Saturday, November 14, 2009

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၇

မင်းဟန်

(၁၃ဝ)
အဖွဲ့ချုပ် ဗဟို အလုပ်အမှု ဆောင် အဖွဲ့မှ ၅/၉ဝ နှင့် ပတ်သက်၍ ရှင်းလင်းပွဲ များကို ဗဟိုနှင့် ပြည်နယ်၊ တိုင်းများသို့ ဆင်း၍ ပြုလုပ်၏။ ပဲခူးတိုင်း သို့ ဦးစိုးသိမ်း (စာရေးဆရာ မောင်ဝံသ၊ ဗဟို အလုပ်အမှု ဆောင် အဖွဲ့ဝင်) နှင့် ဦးမြလေး (ဗဟိုဦးစီးအဖွဲ့ဝင်) တို့ သွားရောက် ရှင်းလင်း၏။ ဦးချမ်းအေး (စာရေးဆရာ မောင်စူးစမ်း၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်) က မန္တလေးတိုင်းသို့ သွားရောက်ရှင်းလင်းသည်။ ရှင်းလင်းပွဲ များက အဖွဲ့ဝင် ထု၏ ၅/၉ဝ ကန့်ကွက်သည့် အသံများ နှင့်ပင် ပြီးဆုံးခဲ့၏။

သိသာစွာပင် အဖွဲ့ချုပ်အတွင်း၌ လိုင်း ၂ လိုင်းကွဲ၍ သွား၏။ ၅/၉ဝ ထောက်ခံသူနှင့် ကန့်ကွက်သူ…..။ ကန့်ကွက်သူများက ၅/၉ဝ ကို အဖွဲ့ချုပ်၏ လမ်းစဉ်အဖြစ်နှင့် ကျမလာစေရေးနှင့် ဂန္ဒီခန်းမ လမ်းကြောင်းအတိုင်း ချီတက်နိုင်ရေးအတွက် ကြိုးစားကြ၏။

၁၉၉ဝ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ် အမှတ် ၂ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘဘွား၏ ဗီဒီယိုရုံအတွင်း၌ အစည်းဝေးတရပ် ပြုလုပ်၏။ အစည်းအဝေး တက်ရောက်သူ ၁ဝဝ ခန့် ရှိမည်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ကချင်ပြည်နယ်တို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ…။ ပြည်နယ်၊ တိုင်း၊ မြို့နယ်အဆင့် အဖွဲ့ချုပ် ခေါင်းဆောင်များ ဖြစ်၏။ အစည်းအဝေးက …. အဖွဲ့ချုပ်၏ ၅/၉ဝ နှင့် နဝတ ၏ ၁/၉ဝ ကို လုံးဝ လက်မခံကြောင်း ဆုံးဖြတ်ကြ၏။ ပြီးလျှင် …. ပြည်နယ်၊ တိုင်းအလိုက် ကန့်ကွက်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှ လက်မှတ်ရေးထိုး၍ အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့သို့ ပေးပို့သွားရန်…..။


(၁၃၁)
၁၉၉၀ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။
ဂန္ဒီကြေညာချက်အရ …. ပြည်သူ့လွှတ်တော် ဖွဲ့စည်းပေးရေး တောင်းဆိုထားသည့် ရက်အကန့်အသတ်က ကုန်လွန်ခဲ့လေပြီ။ စစ်အုပ်စုက မည်သို့မျှ မလိုက်လျော….။ သူ၏ ရွေးလမ်းအတိုင်းသာ လျှောက်၍နေ၏။

