Monday, November 23, 2009

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - အပိုင်း - ၄ဝ

မင်းဟန်

(၁၄၃)

၁၉၉၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်။

အလုံလမ်း၊ သမ္မတအိမ်တော်။

စစ်အုပ်စုမှ ဦးစီးပြီး အမျိုးသားညီလာခံ အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ၏။ စစ်အုပ်စုက ဖွဲ့စည်းပေးထားသည့် အမျိုးသားညီလာခံ ကျင်းပရေး ညှိနှိုင်းဆွေးနွေးပွဲ ဦးဆောင်ကျင်းပရေး ကော်မတီဝင် ၁၅ ဦးနှင့် နိုင်ငံရေးပါတီ အဖွဲ့အစည်းများမှ ဖိတ်ကြားခြင်းခံရသည့် ကိုယ်စားလှယ် ၂၉ ဦး တက်ရောက်ကြ၏။ အဖွဲ့ချုပ်မှ ဦးအောင်ရွှေနှင့် ဦးလွင်တို့ ခေါင်းဆောင်၍ အစည်းအဝေး တက်၏။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခွန်ထွန်းဦး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ (တစည) မှ ဦးအမ်(မ်)ဆင်ဆားရ်နှင့် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမူထန်တို့ တက်ရောက်ကြ၏။ ညှိနှိုင်းဆွေးနွေးပွဲ၏ အဖွင့်မိန့်ခွန်းကို အမျိုးသားညီလာခံ ကျင်းပရေး ညှိနှိုင်းဆွေးနွေးပွဲ ဦးဆောင်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မျိုးညွန့်က ပြော၏။ မိန့်ခွန်းကို ချုပ်ကြည့်လျှင်မူ ….

“ယခု ညှိနှိုင်းဆွေးနွေးပွဲမှာ အမျိုးသားညီလာခံကို မည်သူများ တက်ရောက်စေသင့်သည်။ မည်သို့ ဦးရေသတ်မှတ် တက်ရောက်စေသင့်သည်။ အမျိုးသားညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားရာမှ နိုင်ငံရေးပါတီ အဖွဲ့အစည်းများ၊ ရွေးချယ်ခံထားရသည့် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ အခြားဖိတ်ကြားသင့်သူများကို မည်သို့ ဦးရေသတ်မှတ် ဖိတ်ကြားသင့်သည် စသည့် အချက်များအပေါ် အခြေခံပြီး အကြံပြုဆွေးနွေး တင်ပြကြရန် ဖြစ်ပါသည်” ဟူ၍ ဖြစ်သည်။ မည်သူများ တက်ရောက်စေသင့်သည်ဟူ၍ ဆွေးနွေးမည်ဟု ဆိုသော်လည်း ….. ဦးဆောင်ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ မိန့်ခွန်းထဲ၌က …. တက်ရောက်စေမည့် အလွှာများ ခွဲခြားသတ်မှတ်ထားပြီး ဖြစ်နေသည်။ နိုင်ငံရေးအဖွဲ့အစည်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းရင်းသားလူမျိုးများ၊ အလုပ်သမား၊ တောင်သူလယ်သမား၊ နိုင်ငံ့ဝန်ထမ်း ….. စသဖြင့် လိုင်းချထားပြီး ဖြစ်နေ၏။ အစည်းအဝေး တက်ရောက်ခဲ့ကြသည့် နိုင်ငံရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ….. အလွှာအစု တစုလျှင် ….. မည်၍မည်မျှ တက်ရောက်သင့်ကြောင်း ဆွေးနွေးရန်သာရှိသည့်ဟန် ….။

(၁၄၄)

အမျိုးသားညီလာခံကျင်းပရေး အကြိုညှိနှိုင်းအစည်းဝေးက …. ၃ ကြိမ်ဆက်၍ ကျင်းပခဲ့ရ၏။ ဇွန်လ ၂၃ ရက်၊ ၃ဝ ရက်နှင့် ဇူလိုင်လ ၁ဝ ရက်နေ့များတွင် ခွဲ၍ ပြုလုပ်ခဲ့ရသည်။

