Monday, October 26, 2009

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၅)

စောကျော်ကျော်မင်း

ကျွန်တော် ရှေ့နေ လိုက်ပါခွင့် လိုင်စင် ရရှိပြီး ပထမဆုံး စ၍ လိုက်ပါဆောင်ရွက် ရသော အမှုမှာ ဒဂုံမြို့ သစ်တောင်ပိုင်း မြို့နယ် တရား ရုံးတွင်ဖြစ် သည်။ တရားလို ဒုရဲမှူး တင်မောင်အေးနှင့် စွပ်စွဲခံရ သူများမှာ ဒဂုံမြို့သစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ ဖြစ်ကြ သည့် ကိုတင်ဝင်းနှင့် ကိုညီညီမင်း တို့ ဖြစ်ကြသည်။ ကိုတင်ဝင်းနှင့် ကိုညီညီမင်း တို့ကို ပြစ်မှုဥပဒေ ပုဒ်မ ၅၀၅(ခ) ဖြင့် မြို့နယ် ရဲမှူး ဦးတင်မောင်အေးက တရား လိုပြုလုပ် တရားစွဲ ဆိုခြင်းဖြစ်ကာ ၂၀၀၈ ခုနှစ် ပြစ်မှုကြီး မှုအမှတ် ၄၉၄ ဖြင့် ဒဂုံမြို့ သစ်တောင်ပိုင်း မြို့နယ် တရားသူကြီး ရုံးမှ လက်ခံကာ အမှုကို စစ်ဆေး ခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ် သင်္ကြန်ပွဲတော်တွင် ကိုတင်ဝင်းနှင့်အတူ ဒဂုံမြို့သစ်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ်များသည် “NO” မဏ္ဍပ်ကို ဆောက်လုပ် ရေကစားကြသည်။ ထိုအချိန်က လူထုဆန္ဒခံယူပွဲ ကျင်းပပေးမည်ဟု န.အ.ဖအစိုးရက ကြေငြာထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း မဲရုံကိုသွား၍ ကန့်ကွက်မဲပေးကြရန် ပြည်သူလူထုကို ပန်ကြားချက်ထုတ်ပြန်ထားသော အချိန်ဖြစ်သည်။ ထိုအချိန်တွင် ကိုတင်ဝင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ်များက ရေကစားမဏ္ဍပ်ကို “NO” ဟူသော အမည်ဖြင့် ဖွင့်လှစ်ရေကစားခြင်းမှာ မြို့နယ်အာဏာပိုင်များအတွက် ကြီးစွာသော စိုးရိမ်ပူပန်မှု၊ တုန်လှုပ်မှုကို ဖြစ်ပေါ်စေမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

သို့သော် သင်္ကြန်ကာလတွင် ရေကစားမဏ္ဍပ်ကို ပိတ်ခိုင်း၍မရသကဲ့သို့ “NO” ဟူသော အမည်မပေးပါနှင့်ဟူ၍လည်း တားဆီးပိတ်ပင်၍ မရပေ။ ထို့ကြောင့် အာဏာရှင်တို့၏ထုံးကို နှလုံးမူကာ ကိုတင်ဝင်းကို တနည်းမဟုတ်တနည်း ဖမ်းဆီးရန် ကြံရွယ်လုပ်ကြတော့သည်။

ဒုရဲမှူး တင်မောင်အေးခေါင်းဆောင်သော အဖွဲ့သည် နယ်မြေတည်ငြိမ်ရေးဟူသော အကြောင်းပြချက်ဖြင့် ဧည့်စာရင်းစစ်သည်။ ကိုညီညီမင်း၏ နေအိမ်တွင်မူ ဧည့်စာရင်းစစ်ပါမည်ဟူသော အကြောင်းပြချက်ဖြင့် ဝင်ရောက်ရှာဖွေတော့သည်။ ထိုသို့ရှာဖွေရာတွင် ကဗျာရှင် တင်ဝင်းဟူ၍ ရေးသားထားသော ကဗျာစာရွက်နှစ်ရွက်ကို စာအုပ်စင်၏ စာအုပ်နှစ်အုပ်ကြားတွင် ညှပ်ထားသည်ကို တွေ့ရှိသိမ်းဆည်းလိုက်သည်။ ယင်းအချိန်တွင် ကိုညီညီမင်းမှာ နေအိမ်တွင်မရှိသောကြောင့် အဖမ်းမခံရသေးပေ။