ကချင်ပြည်နယ်နှင့် တိုင်း ၆ တိုင်း (တနင်္သာရီတိုင်းမှ တက်ရောက်နိုင်ခြင်းမရှိ) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၉ ဦးတို့ မန္တလေးတွင်ပင် ထပ်မံတွေ့ဆုံပြီး “နိုင်ငံလုံးဆိုင်ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ လှုပ်ရှားမှု ကော်မတီ” ဖွဲ့စည်းရေး လျှို့ဝှက်စည်းဝေးကြ၏။ ဖွဲ့စည်းပုံ သဏ္ဍာန်ကို ပြည်နယ်၊ တိုင်းတခုစီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃ ဦးနှင့် ၄၂ ဦး ပါဝင်သည့် နိုင်ငံလုံးဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ ကော်မတီကို ဖွဲ့စည်းရန်။ ပြီးလျှင် …. တိုင်း၊ ပြည်နယ်တခုစီမှ ၁ ဦးစီ ပါဝင်သည့် အထူးဦးဆောင်ကော်မတီ ဖွဲ့စည်းရန်ဟူ၍ သဘောတူညီခဲ့ကြ၏။

သို့သော် …. လက်ရှိ အခြေအနေတွင်မူ ပြည်နယ်နှင့် တိုင်း အားလုံးမှ ကိုယ်စားလှယ်များ တက်ရောက်နိုင်ခြင်း မရှိ၍ …. တက်ရောက်ခဲ့သည့် တိုင်းနှင့် ပြည်နယ် ၇ ခုနှင့်ပင် ယာယီဦးဆောင်ကော်မတီနှင့် လှုပ်ရှားမှုကော်မတီ ဖွဲ့စည်းခဲ့ရ၏။ တရားဝင် နိုင်ငံရေးအဖွဲ့အစည်းဝင်များ၏ တွေ့ဆုံစည်းဝေးပွဲက မြေအောက်သဏ္ဍာန်ဆန်နေရ၏။ မလွယ်…..။

အောက်တိုဘာလ ၁ ရက်နေ့တွင် နိုင်ငံလုံးဆိုင်ရာ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လှုပ်ရှားမှု ကော်မတီနှင့် ဦးဆောင်ကော်မတီ အစည်းအဝေးကို မေမြို့နှင့် မန္တလေး ကားလမ်းဘေးရှိ ဆန်စက်တခု၏ ဝင်းအတွင်း၌ ပြုလုပ်ကြ၏။ လျှိုလျှိုဝှက်ဝှက် ….။ ဆုံးဖြတ်ချက်များ ချမှတ်ကြ၏။ လုပ်ငန်းစဉ်များ ရေးဆွဲချမှတ်ကြ၏။

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ထု၏ အနည်းဆုံး ၅ဝ ရာခိုင်နှုန်းက ထောက်ခံမှုပေးခဲ့လျှင် မန္တလေး သို့မဟုတ် ပြည်တွင်း တနေရာရာတွင် ပြည်သူ့လွှတ်တော်တရပ် ခေါ်ယူပြီး အစိုးရ ဖွဲ့စည်းရန်။

အကယ်၍ ပြည်တွင်းနိုင်ငံရေး အနေအထားများက ခွင့်မပြုလျှင် တိုင်းနဲ့ ပြည်နယ်တခုစီမှ ရွေးချယ်ပေးသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂ ဦးကျစီ ပါဝင်သည့် စုစုပေါင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၈ ဦး ပါဝင်သော ယာယီအစိုးရတရပ်ကို လွတ်မြောက်နယ်မြေတွင် သွားရောက်ဖွဲ့စည်းရန်။

ယင်းသို့ လွတ်မြောက်နယ်မြေတွင် ယာယီအစိုးရတရပ် ဖွဲ့စည်းဆောင်ရွက်နိုင်ရန်အတွက် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့်တကွ အခြားသော တော်လှန်ရေး အင်အားစုများနှင့် ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားရန်” ဟူ၍ ဆုံးဖြတ်ကြ၏။

ထိုစဉ်ကာလက …. မန္တလေးသည် သံဃာအင်အား၊ ကျောင်းသားအင်အား၊ လူထုအင်အား တောင့်၏။ တတ်ကြွထက်သန်၏။ National Interest Safeguard Committee ကို လျှို့ဝှက်၍ တပ်ပေါင်းစုသဏ္ဍာန် ဖွဲ့စည်းထားနိုင်သည်ဖြစ်၍ နိုင်ငံရေးလှုပ်ရှားမှု အားကောင်း၏။

