Saturday, October 24, 2009

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၃)

စောကျော်ကျော်မင်း

ယခင် ဆောင်းပါးတွင် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု၊ ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပမ်းနှိပ်စက်မှုများ ကျူးလွန်ခြင်း သည် ရာဇဝတ်မှု ကျူးလွန်ခြင်း ပင်ဖြစ်ကြောင်း၊ ၁၉၉၅ ခု ရဲတပ်ဖွဲ့ စည်းကမ်း ထိန်းသိမ်းရေး ဥပဒေဖြင့် သုံးသပ် ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ အမှုစစ် (သို့) ရဲအရာရှိ တယောက် အနေဖြင့် အမှုတခုကို မေးမြန်း စုံထောက်သည့် အခါတွင် ပထမ သတင်းပေး တိုင်ချက်တွင် ပါရှိသော အချင်း အရာများ မှန်မမှန်၊ မိမိမေးမြန်းစုံထောက်နေစဉ် တွေ့ရှိရသည့် အချင်းအရာများနှင့် အခြေအနေများက ပြစ်မှုတစုံတခုကို ဖော်ထုတ် ပေးနိုင်မှု ရှိ/မရှိနှင့် မည်သူမည်ဝါတို့က အမှန်တကယ် ပြစ်မှုကျူးလွန်ထားသူများ ဖြစ်သည်/မဖြစ်သည်ကို သိရှိနိုင်ရန်အတွက် မေးမြန်း စုံစမ်းရခြင်းဖြစ်ပေသည်။

အရေးအကြီးဆုံး တာဝန်မှာ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးအတွက်ပင် ဖြစ်သည်။ ထိုသို့ ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးရာတွင်လည်း နည်းမှန်လမ်းမှန်ဖြင့် တရားဥပဒေနှင့်အညီ ဖော်ထုတ်ကြရမည်ဖြစ်ပေသည်။

ပြစ်မှုတခုကို စုံစမ်းထောက်လှမ်းရသည့် ရဲဝန်ထမ်းတဦး၏ အဓိကတာဝန်နှင့် ရည်ရွယ်ချက်မှာ အမှန်တရား ဖော်ထုတ်နိုင်ရန်အတွက်ပင်ဖြစ်သည်။ ထို့ကြောင့် အမှန်တရားကို တရားဥပဒေ လမ်းကြောင်းများနှင့်အညီ ဖေါ်ထုတ်ကြရာတွင် အပင်ပန်းအဆင်းရဲ ခံကြရမည်မှာ ဓမ္မတာပင်ဖြစ်သည်။ သို့သော် ယနေ့ကာလတွင် မြန်မာနိုင်ငံ ရဲအတော်များများသည် ထိုကဲ့သို့ အပင်ပန်းအဆင်းရဲ မခံကြတော့ဘဲ တရားဥပဒေနှင့်မညီသော ရဲထံပေးသည့် ဖြောင့်ချက်များကို ညှဉ်းပန်းနှိပ်စက်သည့် နည်းလမ်းအမျိုးမျိုး အသုံးပြု၍ ရယူလာကြသည်။ ထိုကဲ့သို့ အပြစ်ရှိကြောင်း ဝန်ခံချက်ကို ရအောင်ယူခြင်းမှာ ကြီးလေးသော တာဝန်ဝတ္တရားပျက်ကွက်မှုပင်ဖြစ်ပေသည်။


ရဲရှေ့အစစ်ခံချက်သည် တရားရုံးတော်တွင် သက်သေခံမဝင်ကြောင်းကို သက်သေခံဥပဒေပုဒ်မ ၂၄၊ ၂၅၊ ၂၆ တို့တွင် အတိအလင်း ပြဌာန်းထားသည်။ သက်သေခံဥပဒေပုဒ်မ ၂၄ တွင် ဖြောင့်ချက်ကို သွေးဆောင်/ခြိမ်းခြောက်/ကတိပြု၍ ရယူခြင်း။

ထိုသို့ သွေးဆောင်/ခြိမ်းခြောက်/ကတိပြုသူမှာ အခွင့်အာဏာရှိသူတဦးက ပြုလုပ်ခြင်း။ ထိုသို့ပြုလုပ်သဖြင့် အမှုနှင့်ပတ်သက်၍ အကျိုးတစုံတရာခံစားရမည် (သို့မဟုတ်) လောကီအန္တရာယ်ရာယ် တခုခုမှ ကင်းလွတ်လိမ့်မည်ဟု တရားခံက ယူဆနိုင်ရန်အကြောင်းရှိခြင်း၊ စသည့် အကြောင်းအချက်များ ရှိပါက သက်သေခံမဝင်ကြောင်း အတိအလင်းပြဌာန်းထားသည်။

