Sunday, September 27, 2009
ဒုက္ခသည်
'ဦးဇင်းကေသရိန္ဒ ဖုန်းလာတယ်' ဆိုပြီး တယ်လီဖုန်းဆိုင်က လှမ်းအော်ခေါ်လိုက်တဲ့ အသံကြောင့် တော်တော်ကို ထူးဆန်းသွားတယ်….။ စက်တင်ဘာ တော်လှန်ရေး ၁ နှစ်ပြည့်ပြီးနောက်ပိုင်း ဒီနေ့အချိန်ထိ ဖုန်းလာတယ်ဆိုတဲ့ ခေါ်သံကို မကြားရတာ အခုလို ပြန်ကြားရလို့ ထူးဆန်းသလို ခံစားမိပါရဲ့။ ဘယ်သူများလဲ သိရအောင် သွားကိုင်လိုက်မှဆိုပြီး၊ ဖုန်းဆိုင်သွားတော့ … … … ။
``ဦးဇင်း သူငယ်ချင်းလို့ ပြောတယ် …… နောက် ၅ မိနစ်ကြာရင် ပြန်ဆက်မယ်လို့ မှာသွားတယ် ..´´ ဆိုပြီး ဆိုင်က ကောင်လေးက ဆီးကြိုပြီး ပြောပါလေရော။ ဘယ်သူများ ဖြစ်မလဲဆိုပြီး စဉ်းစားရတာ ၁ ကနေ ၁ဝဝ အထိ ဆတိုး ပေါင်းရသလိုပဲ၊ ပေါင်းလေမှားလေ ရှုပ်လာလေပဲ။
ကဲ … ဒါနဲ့ မစဉ်းစားဘဲ ထိုင်စောင့်နေလိုက်တော့တယ်။ ဦးဇင်းတို့ နို့ဖိုးဒုက္ခသည်စခန်းမှာ လက်ကိုင်ဖုန်း သုံးခွင့် မရကြတော့၊ အခပေး တယ်လီဖုန်းဆိုင်တွေကို အားကိုးပြီး …၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆက်အသွယ် ပြုရတာပေါ့။ ခဏကြာတော့ တယ်လီဖုန်းပြန်လာတယ်။ ရန်ကုန်က သူငယ်ချင်းတယောက်ပါ။ မဲဆောက်ကနေ ဆက်လာတာ။ ကျောင်းနေဘက်ကြီးလည်းဖြစ် ၉ တန်း၊ ၁၀ တန်းလောက်ကတည်းက ဘွဲ့ရတဲ့အထိ တွဲခဲ့ကြတဲ့ သူငယ်ချင်းဟောင်းတယောက်။ ဦးဇင်းနဲ့ စက်တင်ဘာတော်လှန်ရေးအပြီး မတွေ့ကြတော့တဲ့ သူငယ်ချင်းတယောက် ဖြစ်ပါတယ်။
သူက အခုမှ ဦးဇင်းသတင်း မဲဆောက်ကရပြီး ဆက်သွယ်လာတာ။ သူ မဲဆောက်ရောက်နေတယ်တဲ့။ …. သူရောက်နေတာ ၁၀ ရက်လောက်ရှိပြီ။ လိုအပ်တဲ့ အကူအညီ မင်းဆီ တောင်းမလို့ ဖုန်းဆက်တာပါ ဆိုပြီး၊ …. အခုမှ ပြန်တွေ့တဲ့ သူငယ်ချင်းကို သာကြောင်းမာကြောင်းတောင် မမေးတော့ဘဲ ဖြစ်ချင်တာတွေကို ပြောတော့တာပဲ။
`` ဒုက္ခသည် စခန်းဝင်ချင်ပါတယ်´´…….. တဲ့။
သူ ဦးဆုံးပြောလိုက်တဲ့စကား။ သူက မြန်မာပြည်မှာ ဒုက္ခရောက်ပြီး မဲဆောက်ဘက် ထွက်လာခဲ့တာ။ သူတယောက်ထဲ လာတာမဟုတ်ဘူး။ သူ့မိန်းမပါ ခေါ်လာခဲ့တာတဲ့။ အဲဒါဒုက္ခသည်စခန်း ဝင်ချင်လို့ ဦးဇင်းဆီ ဖုန်းဆက်လာခဲ့တာပါ။
``သြော် ... မြန်မာပြည်က ထွက်ပြေးလာကြပြန်ပြီ´´ လို့ တွေးမိရင်း နအဖရဲ့ ရက်စက်မှုတွေက ရပ်တန်းကရပ်ဖို့ ကမ္ဘာမှာ ဘယ်သူ့ကို အားကိုးရမှာလဲ။
