Wednesday, September 30, 2009

ရွှေဝါရောင် တော်လှန်ရေးထဲမှာ …

ကြည်ဝေ

၂၀၀၇၊ စက်တင်ဘာ ၂၆
နေ့လယ် ၁၂ နာရီ ၀န်းကျင် အချိန်
ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား။

ရွှေတိဂုံဘုရားအရှေ့ ဘက်မုခ်သို့ ရောက်ရှိသွားချိန်တွင် ယူနီဖောင်း အပြည့်အစုံဝတ်ပြီး လက်နက်များ၊ ဒိုင်းများ ကိုင်ဆောင်ထားသော လုံထိန်းများနှင့် စစ်သားများက သံဃာတော် များအား တားမြစ်နေသည်ကို မြင်တွေ့ရသည်။

အရှေ့ဘက်မုခ်မှဆိုင်ခန်းများရှေ့တွင်ရပ်ကြည့်နေကြသော လူအုပ်ကြီးကလည်း အခြေအနေကို စောင့် ကြည့် နေဆဲ၊ သံယာတော်များက သံဆူးကြိုး ဘယ်ရီများဖြင့် ပိတ်ထားသော နေရာထိပ်နားမှာပင် ရွှေတိဂုံ စေတီ ဘက်သို့ မျက်နှာမူထိုင်ကာ စတင်ဘုရားရှိခိုးတော့သည်။

ထိုဘုရားရှိခိုးသံများ မဆုံးမီပင် ရွှီးခနဲအသံတသံကြားလိုက်ရပြီးရှေ့ထိပ်မှ သံဃာများကို လုံထိန်းများက လက်ကိုင်တုတ်များဖြင့် တခွပ်ခွပ်နှင့် စတင်ရိုက်နှက်သံကို ကြားလိုက်ရသည်။

ထို့နောက် ရွီးခနဲနောက်တသံကို ကြားလိုက်ရစဉ် ကိုယ့်မျက်နှာသည် ဖြန်းခနဲ မီးနှင့်ပက်ခံလိုက်ရသလို ပူ လောင်သွားသည်။ ထိုစဉ် လက်တဘက်က လက်ကောက်ဝတ်ကို လာဆွဲခေါ်သည်ကို သိလိုက်ပြီးအားတင်း ကာ မျက်လုံးဖွင့်လိုက်သော်လည်း အပြာရောင် လွင်ပြင်ကြီးမှ အပ ဘာကိုမှ မမြင်ရတော့။

ဘေးမှာ ရှေ့မှာ တခွပ်ခွပ်နှင့်ရိုက်သံ၊ တရွှီးရွှီးနှင့်ပစ်သံတို့အပြင်အော်ဟစ်သံတွေ ပြေးသံလွှားသံတွေက လည်း တခုခုဖြစ်နေပြီ ဆိုသည်ကိုသိလာစေပြီး၊ ကြောက်စိတ်ဖြင့် လာဆွဲခေါ်သောလက်ကို အားတင်းဆုပ် ကိုင်ကာ သွေးရူးသွေးတန်း ပြေးလိုက်လာမိသည်မှာ ဘုန်းကြီးကျောင်းဝင်းတခုထဲ ပြေးဝင်မိကြောင်း သိရ သည်။

အိတ်ထဲမှ ရေသန့်ဘူးကိုထုတ်ကာ မျက်နှာပေါ်သို့လောင်းချလိုက်မိသည်။ သို့သော်လည်း ပူလောင်မှုက ပျောက်မသွားသလို မျက်လုံးနှစ်လုံးစလုံး ကျိန်းနေပြီး မြင်ကွင်းတို့သည်လည်း မသည်းကွဲသေး။ နောက်မှ သိရသည်က မျက်ရည်ယိုဗုံးနှင့် အပေါက်ခံရခြင်းဖြစ်သည်။

ထိုဘုန်းကြီးကျောင်း၏ အုတ်တံတိုင်းကွက်ပေါက်ကလေးများကနေ အပြင်ဘက်ကို ချောင်းကြည့်မိသည်။ မသည်းမကွဲနှင့်ပင် မြင်ရသမျှကတော့ သင်္ကန်းဝတ်နှင့် သံဃာတော်များအား လုံထိန်းများက နောက်က ပြေး လိုက်ပြီး ရိုက်သည်။

လဲကျသွားသော သံဃာများ၊ သီလရှင်များနှင့် လူများအား စစ်သားများက ဒယဥ့်တိုက်ဆွဲကာ အသင့်ခေါ် ဆောင်ထားသော ဒိုင်နာ ကားများပေါ်သို့ ပစ်တင်ကြသည်ကို တွေ့နေရသည်။

ကြောက်စိတ်၊ ၀မ်းနည်းစိတ်ဖြင့် ဒူးများတဆတ်ဆတ်တုန်၊ လက်များ တဆတ်ဆတ်တုန်နေသည့်ကြားက အိတ်ထဲက ကင်မရာကို ဆွဲထုတ်ပြီး အုတ်တံတိုင်းကွက်များကြားက မြင်မြင်သမျှကို ရိုက်နေမိသည်။

အချိန်မည်မျှကြာပြီး ဓာတ်ပုံမည်မျှ ရိုက်မိသွားသလဲ ဆိုသည်ကို မသိတော့ပေ။ အမျိုးသားတဦးက ဦးထောင် ဘို လမ်းမဘက်ကို ဖောက်ထွက်ကြမယ်ဟု အော်သံကြားရပြီး ကျောင်းဝင်းထဲမှ သံဃာလေးပါးနှင့် အမျိုး သား၊ အမျိုးသမီးစုစုပေါင်း ၇ ဦးခန့်နှင့်အတူ ဘုန်းကြီးကျောင်းဝင်းထဲမှ ထွက်ကာ ကုန်းကမူတခုကို ကျော် လွှားတက်ရင်း ဦးထောင်ဘိုလမ်းမဆီသို့ ရောက်လာခဲ့သည်။

