Tuesday, October 27, 2009

ဒဏ်ခတ်အရေးယူမှုနှင့် ဆွေးနွေးဆက်ဆံမှု

NEJ

ဗမာ စစ်အစိုးရ ကို ဒဏ်ခတ်အရေး ယူနေသည့်အတွက် ဆွေးနွေး ဆက်ဆံရန် မသင့်ဟူသော အယူ အဆကို အိုဘားမား အစိုးရက လက်မခံဘဲ ဒဏ်ခတ်အရေး ယူနေစဉ် အတွင်း ဗိုလ်သန်းရွှေ အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးဆက်ဆံ သွားမယ်လို့ မကြာမီက ကြေညာ လိုက် ပါ သည်။ ဤသို့ အမေရိကန် သဘောထား ပြောင်းလဲခြင်းကြောင့် မည်သူ အကျိုးခံစား ရမည်ဆို သည်မှာ အငြင်း ပွားစရာ ဖြစ်နေ သော် လည်း အကျယ်ချုပ် ကျနေသူ ဒေါ်အောင်ဆန်း စုကြည်ကမူ အမေရိကန် လမ်းစဉ် သစ်ကို ကြိုဆို လိုက်ပြီး အစိုးရ ကိုရော၊ အတိုက်အခံ ကိုရော ဆက်ဆံ ဆွေးနွေး သင့်သည်ဟု သူ့ရှေ့ နေမှတဆင့် ကြေညာချက် ထုတ်လိုက် ပါသည်။

အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက်၊ အပြည်ပြည်ဆိုင်ရာအသိုင်းအ၀ိုင်းနှင့် ကုလသမဂ္ဂတိုက်တွန်းချက် စသည်တို့ကို ကဏ္ဍကောစလုပ်နေသော ဗမာစစ်အစိုးရကို အမေရိကန်က ဒဏ်ခတ်အရေးယူနေသည်မှာ (၁၂) နှစ်ရှိပြီဖြစ်၏။ အတိုက်အခံနှင့်တွေ့ဆုံဆွေးနွေး၍ ဒီမိုကရေစီပြုပြင်ရေးမလုပ်ဘဲ တဖက်သတ်ထင်သလို လုပ်နေသည့်အတွက် ဗမာစစ်အစိုးရကို ဒဏ်ခတ်အရေးယူခြင်းဖြစ်သည်။ သို့သော်လည်း ဗမာစစ်အစိုးရသည် အပြည်ပြည်ဆိုင်ရာ မေတ္တာရပ်ခံမှုကို လျစ်လျူရှုကာ မြန်မာပြည်သူလူထုအပေါ် ယုတ်မာရက်စက်နေသဖြင့် အမေရိကန်ကလည်း ဆတက်ထမ်းပိုးတိုး၍ ဒဏ်ခတ်လာခဲ့ပါသည်။ ပြည်သူများကို မထိခိုက်စေရန်ရည်ရွယ်၍ ဗမာစစ်အုပ်စုအသိုင်းအ၀ိုင်းကိုသာ ရွေး၍ ဒဏ်ခတ်ပါသည်။ ဗိုလ်သန်းရွှေအသိုင်းအ၀ိုင်းကို တဦးချင်းရွေး၍ ဒဏ်ခတ်သဖြင့် အထိနာလာသည့်အတွက် ဒဏ်ခတ်မှုကို ရုပ်သိမ်းရန် နအဖနိုင်ငံခြားရေးဝန်ကြီးက အခွင့်အခါသင့်တိုင်း ပြောပါသည်။

၁၉၈၈ ၌ စစ်အာဏာသိမ်းသော ဗမာစစ်အစိုးရကို အမေရိကန်က ချက်ချင်းဒဏ်ခတ်သည်မဟုတ်ပါ။ အတိုက်အခံအုပ်စုများနှင့် တွေ့ဆုံဆွေးနွေးရန် (၉) နှစ်မျှ ဖျောင်းဖျပြောဆိုတိုက်တွန်းခဲ့သော်လည်း ဗမာစစ်အစိုးရသည် ဘူးနားပင်တွင် ရေမ၀င်ဖြစ်နေသည့်အတွက် ၁၉၉၇ မေလ (၂၁) ရက်နေ့၌ အမေရိကန်အစိုးရက အမိန့်ဥပဒေပြဋ္ဌာန်း၍ စတင်ဒဏ်ခတ်အရေးယူသည်။ အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းမပြုရန် ပိတ်ပင်လိုက်သည်။ သို့သော်လည်း ဒဏ်ခတ်ဥပဒေမပြဋ္ဌာန်းမီက ရင်းနှီးမြှုပ်နှံထားသော UNOCAL ကုမ္ပဏီကိုမူ ရတနာဓာတ်ငွေ့လုပ်ငန်းတွင် လုပ်ခွင့်ပေးသည်။