ထိုင်းနိုင်ငံမှာ … ဒုက္ခသည်စခန်း ၉ ခု ရှိပါတယ်။
(၁) ထမ်းမဟင်
(၂) ဘန့်ဒုံယမ်း
(၃) နို့ဖိုး
(၄) အုန်းဖြန်
(၅) မယ်လ
(၆) မယ်လဦး
(၇) မယ်လမလွန်
(၈) ဘန့်မဲ့ဆရင်း
(၉) ဘန်းမိုင်နိုင်ဆွပ် … တို့ ဖြစ်ကြပါတယ်။
ဒုက္ခသည်စခန်းတိုင်းဟာ အမှန်တကယ် ဒုက္ခရောက်လာကြတဲ့ မြန်မာနိုင်ငံသားများအတွက် တတိယနိုင်ငံတွေဆီ ထွက်ခွာနိုင်တဲ့ တောကြိုအုံကြားက အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးဆိုလည်း မမှားပါဘူး။
မျှော်လင့်ခြင်းနယ်မြေတခု…၊ နောက်ပြီး စောင့်ဆိုင်းချိန်အကြာဆုံး Transit Room ကြီးပဲ။ မြန်မာလူမျိုးတွေ နိုင်ငံခြားသွားကြတော့ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေမှာ လေယာဉ်တစင်းနဲ့တစင်း ပြောင်းစီးကြဖို့ Transit Room မှာ စောင့်ဆိုင်းကြရတယ် မဟုတ်လား။ ဒုက္ခသည်စခန်းထဲမှာလည်း ကိုယ်သွားလိုတဲ့ နိုင်ငံတွေဆီ သွားဖို့ရာ မျှော်လင့်ရင်း နှစ်နဲ့ချီပြီး စောင့်ကြရတယ်။ သူတို့လည်း တိုင်းပြည်မှ ပြန်လို့မရကြတာ ဒီမှာပဲ တခြားနိုင်ငံသွားဖို့ မျှော်လင့်ရင်း နေနေကြတာပေါ့။
ဒီလိုစောင့်ရင်းနဲ့မှ လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုကို ခံယူပြီး အောင်မြင်မှ တတိယနိုင်ငံသို့ သွားရောက်ကြတာပါ။ အဆင့်ပေါင်းများစွာ ဖြတ်ကျော်ရပါတယ်။ ဒုက္ခသည်အဖြစ် စာရင်းသွင်းရန် လက်ပတ်ပေးတဲ့အဆင့်၊ (အကြို) ဓာတ်ပုံရိုက်တဲ့အဆင့်၊ (IOM) ကနေ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မှတ်ပုံတင်ရန် အင်တာဗျူးတဲ့အဆင့်၊ အဲဒီအင်တာဗျူး ဖြေကြားချက်တွေကို (PAB) ဘုတ်အဖွဲ့မှ စစ်မှန်ခြင်း ရှိ၊မရှိ ဆုံးဖြတ်တဲ့အဆင့်၊ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံလိုက်တဲ့ မြန်မာနိုင်ငံသားတယောက်အတွက် ဆက်လက်ပြီး ဖြတ်သန်းရတဲ့ အဆင့်တွေလည်း ရှိပါတယ်။
အမေရိကန်သို့ ခိုလှုံခွင့်လျှောက်ထားမယ့်သူ အတွက်ကတော့ OPE အင်တာဗျူးကို စောင့်ဆိုင်းရပြီး၊ ဒုတိယအကြိမ် OPE အင်တာဗျူးပြီးတဲ့အခါ နောက် ၆ လအတွင်းမှာ DHS အင်တာဗျူးကို သွားရောက်ပြီး အစစ်အဆေး ထပ်မံခံရပါတယ်။ အဲဒီလို အဆင့်ပေါင်းများစွာကို အောင်မြင်နိုင်မှ၊ ကျန်းမာရေးကောင်းမွန်မှ တတိယနိုင်ငံတွေက ခေါ်ယူတာပါ။
