ့က ပီကင်း၌ တရုတ်နှင့်ချုပ်ဆိုခဲ့သော အထောက်အပံ့ သဘောတူညီချက် စာချုပ်တွင် ပရောဂျက် ၈ ခု ပါဝင်ကြောင်း ကြေညာ။ ၎င်းတို့မှာ… ရန်ကုန်-သံလျင်တံတား တည်ဆောက်ရန်၊ ချည်ငင်စက် ၄ဝ,ဝဝဝ၊ တရက်လျှင် တန် ၁၅ဝ ထွက် ဆန်စက် ၃ လုံး၊ မော်လမြိုင်မြို့ ရေရရှိရေးနှင့် စက်နှင့် စက်ပစ္စည်းများအတွက် ယွမ်ငွေ ၃ သန်း။

၁၉၈၈

ဒီဇင်္ဘာ။ နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး တရားဝင်ဖွင့်လှစ်။

၁၉၈၉

ဖေဖေါ်ဝါရီ ၂ဝ။ ပန်ဆန်း၌ ဗကပ ပေါလစ်ဗျူရို အရေးပေါ်အစည်းအဝေး ကျင်းပ။ ဤအစည်းအဝေး၌… ဗကပ ခေါင်းဆောင်များ နုတ်ထွက်၍ တရုတ်ပြည်၌ နေထိုင်ရန် တရုတ်များက ချဉ်းကပ်ပြောဆိုလာကြောင်း ထုတ်ဖော်ပြောဆို။ ဗကပ ခေါင်းဆောင်မှုက ဤတင်ပြချက်ကို ဒေါသဖြင့် တုံ့ပြန်။ "ငါတို့ဟာ ပြန်ပြင်ရေးဝါဒီတွေဖြစ်ဖို့ ဆန္ဒ လုံးဝမရှိဘူး" ဟု ပြန်လည်တုံ့ပြန်။

အောက်တိုဘာ ၁၈-၂၉။ ဒု-ဗိုလ်ချုပ်ကြီးသန်းရွှေ ဦးဆောင်သည့် ၂၄ ဦးပါ မြန်မာစစ်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သို့ သွားရောက်။

၁၉၉ဝ

သြဂုတ် ၁ဝ။ ပထမဦးဆုံး တရုတ်ပြည်မှ လက်နက်ခဲယမ်းမီးကျောက်တင် သင်္ဘော ရန်ကုန်သို့ ဆိုက်ရောက်။

၁၉၉၁

ဇန်နဝါရီ။ နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး လျိုဂျန် မြန်မာပြည်သို့ ရောက်ရှိ။

မေလဆန်းပိုင်း။ ပီကင်း (ယခု ပေကျင်း) နှင့် ရန်ကုန်အကြား ဒေါ်လာ သန်း ၁ဝဝဝ ဖိုး လက်နက်ရောင်းဝယ်မှု၏ တစိတ်တပိုင်းအဖြစ် တရုတ်ပြည်လုပ် F-7 တိုက်လေယာဉ် ၁၁ စီး မြန်မာပြည်သို့ ပို့ဆောင်။ ဤအရောင်းအဝယ်တွင် ရေတပ်ကင်းလှည့် ရေယာဉ်များ၊ တင့်ကားများ၊ သံချပ်ကာကားများ၊ လက်နက်ငယ်များ၊ လေယာဉ်ပစ် အမြောက်များနှင့် ဒုံးကျည်များ၊ ခဲယမ်းမီးကျောက်များနှင့် စစ်လက်နက်ပစ္စည်းများ ပါဝင်။

သြဂုတ် ၂၁-၂၆။ ဗိုလ်ချုပ်ကြီးစောမောင် တရုတ်ပြည်သို့ သွားရောက်။ တရုတ်ဝန်ကြီးချုပ် လီပင်းနှင့် သမ္မတ ယန်ရှန်ကွန်းတို့ တွေ့ဆုံ။ မြန်မာပြည်သို့ နိုင်ငံရေးနှင့် စစ်ရေးအကူအညီများ ပေးသွားရန် ကတိပေး။

