Monday, November 23, 2009

ဆန်စင်ရာ ကျည်ပွေ့လိုက်နေကြသူများ

ဘွဲ့ဖြူ

ကမ္ဘာ့ ဘယ်နေရာ၊ ဘယ်ဒေသ၊ ဘယ်နိုင်ငံက အဖိနှိပ် ခံပြည်သူတွေ မှာမဆို အရေအတွက် မနည်းလှတဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ညံ့ဖျင်း အားနည်း ချက်တွေ ရှိတတ်ကြတာ ဓမ္မတာဖြစ်တယ်။ အဲဒါတွေထဲက တခုကတော့ အခြေ အမြစ်မရှိ၊ ယုတ္တိယုတ္တာ ကင်းမဲ့၊ သမိုင်းရဲ့ ပေးထား ချက်တွေ၊ လက်ရှိမှာ အမှန်တကယ် တည်ရှိနေတဲ့ အချက် အလက်တွေနဲ့ ကင်းလွတ်တဲ့၊ကျိုးကြောင်း ဆီလျော်မှု နတ္ထိဖြစ်တဲ့ ကောလာ ဟလနဲ့ သမ္ဖပ္ပလာ ပဝါစာတွေ အပေါ် အခြေပြုပြီး မျှော်လင့် ချက်တွေကို တည်ဆောက်တဲ့ ဓလေ့ဖြစ်တယ်။ အထူး သဖြင့် အဲဒီ အခြင်း အရာမျိုး ဟာ ကိုယ်ကျိုး အတ္တကြီးတဲ့ အုပ်စိုး သူတွေ ရဲ့ဖိနှိပ်မှု အထူးပြင်းထန် နက်ရှိုင်းတဲ့ အခြေ အနေမှာ ပေါ်ပေါက် လေ့ရှိ တယ်။




အဖိနှိပ်ခံပြည်သူတွေမှာလို့ ယေဘုယျခြုံပြီး ပြောလိုက်ရပေမယ့် တကယ်တော့ အဲဒီလိုမျိုး မျှော်လင့်ချက်တွေ စတင်ပေါက်ဖွားရာနယ်ပယ်က ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး အာရုံခံစား နိုင်စွမ်း (Sensitivity) အမြင့်ဆုံး လူပုဂ္ဂိုလ်တွေ စုဝေးရာ နိုင်ငံရေးနယ်ပယ်ဖြစ်တယ်။ ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး အာရုံခံစားနိုင်စွမ်း အမြင့်ဆုံးဖြစ်မှုရဲ့ သဘာဝကျတဲ့ အကျိုးဆက်အဖြစ် သူတို့ဟာ ဖိနှိပ်မှုကို တွန်းလှန်ဖယ်ရှားပစ်နိုင်မှ လွတ်လပ်လုံခြုံ ငြိမ်းချမ်းတရားမျှတတဲ့ လူမှုဘ၀တွေ တည်ဆောက်နိုင်မှာ ဖြစ်တယ်ဆိုတဲ့အချက်ကို သဘောပေါက်နားလည်ထားကြသူတွေဖြစ်တယ်။ အဲသလို နားလည်သဘောပေါက်မှုကို အခြေခံပြီး သူတို့ဟာ ဖိနှိပ်အုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်ဖယ်ရှားရေးလုပ်ငန်းကို မိမိတို့မှာရှိတဲ့ စွမ်းအားအလျောက် အကောင်အထည်ဖော် လုပ်ဆောင်ကြတယ်။ အဲဒီလိုလုပ်ဆောင်မှုရဲ့ အကျိုးဆက်အဖြစ် သူတို့ဟာ အဖိနှိပ်ခံပြည်သူတွေရဲ့ အဆင့်ဆင့်သော ခေါင်းဆောင်များဖြစ်လာကြတယ်။ အဖိနှိပ်ခံပြည်သူလူထုကြီးရဲ့ တပ်ဦးနေရာကို ရောက်ရှိလာကြတယ်။ ဒီလိုနဲ့ သူတို့ရဲ့ ကံသုံးပါးအမူအရာတွေဟာ အရေးပါလာတယ်။ ပြည်သူတွေက သူတို့ပြောတဲ့ စကားမှန်သမျှကို အရေးတယူ အလေးမူပြီး နားထောင်လာကြတယ်။ ဒီလိုနဲ့ သူတို့ရဲ့ သြဇာဟာ လူထုကြားမှာ ပျံ့နှံ့နေတယ်။