ဦးထောင်ဘိုလမ်းမပေါ်မှာ ကိုယ်လိုပင် ပြေးလာကြသူများကို တွေ့ရသည်။ သွေးများနှင့် ရွှဲနေသူများ၊ ဦးခေါင်းတွင် ဒဏ်ရာများနှင့် ရဟန်း သံဃာများ၊ ဒေါသတကြီး အော်ဟစ်နေသော ကျောင်းသား လူငယ်များ၊
သွေးများဖြင့် မျက်နှာ တပြင်လုံး နီရဲနေသည့်သူများ စသည့် လူများစွာ ပြန်လည် စုမိကြသည်။

ထိုစဉ် ဘတ်စ်ကားတစီး ဦးထောင်ဘိုလမ်းမပေါ်သို့ဆိုက်လာကာ ထိုကားပေါ်မှသံဃာအပါး ၁၀၀ ၀န်းကျင် ခန့်ဆင်းပြီး အရိုက်ခံထားရသော သံဃာများ၊ အရိုက်ခံထားရသော ကျောင်းသားနှင့်ပြည်သူများအား ကြည့် သည်။

ထို့နောက်“ဦးဇင်းတို့ကို ပစ်သတ်လို့ သေချင်သေပါစေ၊ ဆူးလေဘုရားဆီကို မေတ္တာပို့ရင်း ဆက်လမ်း လျှောက် ကြမယ်”ဟု သက်တော် ၃၀ ကျော်အရွယ် သံဃာတပါးက မိန့်ဆိုလိုက်သည်။ ထိုသံဃာနှင့်အတူ တခြားသော သံဃာများနှင့်ကျောင်းသားလူငယ်များ ဆူးလေဘုရားဆီကို အရောက်သွားကြတော့သည်။

လက်ထဲရှိ ကင်မရာထဲတွင် သံဃာများကို ရိုက်နေသည့် ဓာတ်ပုံများရှိသည်။ ဖမ်းဆီးနေသော ဓာတ်ပုံများရှိ သည်။ ထိုဓာတ်ပုံများကို အယ်ဒီတာဆီ အရောက်ပို့ရမလား၊ မေတ္တာပို့ လမ်းလျှောက်ရာနောက်သို့ ဆက် လိုက် ရမလား ဝေခွဲ မရဖြစ်နေမိသည်။

မီဒီယာချင်း မတူသော်လည်း လုပ်ဖော်ကိုင်ဖက်သတင်းထောက်တဦး ရောက်ရှိလာပြီး သူ့ကို ပေးလိုက်ပါ၊ ပို့ချင်တဲ့ လိပ်စာလည်း ရေးပေးလိုက်ပါဟု ဆိုတော့ ကိုယ်ပေးရမည့် လိပ်စာကိုပေးသင့်မသင့်စဉ်းစားရ ပြီ၊ သူ့ကို ကိုယ်သိသော်လည်း သူသည် ဘယ်ဘက်က လူမှန်းကိုယ်မဝေခွဲနိုင်ပါ။

ဘာပဲဖြစ်ဖြစ် ယခုအချိန်တွင် ဓာတ်ပုံများကို လူအများမြင်တွေ့ရရေးက အဓိကကျသည်ဟု စဉ်းစားမိပြီး ကင်မရာထဲက မယ်မိုရီစတစ်ကို ထုတ်ကာသူ့လက်ထဲ ထည့်ပေးလိုက်သည်။ မည်သည့်နေရာပို့ရန် မပြော တော့ပါ၊ မီဒီယာအားလုံးဆီကိုပဲ ပို့ပေးရန် ပြောလိုက်မိသည်။ သူသည် ကိုယ့်ကင်မရာထဲက မယ်မိုရီကတ် အပြင်၊ အခြားသတင်းထောက်များဆီက မယ်မိုရီကတ်များကို လည်း ယူကာ အင်တာနက်ဆိုင်များရှိရာ ရန်ကုန်မြို့ထဲဆီသို့ ထွက်သွားတော့သည်။

“အခုအချိန်မှာ မီဒီယာမရွေးတာ မှန်တယ်၊ ဒီပုံတွေ အပြင်ကို ရောက်သွားဖို့အရေးကြီးတယ်”ဟု ၀ါရင့် သတင်းထောက်တဦးက ဘေးနားလာရပ်ရင်း ပြောသည်။

ဦးထောင်ဘိုလမ်းကနေ ကန်တော်ကြီးကို ပတ်၊ မင်္ဂလာဈေးဘက်ကို လျှောက်လာခဲ့သော လမ်းတလျှောက် လုံးမြင်မြင်သမျှ လူကြီးလူငယ်မရွေး ၀င်ရောက်လက်ချိတ်ရင်း လိုက်ပါလာကြရာ ဆူးလေဘုရားအနီးသို့ ရောက်သောအခါ သံဃာတော်များ ဦးဆောင်ခဲ့သော လူအုပ်ကြီးမှာ ၁ သိန်းနှင့်အထက် ရှိနေပြီ ဖြစ်သည်။