နိုဝင်္ဘာ။ တရုတ်ပြည် ဒု-ကာကွယ်ရေးဦးစီးချုပ် ဟီကီဇုန်း မြန်မာပြည်သို့ လာရောက်။

၁၉၉၃

ဖေဖေါ်ဝါ ၇။ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ကျန်ကီချန်း မြန်မာပြည်သို့ လာရောက်။

စက်တင်္ဘာ ၁။ တရုတ်ပြည်၊ ယူနန်ပြည်နယ်၊ ကူမင်း၌ မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်ထားရှိ။

၁၉၉၄

သြဂုတ်။ ချန်ဒူး စစ်ဒေသတိုင်းမှူး ဗိုလ်ချုပ်ကြီး လီဂျူလောင်း မြန်မာပြည်သို့ ရောက်ရှိ။ ချန်ဒူးမှာ တိဗက်ဒေသရှိ တရုတ်တပ်များ၏ ထောက်ပံ့ရေးဌာနချုပ်နှင့် ကွပ်ကဲမှုဌာနချုပ် ဖြစ်သည်။

သြဂုတ်။ ပြုပြင်မွမ်းမံထားသည့် အပေါ့စား Jianghu-class တရုတ်စစ်သင်္ဘော ၂ စီး ဝယ်ယူ။

သြဂုတ်။ မန္တလေး၌ တရုတ်ကောင်စစ်ဝန်ရုံး ဖွင့်လှစ်။

စက်တင်္ဘာ။ ဒု-ဗိုလ်ချုပ်ကြီးခင်ညွန့် တရုတ်ပြည်သို့ သွားရောက်။

စက်တင်္ဘာ ၂။ မြန်မာ့လေတပ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး သိန်းဝင်း ကူမင်းသို့ သွားရောက်။ တရုတ်ပြည်မှ နောက်ထပ် စစ်လေယာဉ်တသုတ် ပို့ဆောင်ပေးမည့် အစီအစဉ်အား သွားရောက်ကြီးကြပ်ရန် ဖြစ်သည်။

စက်တင်္ဘာ ၂၉။ မြန်မာကြယ်ငါးပွင့် ရေကြောင်းအတွက် သင်္ဘောသစ်များဝယ်ယူရန် သဘောတူစာချုပ်တရပ် လက်မှတ်ထိုး။

နိုဝင်္ဘာ။ အတွင်းရေးမှူး ၂ ဒု-ဗိုလ်ချုပ်ကြီးတင်ဦး တရုတ်ပြည်သို့ သွားရောက်။

ဒီဇင်္ဘာ ၂၆-၂၈။ ဒု-ဗိုလ်ချုပ်ကြီးသန်းရွှေ၏ ဖိတ်ကြားချက်အရ တရုတ်ဝန်ကြီးချုပ် လီပင်း မြန်မာပြည်သို့ သွားရောက်။

၁၉၉၅။ တရုတ်ကာကွယ်ရေးဝန်ကြီး ချီဟောင်ကျန်း မြန်မာပြည် လာရောက်။

၁၉၉၆

ဇန်နဝါရီ ၇။ နဝတ ဥက္ကဋ္ဌအဖြစ် ၁၉၉၂ ခုနှစ်ကတည်းက တာဝန်ယူပြီးချိန်မှစ၍ ပထမဦးဆုံးအကြိမ်အဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်ပြည်သို့ အလည်အပတ်ရောက်ရှိ။

အောက်တိုဘာ။ ဗိုလ်ချုပ်ကြီးမောင်အေး တရုတ်ပြည်သို့ သွားရောက်။

၁၉၉၇

မတ်။ ဥက္ကဋ္ဌကြီး လီရီဟွမ်း မြန်မာပြည်သို့ လာရောက်။

အောက်တိုဘာ။ ဒု-ဝန်ကြီးချုပ် ဝူဘန်ဂေါင်း မြန်မာပြည်သို့ လာရောက်။

ဒီဇင်္ဘာ ၁၄-၁၆။ ဒုတိယအကြိမ် အာဆီယံထိပ်သီးများ သာမန်အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ကျန်ဇီမင်းတို့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ တွေ့ဆုံ။