အဖွဲ့ချုပ်မှ ဂန္ဒီကဲ့သို့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေး ကျင်းပပြီး လွှတ်တော်ဖွဲ့မည်၊ အစိုးရဖွဲ့စည်းမည်ဆိုပါက …. သံဃာအပါး ၃ဝဝဝ နှင့် ကျောင်းသားလူငယ် ၂ဝဝဝ မှ လုံခြုံရေးအတွက် အသက်အသေခံ၍ အစည်းအဝေးကို စောင့်ရှောက်ပေးမည်ဟု ဆိုသည်။ လက်ငင်းအမျိုးသားရေး တာဝန်က ….. ပြည်သူ့လွှတ်တော် ဖွဲ့စည်းရေး …..။ အစိုးရဖွဲ့စည်းရေး …. ဟု ဆိုရမည်။ ခေတ်သမိုင်းက လူ့တန်ဖိုးပီသသူများ၏ ပခုံးထက်သို့ သမိုင်းတာဝန်တရပ် ထမ်းပိုးရန် အပ်နှင်း၍ နေလေပြီ။


(၁၃၂)
၁၉၉ဝ ခုနှစ် အောက်တိုဘာလ ပထမပတ်အတွင်း၌ပင် …. တနိုင်ငံလုံးရှိ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၅ဝ ကျော်က လက်မှတ်ရေးထိုးကြပြီး ဂန္ဒီခန်းမ ဆုံးဖြတ်ချက်များအတိုင်း အဖွဲ့ချုပ်အနေနှင့် လျှောက်လှမ်းရန် ဗဟိုအလုပ်အမှုဆောင် အဖွဲ့သို့ တောင်းဆိုကြ၏။

တဖက်တွင်လည်း စစ်အုပ်စုအာဏာပိုင်များက ၁/၉ဝ ကို မလိုက်နာပါက …. (၁) …. ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တဖွဲ့လုံးကို ဖမ်းဆီးထိန်းသိမ်းမည်။ (၂) …. အဖွဲ့ချုပ်ကို ဖျက်သိမ်းမည်။ ခက်ပြီ။ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များက အကျဉ်းအကျပ်အတွင်း၌….။ ဆုံးဖြတ်ရခက်နေ၏။ ဖောင်ဖျက်၍ နောင်ရိုးတိုက်ပွဲလမ်းစဉ်ကို လိုက်မည်လား….။ ဤသို့ဆုံးဖြတ်ပါက …. လက်ဝဲသွေဖယ်ရေး ဖြစ်မည်လား….။ ဝေခွဲမရ…. ။ ဆုံးဖြတ်ချက်ချမရ….။

၁၉၉ဝ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီအဖွဲ့ အစည်းအဝေး ကျင်းပပြီး “ပြည်သူ့လွှတ်တော်ဆိုင်ရာ အဖွဲ့” ဖွဲ့စည်းရေးကို ဆွေးနွေးကြ၏။ ဖွဲ့စည်းမှု စည်းမျဉ်းမူကြမ်း ရေးဆွဲကြ၏။ “ပြည်သူ့လွှတ်တော်ဆိုင်ရာ အဖွဲ့” ဖွဲ့စည်းပုံစည်းမျဉ်းကို အတည်ပြု၍ …. ပြည်သူ့လွှတ်တော်ဆိုင်ရာ အဖွဲ့ကို ဖွဲ့စည်း၏။ ဥက္ကဋ္ဌအဖြစ် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်မြေအမှတ် ၁ မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ရွှေကို ရွေးချယ်တင်မြှောက်၏။ ပြီးလျှင် …. ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေရေးရာ လေ့လာရေးအဖွဲ့၊ စီးပွားရေးရာ လေ့လာရေးအဖွဲ့၊ ပညာရေးရာ လေ့လာရေးအဖွဲ့၊ ကျန်းမာရေးရာ လေ့လာရေးအဖွဲ့၊ နိုင်ငံတကာ ဆက်ဆံရေးရာ လေ့လာရေးအဖွဲ့များကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း၏။ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့၏ “ပြည်သူ့လွှတ်တော်ဆိုင်ရာ အဖွဲ့” လှုပ်ရှားမှုကား …. စင်စစ်တွင် ဂန္ဒီကို ချွေးသိပ်ခြင်း ဖြစ်၏။