သက်သေခံဥပဒေပုဒ်မ ၂၅ တွင် ရဲအရာရှိထံတွင်ပြုလုပ်သော ဖြောင့်ချက်က မည်သည့်ပြစ်မှုဖြင့်ဖြစ်စေ စွပ်စွဲခြင်းခံရသော တရားခံတဦးအပေါ်၌ သက်သေခံတင်ပြခြင်းမပြုရဟု အတိအလင်းပြဌာန်းထားသည်။ သက်သေခံဥပဒေပုဒ်မ ၂၆ တွင်လည်း မည်သူမဆို ရဲထံတွင် အချုပ်ခံနေရစဉ်အတွင်း ပြုလုပ်သော ဖြောင့်ချက်သည် ရာဇဝတ်တရားသူကြီးတဦးရှေ့မှောက်တွင် ဖြောင့်ဆိုခြင်းမဟုတ်လျှင် ထိုသူအပေါ် သက်သေခံတင်ပြခြင်းမပြုရဟု အတိအလင်းပြဌာန်းထားသည်။

ထိုကဲ့သို့ ရဲထံတွင်ပေးသော ဖြောင့်ချက်မှာ သက်သေခံမဝင်ကြောင်းကို ဥပဒေများ ပြဌာန်းထားရခြင်းမှာ ဖမ်းဆီးခံရသူများအတွက် ဥပဒေအရ အကာအကွယ်ပေးထားခြင်းဖြစ်ကာ ဖမ်းဆီးခံရစဉ်အတွင်း ညှဉ်းပန်းနှိပ်စက်ခံရခြင်းဘေးမှ ကင်းဝေးစေရန်အတွက်လည်းကောင်း၊ လွယ်လင့်တကူ ဖြောင့်ချက်ရယူတတ်သော ရဲများ၏ ညာဉ်ဆိုးအန္တရာယ်မှ ကင်းဝေးစေရန်လည်းကောင်း၊ ရဲထံပေးသော ဖြောင့်ချက်သည် အမှန်တရားပေါ်ပေါက်နိုင်ရန် လွန်စွာ အားနည်းသည်ကို ဥပဒေပညာရှင်များက သိရှိ၍လည်းကောင်း၊ အကယ်၍ ရဲထံပေးသော ဖြောင့်ချက်မှာ အမှန်ဟု ယူဆ သက်သေခံတင်သွင်းစေပါက တရားရုံးတော်၏ တရားမျှတစွာ ဆောင်ရွက်နိုင်မှု အခန်းကဏ္ဍသည် လွန်စွာ အားပျော့နိုင်သည်ဖြစ်၍လည်းကောင်း ပြဌာန်းထားရခြင်းဖြစ်ပေသည်။

ဖြောင့်ချက်ကို ခြောက်လှန့်တောင်းယူခြင်းမှာ လုံးဝ တရားဝင်ခြင်းမရှိသည်သာမက ဖြောင့်ချက်တောင်းယူသော ရဲအဖို့လည်း လွန်စွာ အန္တရာကြီးလေသည်။ ဖြောင့်ချက်ကို ညှဉ်းပမ်းနှိပ်စက်ခြင်း၊ ခြောက်လှန့်တောင်းယူခြင်းဘေးမှ အကာအကွယ် ပေးနိုင်ရန်အတွက် ပြစ်မှုဥပဒေတွင် ပုဒ်မနှစ်ရပ် ထည့်သွင်းပြဌာန်းထားသည်ကို တွေ့ရှိရသည်။