၁၉၉၈

ပျဉ်းမနားမြို့အနီးရှိ မီဂါဝပ် ၂၈ဝ ရှိ ရေအားလျှပ်စစ်စက်ရုံ စီမံကိန်းအတွက် တရုတ်နှင့် မြန်မာအကြား ဒေါ်လာ ၂၅ဝ ချေးငွေစာချုပ် လက်မှတ်ရေးထိုး။

မြန်မာအစိုးရက မြန်မာပြည်တွင် တရုတ်သတင်းစာနှစ်စောင် ထုတ်ဝေခွင့်ပြု။ ၎င်းတို့မှာ… မီအန်ဟိုဘောင်း (The Burma Morning Post) နှင့် ရှီဂျီရီဘောင်း (Universal Daily) တို့ဖြစ်ပြီး ၎င်းသတင်းစာများကို မြန်မာပြည်တွင်းပရိသတ်နှင့် ဒေသတွင်းပရိသတ်အတွက် ရည်ရွယ်ထုတ်ဝေခြင်းဖြစ်။

မေ။ မြန်မာ့ရေပိုင်နက်ထဲတွင် တရုတ်စစ်အခြေစိုက်စခန်းများ တည်ဆောက်ခွင့်ပြုထားသည်ဟု စွပ်စွဲခြင်းအပေါ် မြန်မာအစိုးရက အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ဂျော့ဖာနန်ဒက်စ်အား ပြင်းထန်စွာဝေဖန်။

၁၉၉၉

ဇွန်။ တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး(နယ်စပ်ကုန်သွယ်ရေးအပါအဝင်) ဤနှစ် ပထမ ၂ လအတွင်း ဒေါ်လာ ၇၈.၂၁ သန်းသို့ ရောက်ရှိလာ။ မြန်မာနိုင်ငံ ဗဟိုစာရင်းအင်းအဖွဲ့၏အဆိုအရ ယခင်နှစ်က တူညီသောကာလက ဒေါ်လာ ၃၄.၉၅ သန်းနှင့်နှိုင်းယှဉ်လျှင် ၁၂၃.၇ ရာခိုင်နှုန်းထိ တိုးလာခြင်းဖြစ်။

ဇွန်။ ဒု-ဗိုလ်ချုပ်ကြီးခင်ညွန့် တရုတ်ပြည်သို့ သွားရောက်။

ဒီဇင်္ဘာ။ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင် တရုတ်ပြည်သို့ သွားရောက်။

၂ဝဝဝ

မေ ၂-၅။ တရုတ်လက်နက်ကိုင်တပ်များ၏ အင်ဂျင်နီယာများ မြန်မာစစ်အရာရှိများနှင့် တနင်္သာရီတိုင်း ရေတပ်စခန်း၌ တွေ့ဆုံ။ (RFA) ဆွေးနွေးပွဲ၌ အဓိကဆွေးနွေးကြသည်မှာ ဤဒေသ၌ တရုတ်ရေတပ်နှင့် လေတပ်၏ အကူအညီဖြင့် စစ်အခြေစိုက်စခန်းနှစ်ခု တည်ဆောက်ရန်ဖြစ်။

မေ ၃၁။ တရုတ်နိုင်ငံတော်ကောင်စီဝင် အစ္စမေးလ်အမတ် မြန်မာဝန်ကြီးချုပ် သန်းရွှေနှင့် အတွင်းရေးမှူး ၁ ဒု-ဗိုလ်ချုပ်ကြီးခင်ညွန့်တို့နှင့် တွေ့ဆုံ။