၁၉၉၇ ဒဏ်ခတ်ဥပဒေပြဋ္ဌာန်းပြီးနောက် (၇) နှစ်ကြာလာသောအခါ ဗိုလ်သန်းရွှေက စစ်ဘီလူးဇာတိပြပြန်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အန်အယ်လ်ဒီ နယ်လှည့်အဖွဲ့ကို ဗိုလ်သန်းရွှေ၏ ကြံ့ဖွံ့အဖွဲ့ဝင်များက ဒီပဲယင်းမြို့နယ်၌ ၀ိုင်းရိုက်သဖြင့် ရာနှင့်ချီသေဆုံးခဲ့ရပြန်ပါသည်။ ဒီပဲယင်းတရားခံ ဗိုလ်သန်းရွှေအစိုးရကို ဒဏ်ခတ်အရေးယူသည့်အနေဖြင့် မြန်မာ့လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအက်ဥပဒေကို ၂၀၀၃ ခုနှစ် ဇူလိုင်လ (၂၈) ရက်နေ့၌ ကွန်ဂရက်လွှတ်တော်က ပြဋ္ဌာန်းလိုက်၏။ ဤဥပဒေအရ မြန်မာပြည်မှာ ကုန်ပစ္စည်းတင်သွင်းမှုကို တနှစ်ပိတ်ပင်လိုက်သည်။ စစ်အုပ်စုအသိုင်းအ၀ိုင်းကို တဦးချင်းအရေးယူလိုက်သည်။ ကြံ့ဖွံ့အဖွဲ့ကိုလည်း ဒဏ်ခတ်အရေးယူသည်။ သို့သော် တနှစ်သာသက်တမ်းရှိသည့် ဥပဒေဖြစ်သည့်အတွက် ဗမာစစ်အစိုးရ မိုက်တွင်းနက်နေသရွေ့ နှစ်စဉ်သက်တမ်းတိုးနေရ၏။ ဗမာစစ်အစိုးရကို အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းများက ငွေမချေးရန် အမေရိကန်က တာဝန်ယူရ၏။ အမေရိကန်အတွက် အကျိုးရှိသည်ဟု အမေရိကန်သမ္မတက ယူဆသော ကုန်ပစ္စည်းကိုမူ မြန်မာပြည်မှ တင်သွင်းခွင့်ရှိသည်ဟု ခြွင်းချက်လုပ်ထားသည်။

၁၉၉၇ နှင့် ၂၀၀၃ ခုနှစ် ဒဏ်ခတ်ဥပဒေများ ပြဋ္ဌာန်းထားသော်လည်း ဗိုလ်သန်းရွှေအစိုးရသည် ယုတ်မာရက်စက်နေတုန်းပင် ဖြစ်သည်။ ၂၀၀၇ စက်တင်ဘာလတွင် သံဃာဦးဆောင်သော လူထုဆန္ဒပြပွဲကို ရက်စက်စွာ နှိမ်နင်းပြန်သဖြင့် ၂၀၀၇ အောက်တိုဘာလ (၁၉) ရက်နေ့တွင် ဗိုလ်သန်းရွှေအစိုးရအဖွဲ့ဝင်များကို တဦးချင်း ဒဏ်ခတ်အရေးယူရပြန်ပါသည်။ မြန်မာ့ပုလဲလုပ်ငန်း၊ မြန်မာ့ကျောက်မျက်လုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်း စသည့်လုပ်ငန်း (၃) ခုနှင့် စီးပွားရေးလုပ်သော အမေရိကန်ကုမ္ပဏီများကို အရေးယူမည်ဟု ၂၀၀၈ ဧပြီ (၃၀) ရက်နေ့၌ အမိန့်ထုတ်ပြန်သည်။