(၁၃၃)
ဖြစ်ရှိနေသော နိုင်ငံရေးအခြေအနေများအပေါ် သံဃာထုသည် အားမရ။ လူထုကြီးသည် ၁၉၉ဝ ခုနှစ် မေလ ၂၇ ရက်နေ့တွင် သူတို့၏ နှလုံးသွေးမှ စီးဖြာကျလာသည့် ဆန္ဒကို ထုတ်ဖော်၍ ပြသခဲ့ပြီးဖြစ်၏။ လူထုက သူတို့ပိုင်သည့် အချုပ်အခြာအာဏာကို ပြည်သူ့ကိုယ်စားလှယ်များထံသို့ အပ်နှင်းပေးခဲ့ပြီးဖြစ်သည်။ သို့သော် …. ရွေးကောက်ပွဲ ပြီးမြောက်ခဲ့သည်မှ ရက်ပေါင်း ၁၂ဝ ပင် ကျော်လွန်၍ လာခဲ့ပြီ။ ပြည်သူလူထုကြီး၏ ဆန္ဒက ကောက်ကြောင်းအဖြစ်နှင့်ပင် မတွေ့ရသေး ….။ မရ ….။ လူထုဆန္ဒအတွက် ….. တိုက်ပွဲဆင်နွှဲကြရပေလိမ့်မည်။ ဤသို့ မန္တလေး၊ လေးပြင်လေးရပ်ရှိ သံဃာထုက မြင်၏။ ပြီးလျှင် …. ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကို ကျောင်းသားလူငယ်ထုက ဦးဆောင်၍ တိုက်ပွဲဆင်ခဲ့၏။ ယခု ဒုတိယအကြိမ် လူထုတိုက်ပွဲကြီးကို …. သံဃာထုက ဦးဆောင်၍ တိုက်ပွဲဆင်ရမည်။ အထက်ဗမာပြည်၊ အောက်ဗမာပြည် သံဃာထုအတွင်း ညှိနှိုင်းကြ၏။ ပြင်ဆင်ကြ၏။ တိုက်ပွဲဝင်ရန် သဘောတူညီကြ၏။

မြန်မာသက္ကရစ် ၁၃၅၂ ခုနှစ် ဝါကျွတ်သည်နှင့် တိုက်ပွဲစတင်ရန် ပြင်ဆင်ထားကြ၏။ ဝါကျွတ်သည်နှင့် မန္တလေး၊ လေးပြင်လေးရပ် “သံဃာသမဂ္ဂီ” အဖွဲ့ကြီးမှ ဦးဆောင်ပြီး သံဃာတော်များ၏ “ပတ္တနိက္ကုဇ္ဇန” ကံဆောင်သပိတ်ကို စတင်လိုက်၏။

သံဃာထု၏ ကံဆောင်သပိတ်က …. နဝတ စစ်အုပ်စု၏ အလှူအတန်းများကို သပိတ်မှောက်မည်။ နဝတ အာဏာပိုင် အဖွဲ့အစည်းဝင်များ၏ သာရေး၊ နာရေး ကိစ္စများအားလုံးတွင် သံဃာထုအနေနှင့် ဆောင်ရွက်ပေးမည်မဟုတ် ….။ ဗုဒ္ဓဘာသာဝင် စစ်အုပ်စုအတွက် အကျပ်တွေ့၏။ စစ်သားသေလျှင် ….. သရဏဂုံတင်ရန် သံဃာကို ပင့်ဖိတ်၍မရ ….။ ဆွမ်းသွတ်၍မရ ….။ ရန်ကုန်ရှိ သံဃာများမှလည်း မန္တလေး၊ လေးပြင်လေးရပ်ရှိ “သံဃာသမဂ္ဂီ” တို့နှင့်အတူ လက်တွဲ၍ “ပတ္တနိက္ကုဇ္ဇန” ကံဆောင်သပိတ်ကို ဆင်နွှဲကြ၏။

