Saturday, November 21, 2009

နယူးဒေလီဆောင်းနှင့် ဒုက္ခသည်များ၏ အားကစားပွဲတော်

ဇာနည်မာန်

အိန္ဒိယ၏ အေးမြသော ဆောင်းနှင်းမြူများနှင့်အတူ မြန်မာဒုက္ခသည် အများစုနေထိုင်ရာ နယူးဒေလီ အနောက်ပိုင်းရှိ Vikaspuri ရပ်ကွက် အားကစားကွင်းတွင် လေထဲတလူလူလွင့်နေသည့် အရောင်အသွေးစုံ အလံများ၊ အားကစားဝတ်စုံကိုယ်စီနှင့် လူငယ်များ၊ ပျော်မြူးနေသော ကလေးငယ်များ၊ အချင်းချင်း နှုတ်ဆက်သံ၊ စ နောက်သံများနှင့် စည်ကားနေသည်။

အားကစားကွင်းကြီး၏ ဘေးဘက်ရှိ မြန်မာ့ရိုးရာ စားစရာများ ရောင်းချသည့် ဈေးဆိုင်တန်းတွင်လည်း မုန့်ဟင်းခါး၊ ကောက်ညှင်း ပေါင်း နှင့် အကြော်စုံ၊ အသုပ်စုံ၊ မုန့်လက်ဆောင်း၊ ရှမ်းခေါက်ဆွဲ၊ ချင်းရိုးရာ ဆာဗူးသီး စသည်တို့မှ မွှေးပျံ့သော ရနံ့များ ပျံ့လွင့်နေပြီး အားပေးဝယ်ယူလှည့်ပါ တစာစာ ခေါ်ယူနေသူ၊ စားသောက်စရာများ မှာယူစားသောက်သူတို့နှင့် ပြည့်ညပ်နေသည်။

နယူးဒေလီရှိ မြန်မာ့ရေးရာရိပ်သာမှ ဦးစီးကျင်းပသည့် အိန္ဒိယရောက် မြန်မာဒုက္ခသည်များ၏ ဆောင်းရာသီ အားကစားပွဲတော် မြင်ကွင်းများမှာ အမိမြန်မာပြည်မှ အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာလာရသူတို့အဖို့ ပျော်ရွှင်၊ ကျေနပ်၊ အားရစရာပင်။

နှစ်စဉ်နှစ်တိုင်း သာမန် ဆောင်းရာသီ အားကစားပွဲတော်အနေဖြင့်သာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင်မူ For Free Burma ဟူ၍ ခေါင်းစဉ်တပ်ကာ စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးအတွက် သွေးစည်းညီညွတ်မှု တရပ်အဖြစ် ပြုလုပ်သည်ဟု မြန်မာ့ရေးရာရိပ်သာ တာဝန်ခံ ဦးထောင်ဒိုစင်းက ဆိုသည်။

“မြန်မာပြည်သား ဒုက္ခသည်အားလုံး အချင်းချင်း ချစ်ခင်ရင်းနှီးကြဖို့၊ အချင်းချင်း ကူညီရိုင်းပင်း တတ်အောင် စုရုံးပါဝင်လှုပ်ရှားတဲ့ အတိုင်းပဲ ကျနော်တို့အားလုံး ပူးပေါင်းပြီး လှုပ်ရှားမှ မလွဲမသွေ လွတ်လပ်ရေး ရမှာပဲလို့ မျှော်လင့်ပြီး For Free Burma ဆိုတဲ့ ခေါင်းစဉ် တပ်ထားတာပါ” ဟု သူက ပြောပြသည်။

နိုဝင်ဘာ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့ထိ ၄ ရက်ကြာ ကျင်းပသည့် ပွဲတော်ကာလတွင် ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်စသည့် အားကစားပြိုင်ပွဲများ လွန်ဆွဲပွဲနှင့် ကလေးငယ်များအတွက် တာတိုပြေးပွဲများ ထည့်သွင်းထားပြီး ပြိုင်ပွဲဝင် လူငယ်များ တပျော်တပါး ပါဝင်ကြသည်ကို တွေ့ရသည်။

အားကစားကွင်းမှာ သာမန်အချိန်များတွင် တိတ်ဆိတ်ခြောက်ကပ်နေသော်လည်း အားကစားပွဲတော် ကာလတွင် အားပေးသူများနှင့် ပြည့်လျှံနေပြီး ညာသံပေး အော်ဟစ်အားပေးသံများနှင့် ဆူညံ အသက်ဝင် နေသည်။

အားကစားပွဲတော်ကြောင့် ဒုက္ခသည်အချင်းချင်း ရင်းနှီးခွင့်ရသလို ကျန်းမာရေးအတွက်လည်း အထောက်အကူများစွာ ဖြစ်သည်ဟု ဆိုလာသူမှာ တီးတိန်ဘောလုံးအသင်းမှ ကိုရန်ပိုင်စိုးဖြစ်သည်။

“အိန္ဒိယမှာက အိမ်ခန်းကျဉ်းလေးတွေထဲ ဒီနေရာပဲစား၊ ဒီနေရာပဲအိပ်တာ။ အခုပွဲမှာ ၀င်ပါတော့ ထရိန်နင်တွေ ဆင်းရတော့ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်တယ်။ ဒုက္ခသည်အချင်းချင်း တယောက်နဲ့တယောက် ရင်းနှီးခွင့်ရတယ်။ ကိုယ့်ဗမာပြည်သား အချင်းချင်း ချစ်ချစ်ခင်ခင် ကစားကြ၊ အတူတူ ၀ိုင်းစားကြနဲ့ဆိုတော့ အများကြီးပျော်ရတယ်” ဟု သူ၏ အားကစားဝတ်စုံကို ပြင်ဆင်ဝတ်ဆင်ရင်း ပြောပြသည်။