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ကမ္ဘာမှာရှိတဲ့ ဆင်းရဲနိုင်ငံတွေ၊ ဦးဇင်းတို့ မြန်မာနိုင်ငံလို လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ နိုင်ငံတွေက လူတွေကို ကူညီပေးနေတာပါ။ ဒုက္ခသည်အဖြစ် စာရင်းသွင်း လက်ခံပေးပါတယ်။ သူတို့မှာက ဒုက္ခသည်အဖြစ် သတ်မှတ်ပေးတဲ့၊ အချက်အလက်တွေတော့ ရှိတာပေါ့။ ဦးဇင်းလည်း အများကြီး မသိပါဘူး..။ ယေဘုယျသတ်မှတ်ချက် ၃ ချက်ရှိတယ်လို့ ဒီစခန်းထဲရောက်တော့မှ သိရတာပါ။
(၁) ဘာသာရေး ဒုက္ခသည်
(၂) လူမျိုးရေး ဒုက္ခသည်
(၃) နိုင်ငံရေး ဒုက္ခသည် … ဆိုပြီး ယေဘုယျသတ်မှတ်ထားတယ်တဲ့။
ဦးဇင်းတို့ နို့ဖိုးစခန်းမှာတော့ စစ်ပြေးဒုက္ခသည်တွေကို လူမျိုးရေးဒုက္ခသည်အဖြစ် ဦးစားပေးထားတယ်။ နအဖ စစ်ကြောင်းကနေ ထိုးစစ်ဆင်မှုကြောင့် ကရင်ရွာတွေက ဒေသခံတွေ ဒီဘက်ခြမ်းကို ထွက်ပြေးလာကြတယ်။ သူတို့ဘဝတွေက ဆိုးမှဆိုးပဲ။ မြေမြှုပ်မိုင်းထိလို့ ပြတ်သတ်လာတဲ့ လူနဲ့၊ မိသားစုလိုက်ကို အဓမ္မပြုကျင့်ခံရတာတဲ့။ စစ်ကြောင်းက အမျိုးသမီးမရှောင်၊ အမျိုးသားမရှောင်ပါပဲ။ ဒါတင် ဘယ်ကမလဲ။ တရွာလုံးပါ မီးရှို့လို့ နေစရာ၊ စားစရာမရှိ ကလေးတွေ လက်ဆွဲပြီး ဒီဘက်ကို ပြေးလာကြတာ..။ ခွေးတွေ ဝက်တွေတောင် ခေါ်လာလိုက်ကြသေးတယ်။ အင်မတန်မှ သနားစရာကောင်းလှတဲ့ ဦးဇင်းတို့ တိုင်းရင်းသားတွေရဲ့ ဘဝတွေပါ။
ဘာသာရေးဒုက္ခသည်ကတော့၊ ဦးဇင်းတို့ မြန်မာနိုင်ငံအတွင်းမှာ တခြားဘာသာရေး အဖွဲ့အစည်းတွေ ရှိကြတယ် မဟုတ်လား။ မြို့ကလူတွေ ဘယ်သိပါ့မလဲ..။ နယ်တွေ နယ်စွန်နယ်ဖျားတွေမှာ ဘာသာရေး နှိပ်ကွပ်မှုတွေကို လူ့အခွင့်အရေး ချိုးဖောက်ပြီး စစ်အစိုးရက ပြောင်ပြောင်တင်းတင်း ဆောင်ရွက်လျက်ရှိနေပါတယ်။ ဘုရားရှစ်ခိုးကျောင်းတွေ မီးရှို့ဖျက်ဆီးတာတို့၊ ဘာသာရေး အခမ်းအနားတွေမှာ ဝင်ရောက်ဖမ်းဆီးတာတို့၊ လူရှေ့သူရှေ့ ဘာသာရေးခေါင်းဆောင်တွေကို ပါးရိုက်နားရိုက်တာမျိုး။ အဲဒီလို ဖိနှိပ်မှု ခံကြရတဲ့ ဘာသာရေးသမားတွေကို ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး - UNHCR က ဘာသာရေး ဒုက္ခသည်အဖြစ် စာရင်းလက်ခံ ဆောင်ရွက်ပေးပါတယ်။ အကြမ်းမျဉ်း ရေးပြတာပါ။ အရှည်ပြောရရင် ဆုံးတော့မှာ မဟုတ်ဘူး။