၁၉၉ဝ ခုနှစ် အောက်တိုဘာလလ ၂ဝ ရက်နေ့တွင် စစ်အုပ်စုက ကြေညာချက်အမှတ် ၆/၉ဝ ထုတ်ပြန်ပြီး သံဃာထု၏ ပတ္တနိက္ကုဇ္ဇနကံဆောင်နေခြင်း ရပ်ဆိုင်းရန် သတိပေး၏။ မလိုက်နာပါက ….. “သမူတိသံဃာ” အဖြစ်မှ ရပ်စဲပစ်မည်ဟု ခြိမ်းခြောက်၏။
ပိဋိကတ်သုံးပုံဆောင် ဆရာတော် ဦးသုမင်္ဂလ အပါအဝင် ဆရာတော်ကြီး ၉ ပါးက ပတ္တနိက္ကုဇ္ဇန ကံဆောင်မှုသည် ဝိနည်းတော်နှင့် အညီအညွှတ်ဖြစ်သည်ဟု ထုတ်ဖော်ပြောဆို၍ သံဃာထု၏ ကံဆောင်သပိတ်ကြီးကို ထောက်ခံကြ၏။

တိုင်းပြည်က ယိုယွင်းပျက်စီးမှုများများ …..။ မုန်တိုင်းက ထန်ထန် ….။


(၁၃၄)
စစ်အုပ်စုမှ ပထမဦးစွာ ဖြိုခွင်းချေမှုန်းရန် ရွေးချယ်လိုက်သည်က ….. အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်…။ ၁၉၉ဝ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် အဖွဲ့ချုပ်၏ ရုံးချုပ်ကို စစ်အုပ်စုက ဝင်၍ စီးနှင်း၏။ ရုံးရှိ စာရွက်စာတမ်းများကို မွှေနှောက်၍ ရှာသည်။ လိုချင်သည့် File များကို အဓမ္မပင် သိမ်းယူ၏။ အဖွဲ့ချုပ်ရှိ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ဝင် အချို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြ၏။ ညပိုင်းတွင်မူ စစ်အုပ်စုက ….. အဖွဲ့ချုပ်၏ ခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ နေအိမ်များသို့ ဝင်ပြီး ဖမ်းဆီးပြန်သည်။

ဦးချမ်းအေး၊ ဦးစိုးသိမ်း၊ ဦးခင်မောင်ဆွေ၊ ဦးကျော်မင်း (ဗိသုကာကျော်မင်း) ၊ ဦးစိန်လှဦး၊ ဦးနိုင်းနိုင်း (ပုဇွန်တောင်မြို့နယ် အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) စသဖြင့် …..။ အဖွဲ့ချုပ်မှန်လျှင် ရဲရဲမြင်တိုင်း ဖမ်းတော့၏။ ဖမ်းဆီးမှုက ဗဟို၊ပြည်နယ်၊တိုင်း ၊ မြို့နယ်….နေရာတိုင်း၌ ဖမ်းခြင်းဖြစ်သည်။ အဖွဲ့ဝင်အချို့က မြေအောက်လျှို၍ ရှောင်တိမ်းနေကြရသည်။ အဖွဲ့ချုပ်၏ ရုံးများကို ဝင်ချင်တိုင်းဝင်၊ မွှေချင်တိုင်း မွှေနှောက်၍ စာရွက်စာတမ်းများ ရှာ၏။ သိမ်းဆည်း၏။

တဖက်တွင်မူ ….. အပြင်တွင် ကျန်ရှိနေသည့် အဖွဲ့ချုပ်၏ ခေါင်းဆောင် ဦးအောင်ရွှေနှင့် ဦးလွင်ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆ဝ နှင့် ဆင့်ခေါ်ပြီး ၁/၉ဝ လိုက်နာရန် အကျပ်ကိုင်၏။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၆ဝ ဟူသည်က …. “သက်သေများ ရောက်ရှိစေရန် ရဲအရာရှိက ဆင့်ဆိုနိုင်သည့် အာဏာ” ဖြစ်သည်။ အဓိပ္ပာယ်က ….

