Wednesday, September 16, 2009

တရုပ်အစိုးရဘယ်သူ့ဖက်ရပ်တည်သလဲ - အပစ်ရပ်များမေးခွန်းထုတ်

သျှမ်းသံတော်ဆင့်

ကိုးကန့်အရေးအခင်း မဖြစ်ခင်အနေအထားအားလုံးခြုံကြည့်ပါက “တရုပ်ပြည်အစိုးရ ဘယ်သူ့ဖက်ရပ်တည်နေလဲ” ဟူသည့်အချက် မေးခွန်းထုတ်စရာဖြစ်လာသည်ဟု အမည်မဖေါ်လိုသည့် အပစ်ရပ်ခေါင်းဆောင်များက ပြောပါသည်။

“အရင်တုန်းက တရုပ်ပြည်အစိုးရက အပစ်ရပ်တွေဘက်ရပ်တည်ပေးသလိုဖြစ်တယ်။ ဒါပေမယ့် ကိုးကန့်အရေး အခင်းကို ပြန်ကြည့်မယ်ဆိုရင်တော့ ပီကင်းအစိုးရ မဟုတ်ရင် ယူနန်ပြည်နယ်အစိုးရ အနေအထားကသံသယ ဖြစ်ဖွယ် မေးခွန်းထုတ် ဖွယ်ဖြစ်လာတယ်” - ဟု ထိုခေါင်းဆောင်ကပြော၏။

ကိုးကန့်အရေးအခင်းနှင့် ပတ်သက်ဆက်နွယ်ပြီး အခြေအနေများအားလုံး ခြုံငုံကြည့်မည်ဆိုလျှင် -
(၁) စစ်ဘေးစစ်ဒဏ်ကြောင့် ထွက်ပြေးလာမည့် ဒုက္ခသည်တွေအတွက် နေရာကြိုတင်ပြင်ဆင်ထားခြင်း။
(၂) မြန်မာအစိုးရစစ်တပ်နှင့် အပစ်ရပ်အဖွဲ့တို့ တိုက်ခိုက်မှုဖြစ်လာခဲ့ပါက တရုပ်နယ်ခြားလုံခြုံရေး တပ်များ နယ်ခြားမျဉ်းမှ မီတာ ၃၀၀-၅၀၀ အထိ နောက်ဆုတ်ပေးရန် မြန်မာတပ်မတော် တောင်းဆို ချက်အတိုင်း တရုပ်စစ်တပ်တို့ လုပ်ဆောင်ခဲ့ခြင်း။
(၃) ဖုန်ကြားရှင်းဘက်မှ ကူညီတိုက်ခိုက်ရန် ၀ ကကြိးစားသော်လည်း ၃-၄ ရက် အချိန်ယူ စောင့်ကြည့်ရန် တရုပ်ကဟန့်တားခြင်းကြောင့် နောက်ဆုံးကိုးကန့်တို့ ကျဆုံးသွားခဲ့ရခြင်း။
(၄) တရုပ်ပြည်အတွင်းရှိ ဖုန်ကြားရှင်း ပိုင်ဆိုင်သည့်တိုက်တာအိုးအိမ် ကား ပစ္စည်း ရွှေငွေ အားလုံး တရုပ်အစိုးရ လိုက်လံသိမ်းဆည်းခြင်း။
(၅) ဖုန်ကြားရှင်း တပ်ဖွဲ့ဝင်များကို ၀ နှင့် မိုင်းလား အဖွဲ့တို့ လက်ခံထားခဲ့လျှင် စစ်အစိုးရထံ ပြန်လည်လွှဲအပ်ပေး ရန်တရုပ်က ပြောကြားခြင်း။
(၆) တရုပ်နယ်စပ် ဘဏ်များ၌ အပစ်ရပ်အဖွဲ့များ အပ်နှံထားသည့် ငွေများကို ၄ - ၅ သောင်း အထက်သွားရောက် ထုတ်ယူခဲ့လျှင် ဆိုင်ရာအာဏာပိုင်များက ငွေထုတ်ရခြင်းအကြောင်းရင်းတို့ကို စစ်ဆေး မေးမြန်းခြင်း။

“အဲဒီအချက်တွေကို ကြည့်မယ်ဆိုရင် တရုပ်အစိုးရ ရပ်တည်ချက်က မေးခွန်းထုတ်စရာ အမှန်တကယ်ဖြစ်လာတယ်” - ဟု အမည်မဖေါ်လိုသည့် အပစ်ရပ်ခေါင်းဆောင်တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြ၏။

တရုပ်ပြည် အနောက်တောင်တကျောရှိ ကချင်(KIO)၊ ကိုးကန့်(MNDAA)၊ ၀ (UWSA )၊ မိုင်းလား (NDAA ) တို့ ထိန်းချုပ် နယ်မြေသည် တရုပ်ပြည်အဖို့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လုံခြုံအေးချမ်းရေး နှင့်ကမ္ဘာ့အင်အားကြီး ၀ါဒချဲ့ထွင်ပြိုင်ဆိုင်ရေး အတွက် အထူးအရေးပါသည်ဟု - သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံမူကြမ်းရေးဆွဲရေးကော်မရှင် ဥက္ကဌ စ၀်ခင်းဆိုင်ကမြင်ပါသည်။ “မြောက်ကိုးရီးယားက တရုပ်ပြည်အတွက် အရေးပါသလိုပါပဲ” - ဟု ပြောသည်။

အခြားတဖက်တွင် နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ ICG က တရုပ်ပြည်သည် ပြီးခဲ့သည့်သြဂတ်စ်လက ကိုးကန့် တပ်ဖွဲ့အား နအဖ စစ်တပ်မှ ၀င်တိုက်မည့်အစီအစဉ်၊ ကြိုတင်အကြောင်းမှု တစုံတရာမရခဲ့ကြောင်း ၁၄/၉/၀၉ ထုတ် အစီရင်ခံစာတွင် ရေးသားခဲ့ပါသည်။

No comments:

Post a Comment