အဖွဲ့ချုပ်ကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင် ဦးအောင်ရွှေက …. ဇွန်လ ၃ဝ ရက်နေ့ အစည်းအဝေး၌ ဆွေးနွေးတင်ပြ၏။ အနှစ်ချုပ်က …

“အမျိုးသားညီလာခံကို တက်ရာက်မယ့် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ အစစအရာရာ အဆင်ပြေချောမောဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် တိုင်းပြည်ရဲ့ အနာဂတ်ခရီးကို ဖြောင့်ဖြောင့်ဖြူးဖြူး လျှောက်လှမ်းနိုင်ကြဖို့ဆိုတဲ့ ကောင်းမြတ်တဲ့ စိတ်စေတနာထားကြဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာအားလုံး နိုင်ငံအဖွဲ့အစည်းများပါ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း အပြုသဘော ဆွေးနွေးကြဖို့ အကြံပြုတင်ပြအပ်ပါတယ်။ အဖြေတခုခုကို ရှာကြရာမှာ အဖြေမှန်ပေါ်ထွက်လာရေးဆိုတဲ့ ခိုင်မာတဲ့ ဆန္ဒရှိပြီး အချင်းချင်း မိမိရဲ့ အစိတ်အပိုင်းကို မထိခိုက်စေရုံသာမက သူ့တပါးရဲ့ အစိတ်အပိုင်းကိုလည်း မထိခိုက်စေသည့်အပြင် တဦးနှင့်တဦးလည်း မထိခိုက်စေဘဲ တဦးရဲ့ အကျိုးကို မထိပါးစေဘဲ မေတ္တာထားကြဖို့၊ နားလည်မှုရှိကြဖို့၊ လေးစားကြဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် မိမိတို့ဟာ တိုင်းပြည်တပြည်အတွင်းမှာ မွေးဖွားကြတဲ့ လူမျိုးနွယ်စု တိုင်းရင်းသားတွေ ဖြစ်ကြတယ်လို့ အခိုင်အမာ ခံယူပြီး တတိုင်းတပြည်လုံးရဲ့ အကျိုးအတွက် မှန်ကန်စွာ ရှေးရှုပြီး ဆွေးနွေးကြမယ်ဆိုရင် အဖြေမှန် မုချပေါ်ထွက်လာမှာ ဖြစ်ပါတယ်”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ်ခေါင်းဆောင် ဦးခွန်ထွန်းဦး၏ ဆွေးနွေးမှုက ပိုမို၍ ပွင့်လင်း၏။ စစ်အုပ်စုအပေါ် ယုံမှားသံသယရှိသည်များကို ရှင်းရှင်းလင်းလင်းပင် မေး၏။

“အခုကျင်းပမယ့် အမျိုးသားညီလာခံမှာ လွတ်လပ်စွာ ဆွေးနွေးခွင့်၊ လွတ်လပ်စွာ ရေးသားထုတ်ပြန်ခွင့် ရှိကြောင်း ထုတ်ပြန်ပေးပါ့မလား၊ အမျိုးသားညီလာခံမှာ ဆွေးနွေးဝေဖန် ရေးသားထုတ်ပြန်တာတွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုခြင်း၊ အရေးယူခြင်း၊ စစ်ဆေးမေးမြန်းခြင်း မပြုကြောင်း ကြေညာချက် ထုတ်ပြန်ပေးပါ့မလား။ ညီလာခံကိုယ်စားလှယ်ရဲ့ ဆွေးနွေးချက်အပေါ် ကောက်နုတ်ပြီး အဖြေဖြစ်တဲ့ သဘောတူညီချက်ကို ဘယ်နည်းဘယ်ပုံများနဲ့ ဆုံးဖြတ်ရယူမယ်ဆိုတာ ကျနော်တို့ သိလိုပါတယ်”

ချင်းပြည်နယ်၊ ထန်တလန်မဲဆန္ဒနယ်မှ … တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမူထန်ကလည်း …..