ထို့နောက် ၂၀၀၈ ဇူလိုင်လ (၂၉) ရက်နေ့၌ Tom Lantos Burma Jade Act ကို ပြဋ္ဌာန်း၍ မြန်မာပြည်ထွက် ကျောက်စိမ်း၊ ပတ္တမြား၊ လက်ဝတ်လက်စားများ အမေရိကန်သို့ မတင်သွင်းရဟု ပိတ်ပင်တားမြစ်လိုက်သည်။ ကွန်ဂရက်လွှတ်တော်၌ ဥပဒေပြဋ္ဌာန်းထားသည့် အရေးယူမှုဖြစ်သည့်အတွက် အမေရိကန်အစိုးရတိုင်း မြန်မာ့အရေးကို မဖြစ်မနေထောက်ခံဖို့သာ ရှိပါသည်။

အမေရိကန်နိုင်ငံခြားရေးလမ်းစဉ်၌ မကြာခဏပဋိပက္ခဖြစ်သည့် ဦးတည်ချက် (၂) မျိုးရှိသည်။ တမျိုးသည် လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး စသည့် မူဝါဒရေးရာကို ဦးစားပေးပြီး နောက်တမျိုးကမူ အမေရိကန်၏ လက်တွေ့အကျိုးစီးပွားကို ဦးစားပေး၏။ နအဖနှင့် တရုတ်အစိုးရ လူ့အခွင့်အရေးချိုးဖျက်မှုချင်း တူသော်လည်း အမေရိကန်အစိုးရသည် နအဖနှင့်ဆက်ဆံရာ၌ မူဝါဒကို ရှေ့တန်းတင်ပြီး တရုတ်နှင့်ဆက်ဆံရာတွင် လက်တွေ့အကျိုးစီးပွားကို ဦးစားပေး၏။

စစ်ဗိုလ်ညံ့ဖျင်း၍ စီးပွားရေးချွတ်ခြုံကျနေစဉ် ဒဏ်ခတ်ပိတ်ဆို့ခံရခြင်းသည် စစ်အစိုးရကို အများကြီးထိခိုက်စေပါသည်။ ဒဏ်ခတ်အရေးယူမှုကို စစ်အစိုးရ ခံနိုင်စွမ်းမရှိပါ။ နအဖခေတ်တွင် သီးခြားလွတ်လပ်သော စီးပွားရေးအင်အားစုမရှိဘဲ စစ်ဗိုလ်၏ လက်ဝေခံအင်အားစုသာရှိပါသည်။ ထို့ကြောင့် ဒဏ်ခတ်အရေးယူမှုသည် အရပ်သားကိုမထိခိုက်ဘဲ စစ်ဗိုလ်ကိုသာ အများဆုံး ထိခိုက်နိုင်သည်ဟု ယုံကြည်သူများလည်း ရှိပါသည်။ မြန်မာ့စီးပွားရေးလုပ်ငန်းကြီးများကို စစ်တပ်ကပိုင်ပြီး သာမန်အရပ်သားသည် လက်လုပ်လက်စား ပုဂ္ဂလိက လုပ်ငန်းလေးများလုပ်၍ ဘ၀ရပ်တည်နေရသည်ဟု နယူးဇီလန်နိုင်ငံ စီးပွားရေးပါမောက္ခ Dr Alfred Oehlers က သုံးသပ်ပါသည်။ ထို့ကြောင့် ဒဏ်ခတ်အရေးယူမှုသည် စစ်ဗိုလ်နှင့်ပတ်သက်သည့် လုပ်ငန်းများကိုသာ ထိခိုက်ပါသည်။

(၂၀) ရာစုနှစ်တွင် ကျင့်သုံးခဲ့သော စီးပွားရေးဒဏ်ခတ်မှု (၁၀၀) ကျော်ကို ၀ါရှင်တန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ စီးပွားရေးသုတေသနဌာနက လေ့လာရာ၌ (၃၄) ရာခိုင်နှုန်းအောင်မြင်သည်ဟု သိရပါသည်။ ဘောလုံးစကားဖြင့် ပြောပါက ဂိုးသွင်းရန် (၁၀) ကြိမ်ကြိုးစားလျှင် (၃) ကြိမ်အောင်မြင်ခြင်းပင်ဖြစ်သည်။ ကုလသမဂ္ဂနှင့် ဒီမိုကရေစီအသိုင်းအ၀ိုင်းကို ကဏ္ဍကောစလုပ်သော ဗိုလ်သန်းရွှေအစိုးရကို နိုင်ငံခြားမှ တိုက်ရိုက်ဝင်ရောက်စွက်ခြင်းမရှိသည့်အတွက် မိမိ၏သေရေးရှင်ရေးကို ထိခိုက်လာမှသာ အပြောင်းအလဲလုပ်လိမ့်မည်ဟု ယူဆသူများလည်း ရှိပါသည်။