ထို့နောက် ကိုတင်ဝင်းနေအိမ်သို့ လည်းသွားရောက်ကာ ဧည့်စာရင်းစစ်ပါမည်ဟူသော အကြောင်းပြချက်နှင့်ပင် ဝင်ရောက်ရှာဖွေပြန်သည်။ ထိုကဲ့သို့ရှာဖွေရာတွင် ကိုတင်ဝင်းကိုယ်တိုင် လက်ရေးဖြင့်ရေးသားထားသော မူရင်းကဗျာများပါဝင်သည့် စာအုပ်နှင့်အတူ 'FREE AUNG SAN SUU KYI' စာတမ်းပါ တီရှပ်တစ်ထည်၊ 'အမျိုးသားပြန်လည်သင့်မြတ်ရေး' စာတမ်းပါ တီရှပ်တစ်ထည် စသည်တို့ကို တွေ့ရှိသိမ်းဆည်းလိုက်သည်။ ကိုတင်ဝင်းကို နောက်တနေ့တွင် ဖမ်းဆီးပြီး ကိုညီညီမင်းကိုမူ တစ်ပတ်ကျော်ကျော်အကြာတွင်မှ ဖမ်းဆီးခဲ့သည်။

ယင်းကဗျာစာရွက်နှစ်ရွက်၊ မူရင်းကဗျာများ ရေးသားထားသည့် စာအုပ်တစ်အုပ်၊ တီရှပ်နှစ်ထည်တို့ကို အခြေခံ၍ အမှုတည်ဆောက်ကာ ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့ကို ပြစ်မှုဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။ ရေးသားထားသော ကဗျာများမှာ “ခွပ်ဒေါင်းအားမာန်” နှင့် တခြားကဗျာများ ပါဝင်လေသည်။

ကျွန်တော့်အနေဖြင့် ထိုအမှုကို လိုက်ပါဆောင်ရွက်ရန် အခွင့်တိုက်ဆိုင်လာသည်။ အကြောင်းမှာ ထိုအချိန်တွင် ကျွန်တော်၏ ဆရာများသည်လည်းကောင်း၊ ကျွန်တော့်ထက် အတွေ့အကြုံများသည့် လူငယ်ရှေ့နေများသည်လည်းကောင်း နိုင်ငံရေးအမှုများကို အားလပ်ချိန်မရှိလောက်အောင်ပင် လိုက်ပါဆောင်ရွက်နေရသောကြောင့် ဖြစ်သည်။ ဆရာဦးခင်မောင်ရှိန်မှ ရှေ့နေကိုယ်စားလှယ် လွှဲစာပေါ်တွင် ပူးတွဲလက်မှတ် ရေးထိုးပေးပြီး ကျွန်တော့်အား လိုက်ခိုင်းတော့သည်။

ပြစ်မှုဥပဒေပုဒ်မ ၅၀၅(ခ) ၏ အဓိပ္ပာယ်ဖွံ့ဆိုချက်အကျဉ်းမှာ “အများပြည်သူ၏ အကျိုးပျက်စီးမှုကို ဖြစ်စေမှု” ဖြစ်သည်။ အကျယ်မှာ မည်သူမဆို ဖေါ်ပြချက်/ကောလဟာလ သတင်းကို ထုတ်ပြန်ကြေငြာရာတွင် သို့မဟုတ် ဖြန့်ချီရာတွင်၊ နိုင်ငံတော်အစိုးရ/ ငြိမ်ဝပ်ရေး ထိခိုက်သည့်ပြစ်မှုကို တဦးယောက်သောသူက ကျူးလွန်ချင်လာအောင်၊ အများပြည်သူ/ သီးခြားလူတစုကို ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ တခုခုဖြစ်စေရန်အကြံရှိလျှင်၊ သို့မဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ပြစ်မှုမြောက်သည်ဟု ပြဌာန်းထားလေသည်။