“အမျိုးသားညီလာခံဟာ အနှောင်အဖွဲ့ကင်းတဲ့၊ စွက်ဖက်မှုကင်းတဲ့၊ မျှတပြီး လွတ်လပ်တဲ့ ညီလာခံဖြစ်ဖို့ လိုအပ်ပါတယ်။ အမျိုးသားညီလာခံရဲ့ ဆုံးဖြတ်ချက်တွေဟာလည်း၊ မဲခွဲဆုံးဖြတ်ခြင်းမျိုးမဟုတ်ဘဲ တက်ရောက်လာတဲ့ အားလုံးသော ပုဂ္ဂိုလ်တွေရဲ့ တူညီဆန္ဒအရသာ ဖြစ်သင့်ပါတယ်။ အမျိုးသားညီလာခံဟာ မြန်မာနိုင်ငံရဲ့ သမိုင်းတကွေ့မှာ အလွန်ပဲ အရေးကြီးတဲ့အတွက်၊ အခု ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်နေကြတဲ့ ပုဂ္ဂိုလ်အားလုံး နောင်တချိန်မှာ သမိုင်းတရားခံတွေ မဖြစ်ကြဖို့ လွန်စွာ အရေးကြီးပါတယ်”


(၁၄၅)

၁၉၉၂ ခုနှစ် မေလအတွင်း၌ ခင်ပွန်းသည်နှင့် သားများ ပြန်သွားခဲ့ပြီးသည့် နောက်ပိုင်းတွင် …. ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ်ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်ကို ယူထားသည့် တပ်မတော် ထောက်လှမ်းရေးမှ ဗိုလ်မှူးကြီးသည် မိသားစုနှင့် ပျော်ပျော်ရွှင်ရွှင်၊ သိုက်သိုက်ဝန်းဝန်း နေထိုင်ရန် ဒေါ်အောင်ဆန်းစုကြည်ကို စကားစလာခဲ့၏။ ဗိုလ်မှူးကြီးပြောသည့် မိသားစုနှင့် သိုက်သိုက်ဝန်းဝန်း နေထိုင်ရန်ဟူသည်က …. အင်္ဂလန်တွင် ပြန်လည်၍ သွားရောက်နေထိုင်ရန် ဖြစ်သည်။ ပထမတွင်မူ …. ဗိုလ်မှူးကြီးအနေနှင့် “အလာပတ်၊ သလာပတ်” စကားရှာ၍ ပြောခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ယူဆ၍ ဗိုလ်မှူးကြီးကို သူမကို ထိန်းသိမ်းထားသည့် နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁ဝ (ခ) ကို ရည်ညွှန်းပြီး “ဟာသ” လုပ်၍ပင် …. မဖြစ်နိုင်သေးကြောင်း ရယ်ရယ်မောမောနှင့်ပင် ပြန်ပြောခဲ့သေး၏။ သို့သော် …. နောက်ပိုင်းတွင်မူ ဗိုလ်မှူးကြီး၏ စကားက စစ်အုပ်စု၏ သဘောထားမှန်း သိလာရ၏။

သူမကို မြန်မာ့နိုင်ငံရေးအတွင်း ပါဝင်ဆောင်ရွက်ခွင့် မရှိစေရေး သေနင်္ဂဗျူဟာကို စစ်အုပ်စုမှ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် နားလည်လိုက်၏။

ပထမခြေလှမ်းက … ၁၉၉ဝ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် သူမ မပါဝင်နိုင်ရေးအတွက် ….. ကော်မရှင်ကတဆင့် ဆောင်ရွက်ခဲ့၏။ ဒေါ်အောင်ဆန်းစုကြည်၏ ဗဟန်းမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၁) တွင် အဖွဲ့ချုပ်ကိုယ်စား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့သည်ကို ….. (တစည) က ကန့်ကွက်စေပြီး …. ကော်မရှင်က ကန့်ကွက်လွှာကို လက်ခံလိုက်၏။