မဆလဆိုရှယ်လစ်ခေတ် (၂၅) နှစ်တွင် စစ်အစိုးရကို နိုင်ငံခြားက ဒဏ်ခတ်အရေးမယူဘဲ ကူညီပံ့ပိုးခဲ့ပါသည်။ သို့သော်လည်း ငွေကြေးထောက်ပံ့သော နိုင်ငံများ၏ အကြံဉာဏ်ကို မဆလစစ်အစိုးရက လက်မခံသည့်အတွက် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဖြစ်သွားပြီး ၁၉၈၈ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပါသည်။ ဗိုလ်သန်းရွှေအသိုင်းအ၀ိုင်း၏ အကျိုးစီးပွားကို ထိခိုက်လာသဖြင့် ဒဏ်ခတ်အရေးယူမှုကို ရုပ်သိမ်းရန် နအဖက ဆော်သြနေခြင်းဖြစ်သည်။

ကမ္ဘာ့ဓလေ့ထုံးစံကို နားမလည်သော အစိုးရကို ဒဏ်ခတ်အရေးယူရန် လိုအပ်သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ယူဆသည်။ ဒဏ်ပေး၍ ပြောင်းလဲလာသော အတိုင်းအတာကိုကြည့်၍ ဆုပေးရမည်ဟူသော ဆုပေး/ဒဏ်ပေးစနစ်ကို သူသဘောကျ၏။ နိုင်ငံခြားကုန်သွယ်မှုတခုလုံးကို ပိတ်ပါက အရပ်သားကို ထိခိုက်နိုင်သည့်အတွက် အစိုးရကိုသာ ထိခိုက်မည့်နည်းမျိုး ကျင့်သုံးရန်ဖြစ်သည်။ ရွေးပြီးဒဏ်ခတ်သောနည်း Smart Sanction ကို ကိုဖီအာနန် ထောက်ခံသည်။

ဗမာစစ်အစိုးရကို ဒဏ်ခတ်အရေးယူ၍ ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်ရန် ကြိုးစားခြင်းသည် နည်းလမ်းကောင်း တခုဖြစ်နိုင်သည်ဟု Nobel ဆုရ ဘောဂဗေဒပညာရှင် Amartya Sen ပြောဖူးသည်။ မြန်မာ့စီးပွားရေးသည် ကမ္ဘာနှင့်ဆက်စပ်နေ၍ စီးပွားရေးဒဏ်ခတ်လျှင် ထိရောက်နိုင်သည်ဟု ဆို၏။ အပြစ်ရှိ၍ ဒဏ်ပေးသည့်သဘောမဖြစ်စေဘဲ တိုင်းပြည်ကောင်းမွန်ရန်သာ ဖြစ်ရမည်ဟု Amartya Sen က ယူဆသည်။ ပြည်တွင်းအားဖြင့် ဒီမိုကရေစီရ ယူရမည်ဖြစ်သော်လည်း နိုင်ငံခြားမှ တက်အားသရွေ့ ကူညီနိုင်ပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ဗမာစစ်အစိုးရကို အားပေးသကဲ့သို့ ဖြစ်နေသဖြင့် ဒီမိုကရေစီအရေးကို ဆန့်ကျင်ရာရောက်သည်ဟုလည်း Amartya Sen က ယူဆပါသည်။

နိုင်ငံခြားက စွက်ဖက်ရုံနဲ့ မြန်မာပြည်၌ ဒီမိုကရေစီရမည်မဟုတ်ပါ။ ရွေးကောက်တင်မြှောက်ခံ အရပ်သားအစိုးရကသာ တိုင်းပြည်ပြ ဿ နာ ဖြေရှင်းနိုင်မည်ဟု ဗမာဗိုလ်ချုပ်များ ယုံကြည်လာမှသာ ဒီမိုကရေစီပြုပြင်ရေး လုပ်နိုင်ပါလိမ့်မည်။ ဒီမိုကရေစီပြုပြင်ရေး လုပ်သော အခါ တွင် နိုင်ငံခြားအကူအညီများ လှိမ့်ဝင်လာပြီး ဒဏ်ခတ်ပိတ်ဆို့မှုလည်း နိဂုံးချုပ်သွားပါလိမ့်မည်။

No comments:

Post a Comment