ဇွန် ၅။ ဗိုလ်ချုပ်ကြီးမောင်အေး၏ တရုတ်ပြည်နှင့် ဟောင်ကောင်ခရီးစဉ်အတွင်း တရုတ်သမ္မတ ကျန်ဇီမင်းနှင့် ဝန်ကြီးချုပ် ဇူရောင်ဂျီးတို့နှင့် တွေ့ဆုံ။ ဒု-သမ္မတ ဟူဂျင်းတောင်နှင့် တွေ့ဆုံဆွေးနွေး။ အနာဂတ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အကန့်အသတ်ဘောင်များကို ပူးတွဲကြေညာချက်၌ လက်မှတ်ရေးထိုးကြ။

ဇူလိုင် ၁၆။ တရုတ် ဒု-သမ္မတ ဟူဂျင်တောင်နှင့် ဒု-နိုင်ငံခြားရေးဝန်ကြီး ဝမ်ဂွမ်ယာတို့ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ကြီးမောင်အေး၊ အတွင်းရေးမှူး ၁ ဒု-ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် အတွင်းရေးမှူး ၂ ဒု-ဗိုလ်ချုပ်ကြီး တင်ဦးတို့နှင့် မြန်မာပြည်၌ တွေ့ဆုံ။

သြဂုတ် ၁၆။ တရုတ် ဒု-နိုင်ငံခြားရေးဝန်ကြီး အတွင်းရေးမှူး ၁ ဒု-ဗိုလ်ချုပ်ကြီးခင်ညွန့်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်နှင့် ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးခင်မောင်ဝင်းတို့နှင့် တွေ့ဆုံ။

စက်တင်္ဘာ။ အရှေ့တောင်အာရှဒေသသို့ ထွက်ပေါက်တခုအဖြစ် ရည်ရွယ်ထားသည့် အထူးကုန်သွယ်ရေးဇုန် အသစ်တခုကို မြန်မာပြည်နှင့် ယူနန်ကြား နယ်စပ်တွင် ထူထောင်လိုက်။ တချိန်တည်းမှာ ရေအားလျှပ်စစ် စက်ရုံကြီးတခု တည်ဆောက်ရန်အတွက် မြန်မာ့လျှပ်စစ် စွမ်းအင်စီမံကိန်းအား တရုတ်ဘဏ်က ဒေါ်လာ သန်း ၁၂ဝ ချေးငှားရန် အတည်ပြုလိုက်။

အောက်တိုဘာ ၂၅။ အပြည်ပြည်ဆိုင်ရာ နားလည်ရေး တရုတ်အသင်းသို့ ချစ်ကြည်မှု ပြသသည့်အနေဖြင့် အတွင်းရေးမှူး ၃ ဒု-ဗိုလ်ချုပ်ကြီး ဝင်းမြင့် သွားရောက်။

နိုဝင်္ဘာ ၂၄။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ နန်ဂျင်းစစ်တိုင်းမှ နိုင်ငံရေးအရာရှိ ဖန်ဇုကီ ဗိုလ်ချုပ်ကြီးမောင်အေးနှင့် တွေ့ဆုံ။

၂ဝဝ၁

ဇန်နဝါရီ ၁၇။ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး ဂျီယာချွန်ဝမ်း အတွင်းရေးမှူး ၁ ဒု-ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် တွေ့ဆုံ။

ဧပြီ ၂၅။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဖူကွမ်ယောင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်အေးတို့နှင့် တွေ့ဆုံ။

မေ ၇။ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒု-ဗိုလ်ချုပ် ညွန့်တင် တရုတ်ပြည်ရှိ ရေအားပေးစက်များ တည်ဆောက်ရေးစက်ရုံများနှင့် စိုက်ပျိုးရေးဆိုင်ရာ စက်ရုံများသို့ သွားရောက်လေ့လာ။

ဒီဇင်္ဘာ ၁၂-၁၆။ သမ္မတ ဂျန်ဇီမင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး စီးပွားရေးနှင့် နယ်စပ်စာချုပ်များ လက်မှတ်ရေးထိုး။

No comments:

Post a Comment