ဆူးလေဘုရားရှေ့မှာ စောင့်ကြိုနေသော လူအုပ်ကြီးကလည်းလက်ခုပ်သံတဖြောင်းဖြောင်းနှင့် စောင့်ကြိုနေ သည်မှာ လူပေါင်း ရေတွက်၍ပင် မရတော့ချေ။
ကင်မရာထဲမှ မယ်မိုရီစတစ်များယူသွားပေးသော မိတ်ဆွေသတင်းထောက်က လူအုပ်ကြားထဲမှာ လက်မ ထောင်ပြရင်း အခုပဲ ပုံတွေ တက်နေပြီဟု ပါးစပ်လှုပ်ကာ ပြောပြတော့ ရင်ထဲက အလုံးကြီးတခုလုံး ပြုတ်ကျ သွားသလို ခံစားလိုက်ရသည်။

ထိုပုံများသည် စစ်အစိုးရ၏ ရက်စက်မှု၊ ယုတ်မာမှု သက်သေ၊ ဗုဒ္ဓဘာသာတိုင်းပြည်ဖြစ်ပြီး ရဟန်း သံဃာများ ကို ရက်ရက်စက်စက် ရိုက်သတ်နေသည့် သက်သေ များဖြစ်သည် ဟု တွေးရင်း မျက်နှာတပြင်လုံး ပူပြီး စပ် နေ သော ဝေဒနာများကိုပင် မေ့လျော့ကာ ကိုယ့်လုပ်ရပ်အတွက် ကိုယ့်ကိုယ်ကို ကျေနပ်နေမိသည်။ ထိုပီတိ ကို နှစ်သက်မိသောကြောင့် ကိုယ်သည် သတင်းထောက်အဖြစ် မည်မျှပင် ပင်ပန်း ဆင်းရဲပါစေ ယနေ့အထိ နေနိုင်နေခဲ့ခြင်းဖြစ်သည်။


စက်တင်ဘာ ၂ရ
နံနက် ၅နာရီ ခွဲဝန်းကျင်
ရန်ကုန်မြို့။

နံနက်စောစော ၀င်လာသည့် တယ်လီဖုန်းကသည်မျှလောက် ဆိုးဝါးသော သတင်းတို့ကို သယ်ဆောင်လာ လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါ။

“ငွေကြာယံကျောင်းတို့ မဂ္ဂင်ကျောင်းတို့ အဲဒီလို နာမည်ကြီးကျောင်းတိုက်တွေကို စစ်တပ်ဝင်သွားတယ်၊ ဦးပဉ္ဇင်းတွေကို ရိုက်နှက်ပြီးဖမ်းခေါ်သွားကြတယ်တဲ့၊ ပက်ပက်စက်စက်ကို လုပ်သွားတာ ၊သွေးကွက်တွေ ဆိုတာ မြင်မကောင်းဘူးတဲ့ အဲဒါ သွားမလို့”ဟု ဆိုလာသောသူငယ်ချင်းတယောက်၏ အသံမှာ ငိုသံ ပေါက် နေခဲ့သည်။

တယ်လီဖုန်းချပြီးပြီးချင်း မခံချင်စိတ်က ဟုန်းခနဲထွက်ပေါ်လာသည်၊ လက်နက်သာ ရှိရင် ပြန်တိုက်လိုက် မည်ဆိုသည့် စိတ်အတွေးက ရုန်းကြွလာခဲ့သည်။

မျက်နှာသစ်ရင်း မေးခွန်းထုတ်မိသည်။ ကိုယ်က ဘယ်သူလဲ၊ ကိုယ်ကနိုင်ငံရေးသမားလား၊ သတင်းထောက် လား။ အမှန်တကယ်တော့ ကိုယ်က သတင်းထောက်ပဲ။

ကိုယ့်တာဝန်က အဖြစ်မှန်များကို ပြည်သူများသိရန်၊ ကမ္ဘာကသိစေရန်လုပ်ဆောင်ရေး၊ ဤတာဝန်ကိုကျေပွန် ရန် ကိုယ်ကစိတ်ရှည်ရှည်နှင့် ကြိုးပမ်းရမည်ဟု ကိုယ့်ကိုယ်ကိုယ် ဆုံးမရင်း ကင်မရာကို အိတ်ထဲထည့်ကာ ငွေကြာယံကျောင်းဆီသို့ ထွက်လာခဲ့သည်။

ငွေကြာယံကျောင်းဝင်း အ၀င်ဝကတည်းက မြေကြီးပေါ်မှာ သွေးကွက်တချို့ကို တွေ့ရသည်။ ကျောင်းဝင်းထဲ မှာ လာကြည့်သူများ၊ သတင်းထောက်များရှိသည်။ ဓာတ်ပုံရိုက်သူ၊ ဗီဒီယိုရိုက်နေသူများ တွေ့ရတော့အား တက် လာမိသည်။ သို့သော် အခဲလိုက်ကျနေသော သွေးကွက်များကို မြင်ရတော့ ရင်သည်တဆတ်ဆတ် တုန်လာပြန်ကာ စို့နစ် ၀မ်းနည်းလာသည်။

“ဘယ်လောက်တောင် ပြင်းပြင်းထန်ထန်ရိုက်ခဲ့လို့ ဒီလို သွေးခဲတွေထွက်ကြရတာလဲ မသိဘူး၊ အတော့်ကို ရက်စက်တာပဲ”ဟု ၀ါရင့်နိုင်ငံခြားသတင်းထောက်တဦး၏ ပြောဆို နေသံကိုကြားရသည်။

