Sunday, November 29, 2009

မြန်မာ့နိုင်ငံရေး အကျပ်အတည်း ရှေ့တလှမ်းတိုးနိုင်မည်လော

NEJ

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကို လူမဆန်စွာ အကြမ်းဖက်နှိမ်နင်းပြီးနောက် နိုင်ငံရေးအကျပ်အတည်း ဆိုက်ခဲ့သည့် နအဖစစ်အုပ်စုသည် (၁၄) နှစ်ကြာ ကျင်းပလိုက် ရပ်နားလိုက် ပြုလုပ်ခဲ့သည့် ညောင်နှစ်ပင် အမျိုးသားညီလာခံကို အလျင်အမြန် အဆုံးသတ်ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေဥပဒေမူကြမ်းဆိုသည်ကို ထုတ်ပြန်ခဲ့သည်။

ထို့နောက် မြန်မာပြည်သူများ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် အပူမီးတောက်လောက်နေချိန် ၂၀၀၈ ခုနှစ်၊ မေလတွင် ဆန္ဒခံယူပွဲပြုလုပ်ပြီး ညောင်နှစ်ပင် ဖွဲ့စည်းပုံအခြေခံမူကြမ်းကို ဖုတ်ပူမီးတိုက် လိမ်လည်အတည်ပြုခဲ့သည်။ (၉၂) ရာခိုင်နှုန်းကျော် သော ဆန္ဒမဲဖြင့် အတည်ပြုကြောင်း မျက်နှာပြောင်တိုက်ကြေညာပြီး ၂၀၁၀ ပြည့်နှစ်တွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို ကျင်းပပေးမည်ဟု တဆက်တည်း ထုတ်ပြန်ခဲ့လေသည်။

သို့သော် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပါလီမန်တွင် စစ်ဗိုလ်တမတ်သား အလိုအလျောက်ပါဝင်မည့် နအဖ၏ ၂၀၀၈ ညောင်နှစ်ပင်ဖွဲ့စည်းပုံ အခြေခံဥပေဒကို လက်မခံဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဒီမိုကရေစီနည်းမကျသည့် အချက်အလက်များကို ပြင်ဆင်ပေးမှသာ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားမည်ဟု ၂၀၀၉ ခုနှစ် ဧပြီလ (၂၉) ရက်နေ့တွင် ရွှေဂုံတိုင်ကြေညာစာတမ်း ကို ထုတ်ပြန်ကာ တောင်းဆိုခဲ့သည်။ အန်အယ်လ်ဒီ၏ ရွှေဂုံတိုင်ကြေညာစာတမ်းပါ တောင်းဆိုချက်များကို ပြည်တွင်းပြည်ပရှိ အတိုက်အခံအင်အားစုများကလည်း သဘောတူ ထောက်ခံခဲ့ကြသည်။

နအဖစစ်အုပ်စုကမူ အန်အယ်လ်ဒီ၏ ရွှေဂုံတိုင်ကြေညာစာတမ်းပါ တောင်းဆိုချက်ကို အကြောင်းပြန်ကြားခြင်းမရှိဘဲ သူတို့၏ အစီအစဉ်အတိုင်း ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရန်အတွက်သာ ကျိတ်ပုန်းခုတ်ပြင်ဆင်နေခဲ့သည်။ သို့သော် ပြီးခဲ့သည့် မေလဆန်းတွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောအမှု ဖြစ်ပွားခဲ့ချိန်မှစ၍ မြန်မာနိုင်ငံရေးအခင်းအကျင်းသည် အပြောင်းလဲကြီး ပြောင်းလဲခဲ့လေသည်။ ဂျွန်ယက်တောအမှုနှင့် ဆက်နွှယ်ကာ အမေရိကန်ဆီးနိတ်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် ရောက်ရှိလာပြီးနောက် မြန်မာ့နိုင်ငံရေးဇာတ်ခုံတွင် အမေရိကန်အစိုးရ၏ ကြားဝင်ဆောင်ရွက်မှုသည် တမဟုတ်ချင်း ရှေ့တန်းသို့ တက်လှမ်းလာခဲ့လေသည်။ မကြာသေးမီ ရက်ပိုင်းအတွင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး စကော့မာရှယ်တို့အဖွဲ့ လာရောက်သည့် ခရီးစဉ်အထိပင်ဖြစ်သည်။

သို့သော် မစ္စတာကာ့တ်ကမ်ဘဲလ်နှင့် စကော့မာရှယ်တို့ လာရောက်သည့် ခရီးစဉ်၏ ရလဒ်သည်လည်း ယခင့်ယခင် ကြားဝင်ဆောင်ရွက်ခဲ့ကြသည့် ကုလသမဂ္ဂအထူးကိုယ်စားလှယ်များ၏ ခရီးစဉ်များနှင့် မခြားနားသော အခြေအနေမျိုးဖြင့်သာ အဆုံးသတ်ခဲ့သည်ကို တွေ့မြင်ရပေသည်။ နအဖစစ်အုပ်စုဘက်မှ အဆုံးအဖြတ်ပေးနိုင်သည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်မရရှိဘဲ ပြန်သွားခဲ့ရပြီးနောက် ယခင်ကိုယ်စားလှယ်များနည်းတူ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ တွေ့ဆုံဆွေးနွေးရေးလုပ်ရန် ထိုသို့ထင်သာမြင်သာသည့် တိုးတက်မှုများရှိမှသာ စီပွားရေးအရ ပိတ်ဆို့အရေးယူမှုများကို လျော့ပေါ့ပေးသွားမည်ဆိုသည့် ဖြေကြားမှုများဖြင့် ခရီးစဉ်အား အဆုံးသတ်ခဲ့သည်ကို တွေ့ရသည်။