ဒုတိယခြေလှမ်းက ….. အဖွဲ့ချုပ်ကို ပြန်ပေးဆွဲသကဲ့သို့ ပြုမူပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး တာဝန်နှင့် အဖွဲ့ဝင်အဖြစ်မှပါ ထုတ်ပယ်ပစ်ရန် တောင်းဆိုခဲ့သဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် သူမကို အဖွဲ့ချုပ်မှ ထုတ်ပယ်ခဲ့ရ၏။

ယခု….။

တတိယခြေလှမ်းက …. မြန်မာနိုင်ငံအတွင်းမှ သူမကို ထွက်ခွာသွားရန်အတွက် တောင်းဆိုလာ၏။

စစ်အုပ်စု၏ ခြေလှမ်းက ရိုးရိုးရှင်းရှင်းကြီးပင် ဖြစ်၏။ သို့သော် …. တလှမ်းချင်း လှမ်းလာသည့် ခြေလှမ်းကို ဤအတိုင်း ကြည့်နေရန် မဖြစ်တော့ ….။ ပြတ်ပြတ်သားသား ရှင်းရန် လိုပြီ။ ဤသို့ပင် ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ထားလိုက်၏။ ဗိုလ်မှူးကြီးမှတဆင့် သူမအနေနှင့် မည်မျှပင် ဖိအားပေး အကျပ်ကိုင်သည်ဖြစ်စေ၊ မည်သို့သော အခြေအနေမျိုးသို့ပင် ရောက်ပါစေ …. မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာသွားလိမ့်မည် မဟုတ်ကြောင်း စစ်ခေါင်းဆောင်များကို ပြတ်ပြတ်ရှင်းရှင်းပင် ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်၏။

ပြီးလျှင် …. ဤကိစ္စနှင့်ပတ်သက်လျှင်လည်း မည်သို့မျှတွေ့ဆုံပြီး လက်ခံဆွေးနွေးလိမ့်မည် မဟုတ်ဟု တိတိလင်းလင်းပင် ပြောဆိုလိုက်၏။ အခြေအနေက …. တင်းတင်းမာမာ …..။

(၁၄၆)

အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းအတွင်း ထားရှိသည့် လက်နက်ကိုင် အစောင့်တပ်သားများက …. တပ်စိတ် ၂ စိတ်မျှ ရှိမည်။ စစ်သားများက အလှည့်နှင့် အမြဲတမ်း အချိန်းအပြောင်း ရှိ၏။

အိမ်အတွင်းသို့မူ …. ဒေါ်အောင်ဆန်းစုကြည်၏ ခွင့်ပြုချက်မရဘဲ မည်သည့်လုံခြုံရေး စစ်သားမျှ ဝင်ခွင့်မရ ….။ တင်းတင်းကျပ်ကျပ်ပင် စည်းကမ်းကို ဒေါ်အောင်ဆန်းစုကြည် ချမှတ်ထား၏။ အိမ်အတွင်း၌က ….. ဒေါ်အောင်ဆန်းစုကြည်နှင့်အဖော် အမျိုးသမီး “မာရီယာ” သာ ရှိ၏။ “မာရီယာ” က အပြင်ထွက်၍ ဈေးဝယ်ရ၏။ အစားအသောက်အတွက် … ချက်ပြုတ်ရ၏။ အိမ်သန့်ရှင်းရေး ပြုလုပ်ရ၏။ မာရီယာကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမြဲတမ်း အတူနေထိုင်ပြီး ရှိသည်မဟုတ်….။ တပတ်လျှင် …. တနင်္လာနေ့မှ သောကြာနေ့အထိသာ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေပြီး၊ စနေ၊ တနင်္ဂနွေနေ့များတွင်မူ …. သူမ၏ နေအိမ်သို့ ပြန်၏။ ထိုရက်များတွင် အမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်း နေအိမ်အတွင်း၌ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းသာ ကျန်၏။