လက်ထဲမှာ ကင်မရာကို ငြိမ်ငြိမ်မကိုင်နိုင်တော့ဘဲ မူးနောက်လာသည်။ မြင်မြင်သမျှ ရိုက်နှက်ချိုးဖျက်ထား သည့် အပျက်အစီးများ၊ ဦးခေါင်းကျိုးပြတ်နေသော ဗုဒ္ဓဆင်းတုတော် တဆူကိုလည်း သွေးကွက်များကြား၊ အပျက်အစီးများကြားတွင်တွေ့ရသည်။

ကျောင်းတွင်ကျန်ရစ်ခဲ့သူများကို မေးကြည့်တော့ ကျောင်းဝင်းတံခါးကို စစ်ကာားဖြင့် တိုက်ဖျက်ကာ စစ်သား များက ကြမ်းတမ်းရိုင်းပြစွာပင် ကျောင်းဆောင်များထဲ ၀င်လာခဲ့သည်။ ထို့နောက် မြင်မြင်သမျှ သံဃာများကို ရိုက်နှက်ခေါ်သွားကြရုံမျှမက ကျောင်းတွင် လာရောက်တည်းခိုနေကြသော နယ်မှ အမျိုးသား၊ အမျိုးသမီး များပါမကျန် ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကြကြောင်း သိရသည်။

ထိုကျောင်းက အပြန်တွင် ၁၉၈၈ တုန်းက ကျောင်းသားတွေကို ရက်ရက်စက်စက် ပစ်သတ်ခဲ့တာလည်း ဒီလို ပဲ ဖြစ်မှာဟု ကိုယ်မမြင်ခဲ့ဘူးသောအဖြစ်အပျက်တို့ကို မှန်းဆပုံဖော်ကြည့်မိသည်။ယခုလည်း ကျောင်းသား ခေါင်းဆောင်များကိုဖမ်းဆီးထောင်ချခဲ့သကဲ့သို့ သံများကိုလည်း နှိပ်စက်ဦးမည်၊ ထောင်ထဲထည့်ဦးမည် ဆိုသည်ကို စိတ်မသက်မသာဖြင့် တွေးမိပြန်သည်။

ဆူးလေကို မရောက်ခင်မှာပင် တောင်ဥက္ကလာမှာ ပစ်နေပြီဟူသော သတင်းက ၀င်လာသည့်အတွက် အငှား ကားဆရာကို တောင်ဥက္ကလာပ ဘက်ကို ပြန်မောင်းပေးရန် ပြောတော့ အငှားကားဆရာက မလိုက်ရဲတော့ ဟု ပြောသည်။ နောက်ကားတစင်းငှားပြီး တောင်ဥက္ကလာပမြို့နယ် ၇၈ ကွေ့အနီးရောက်သည်နှင့်ပင် ပြေး လာ သော လူအုပ် ကြီးကိုတွေ့ရသည်။

ကားပေါ်က ဆင်းပြီး လူအုပ်ကြီးဆီသို့ပြေးသွားရင်း ဓာတ်ပုံရိုက်တော့ သူငယ်ချင်း တယောက်က လက်ကို လာဆွဲသည်။ “လာလာ အရမ်းနီးလာပြီ ပြေးကြမယ်”ဟု ပြောရင်း သူက လက်ကို ဆွဲပြေးပြန်သည်။

လက်ထဲက ကင်မရာကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ပြေးခဲ့ကြသည်။ မည်မျှကြာကြာ ပြေးနေမိသည် မသိ၊ နောက်ဆုံး လမ်းဘေးတွင် အငှားကားစီတစီးရပ်ထားသည်ကိုတွေ့တော့ ဆူးလေကို မောင်းရန် ပြောပြီး ကားပေါ် တက်လိုက်မိသည်။ ဈေးနှုန်းပင် မမေးမိတော့ချေ။

နေ့လယ် ၁ နာရီ ဆူးလေမှာ ပြန်ဆုံတတ်ကြသည့်အတွက် ယနေ့တွင်လည်း နေ့လယ် ၁၂ နာရီ ခန့် ကတည်းက ဆူလေးတွင် လူစုမိနေသည်။ သံဃာများကို ရက်ရက်စက်စက်နှိမ်နှင်းလိုက်သောသတင်းကို လူတော်တော်များများက ကြားထားပြီးဖြစ်သည်။

ထို့အတူ စစ်သွေးကြွနေဟန်တူသော စစ်သားများကိုလည်း ဆူးလေဘုရားတ၀ိုက်တွင် မြင်တွေ့နေရပြီ။ ယူနီဖောင်းအပြည့်အစုံဝတ်ထားသော သူတို့က ဒိုင်းများ၊ သေနတ်များ ကိုင်ဆောင်၍ ဆူးလေဘုရားအနီးသို့ လူအများကပ်မလာနိုင်စေရန် တားထားကြသည်။

၎င်းစစ်သားများနှင့် ခပ်လှမ်းလှမ်းမှနေ၍“ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး”ဟု အော်နေသော လူငယ် ကျောင်းသားများကိုလည်း တွေ့မြင်နေရသည်။

ခဏအကြာတွင် ထိုသို့ အော်နေသော လူအုပ်ကြီး ဆီကို စစ်သားများက သေနတ်ဖြင့် စပစ်သည်။

“ပစ်တယ်ဟေ့”ဟု အော်ပြီး လူအုပ်ကြီးကပြေးသည်။

ထို့နောက် ရာဘာကျည် ဆန်ဖြင့် ပစ်ခြင်းဖြစ် သည်ဟူသော ပြောသံကြောင့် လူအုပ်ထဲမှ လူတချို့က မပြေးကြ တော့ဘဲ ရောက်သည့်နေရာတွင် ရပ်ကာ တို့အရေး အော်လိုက်၊ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာအော်လိုက်နှင့် ဦးဆောင်သူမဲ့သော တိုက်ပွဲတခုကို ဆင်နွဲကြပြန်သည်။ ထို့နောက် တဖြည်းဖြည်း နှင့်လူအုပ်များ လာပြီး လူအုပ်ကြီးသည် ဆူးလေဘုရားအနီးသို့ကပ်နိုင်သမျှ ကြိုးစား ကပ်လာကြသည်ကိုတွေ့ရသည်၊