ပြစ်မှုကျူးလွန်သူ တဦးတယောက်ကို ဖမ်းဆီးမည်ဆိုရာတွင် ရဲအရေးပိုင်သည့် အမှုရှိသကဲ့သို့ ရဲအရေးမပိုင်သည့် အမှုလည်း ရှိပေသည်။ ရဲအရေးမပိုင်သည့်အမှုကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ဇယား (၂) စာတိုင် (၃) ပြန်ဌာန်းချက်ပါ ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိဟု အတိအလင်း ပြဌာန်းထားသည်။ ပြစ်မှုဥပဒေပုဒ်မ ၅၀၅(ခ) သည် ရဲအရေးမပိုင်သော အမှုပင်ဖြစ်သည်။

ရဲအရေးယူပိုင်ခွင့်မရှိသော အမှုများတွင် ပြစ်မှုကျူးလွန်ကြောင်း ရဲတပ်ဖွဲ့စခန်းမှူးထံ သတင်းပေးလာလျှင် ရဲအရာရှိသည် ထိုသတင်းပေးချက်အကျဉ်းချုပ်ကို သတ်မှတ်ထားသည့် ပုံစံအတိုင်း ထားရှိသည့် မှတ်တမ်းစာအုပ်တွင် ရေးသွင်း၍ ထိုသတင်းပေးသူကို ရာဇဝတ်တရားသူကြီးထံ သွားရောက်ရန် လမ်းညွှန်ပေးရမည်ဟု ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၅၅(၁) တွင် ပြဌာန်းထားပေသည်။ ရဲလက်စွဲဥပဒေ အပိုဒ် ၁၄၅၄ တွင်လည်း ရဲတပ်ဖွဲ့ဝင်များသည် ဆင်ခြင်တိုင်းထွာပြီး အများပြည်သူတို့အကျိုးအတွက် လိုအပ်လျှင် (လူတဦး သို့မဟုတ် လူအချို့ အကျိုးခံစားရန်အတွက် မဟုတ်ချေ) အခွင့်အာဏာရှိ ရာဇဝတ်တရားသူကြီးများထံ ရဲအရေးမယူပိုင်သော အမှုများကို သက်ဆိုင်ရာဥပဒေနှင့် ပုဒ်မများအရ စွဲဆိုလျှောက်ထားရမည်ဟု ဖေါ်ပြထားလေသည်။

ယင်းကဲ့သို့ ရာဇဝတ်တရားသူကြီးထံ သွားရောက်လျှောက်ထား အမှုစွဲဆိုသည့်အခါမှသာ ရာဇဝတ်တရားသူကြီးက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၀၀ အရ တိုင်တန်းသူကို ကျမ်းသစ္စာကျိန်ဆိုစေ၍ ချက်ခြင်းစစ်ဆေးရမည်ဖြစ်သည်။ ယင်းကို တရားရုံးတော်၌ ဦးတိုက်လျှောက်ထား တရားစွဲဆိုသည်ဟု ခေါ်ဆိုလေသည်။ တရားရုံးများလက်စွဲ အပိုဒ် ၄၂၅ တွင်လည်း အထက်ပါအတိုင်း ဖေါ်ပြထားလေသည်။ ထို့ပြင် တရားရုံးများလက်စွဲ အပိုဒ် ၄၂၅(ခ) တွင် တိုင်လျှောက်သူ တရားလို၏ စစ်မေးချက်မှာ စစ်မေးသည်ဆိုရုံမျှသာ မဖြစ်စေရ။ အမှုဆက်လက်ဆောင်ရွက်ရန် လုံလောက်သော အခြေခံရှိမရှိကို ရာဇဝတ်တရားသူကြီးက ချင့်ချိန်ဆုံးဖြတ်နိုင်လောက်အောင် တိုင်လျှောက်ချက်ပါ အကြောင်းအရာနှင့်တကွ ထိုတိုင်လျှောက်ချက်ကို အထောက်အခံအဖြစ် တင်ပြနိုင်မည့် သက်သေခံချက်တို့ကိုပါ ဉာဏ်အမြော်မြင်ဖြင့် စုံစမ်းစစ်ဆေးခြင်းဖြစ်စေရမည်ဟု ဖေါ်ပြထားလေသည်။