အဖိနှိပ်ခံပြည်သူလူထုရဲ့ တပ်ဦးမှာရှိနေကြတဲ့ အဲဒီလူတွေ (သူတို့ကို အတိုက်အခံနိုင်ငံရေးသမားလို့ ခေါ်ချင်ခေါ်၊ နိုင်ငံရေးစိတ်ဝင်စားတဲ့သူလို့ ခေါ်ချင်ခေါ်၊ နိုင်ငံရေးနဲ့ နီးစပ်သူလို့ ခေါ်ချင်ခေါ် ကြိုက်သလိုခေါ်ပါ) ဟာ ဖိနှိပ်မှုနဲ့ ပတ်သက်လို့ သာမန်ပြည်သူတွေထက်ပိုပြီး ခံစားချက် ထက်မြက်စူးရှကြသူတွေ ဖြစ်တယ်ဆိုပေမယ့် အဲဒီအဆိုက သူတို့အားလုံးဟာ ဖိနှိပ်သူတွေနဲ့ အဖိနှိပ်ခံတွေကြားမှာရှိနေတဲ့ ပဋိပက္ခရဲ့သမိုင်း၊ ဖိနှိပ်မှုကို ဆန့်ကျင်ခုခံတွန်းလှန်ရာမှာ အထိရောက်ဆုံး
နည်းလမ်း … စတဲ့ အခြင်းအရာတွေနဲ့ ပတ်သက်လို့ ခြေခြေမြစ်မြစ် ပတ်ပတ်နပ်နပ် နှံ့စပ်သိမြင်သဘောပေါက် နားလည်ထားကြပြီးသားဖြစ်တယ်လို့တော့ အဓိပ္ပာယ်မရဘူး။

ဒါကြောင့်လည်း အဲဒီလူတွေထဲကတချို့ (မကြာခဏဆိုသလိုပဲ အဲဒီတချို့ဆိုတဲ့ ပမာဏဟာ အများစုဖြစ်နေတတ်တာကို တွေ့ရလေ့ရှိတယ်။) ဟာ ဒီဆောင်းပါးအစမှာ ဆိုခဲ့သလို ပကတိအရှိတရားနဲ့ ကင်းလွတ်တဲ့ ကောလာဟလတွေနဲ့ ပြည်သူ့အကျိုးစီးပွားအတွက် အကျိုးမဲ့အချည်းနှီးဖြစ်တဲ့ သတင်းစကားတွေအပေါ် အခြေပြုပြီး ပြည်သူတွေအတွက် တံလျှပ်လို မျှော်လင့်ချက်တွေကို တည်ဆောက်ပေးမိတတ်ကြတယ်။ တံလျှပ်ဟာ အတိတ်ဘယ်တုန်းကမှ ရေမဟုတ်ခဲ့ဖူး၊ အခုလက်ရှိ ပစ္စုပ္ပန်မှာလည်း ရေမဟုတ်၊ နောင်လာမယ့် အနာဂတ်မှာလည်း ဘယ်တော့မှ ရေဖြစ်လာမှာ မဟုတ်သလို အဲဒီတံလျှပ်လို မျှော်လင့်ချက်တွေဟာလည်း ဘယ်တုန်းကမှ အကောင်အထည်ပေါ်လာခဲ့ဖူးတာ မရှိတဲ့အတွက် အဲဒီမျှော်လင့်ချက်တွေအပေါ် ရောယောင်မျှော်ကိုးခဲ့ကြတဲ့ အဖိနှိပ်ခံပြည်သူတွေဟာ ကြာတော့ ဘယ်လိုမျှော်လင့်ချက်မျိုးမှ မထားရဲကြတော့ဘဲ စိတ်ပျက်လက်ပျက် မှိုင်တွေချကာ အနာဂတ်ဆိုတာကို မယုံကြည်တော့တဲ့ အနေအထားကို ရောက်ရှိသွားတတ်တယ်။ အဲဒီအနေအထားဟာ အဖိနှိပ်ခံပြည်သူတွေအတွက် ‘တွင်းနက်ကြီး’ ဖြစ်ပြီး ဖိနှိပ်သူတွေအတွက်တော့ ‘ကောင်းကင်ဘုံ’ ဖြစ်တယ်။