ခဏအကြာတော့ ဒက်…ဒက်…ဒက် ဟူသော သေနတ်သံများနှင့်အတူ“ပစ်ပြီ ပစ်ပြီ လူတွေ ထိကုန်ပြီ”ဟူ သော အသံကြားလိုက်ရပြီး လူအုပ်ကြီးကြားထဲကနေ ဆူးလေလမ်းပေါ် ဗိုလ်ချုပ်လမ်းပေါ်ထိ ပြေးရသည်။

ဗိုလ်ချုပ်လမ်းပေါ်ကနေ ၃၅ လမ်းထဲ ချိုးဝင်လိုက်တော့ လက်မှနာရီပြုတ်ကျကျန်ခဲ့တာကို သိသည်။ ထိုစဉ်မှာ ပင် ဆူးလေလမ်းပေါ်ပြေးရင်းလွှားရင်း ကျန်ခဲ့သောသူငယ်ချင်းက ဖုန်းဆက်လာသည်။ နိုင်ငံခြားသတင်း ထောက် တဦးကို သေနတ်ထိသွားသည်၊ ဂျပန်လား၊ တရုတ်လား ၊ ကိုရီးယားလား မသိ၊ အသားဖြူဖြူနှင့် ကင်မရာ ကိုင်ထားသော သတင်းထောက်ပဲဟု သူက ဆိုသည်။

“ဒီနေ့တော့အားလုံးပဲ သတိထားရမယ်၊ ကြားတာက ဒီနေ့ရှေ့ကနေ အော်လံကိုင်ထားတဲ့သူ၊ အလံကိုင်တဲ့ သူနဲ့ကင်မရာကိုင်တဲ့သူတွေကို ပစ်မိန့်ပေးထားတယ်လို့ ကြားတယ်၊ ကင်မရာကို ပေါ်တင်မကိုင်ကြနဲ့”ဟု
သူငယ်ချင်း တဦး၏ သတိပေးစကားကို ပြန်အမှတ်ရလိုက်သည်။လက်ထဲက ဆိုနီကင်မရာလေး ကို ခပ်တင်း တင်းဆုပ်ကိုင်လိုက်မိသည်။

သတင်းထောက်တဦးထိသွားသောသတင်းကို အယ်ဒီတာကို ပြောရန် သတိရလာသည်။ ဖုန်းရှိသော သူငယ် ချင်းကို ရှာကာ အယ်ဒီတာထံဖုန်းခေါ်ပေးရန် ပြောရသည်။ ကိုယ့်တွင် လက်ကိုင်ဖုန်း မရှိသည့်အတွက် ဖုန်းရှိသောမိတ်ဆွေတို့ကိုရှာကာ သူတို့နှင့်အတူ တွဲသွားရသည်။ သို့မှသာ သတင်းပို့ပေးနိုင်မည် ဖြစ်သည်။

ခဏအကြာအယ်ဒီတာ ထံမှဖုန်းရသည်။ ထိသွားသည့် သတင်းထောက်ကို စုံစမ်းခိုင်းသည်။ ထိုစဉ်မှာပင် ဘူတာကြီး ခုံးတံတားပေါ်ကနေ စစ်ကားများတက်လာကာ ဆူးလေဘက်က ပြေးလာသော လူများကို စစ် သားများက ပစ်နေပြန်သည်။ ပြေးရင်းနှင့်ပင် ဖုန်းပြောရသည်။ ထိုအချိန်က အင်တာနက်လိုင်းအားလုံး ဖြတ်ပစ်လိုက်သည့်အတွက် တယ်လီဖုန်းကိုသာ အားကိုးရသော အချိန်ဖြစ်သည်။

လမ်း၅၀ ဘက်သို့ ပြေးရင်း ဘူတာကြီး ခုံးထိပ်နားမှာ လူတချို့ထိသွားကြောင်း သတင်းရသည်။ အလံကိုင် သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အဖွဲ့ဝင် လူငယ်တဦး ကျသွားသည်ဟု မြင်ခဲ့ရသူ တဦးက ပြောပြသည်။

“ခေါင်းကို ထိသွားတာ၊ ဖွာခနဲပဲ ခေါင်းက ပွင့်ပြီး အထဲက ဦးနှောက်တွေကော ကျေပြီး ကျလာတာ”ဟု သူက ပြောသည်။

ထိုသူနှင့်အတူ ပြေးရင်းလွှားရင်းနှင့်ပင် လမ်း ၄၅လမ်းထိပ်ရောက်လာသည်။ ဗိုလ်ချုပ်လမ်းမကြီးနှင့် ပန်းဆိုး တန်း လမ်းပေါ်က လူများကို ကားများဖြင့် ဖမ်းခေါ်သွားပြီ ဟူသော သတင်းများကို ဆက်တိုက်ကြားလာခဲ့ သည်။

ညနေ ၃နာရီ ၀န်းကျင် ၄၇လမ်းထိပ်မှ လက်ဖက်ရည်ဆိုင်ထဲ ၀င်ထိုင်လိုက်မှ နေ့လယ်စာ မစားရသေး ကြောင်း သတိရလာပြီး ဗိုက်ကလည်း ဆာလာသည်။ သို့သော် စားချင်စိတ်က မရှိချေ။