လူမျိုးရေးဒုက္ခသည်ကလည်း တိုင်းရင်းသားလူမျိုးများ သော်လည်းကောင်း၊ စစ်အစိုးရကို ဆန့်ကျင်ကြတဲ့ ကရင်၊ ကချင်၊ ချင်း၊ ရှမ်း စတဲ့ ဒေသတွေမှာ စစ်အစိုးရက လူမျိုးကြီးဝါဒနဲ့ နှိမ်နင်း၊ တိုင်းရင်းသားအချင်းချင်း သွေးကွဲအောင် ဖန်တီးပြုလုပ်၊ တိုင်းရင်းသားတွေအပေါ် နည်းမျိုးစုံနဲ့ ဖိနှိပ်ချုပ်ချယ်ပြီး၊ နအဖ ရဲ့ ရက်စက်မှုတွေ ခံကြရတဲ့ တိုင်းရင်းသားလူမျိုးတွေကို UNHCR က လူသားချင်း စာနာထောက်ထားမှုကြောင့် လူမျိုးရေးဒုက္ခသည်အဖြစ် စာရင်းသွင်း လက်ခံပေးပါတယ်။
အဲဒီမှာ ဦးဇင်းအတွေ့အကြုံလေး နည်းနည်းပြောပြချင်တယ်။ ဦးဇင်းက အခုလို ရဟန်းမဝတ်ခင်က ဒုက္ခသည်စခန်းထဲ စရောက်စက ကရင်ရပ်ကွက်အတွင်းမှာ နေရသေးတယ်။ ဗမာဆိုလို့ ဦးဇင်းသူငယ်ချင်း တယောက်ရယ်၊ ဦးဇင်းရယ်။ နှစ်ယောက်ပဲ ရှိတယ်..။ တရပ်ကွက်လုံး ကရင်စကားပြောကြတာ။ သူတို့လည်း ကရင် စစ်ပြေးဒုက္ခသည်တွေပဲ။ နေစက ဦးဇင်းတို့ကို စကားတောင် မပြောကြဘူး။ ဗမာလေးတွေမို့လို့တဲ့။ ဦးဇင်းတို့က ရောရတာပေါ့။ ကြာတော့ သူတို့က ခင်လာတယ်။ သူတို့ကို စစ်အစိုးရတပ်က ဗမာကောင်တွေက နှိပ်စက်လိုက်လို့ ဒီလိုထွက်ပြေးလာရတယ်ဆိုပြီး ဗမာတွေကို မုန်းနေတာ၊ … ဘယ်လောက် ဝမ်းနည်းစရာကောင်းလည်း … တိုင်းရင်းသားအချင်းချင်း သွေးကွဲအောင် တမင်ဖန်တီးလွှတ်လိုက်တာ..။ အဲဒါနဲ့ ဦးဇင်းက တဖက်လှည့်နဲ့ ရှင်းပြရတာပေါ့။
ငါတို့က ဘာလူမျိုးမှ မဟုတ်ဘူးလို့ .. ကျောင်းသားတွေပါလို့ ပြောရတယ်..။ နအဖ ကို တော်လှန်နေတဲ့ ကျောင်းသားတွေဆိုတာ ဗမာလူမျိုးတမျိုးတည်းအတွက် အလုပ်လုပ်နေတာ မဟုတ်ပါဘူး။ တိုင်းရင်းသားပေါင်းစုံအတွက် ဒီမိုကရေစီတိုက်ပွဲဝင်နေကြတဲ့ သူတွေပါဆိုပြီး ရှင်းပြရတယ်။ ငါတို့ရဲ့ သွေးတွေမှာ တိုင်းရင်းသားပေါင်းစုံအတွက် အလုပ်လုပ်နေရတာဖြစ်လို့ တိုင်းရင်းသားပေါင်းစုံရဲ့ သွေးတွေနဲ့ လည်ပတ်နေတယ်။ အဲဒီတော့ မင်းက ကရင်ဆိုရင် ငါလည်း ကရင်ပဲ။ မင်းက ချင်းဆိုရင် ငါလည်းပဲ ချင်းပဲပေါ့လို့ ပြောချလိုက်မှ .. သူတို့က နားလည်ပေးတယ်။ ဒါတောင် ဦးဇင်းကို ပြောလိုက်သေးတယ်..၊ အခုဆိုရင် မင်းက ကရင်တွေကြားမှာနေတာ မင်းလည်း ကရင်ပဲတဲ့။ အတော်ချစ်ဖို့ကောင်းတဲ့ စကားလေး။ တိုင်းရင်းသားတွေ ပွင့်ပွင့်လင်းလင်း အရမ်းရှိတယ်။ ကဲထားပါတော့ …. နိုင်ငံရေး ဒုက္ခသည်အကြောင်း နည်းနည်းပြောရအောင်။