အနည်းငယ်ထူးခြားသည်မှာ ကာ့တ်ကမ်ဘဲလ်၏ ခရီးစဉ်၌ ယခင်ကိုယ်စားလှယ်များ လာရောက်စဉ်က ကန့်သတ်ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းတင်နှင့် ညီညွတ်သောတိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (ယူအန်အေ) မှ တိုင်းရင်းသားခေါင်းဆောင်များကို တွေ့ဆုံခွင့်ရခဲ့ခြင်းနှင့် စီးပွားရေးပိတ်ဆို့မှု လျှော့ပေါ့ရေးအတွက် မက်လုံးပေးပြောဆိုနိုင်မှုတို့ပင်ဖြစ်သည်။

နအဖစစ်အုပ်စုဘက်မှ ပြုမူဆက်ဆံပုံကို သတိထားသုံးသပ်ကြည့်လျှင်မူ အမေရိကန်အစိုးရ၏ ကြားဝင်ဆောင်ရွက်မှုကို လက်ခံခဲ့သည့် သူတို့၏ ရည်ရွယ်ချက်သည် အမေရိကန် လိုလားသည့်အတိုင်း တွေ့ဆုံဆွေးနွေးရေးလုပ်ရန်နှင့် နိုင်ငံရေးအရ တိုးတက်မှုရှိကြောင်း ပြသနိုင်ရန် လုပ်ကိုင်ဆောင်ရွက်လို၍ မဟုတ်ဘဲ သူတို့စစ်အုပ်စုအပေါ် အထိနာစေသည့် စီပွားရေးပိတ်ဆို့ အရေးယူမှုများကို လျှော့ပေါ့ပေးစေလိုခြင်းကြောင့်သာ အတိုက်အခံအင်အားစုများနှင့် ဟန်ပြတွေ့ဆုံခွင့်ပြုခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ပေသည်။

နအဖလိုလားသည်က အမေရိကန်ဘက်မှ စီပွားရေးပိတ်ဆို့အရေးယူမှုများကို အရင်လျှော့ပေါ့ပေးစေလိုခြင်းဖြစ်ပြီး အမေရိကန်အစိုးရအနေဖြင့်က ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပြီး စစ်မှန်သည့် တွေ့ဆုံဆွေးနွေးမှုကို အရင်ပြုလုပ်မှ လျှော့ပေါ့ပေးလိုခြင်းဖြစ်သည့်အတွက် နအဖ၏ အကြံအစည်နှင့် အမေရိကန်အစိုးရ၏ ကြားဝင်ဆောင်ရွက်သည့် ရည်ရွယ်ချက်သည် လတ်တလောအခြေအနေတွင် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်ကို တွေ့မြင်ရပေသည်။

ထို့အပြင် နအဖစစ်အုပ်စုက သူတို့စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းချင်၍သာ ၂၀၁၀ ရွေးကောက်ပွဲကျင်းပလိုနေခြင်းဖြစ်သဖြင့် တတ်နိုင်သမျှ အတိုက်အခံအင်အားစုများ၏ ပါဝင်ခွင့်ကို ကန့်သတ်ထားလိုသည်။ သို့သော် အမေရိကန်၊ ဂျပန်နှင့် အနောက်အုပ်စုအစိုးရများက ပါဝင်သင့် ပါဝင်ထိုက်သည့် ပုဂ္ဂိုလ်များကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပြုမှ ရွေးကောက်ပွဲကို အသိအမှတ်ပြုမည်ဟု ဆိုသည့်အတွက် အတိုက်အခံတို့ တောင်းဆိုနေသည့် တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဆန္ဒမရှိသည့် နအဖစစ်အုပ်စုအဖို့ ရှေ့ဆက်ရန် အခက်တွေ့နေလေသည်။

အတိုက်အခံအင်အားစုများဘက်သို့ ငဲ့စောင်းကြည့်ရှုလျှင်လည်း မိမိတို့လိုလားသည့် တွေ့ဆုံဆွေးနွေးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို နအဖဘက်မှ မဖြစ်မနေ လက်ခံဆောင်ရွက်လာစေရန်အတွက် ဖိအား (လူထုတိုက်ပွဲ၊ စစ်ရေး၊ သံတမန်ရေးဖိအား) ပေးနိုင်သည့် အနေအထားမျိုး မတွေ့ရသေးပေ။ ထိုသို့ နအဖဘက်မှလည်း အလျှော့မပေး (အာဏာမစွန့်ချင်)၊ အတိုက်အခံဘက်မှလည်း နအဖစစ်အုပ်စု အလျှော့မပေး၍ မရအောင် ဖိအားပေးနိုင်ခြင်းမျိုးမရှိလျှင် လူကြီးနေရာမှ ကြားဝင်ဆောင်ရွက်သည့် အမေရိကန်အစိုးရအနေဖြင့် နအဖနှင့် အတိုက်အခံတို့အကြား တစုံတရာ ပြေလည်မှုရရှိအောင် မည်သို့မည်ပုံ ဆက်လက်ဆောင်ရွက်မည်လဲ သို့တည်းမဟုတ် ယခုအတိုင်းပင် မြန်မာ့နိုင်ငံရေး အကျပ်အတည်း လိပ်ခဲတည်းလည်း ဆက်ဖြစ်နေဦးမည်လားဆိုသည်ကို စောင့်ကြည့်အကဲခတ်ရဖို့ရှိပေသည်။

No comments:

Post a Comment