ထိုစဉ်မှာပင် တာမွေကျောင်းရှေ့မှာ ပစ်နေပြီ ဟု သတင်းထောက်တယောက်က ပြောသည်။ ကလေးများ စွာ ထိသည်ဟု ကြားရသည့်အတွက် တာမွေဘက်ကို သွားရန် စဉ်းစားမိသည်။ သို့သော် ဆူးလေလမ်းပေါ်တွင် ကျန်ခဲ့သော သူငယ်ချင်းက ခုချိန်ထိ ပေါ်မလာသေး။

သူ့ကို စောင့်ရမည်လား၊ တာမွေကို သွားရမလား၊ သူနှင့် မနက်ကတည်းက အတူတူထွက်လာခဲ့သည်၊ အတူ တူ ဓာတ်ပုံရိုက်ခဲ့ကြသည်၊ အတူတူ ပြေးခဲ့ကြသည်၊ ခုတော့သူက တနေရာမှာ ကျန်ခဲ့ပြီး ကိုယ်က တနေရာ မှာ ရောက်နေသည်။ သူ့ဆီကို ဖုန်းဆက်တော့ သူက အိမ်တအိမ်ထဲမှာ ၀င်ပုန်းနေရကြောင်း ပြန်ပြောသည်။

“ညနေ ၆ နာရီမှာ မာရှယ်လောထုတ်မယ်လို့ ကြားတယ်၊ ညနေ ၃ နာရီ ထိပဲ မြို့ထဲမှာ ကားရှိတော့မယ်၊ ခုတောင် ကားပါးသွားပြီ ပြန်သင့်ပြီ”ဟု သူငယ်ချင်းကပြောရင်း ပြန်သည့်အခါ စုပြီး ပြန်ကြရန်သူက မှာနေ သေးသည်။

ညနေ ၃ နာရီကျော်စပင် ရှိသေးသော်လည်း မြို့ထဲမှဆိုင်ခန်းများ အားလုံးပိတ်ပြီ၊ အိမ်တွေကလည်း အဝင် တံခါးတွေကော ပြတင်းပေါက်တွေကောအားလုံးပိတ်ထားကြပြီ။

လမ်းတွေပေါ်မှာတော့ “ဗိုလ်ချုပ်ပေးသော စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး”ဟု အော်နေသော ကျောင်းသား လူငယ်တွေ ရှိသေးသည်၊ သူတို့သည် ပြေးလိုက်၊ စစ်ကားဖြင့် လိုက်ပစ်သည့်အခါ အော်လိုက် နှင့်ပင်။

ညနေ ၄နာရီထိုးခါနီးမှာတော့ စစ်ယူနီဖောင်း ၀တ်ထားသူများက လော်စပီကာနှင့်မြို့ထဲကနေ အိမ်ပြန်ကျရန် လိုက်အော်သည်၊ လိုင်းကားတချို့ကို မတွေ့ရ၊ အငှားကားခတွေကလည်း အိမ်ပြန်ရန် ဈေးပိုတောင်း နေ ကြပြီ။ သို့နှင့်ပင်သေနတ်သံတွေ တလှည့် ၊ တို့အရေးအော်သံတွေက တလှည့်စီပေါ်နေသောမြို့လယ်ခေါင် ကို ထားခဲ့ကာ အိမ်ပြန်ခဲ့ရသည်။

အိမ်ပြန်ရောက်သည့်အခါ ညနေ ၅ နာရီကျော်ပြီး ၆နာရီထိုးတော့မည်၊အိမ်သားအားလုံး လူစုံသည့်အတွက် စိတ်ချသွားရသည်။

သို့သော်လည်း တာမွေအခြေခံပညာကျောင်းရှေ့မှာ၊ လမ်းမပေါ်မှာ အိမ်ပြန်မလာသော သား ပျောက်နေ သည့် မိခင်တို့၏ သားခေါ်သံများ၊ အော်ဟစ် ငိုကျွေးသံများကတော့ ဆူညံစွာကြားနေဆဲဖြစ်သည်။


စက်တင်ဘာ ၂၈
အချိန် ၁၂ နာရီ
ရန်ကုန်မြို့။

မည်မျှပင် ရက်ရက်စက်စက်နှိမ်နင်းစေကာမူ ရန်ကုန်မြို့နေပြည်သူတို့သည် နေ့လယ် ၁၂ နာရီကျော် သည်နှင့်ပင် မြို့ထဲက ဆူးလေအနီးတ၀ိုက်တွင် စုစည်းမိနေကြသည်။

ဆူးလေမှတ်တိုင်အနီးတွင် ရပ်လာသမျှသော ဘတ်စ်ကားများအား ယူနီဖောင်းအပြည့်အစုံနှင့် စစ်ဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၂ ဦးနှင့်စစ်သားတဦးတို့က ဆင်းလာသမျှသူများကို မေးမြန်းစစ်ဆေးပြီး ကျောပိုးအိတ်များ၊ လက်ကိုင်အိတ်များ၊ ခြင်းတောင်းများကိုလည်း တခုချင်းစီရှာဖွေ စစ်ဆေးနေကြသည်။

ကင်မရာကို အသေအချာ ဖွက်ယူလာခဲ့သော်လည်း အသေးစိတ်စစ်ဆေးနေသည်ကို မြင်ရသောအခါ စိတ်ပူ ပန်စွာ ရင်တထိတ်ထိတ် ခုန်လာသည်။

