Friday, September 18, 2009

အကျဉ်းသား (၇၁၁၄) ဦးကို ယနေ့ လွှတ်ပေးတော့မည်

NEJ / ၁၈ စက်တင်ဘာ ၂၀၀၉

ယနေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်မည့် အကျဉ်း သားများ လွှတ်ပေးမှုတွင် နိုင်ငံရေး အကျဉ်းသား အချို့ပါဝင်နိုင်ကြောင်း ထောင်အာဏာပိုင် များက ခန့်မှန်း ပြောကြား သည်။

ယနေ့ထုတ် အစိုးရပိုင်သတင်းစာများတွင် အကျဉ်းသား (၇၁၁၄) ဦးကိုလွှတ်ပေးမည်ဟု ဖော်ပြထားသဖြင့် ယနေ့နံနက်ပိုင်းမှစကာ အင်းစိန်ထောင်အရှေ့နှင့် ထောင်ဝင်းအတွင်းတွင် အကျဉ်းကျခံနေရသူများ၏ မိသားစုဝင်(၅၀၀) ခန့်တို့က စောင့်ဆိုင်းလျက်ရှိသည်ဟု မျက်မြင်များကပြောသည်။

ထောင်တာဝန်ကျဝန်ထမ်းတဦး၏ ပြောကြားချက်အရ ယနေ့ မွန်းလွဲ (၁)နာရီတွင် အခမ်းအနားဖြင့် လွှတ်ပေးမည်ဟု သိရသည်။

“ပြည်တွင်းသတင်းထောက်တွေရော၊ နိုင်ငံခြားသတင်းထောက်တွေကိုရော ဖိတ်ထားပါတယ်။ အစတုန်းကတော့ နံနက်မှာလုပ်မယ်ပြောထားပေမယ့် အစီအစဉ် ပြောင်းထားပါတယ်။ လောလောဆယ် သတင်းထောက်တွေ အပြင်ထွက်ခိုင်းထားပါတယ်၊ အစီအစဉ်စမယ့်အချိန်နီးမှ ၀င်ခွင့်ပြုမှာပါ” ဟု အကျဉ်းဦးစီမှ တာဝန်ရှိသူကပြောသည်။

ပြည်တွင်းနှင့်နိုင်ငံခြားသတင်းဌာနမှ သတင်းထောက်များကို အင်းစိန်ထောင်သို့ သောကြာနေ့ နံနက် (၉) နာရီ အရောက်လာပါရန် စာပေစိစစ်ရေးက ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ယနေ့ မွန်းလွဲ (၁) နာရီတွင် သတင်းစာရှင်းလင်းပွဲလုပ်ကာ အကျဉ်းသားလွှတ်ပေးသည့်အခါ ဓာတ်ပုံရိုက်ခွင့်၊ သတင်းရယူခွင့်ပေးမည်ဟုသိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ-ဘီ) ကမူ ယနေ့စတင်လွှတ်ပေးမည့် အကျဉ်းသားများသည် နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပ ဖိအားလျှော့နည်းစေရန်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှုနှုန်းမှာ မရှိသလောက်သာ ဖြစ်မည်ဟု ပြောသည်။

အဖွဲ့၏အတွင်းရေးမှူး ကိုတိတ်နိုင်က “မနေ့က နအဖကနေပြီး အကျဉ်းသား (၇,၁၁၄) ပြန်လွှတ်ပေးဖို့ ကြေညာတာရှိတယ်။ ယူအန်လုံခြုံရေးကောင်စီမှာ နအဖသံအမတ် ဦးသန်းဆွေကနေ၂၀၁၀ မတိုင်မီ အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ ကတိပေးထားတာ ရှိပါတယ်။ နိုင်ငံတကာက စဉ်ဆက်မပြတ်တောင်းဆိုနေတာက နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ဖြစ်တယ်။ နအဖကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိဘူးဆိုပြီး တောက်လျှောက်ငြင်းဆိုခဲ့တယ်” ဟု ပြောသည်။

အကျဉ်းသားများလွှတ်ပေးမှုသည် မြန်မာ့ဒီမိုကရေစီအရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မဟုတ်ကြောင်း နအဖ၏ဟန်ပြလုပ်ဆောင်မှုသာ ဖြစ်သည်ဟုလည်း ကိုတိတ်နိုင်က ပြောသည်။

“ပြန်လွှတ်တဲ့အထဲမှာလည်း ကောင်းမွန်စွာနေထိုင်သူ၊ နိုင်ငံတော်ရဲ့စေတနာကို သိမြင်လာသူတွေ လွှတ်ပေးတာလို့ ပြောပါတယ်။ ပြီးခဲ့တဲ့၂၀၀၈ နဲ့၂၀၀၉ အစမှာ အကျဉ်းသား (၁၅,၀၀၀) ကျော် လွှတ်ပေးခဲ့တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား (၃၈) ဦးပဲပါတယ်။ အခုလည်းပဲ ပါဝင်မှုနှုန်းဟာ အင်မတန်နည်းလိမ့်မယ်လို့ မြင်ပါတယ်။ ပါဝင်တယ်ဆိုတာတောင်မှ လွတ်ရက်နီးသူတွေ၊ လွတ်ရက်စေ့သူတွေ၊ လွတ်ရက် ကျော် နေသူတွေ အများစုဖြစ်မယ်လို့မြင်တယ်” ဟု ၎င်းက ခေတ်ပြိုင်သို့ ပြောသည်။

(အေအေပီပီ-ဘီ) အဖွဲ့၏ မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ကိုဇာဂနာ အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂,၂၁၁) ဦးရှိသည်။

No comments:

Post a Comment