“ဤအမိန့်အရ စုံစမ်းထောက်လှမ်းခြင်းပြုသော မည်သည့် ရဲအရာရှိမဆို၊ ပေးထားသော သတင်းအရ ဖြစ်စေ၊ အခြားနည်းအရ ဖြစ်စေ၊ အမှုအဖြစ်အပျက် အကြောင်းအရာများကို သိကျွမ်းပုံပေါ်သော မိမိရဲ့ စခန်းနယ်မြေအတွင်း (သို့မဟုတ်) ဆက်စပ်နေသော ရဲစခန်းနယ်မြေအတွင်းရှိ မည်သူ့ကိုမဆို မိမိရှေ့သို့ ရောက်ရှိစေရန် အမိန့်စာဖြင့် ဆင့်ဆိုနိုင်သည်” ဟူ၍ ဖြစ်သည်။

ဤသို့ ဆင့်ခေါ်ပြီး …
“(က) ကြေညာချက် ၁/၉ဝ ကို သေချာစွာ ဖတ်ရှုလေ့လာသိရှိပြီး ဖြစ်ပါသည်။
(ခ) ကြေညာချက် ၁/၉ဝ ကို လိုက်နာမည်၊ မလိုက်နာမည်။
(ဂ) ကြေညာချက် ၁/၉ဝ ကို မလိုက်နာပါက ပုဂ္ဂိုလ်အရ အရေးယူခံရမည်ကို သိရှိပါသည်။
(ဃ) ကြေညာချက် ၁/၉ဝ ကို မလိုက်နာပါက ပါတီအဖွဲ့အစည်းများ ဖျက်သိမ်းခံရမည်ကို သိရှိပါသည်” ဆိုပြီး … ဝန်ခံလက်မှတ်ရေးထိုးစေ၏။ အဖွဲ့ချုပ်ကြီး တရားဝင်တည်ရှိမှ အဖွဲ့ချုပ်ဝင်များ တရားဝင် နိုင်ငံရေးလှုပ်ရှားမှုများကို ဆောင်ရွက်ပိုင်ခွင့် ရှိမည်။ အဖွဲ့ချုပ်ကြီး ဆက်လက်တည်ရှိနေမှသာလျှင် …. ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်အတွင်း အကျဉ်းကျခံနေရသည့် အဖွဲ့ချုပ်ဝင်များ ဂုဏ်သိက္ခာရှိစွာနှင့် နိုင်ငံရေးအရ ရပ်တည်နိုင်ကြမည်။ အဆုံး၌ …. ၁/၉ဝ ကို လိုက်နာပါမည်ဟု ဝန်ခံကတိလက်မှတ်ကို ဦးအောင်ရွှေ ထိုးပေးလိုက်ရ၏။
ကြယ်ဖြူကြီးနှင့် အနီရောင်နောက်ခံနှင့် ရွေှ့ဝါရောင်ခွပ်ဒေါင်းက လေတွင် ယိမ်းနွဲ့လျက်….။


(၁၃၅)
အဖွဲ့ချုပ်စစ်မျက်နှာတွင် ရက်စက်စွာ ချေမှုန်းသုတ်သင်နိုင်ပြီဟု ယူဆခဲ့ပြီးသည့်နောက် …. စစ်အုပ်စုသည် မန္တလေးသို့ ထိုးစစ်ဆင်ရန် လှည့်ပြန်သည်။ အဝီစိကျချင်၊ ကျပါစေ …. အာဏာတည်မြဲရေးအတွက် လုပ်ရမည်ပင်ဟု … သဘောပိုက်ပြီး ….. “ပတ္တနိက္ကုဇ္ဇန” ကံဆောင်နေကြသည့် သံဃာတော် ရှင်သူမြတ်များကို တိုက်ခိုက်ချေမှုန်းရန် ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုယ်တိုင် မန္တလေးသို့ သွားရောက်၍ သံဃာတော်များကို နှိမ်နင်းရေးတိုက်ပွဲ အနီးကပ်ကြီးကြပ်လေ၏။