ကျောပိုးအိတ်ထဲမှာ ပစ္စည်းများတခုချင်းစီ ထုတ်ပြနေရင်း မကြာခင်ကင်မရာကိုတွေ့သွားတော့မှာပဲဟု ပူပန် စိတ်က သွေးတိုးလာကာ မျက်နှာတပြင်လုံး ပူလာသလိုဖြစ်လာသော်လည်း လက်ဖျားတို့က အေးစက် လာ သည်။

အိတ်ကို ရှာနေသော တပ်ကြပ်ကြီးက အောက်ဆုံးမှာ ထည့်ထားသော စက္ကူဘူးကို ထုတ်လာပြီး ဒါဘာလဲ ဟု မေးလိုက်သောအခါ ဖိနပ်ထည့်ထားတာဟု ဖြေလိုက်သောအသံသည် ပုံမှန်ဖြစ်သည်။ သူသည် ထိုဘူးကို လက်ဖြင့် ဆကြည့်ရင်း အိတ်ထဲပြန်ထည့်ပေးကာ နောက်တယောက်ကို စစ်ဆေးရန် ခေါ်လိုက်ချိန်တွင် တစက္ကန့်မျှပင်အချိန်မဆိုင်းတော့ဘဲ ထိုနေရာကနေ တချိုးတည်း ထွက်လာတော့သည်။

ဆူးလေလမ်းမကြီးပေါ်မှာတော့ လူများရှင်းလျက်ရှိသညကို တွေ့ရသည်။ လုံထိန်းများနှင့် စစ်သားများကိုမူ ဆူးလေတ၀ိုက် တွင်တွေ့မြင်နေရဆဲပင်။

အနော်ရထာလမ်းမကြီးပေါ်မှာတော့ လူငယ်တချို့ရှိနေသည်ကိုတွေ့ရသည်။ သူတို့သည် အင်္ကျီဖြူများ အောက်တွင် တီရှပ် အနက်ရောင်၊ တီရှပ် အနီရောင်၊ တီရှပ် အ၀ါရောင်တို့ကို ၀တ်လာခဲ့ကြောင်း ပြောပြ သည်။

တဖြည်းဖြည်းနှင့် ပန်းဆိုးတန်းလမ်းမပေါ်တွင် လူများပြန်စုမိလာသည်။ ဗိုလ်ချုပ်လမ်းပေါ်က လူတချို့က လည်း ပန်းဆိုးတန်းလမ်းမပေါ်ကို ရောက်လာကြသည်။

နေ့လယ် ၁ နာရီ ၀န်းကျင်မှာတော့ လူ ၂၀၀ ကျော်ကနေ ၃၀၀ လောက်ထိ ရှိသော လူအုပ်သည် ဆူးလေ ဘုရား နားမှာ စောင့်နေသော စစ်သားများအား မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်နေရာ ကနေ “ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး” ဟု အော်၍ ဆန္ဒပြကြပြန်သည်။

တချို့ကလည်း စစ်သားများမြင်သာစေရန် ရှေ့သို့ပိုတိုးကပ်လာကြပြီး တံထွေးထွေးပြကြသည်။ တချို့က တော့ စစ်သားများအား အော်ဟစ်ဆဲဆိုနေကြသည်။ ထိုချိန်တွင်ပင် ပန်းဆိုးတန်း ဘူတာကြီး ခုံးတံတားပေါ် ကနေ စစ်ကားများ ဆင်းလာသည်ကို တွေ့ရသည်။

တဘက်ကလည်း မဟာဗန္ဓုလလမ်းပေါ်မှ စစ်သားတချို့က ပန်းဆိုးတန်းထိပ်တက်လာသည်။ လူအုပ်ကြီး သည် စစ်သားများနှင့် စစ်ကားများ ကြားညှပ်မိသောကြောင့်ကြောက်အား လန့်အားနှင့်ပင် ဘေးတဘက် တချက်ရှိနေအိမ်များထံသို့ပြေးဝင်ပုန်းကြသည်။

အိမ်အချို့မှာ တံခါးဖွင့်ပေးပြီး ပြေးဝင်လာသော ကျောင်းသားများအားလက်ခံကြသော်လည်း အချို့ကမူ မည်မျှပင် တံခါးခေါက်ခေါက် ဖွင့်မပေးဘဲ ပိတ်ထားကြသည်။ တချို့က တိုက်ခန်းတွေပေါ် တွယ်တက်သူက တက်သည်၊ ဖွင့်မပေးသော တံခါးတို့ကို တဒုံးဒုံးထုရင်းနှင့်ပင် စစ်သားတွေ ဆွဲခေါ်သွားသည့်နောက် ပါသွားကြသူများလည်း ရှိသည်။

ရှေ့မှာ စစ်သား၊နောက်မှာလည်း စစ်သားဖြစ်နေသည့်အတွက် နီးစပ်ရာ ရပ်ထားသော ထရပ်ကားတစင်း အောက်သို့ဝင်ပုန်းလိုက်သည်။ ကား၏ ဘားတန်းကို လက်နှစ်ဘက်နှင့်ယှက်ပြီး ခိုထားရင်း ကင်မရာပါသည့် အတွက် ဖမ်းမိပါက မလွယ် ကြောင်း စဉ်းစားမိကာ ကင်မရာကို လွင့်ပစ်လိုက်ရမလားဟုစိတ်ကူးမိသည်။ သို့သော်လည်း မလုပ်ရက်ပါ၊ မလုပ်နိုင်ပါ၊