နိုင်ငံရေးဒုက္ခသည်အဖြစ် စာရင်းသွင်းပေးခြင်း ခံရသူတွေကတော့ မြန်မာနိုင်ငံအတွင်း နအဖ အာဏာရှင် စစ်အစိုးရရဲ့ ပေါ်လစီအပေါ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ်၊ ဒီမိုကရေစီကို လိုလားကြတဲ့ ပြည်သူတွေဟာ မတရားတဲ့ အမိန့်ဟူသမျှ ဖီဆန်ကြရင်း၊ တိုင်းပြည်ရဲ့ ဆင်းရဲမွဲတေမှုတွေကို တော်လှန်ကြရင်း..၊ စစ်အစိုးရကို ဆန့်ကျင်တဲ့သူတိုင်း နိုင်ငံရေးသမားတွေ ဖြစ်ကုန်ကြပါလေရော။ သူတို့တွေဟာ မတရားမှုတွေကို ဆန့်ကျင်ရင်း၊ မြန်မာပြည်သူတွေ ဒီမိုကရေစီရရှိအောင် ကြိုးစားကြလို့၊ အာဏာရှင်ရဲ့ ဖမ်းဆီးချုပ်နှောင်မှုတွေကို ရှောင်ကြတိမ်းကြနဲ့ ဒီဘက်ကို ရောက်လာကြတဲ့ ဒုက္ခသည်တွေကို ဆိုလိုပါတယ်။ အချို့ဆိုရင် နိုင်ငံရေးအမှုနဲ့ ထောင်ကျကြ၊ ထောင်ကထွက်ပြီး အမြဲတမ်း နောက်ယောင်ခံ လိုက်ခံရ၊ အခါကြီးရက်ကြီး အထိမ်းအမှတ်နေ့တွေ ရောက်တိုင်း အထိန်းသိမ်းခံကြရနဲ့ ဘယ်လိုမှ ပြည်တွင်းမှာ ဆက်နေလို့ မရတော့လို့ ဒီဘက်ကို ရောက်လာကြတာပါပဲ။ အဲဒီလိုမျိုး မြန်မာနိုင်ငံရေး၊ ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး ထွက်ခွာလာခဲ့ သူတွေကိုတော့ သူတို့ဆန္ဒအလျောက် ဒုက္ခသည်အဖြစ် ခံယူချင်တယ်ဆိုရင်တော့ UNHCR က နိုင်ငံရေးဒုက္ခသည်အဖြစ် စာရင်းသွင်းပေးတယ်။
ဦးဇင်းအမြင်ကတော့ ၅၆ သန်းသော မြန်မာပြည်သူတွေဟာ ဒုက္ခသည်တွေပဲလို့ ဦးဇင်း မြင်မိပါတယ်။ ဘာလို့လဲဆိုတော့ နအဖ ရဲ့ လက်အောက်မှာ ပြည်သူပြည်သားတို့ ဒုက္ခရောက်နေကြလို့ပါပဲ။
အဲဒီတော့ ဦးဇင်းရဲ့ သူငယ်ချင်းပဲဖြစ်ဖြစ်၊ အခြားသော သူပဲဖြစ်ဖြစ် ဒုက္ခသည်စခန်းထဲကို ရောက်အောင်လာခဲ့ပါ။ ကူညီနိုင်တာရှိလို့ကတော့ သိသိ၊ မသိသိ အားလုံးကို အကူအညီပေးပါ့မယ်။ ဦးဇင်းတို့ နို့ဖိုးဒုက္ခသည်စခန်း ဝင်လာဖို့တော့ ဦးဇင်း မတတ်နိုင်ပါဘူး။ ဦးဇင်းတို့ကိုလည်း UNHCR ကနေ စခန်းသွင်းလိုက်တာပါ။
…..`` သူငယ်ချင်းရယ် မင်းဝင်လာမှ ငါကူညီပါ့မယ်´´……..`` ရောက်အောင်သာ .. လာပါ´´ လို့ ပြောလိုက်ချင်ပါတော့တယ်။ ။
No comments:
Post a Comment