ပြိုင်ပွဲတွင် ဆုရခြင်း၊ မရခြင်းထက် ဒုက္ခသည်အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိရသည့်အတွက် ၀မ်းသာမိသည်ဟု သူကဆိုသည်။ အားကစားပွဲတော်ကာလအတွင်း မြန်မာ့အစားအစာများကို စားသောက်ရသည့်အတွက် ပျော်ရွှင်သည်ဟုလည်း ဆက်ပြောသည်။

သူက “ဒီမှာရောင်းတာတွေက ဈေးတော့ကြီးတာပေါ့။ ဒါပေမယ့် ကိုယ့် မြန်မာအစားအစာတွေ တစုတဝေးတည်း ဒီမှာစားလို့ရ၊ တွေ့ရတော့ ကျေနပ်မိတယ်” ဟု ပြောသည်။

အိန္ဒိယရောက် မြန်မာဒုက္ခသည်များမှာ ကချင်၊ ရခိုင်နှင့် ဗမာများဖြစ်ကြပြီး အများစုသည် ချင်း တိုင်းရင်းသားများ ဖြစ်၍ အားကစားပွဲတွင် ပါဝင်သည့် အားကစားအသင်းအဖွဲ့များ၏ အမည်အများစုတွင် ချင်းအမည်များ၊ အလံများတွင် အောက်ချင်းငှက်ပုံများအား လှပစွာ ထည့်သွင်းထားသည်ကို တွေ့ရသည်။

အားကစားကွင်းမှ အထွက်၊ အစားအသောက် ဈေးတန်းအရောက်တွင် ထိုင်စရာနေရာလပ်မရှိ၊ စားစရာ မှာယူသူ များပြားလှ၍ အစားအသောက် ရောင်းသူများမှာလည်း လက်မလည်နိုင်အောင် ဖြစ်နေသည်ကို တွေ့ရသည်။

ဒုက္ခသည်များ၏ အစားအသောက် ဈေးတန်းလေးမှာ တခြားသော ဈေးတန်းများကဲ့သို့ ထည်ထည်ဝါ၀ါ မရှိလှသော်လည်း ပကာသနမဖက်သည့် ကျေးလက်ဒေသမှ ဘုရားပွဲဈေးတန်းလေးသို့ ပြန်ရောက် သွားသလိုပင်။

မြန်မာဒုက္ခသည် အမျိုးသမီးများ ဦးဆောင်ဖွင့်လှစ်ထားသော WRWAB ဆေးခန်း ရန်ပုံငွေအတွက် ရောင်းချသော ဆိုင်၊ ကချင် အမျိုးသမီးများ အစည်းအရုံး ရန်ပုံငွေဆိုင်၊ ခရစ်ယာန်မိသားစုများ၏ ကလေးများ ဥပုသ်စာဖြေကျောင်း (Sunday School) မှ လာရောက်ခင်းကျင်းသောဆိုင် အစရှိသဖြင့် ဆိုင်ခန်းပေါင်း ၂၀ ၀န်းကျင် ဖွင့်လှစ်ထားသည်။

“အခုဆိုရင် ဒီကို ကချင်အမျိုးသမီး ဒုက္ခသည်တွေ ရောက်လာတာများလာတယ်။ သူတို့တွေအတွက် ကျန်းမာရေး၊ နောက် UN ရုံးကို သွားဖို့ စရိတ်စက စတာတွေကို ထောက်ပံ့ပေးရတာတွေ ပိုများလာတော့ အခုလိုပွဲမှာ စားစရာတွေရောင်းပြီး ရန်ပုံငွေရှာတာပေါ့” ဟု ကချင်အမျိုးသမီးများ အစည်းအရုံးမှ မလူနန်းက ပြောပြသည်။

ရန်ပုံငွေအတွက် ရည်ရွယ်ရောင်းချ နေရသဖြင့် မအားမလပ်၊ ပင်ပန်းလှသော်လည်း မြန်မာပြည်အလွမ်းပြေ အစားအစာများကို ပျော်ရွှင်စွာ စားသောက် နေသူများအား မြင်တွေ့ရသောကြောင့် ၀မ်းသာမိသည်ဟု သူကဆိုသည်။

UNHCR ၏၂၀၀၉ ခုနှစ် ဇူလိုင်လ စာရင်းများအရ အိန္ဒိယနိုင်ငံတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသား ဒုက္ခသည် ၅၀၀၀ ကျော်အနက် ၂၅၈၁ ဦးကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

နေမြင့်လာသော်လည်း နယူးဒေလီတွင် မြူနှင်းများမကွဲနိုင်သေးပေ။ အားကစားပွဲတော် ဝန်းအတွင်း တွင်တော့ အမိမြန်မာပြည်သို့ ပြန်လည်တမ်းတနေသည့် မျက်ဝန်းများ၊ ရေကြည်ရာ မြက်နုရာအရပ်သို့ သွားရောက်ရန် မျှော်လင့်နေကြသူများ၊ ပျော်ရာမှာ မနေရဘဲ တော်ရာနေရာတွင် ဖြစ်သလို ကြိုးစားနေထိုင်၍ မျှော်မှန်းမရသည့် အနာဂတ်ကို ရင်ဆိုင်နေကြသည့် မြန်မာဒုက္ခသည်တို့၏ ဒုက္ခရောက်သူအချင်းအချင်း အားပေးကူညီမှု အရိပ်များ ထင်ဟပ်ရင်း တနှစ်တာ အားကစားပွဲအချိန် ကုန်ပြန်လေတော့သည်။



No comments:

Post a Comment