ကင်မရာကို ပြုတ်မကျစေရန် လည်ပင်းမှာ ချိတ်ထားလျက်နှင့်ပင် ကားဘားတန်းမှာခိုနေရင်း အသံတွေကြား နေရသည်။ အိမ်တွေပေါ် ၀င်ပြေးသော လူတွေကို စစ်သားတွေက ပြန်ဖမ်းခေါ်လာပြီး ပန်းဆိုးတန်းထိပ်ရှိ ကုလားဘုရားကျောင်းရှေ့မှာဒူးထောက်ထိုင်ခိုင်းကာ ပါးရိုက်သံကြားရသည်။ အမျိုးသမီးများ၏ ကြောက် လန့် တကြား အော်ဟစ်သံ၊ ငိုယိုသံများ ၊ အမျိုးသားများ၏ တောင်းပန်သံများ စသည့်အသံတို့ကို ကြားနေရ သည့်အတွက် ရင်သည် တဒိတ်ဒိတ်ခုန်လာသည်။

လက်နှစ်ဘက်လုံး အံသေလာသည့်အတွက် လူတကိုယ်လုံး ဘုတ်ခနဲ မြေပေါ်ကို ကျသည်။ ကမန်းကတန်း ပင် ကြောက်လန့်စွာနှင့် ကားဘားတန်းကို ပြန်ခိုသည်။

ထိုသို့နှစ်ခါလောက်ပြုတ်ကျပြီးသည့်အခါမှာတော့ ဖြစ်ချင်ရာဖြစ်တော့ ဟု စဉ်းစားကာ ကားနောက်ရှိ လေး ပေခန့်ရှိသော မီးစက်နောက်တွင် ၀င်ပုန်းမည် ဟူသော ရည်ရွယ်ချက်ဖြင့် ကားအောက်ကနေ တွားသွားပြီး ထွက်လာခဲ့သည်။

မီးစက်နားအရောက်မှာပင် အိမ်ရှေ့တံခါးတဘက် ဖျတ်ခနဲပွင့်လာတာတွေ့ရပြီး၊ အသက် ၆၀အရွယ်အဖိုးကြီး တယောက်ပေါ်လာကာ လက်ဟန်ဖြင့် လက်ယက်ခေါ်လေသည်။ ၀မ်းသာစိတ်ဖြင့် ထိုအိမ်ထဲပြေးဝင် လိုက် သည့် တိုင်ကိုယ့်ကိုယ်ကိုယ်လုံခြုံပြီဟု မသတ်မှတ်ရဲသေးပါ။ စစ်သား များက အိမ်များကို တံခါးဖွင့်ခိုင်းပြီး လိုက်ရှာနေဆဲဖြစ်သည်။

ဖုန်များ၊မျက်ရည်များနှင့်ညစ်ပေနေသော မျက်နှာ၊ တုန်နေသောခန္ဓာကိုယ်ကို တချက်ကြည့်ပြီး ရေတခွက် ခပ်တိုက်ပါသည်။ ထိုရေကို သောက်အပြီးမှာတော့ အမေ ဟု တကာ ငိုလိုက်မိသည်။ ကားအောက်မှာ ၀င် ပုန်း စဉ်တုန်းကလည်း ပထမဆုံး အမေ့ကို သတိရသည်။ ယနေ့မနက် အိမ်ကမထွက်ခင် မသွားရန်အမေ တားခဲ့သည်ကိုလည်း ပြန်မှတ်မိနေသည်။ ပြီးမှကိုယ့်မိသားစုဝင်တွေ၏ မျက်နှာတွေကို တယောက်ချင်းစီ ပြန်မြင် ယောင်ကာ စိတ်အားတင်းခဲ့ခြင်းဖြစ်သည်။

အခြေအနေငြိမ်သက်ပြီဟုထင်ရသောအခါမှ အိမ်ရှင် အဘွားက နောက်တံခါးပေါက်နေ ထွက်ပြီး တဘက် အိမ်ကို ကူးရန် ထိုအိမ်၏ အရှေ့ဘက်ကနေ ထွက်သွားရန် ပြောသည်။ သူပြောသည့်အတိုင်း ထွက်လာသည့် အခါ စစ်သားမျးမရှိသောတဘက်လမ်ပေါ်သို့ရောက်သွားပြီး စုရပ်အဖြစ် သတ်မှတ်ထားသော ၄၇ လမ်းရှိ လက်ဖက်ရည်ဆိုင်ဆီသို့ ရောက်ခဲ့ခြင်းဖြစ်သည်။

ဆိုင်ထဲမှာ သူငယ်ချင်းမျးကိုတွေ့ရသော်လည်း မျက်နှာမကောင်းကြ၊ သတင်းထောက်တချို့ အဖမ်းခံရ ကြောင်း ပြောပြသည်။ ပြီးတော့ အဖမ်းအဆီးကြမ်းကြောင်း ပြောပြကြသည်။

ညနေ ၃ နာရီတွင် ထိုဆိုင်က ထခဲ့သော်လည်း လမ်းမကြီးက ရှင်းနေပြီ။ ဘတ်စ်ကားတွေ အငှားကားတွေ လည်း မရှိတော့။ သို့သော်လည်း ဆူးလေဘုရားအနီးမှာတော့ သေနတ်သံ တဒက်ဒက်နှင့်ကြားနေရဆဲဖြစ် သည်။

“ဗိုလ်ချုပ်ပေးသည့် စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး” ဆိုသည့် အော်သံ များ ကတော့ တိုးလျစွာ ပျောက်ကွယ်လျက်ရှိပေပြီ။


No comments:

Post a Comment