ဒေါ်အောင်ဆန်းစုကြည်က သူမကို မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာသွားရေးနှင့် ပတ်သက်၍ ဆွေးနွေးမည်ဆိုပါက မည်သည့်စစ်ခေါင်းဆောင်နှင့်မျှ လက်ခံတွေ့ဆုံနိုင်မည် မဟုတ်ဟု …. ပြတ်ပြတ်ရှင်းရှင်း ပြောကြားခဲ့ပြီး နောက်ပိုင်းတွင် …. အခြေအနေက တင်းမာ၍ ခက်ထန်နေခဲ့၏။

တနေ့….။

ဒေါ်အောင်ဆန်းစုကြည်ထံတွင် ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ စစ်သားများ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ဝင်လာ၏။ ဒေါ်အောင်ဆန်းစုကြည် သိသည်နှင့် ချက်ချင်းပင် အိမ်အတွင်းမှ ထွက်ခိုင်း၏။ ပြီးလျှင် …. ဒေါ်အောင်ဆန်းစုကြည်မှ အိမ်တံခါးကို သော့ခတ်၍ ပိတ်ထားလိုက်၏။

တင်းတင်းမာမာ….။

စစ်သားများက တံခါးကို ဖျက်ဆီး၏။ သော့ကို ရိုက်ချိုး၏။ စစ်သားတို့၏ လုပ်ရပ်က …. လူရမ်းကားတစု၏ လုပ်ရပ် ….။ အကြမ်းဖက်သောင်းကျန်းသူတို့၏ အပြုအမူအကျင့်အကြံ ….။ မင်းမဲ့စရိုက်ဆန်လွန်းလှသည့် ဖြစ်ရပ် ….။

ဒေါ်အောင်ဆန်းစုကြည်က ချက်ချင်းပင် ….. ဗိုလ်မှူးကြီးသန်းထွန်းမှတဆင့် နဝတ ခေါင်းဆောင်များထံသို့ တိုင်ကြား၏။ နောက်ပိုင်းတွင်မူ …. စစ်အုပ်စု၏ ခေါင်းဆောင်များမှ ထိုနေ့က ဖြစ်ပျက်ခဲ့သည့် စစ်သားများ၏ အပြုအမူနှင့် ပတ်သက်၍ လာရောက်ပြီး တောင်းပန်ကြ၏။


(၁၄၇)

၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်။

ရန်ကုန်မြို့ ကျိုက္ကဆံကွင်းအတွင်း၌ အမျိုးသားညီလာခံ စတင်ကျင်းပ၏။ ညီလာခံကိုယ်စားလှယ်ပေါင်း ၇ဝ၂ ဦး တက်ရောက်ကြ၏။ ကိုယ်စားလှယ်များ အစုအဖွဲ့ ၈ စု ခွဲ၏။

နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်၊ ရွေးကောက်ပွဲတွင် အရွေးချယ်ခံထားရသော ကိုယ်စားလှယ်၊ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်၊ တောင်သူလယ်သမား ကိုယ်စားလှယ်၊ အလုပ်သမား ကိုယ်စားလှယ်၊ အသိပညာရှင် အတတ်ပညာရှင်များ ကိုယ်စားလှယ်၊ နိုင်ငံ့ဝန်ထမ်း ကိုယ်စားလှယ်များနှင့် အခြား ဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်များဟူ၍ ဖြစ်သည်။ ညီလာခံကိုယ်စားလှယ် ၇ဝ၂ ဦးတွင် လူထုကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်ဟု သတ်မှတ်၍ရသည့် ဦးရေက …. ၁၅၆ ဦး ရှိသည်ဟု ဆိုရမည်။ ရာခိုင်နှုန်းအရ ကြည့်ပါက …. ၁၅.၂၄ ရာခိုင်နှုန်းမျှသာ ပါရှိ၏။ ကျန်သည့် ကိုယ်စားလှယ်များ အားလုံးက နဝတ က ရွေးချယ်ခန့်အပ်ခဲ့သည့် ကိုယ်စားလှယ်များသာ ဖြစ်၏။

