နှောင်းလှိုင်/ နိုဝင်ဘာ ၁၆၊ ၂၀၀၉
မြန်မာ ပြည်တွင်းရှိ မြိတ်မြို့ တွင် ရော်ဘာ ဈေးနှုန်း နှိမ့်နေ ရာမှ စစ်အစိုးရ စစ်တပ်၏ ဖျက်သိမ်း၊ သိမ်းဆည်း မှုကြောင့် ရော်ဘာခြံ ပိုင်ရှင်များ ငြင်းငြူမှု ဖြစ်လာသည်။
“တချို့ ရော်ဘာခြံတွေ ဆိုရင် စစ်တပ်က တပ်အသစ်ဖွင့်တာနဲ့ ရာဘာခြံတွေပါ အသိမ်းခံရတယ်။ အစိုးရ စစ်တပ်က အဓမ္မသိမ်းတော့ ကျနော်တို့ ပြည်သူတွေက ဘာမှ ပြောခွင့်မရတော့ဘူး ကိုယ့်မြေသိမ်းတာကို ငြိမ်ခံပြီး နေကြရတယ် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဆို အမြဲတမ်း အသိမ်းဆည်းခံရတယ်” ဟု မြိတ်မှ ရော်ဘာ ခြံပိုင်ရှင် တဦးပြောသည်ကို ဒေသခံတဦးက ပြန်လည်ပြောပြသည်။
၎င်းက “ကျနော်တို့နယ်မှာကတော့ ဈေးက ၈၀၀ တောင်မရဘူး ခြံသမားတွေက အမြဲတမ်းလိုလို နှိမ်ခံရတယ် ဒိုင်တွေက ဒီဈေးဆို ဒီဈေးဘဲ ရာဘာခြစ်တဲ့ အလုပ်သမား တွေကဆို ရာဘာဈေးနည်းတော့ လုပ်ခနည်းတယ် အဲ့တော့ အလုပ်သမားတွေအတွက် အဆင်မပြေဘူး တနေ့လုပ်တနေ့စား ဖြစ်နေတော့ တနေကုန်ပင်ပန်းတယ် ဒီကြားထဲ ရာဘာဈေးက မကောင်းတော့ လုပ်အားခကလည်း ခြံရှင်ပေးသလောက်နဲ့ လုပ်ရတာဘဲ” ဟု ဆက်လက်ပြောပါသည်။
မြန်မာပြည်ရှိ မြိတ်တွင်ရော်ဘာ ၁ ပေါင်ကို ၈၃၀ ကျပ်ဖြင့်ရောင်းရပြီး ယခု နှစ်တွင် ယခင်နှစ်ထက် ရော်ဘာအထွက်နည်းသဖြင့် ဈေးတက်ရန် ရှိသော်လည်း စစ်အစိုးရ စစ်တပ်၏ သိမ်းဆည်းမှုကြောင့် အဆင်မပြေမှုများ ရှိနေသည်။
“ဘိုးဘွားဘီဘင်လက်ထက်ကတည်းက ရာဘာလုပ်ငန်းဖြင့် လုပ်ကိုင်လာခဲ့ပြီး စစ်အစိုးရလက်ထက်မှာ တပ်တွေ တိုးချဲ့တဲ့အတွက် လယ်ယာကိုင်းကျွန်း လုပ်ကိုင် စားသောက် နေကြတဲ့ လုပ်သားပြည်သူ ခြံမြေ တွေကို အာဏာရှင်ပီပီ အဓမ္မ သိမ်းဆည်းခံခဲ့ကြရပါတယ်” ဟု ဒေသခံ တဦးကပြောပါသည်။
သိမ်းဆည်းထားသော ဥယာဉ်ခြံမြေများအစား ထိုက်သင့်သည့် လျော်ကြေးများပေးခဲ့ခြင်း မရှိသည့်အပြင် ဥယာဉ်ခြံရှင်များသည် တရားသောနည်းလမ်းဖြင့် တင်ပြခဲ့ သော်လည်း တာဝန်ဝတ္တရား နှောင့်ယှက်မှုပါ အရေးယူခြင်းများ လည်း ခံခဲ့ရသည်။ ခြံမြေပိုင်သူများ အနေဖြင့် ဥပဒေမဲ့ မင်းမဲ့ တိုင်းပြည်ဘ၀ဖြင့် လူ့အခွင့်အရေး ချိုးဖောက် ခံရပြီး ပြောရေးဆိုခွင့် လည်းမရှိပါ ဟု ဒေသခံများက ပြောပါသည်။
၂၀၀၂ ခုနှစ်တွင် စစ်အစိုးရ စစ်တပ် ခလရ ၁၇ သည် မြိတ်လေတပ်စခန်းဌာနချုပ် အသစ်ဖွင့်လှစ်ခဲ့ရာ ထိုခလရ ၁၇ တပ်ဟောင်းအား မြိတ်မြို့၏ အပြင်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ပြီး ရော်ဘာ ဧက ၂၀ ကျော်ဖျက်ဆီးခဲ့သည်။ ယခုလည်း ဆက်လက် ရှိနေတုန်းဖြစ်သည့်အတွက် ပြည်သူများ အလုပ်လက်မဲ့များ များပြားလာသည်။
No comments:
Post a Comment