ယခုအဆင့်အထိ ဦးတိုက်လျှောက်ထား တရားစွဲဆိုသည့် ရဲအရာရှိသည် ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူကို ဖမ်းဆီးရန်ဝေးစွ၊ ယင်းအမှုကို စုံစမ်းရန်ပင် အခွင့်အဏာမရှိသေးချေ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၅၅(၂) တွင် ရာဇဝတ်တရားသူကြီး၏အမိန့် မရရှိဘဲ မည်သည့်ရဲအရာရှိကမျှ ရဲအရေးယူပိုင်ခွင့်မရှိသော အမှုကို စုံစမ်းထောက်လှမ်းခြင်းမပြုရဟု အတိအလင်း ပြဌာန်းထားပေသည်။

အထက်ပါကဲ့သို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုသည့် အမှုကို ရာဇဝတ်တရားသူကြီးက လက်ခံလိုက်သောအခါတွင်မှသာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၀၂ အရလည်းကောင်း၊ တရားရုံးများလက်စွဲ အပိုဒ် ၄၂၆ အရလည်းကောင်း မိမိလက်အောက်ရှိ ရာဇဝတ်တရားသူကြီး တဦးဦးကိုဖြစ်စေ၊ သင့်သည်ထင်မြင်သည့် တခြားသူတဦးတယောက်ကိုဖြစ်စေ၊ ရဲအရာရှိတဦးဦးကိုဖြစ်စေ တိုင်တန်းချက်မှန်မမှန် သိသာရန်ကိစ္စအလို့ငှာ စုံစမ်းထောက်လှမ်းခြင်း သို့မဟုတ် စုံစမ်းစစ်ဆေးခြင်း ပြုလုပ်ရမည့်အကြောင်း ညွှန်ကြားနိုင်ပေသည်။

ညွှန်ကြားချက်ရရှိသော အခါတွင်မှသာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၅၅(၃) ပြဌာန်းချက်ပါအတိုင်း စုံစမ်းထောက်လှမ်းရန် အမိန့်မျိုးရရှိမှသာ မည်သည့်ရဲအရာရှိမဆို ရဲအရေးယူပိုင်ခွင့်ရှိသော အမှု၌ သုံးစွဲနိုင်သော ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှူးတစ်ဦးရရှိသော အာဏာများကို သုံးစွဲလျှက် စုံစမ်းထောက်လှမ်းနိုင်သည်။ သို့သော် ဝရမ်းမပါဘဲ ဖမ်းဆီးရန် အာဏာမရှိပေဟု ပြဌာန်းထားသည့်အတိုင်း ယခုအဆင့်မှသာ စတင်၍ ရာဇဝတ်တရားသူကြီးတဦးဦး၏ ခွင့်ပြုမိန့်နှင့်အညီ စတင်စုံစမ်းထောက်လှမ်းရမည်ဖြစ်ပေသည်။ သို့ရာတွင် စုံစမ်းထောက်လှမ်း၍ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည့်တိုင်အောင် ရဲအရာရှိ၌ ၄င်း၏သဘောဆန္ဒအတိုင်း ဖမ်းဆီးရန် အခွင့်အာဏာမရှိသေးပေ။

(ဆက်လက်ရေးသားပါအုံးမည်)

No comments:

Post a Comment