ပြစ်မှုဥပဒေပုဒ်မ ၃၃၀ တွင် အပြုခံရသူထံမှဖြစ်စေ၊ အပြုခံရသူနှင့် အကျိုးသက်ဆိုင်သူထံမှဖြစ်စေ ပြစ်မှု သို့တည်းမဟုတ် အကျင့်ပျက်ပြားမှု ပေါ်စေနိုင်သော ဖြောင့်ချက်ကို သို့တည်းမဟုတ် ထိုသို့သော သတင်းပေးချက်ကို ခြောက်လှန့်တောင်းရန်သော်လည်းကောင်း၊ အပြုခံရသူအား သို့တည်းမဟုတ် အပြုခံရသူနှင့် အကျိုးသက်ဆိုင်သူအား အဖိုးတန် စာတမ်းအမှတ်အသားကိုဖြစ်စေ ပြန်ပေးအောင် သို့တည်းမဟုတ် ပြန်ပေးစေအောင်၊ သို့တည်းမဟုတ် တောင်းဆိုချက်ကိုဖြစ်စေ၊ လိုလားချက်ကိုဖြစ်စေ ပေးအောင် သို့တည်းမဟုတ် ပစ္စည်းကိုဖြစ်စေ အဖိုးတန် စာတမ်းအမှတ်အသားကိုဖြစ်စေ ပြန်ရစေနိုင်သော သတင်းကို ပေးအောင် အဓမ္မပြုစေရန်သော်လည်းကောင်း မည်သူမဆို မိမိအလိုအလျောက် နာကျင်စေမှုကိုပြုလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု အတိအလင်း ပြဌာန်းထားသည်။

ပြစ်မှုဥပဒေပုဒ်မ ၃၃၁ တွင် အပြုခံရသူထံမှဖြစ်စေ အပြုခံရသူနှင့် အကျိုးသက်ဆိုင်သော သူထံမှ ဖြစ်စေ ပြစ်မှု သို့တည်းမဟုတ် အကျင့်ပျက်ပြားမှု ဖြစ်ပေါ်စေနိုင်သော ဖြောင့်ချက်ကို သို့တည်းမဟုတ် ထိုသို့သော သတင်းပေးချက်ကို ခြောက်လှန့်တောင်းရန်သော်လည်းကောင်း၊ အပြုခံရသူအား သို့တည်းမဟုတ် အပြုခံရသူနှင့် အကျိုးသက်ဆိုင်သူအား ပစ္စည်းကိုဖြစ်စေ အဖိုးတန် စာတမ်းအမှတ်အသားကိုဖြစ်စေ ပြန်ပေးအောင် သို့တည်းမဟုတ် ပြန်ပေးစေအောင် သို့တည်းမဟုတ် တောင်းဆိုချက်ကိုဖြစ်စေ လိုလားချက်ကိုဖြစ်စေ ပေးအပ်အောင် သို့တည်းမဟုတ် ပစ္စည်းကိုဖြစ်စေ အဖိုးတန် စာတမ်းအမှတ်အသားကိုဖြစ်စေ ပြန်ရစေနိုင်သော သတင်းကို ပေးအောင် အတင်းအဓမ္မ ပြုစေရန်သော်လည်းကောင်း မည်သူမဆို မိမိအလိုအလျောက် အပြင်းအထန် နာကျင်စေမှုကို ပြုလျှင် ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု အတိအလင်း ပြဌာန်းထားသည်။

ပြစ်မှုဥပဒေပုဒ်မ ၅၀၆ တွင်လည်း မည်သူမဆို ရာဇဝတ်မကင်းသော ခြောက်လှန့်မှုကို ကျူးလွန်လျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။

ထို့ကြောင့် ဖြောင့်ချက်ကို ညှဉ်းပန်းနှိပ်စက်နည်း အမျိုးမျိုးဖြင့် တောင်းယူကြသော ရဲများအနေဖြင့် အထက်ဖေါ်ပြပါ ပြစ်မှုများကို ကျူးလွန်းခြင်းဖြစ်ကြောင်းမှာ လွန်စွာထင်ရှားပေသည်။ ရာဇဝတ်မှုဟူသည် ဟောင်းနွမ်းဆွေးမြေ့သွားသည်ဟူ၍မရှိပေ။ အထူးသဖြင့် ပြစ်မှုဆိုင်ရာဥပဒေပါ ပြဌာန်းချက်တရပ်ရပ်ကို ကျူးလွန်ထားပါက၊ ၄င်းပြစ်မှု ကျူးလွန်ချိန်မှစတင်ကာ မည်သည့်အချိန်ကာအတွင်း၌သာ တရားစွဲဆိုခွင့်ရှိသည်ဟု အချိန်ကာလ စည်းကမ်းသတ်မှတ်ချက် ပြဌာန်းထားခြင်းမရှိသောကြောင့် ယနေ့ မြန်မာနိုင်ငံအရပ်ရပ်ရှိ ဖြောင့်ချက်ရယူခြင်း ရာဇဝတ်မှုကို ကျူးလွန်ထားကြသော ရဲများ၏ အနာဂတ်သည် များစွာ ရင်လေးဖွယ်ရာပင် ဖြစ်ပေတော့သည်။

No comments:

Post a Comment