ညီလာခံ၏ ဦးတည်ချက် ၆ ရပ်အနက် …. နံပါတ် ၆ တွင် ပါရှိသည်က …. “အနာဂတ် မြန်မာ့နိုင်ငံရေးတွင် တပ်မတော်သည် အမြဲတမ်း ဦးဆောင်မှု အခန်းကဏ္ဍ၌ ပါရှိစေရမည်” ဟူ၍ ဖြစ်ရာ …. စစ်မှန်သော ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်ကျောခိုင်းလျက် ရှိနေ၏။

တရက်ပြီးတရက် ….။ ညီလာခံကျင်းပသည့်ရက်များ ရလာသည်နှင့် နဝတ ၏ အမျိုးသားညီလာခံဟူသည်၏ အတွင်းသရုပ်နှင့် လားရာတို့ကို ရှင်းရှင်းပင် တွေ့လာရသည်။

“(က) ညီလာခံ၏ ဦးတည်ချက်များနှင့် လုပ်ထုံးလုပ်နည်းများကို အမျိုးသားညီလာခံကျင်းပရေး ညှိနှိုင်းဆွေးနွေးပွဲတွင်လည်းကောင်း၊ ညီလာခံတွင်လည်းကောင်း၊ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းပြီးမှ ပြုစုခြင်း မရှိ။

(ခ) ညီလာခံကိုယ်စားလှယ် အချိုးအစားကို ကြည့်ပြန်သောအခါ ပြည်သူက ရွေးကောက်တင်မြောက်လိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များသည် ညီလာခံကိုယ်စားလှယ် အားလုံး၏ ၁၅.၂၄ ရာခိုင်နှုန်းသာ ပါရှိသောကြောင့် အမျိုးသားညီလာခံတွင် အမြဲထာဝစဉ် “အနည်းစု” သာ ဖြစ်နေသည်။

(ဂ) စာတမ်းများကို ပြုစုတင်ပြရာ၌ လွတ်လပ်မှုမရှိဘဲ အာဏာပိုင်များက စိစစ်ပြီး ပြင်ဆင်ပေးစေလိုသည်များကို ပြင်ဆင်ပေးရသည်။

(ဃ) ညီလာခံအတွင်း ဆွေးနွေးရာ၌ အချင်းချင်း အပြန်အလှန်ဖလှယ်ခွင့် တင်ပြချက်များအပေါ် စိစစ်သုံးသပ်လျက် အသင့်မြတ်ဆုံးကို ညှိနှိုင်းရွေးချယ်ပိုင်ခွင့်မရှိ။

(င) ကိုယ်စားလှယ်များ၏ စိစစ်တင်ပြချက် အများအပြားကို ဥပေက္ခာပြုခဲ့သည်။

(စ) ဆွေးနွေးချမှတ်ရာ၌ အခြေခံမူများသာမက အသေးစိတ်များပါ ပါဝင်နေသည်။

(ဆ) အလှည့်ကျ သဘာပတိအဖွဲ့က စာတမ်းများကို ခြုံငုံသုံးသပ်ပြီး ထောက်ခံတင်ပြပေးရသည်။

(ဇ) ဘာသာရပ်တခုအပေါ် အပြည့်စုံ ဆွေးနွေးခြင်း မပြုရသေးသည်များကိုပါ တပါတည်း ဆုံးဖြတ်ချက် ချမှတ်သည်များကို တွေ့ရှိရသည်။

(ဈ) ညီလာခံကျင်းပရာ၌ ၁၉၄၇ ခုနှစ်၊ အခြေခံဥပဒေများ ရေးဆွဲစဉ်ကကဲ့သို့ အချိန်ဇယား သတ်မှတ်ချက် မရှိ”



No comments:

Post a Comment