ပထမဦးစွာ ….. သံဃာတော်တို့၏ ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်းကို ဝိနည်းနှင့်အညီ ဖြစ်ပါသည်ဟူ၍ မိန့်ဆိုခဲ့ကြသည့် ပိဋိကတ်သုံးပုံ အာဂုံဆောင်ဆရာတော် ဦးသုမင်္ဂလ၊ ရွာမ ပရိယတ္တိ စာသင်တိုက်မှ ဆရာတော် ဦးတီလောက၊ မေဒိနီဆရာတော်၊ မဂ္ဂင်ဆရာတော်၊ မဟာဗောဓိဆရာတော်တို့ အပါအဝင် သြဝါဒစရိယ ဆရာတော်ကြီး ၉ ပါးကို ဖမ်းဆီး၏။ ထောင်သွင်းအကျဉ်းချ၏။

သင်္ယန်းတော်များကို အဓမ္မချွတ်၍ ပိတ်ဖြူပတ်စေသည်။ ပြီးလျှင် …. မန္တလေး၊ လေးပြင်လေးရပ်ရှိ ဘုန်းတော်ကြီးကျောင်းပေါင်း ၃၅ဝ ကျော်ကို စစ်တပ်နှင့် ဝိုင်း၏။ သံဃာနှင့် တကာကို ဖြတ်၏။ ဖြတ်လေးဖြတ်ခြင်း…။ အဆုံး၌ ….. ကျောင်းတိုက်များအတွင်းသို့ စစ်အင်အား အလုံးအရင်းနှင့် ဝင်၍ စီးနင်းသိမ်းပိုက်လေ၏။ မန္တလေး၊ လေးပြင်လေးရပ် သံဃာသမဂ္ဂီ ဥက္ကဋ္ဌ ဦးရေဝတ၊ ဦးကဝိန္ဒ….၊ ဂဌုန်နီဆရာတော် ဦးကာဝိယ၊ ဦးကလျာဏကို ဖမ်းဆီပြီး စစ်ခုံရုံးမှ သေဒဏ်အမိန့် ချမှတ်၏။ ပြီးလျှင် …. ရာနှင့်ချီသော သံဃာတော်တို့ကိုလည်း ထောင်အတွင်း အကျဉ်းချ၏။

လှိုင်းတိုလေဒီယိုမှတဆင့် ကြားသိနေရသမျှ၊ လတ်တလော မြန်မာ့ရေးရာ သတင်းများက ဒေါ်အောင်ဆန်းစုကြည်ကို တုန်လှုပ်ခြောက်ခြားစေသည်။ အံ့သြထိတ်လန့်စေ၏။ ထေရဝါဒ ထွန်းကားသည့် အရပ်ဒေသမှ ဟုတ်ပါရဲ့လားဟူ၍ ယုံမှားသံသယ ဖြစ်မိ၏။ ပြီးလျှင် ….. ဝမ်းနည်းကြေကွဲဖြစ်၍ မဆုံး….။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ထိရှကြေကွဲမှု ဖြစ်ရသည်က …. ဖေဖေ ထူထောင်ခဲ့သည့် တပ်မတော်က ….. ဤမျှအခြေအထိ ဖြစ်နေရလေ၏ ဟူ၍….။

အနားတွင်က မည်သူမျှမရှိ….။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အဖော်အဖြစ် အိမ်မှုလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ပေးသည့် “မေရီယာ” က …. စနေ၊ တနင်္ဂနွေ ရက်များတွင် သူမ၏ အိမ်သို့ပြန်၏။ “မေရီယာ” က တနလာင်္မှ သောကြာအထိသာ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေပြီး အိမ်မှုကိစ္စအဝဝကို လုပ်ကိုင်ဆောင်ရွက်ပေး၏။

ယခုမူ … မည်သူမျှမရှိ….။ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်အတွင်း၌က …. ဒေါ်အောင်ဆန်းစုကြည် တဦးတည်း …..။


No comments:

Post a Comment