မြန်မာ့နိုင်ငံရေးလောကမှာလည်း သမိုင်းတခေတ်ကို အဲဒီလိုအနေအထားမျိုးနဲ့ တခန်းရပ်သွားအောင် ဖိနှိပ်အုပ်စိုးသူတွေက ရည်ရွယ်ချက်ရှိရှိ၊ အစီအစဉ်ရှိရှိ စနစ်တကျ ကြိုးပမ်းလုပ်ဆောင်နေခဲ့ကြပြီး နိုင်ငံရေးသမားတချို့ကလည်း အဲဒီဆိုင်းချက်အတိုင်း သိစိတ်မဲ့ (unwittingly) လိုက်ကမိခဲ့ကြတာကို တွေ့ရတယ်။ အဲဒီအနေအထားကို ထင်ရှားအောင် သာဓကပြရမယ်ဆိုရင် ပြည်တွင်းပြည်ပက အတိုက်အခံ မြန်မာ့နိုင်ငံရေးသမားတချို့ဟာ စစ်အာဏာရှင်ခေတ်တလျှောက်လုံး (အထူးသဖြင့် န၀တ၊ နအဖခေတ်) စစ်ဗိုလ်ချုပ်တွေ ဟိုနေရာ ဒီနေရာမှာ ပြောကြတဲ့စကားတွေကို အဟုတ်ကြီးထင် အတိတ်နိမိတ်ကောက်ပြီး မျှော်လင့်ချက်တွေ တည်ဆောက်လေ့ရှိကြတဲ့ကိစ္စပဲ။

အထူးသဖြင့် အဲဒီနိုင်ငံရေးသမားတွေဟာ နေ့ကြီးရက်ကြီးတွေမှာ နအဖအကြီးအကဲ ဗိုလ်သန်းရွှေပြောဆိုတဲ့ မိန့်ခွန်း၊ ဒါမှမဟုတ် ပေးပို့တဲ့ သ၀ဏ်လွှာထဲမှာပါတတ်တဲ့ (သူတို့အထင်) ထူးထူးခြားခြား စကားလုံးအသုံးအနှုန်းတွေကို ဗေဒင်လေးပုံနဲ့ တိုက်ဆိုင်စစ်ဆေးပြီး မနက်ဖြန်သဘက်ခါပဲ မြန်မာပြည်မှာ ဒီမိုကရေစီထွန်းကားလာတော့မယောင် ဟောကိန်းထုတ်လေ့ ရှိကြတယ်။ သူတို့ဟာ အတိတ်ကို မေ့တတ်သူများ (ဒါမှမဟုတ် သမိုင်းကို လိုအပ်သလောက်ကလေးတောင် မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ နားမလည် သဘောမပေါက်သူများလည်း ဖြစ်ချင်ဖြစ်မယ်) ပီပီ မြန်မာ့နိုင်ငံရေးအနာဂတ်ကို ဟောကိန်းထုတ်တဲ့အခါ မြန်မာစစ်အာဏာရှင်စနစ်ရဲ့ တကယ့်အတွင်းသရုပ်မှန်ကို လုံးလုံးထည့်မတွက်တော့ဘဲ စစ်ဗိုလ်ချုပ်တွေရဲ့ အပေါ်ယံပြောစကားတွေအပေါ်မှာသာ လုံးလုံးလျားလျား အာရုံထားပြီး လိုရာဆွဲတွေး ပြောဆိုသုံးသပ် ကောက်ချက်ချလိုက်ကြလေ့ရှိတယ်။

ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ညီလာခံမှာ ဗိုလ်သန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး “ရင့်ကျက်သည့် ပါတီစည်းရုံးရေးမူများကို လိုက်နာကျင့်သုံး ထိန်းသိမ်းသူမှန်သမျှ အစိုးရက စောင့်ရှောက်သွားမည်” လို့ ပြောကြားခဲ့တယ်။ အဲဒီစကားကိုပဲ ဆိုခဲ့ပါ အတိတ်ကောက်သူတွေက ၂၀၁၀ ရွေးကောက်ပွဲဟာ တကယ်ပဲ လွတ်လပ်သန့်ရှင်းတရားမျှတတဲ့ ရွေးကောက်ပွဲ သေချာပေါက်ဖြစ်လာတော့မယ့်ပုံမျိုး အူမြူးချိုကြွ ကြိုဆိုကြတာတွေ လုပ်ခဲ့ကြတယ်။

ပြီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာလည်း နအဖ၀န်ကြီးချုပ် ဗိုလ်သိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး (NLD အပါအ၀င် အတိုက်အခံနဲ့ တော်လှန်ရေးအင်အားစုတွေ သုံးနှုန်းတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ အသုံးအနှုန်းကို တမင်တကာ သတိထားရှောင်ရှားပြီး သုံးစွဲထားတဲ့ အသုံးအနှုန်း) လုပ်ငန်းစဉ်မှာ ပါဝင်ခွင့်ရှိပါလိမ့်မယ်လို့ ပြောဆိုခဲ့ပြန်တယ်။ အဲဒီစကားလုံးအသုံးအနှုန်းနဲ့ ပတ်သက်လို့လည်း (မြန်မာပြည် နိုင်ငံရေးအကြောင်း ဂဃနဏ ရေရေရာရာ မသိကြတဲ့ အာဆီယံခေါင်းဆောင်တွေကဆို ထားပါတော့) ပြည်တွင်းပြည်ပက အတိုက်အခံမြန်မာ့နိုင်ငံရေးသမားတချို့က ၀င်ပြီး ‘ယောင်’ ကြပြန်တယ်။ နအဖနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကြိတ်ဝိုင်းဆွေးနွေးပွဲလုပ်ပြီး သဘောတူညီမှုတခုပဲ ရထားသယောင်ယောင်၊ ဒါမှမဟုတ် မကြာခင်ရက်ပိုင်းအတွင်း နအဖနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတခု မြေကြီးလက်ခတ်မလွဲ ပေါ်ပေါက်လာတော့မယောင်ယောင် အတိတ်ကောက် နိမိတ်ကောက်ပြီး ဟောကြပြောကြပြန်တယ်။

နောက်တမျိုးရှိသေးတယ်။ အဲဒါကတော့ အဖိနှိပ်ခံပြည်သူတွေ အမြဲတမ်း ထိုင်းမှိုင်းငေးငိုင်တွေဝေနေစေဖို့ ရည်ရွယ်ပြီး စစ်အာဏာရှင်တွေရဲ့ ထောက်လှမ်းရေးဝန်ထမ်းတွေ အခါအားလျော်စွာ ထုတ်လွှတ်တတ်တဲ့ ‘ဖန်လုံအိမ်ဓာတ်ငွေ့’ နဲ့တူတဲ့ ကောလာဟလသတင်းတွေဖြစ်တယ်။ ဥပမာ - ဗိုလ်သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကြိတ်ဝိုင်းဆွေးနွေးပွဲ လုပ်နေပြီဆိုတာမျိုး၊ ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင်လွှတ်ပေးတော့မယ်ဆိုတာမျိုး၊ လက်ရှိအစိုးရနဲ့ အတိုက်အခံတွေပေါင်းပြီး ကြားဖြတ်အစိုးရဖွဲ့တော့မယ် ဆိုတာမျိုးတွေပေါ့။ အဲဒါမျိုးတွေကိုလည်း ဆိုခဲ့ပါ အတိတ်ကောက်ဆရာတွေက အမှန်ထင် အဟုတ်မှတ်ပြီး လေထဲတိုက်အိမ်ဆောက်တတ်ကြသေးတယ်။

‘ခက်တော့တာပဲ’ လို့ပဲ ဆိုရတော့မယ်။ တကယ်တော့ ပြည်သူကို အကျိုးပြုလိုတဲ့စိတ်နဲ့ မြန်မာ့နိုင်ငံရေးသမိုင်းကို စူးစူးနစ်နစ် နက်နက်ရှိုင်းရှိုင်း လေ့လာကြသူတွေရဲ့ မျက်စိအောက်မှာ မြန်မာစစ်အာဏာရှင်စနစ်ဟာ အဖုံးအကာအောက်မှာ တိမ်းရှောင်ပုန်းလျှိုးနေနိုင်စွမ်းရှိတဲ့ အရာတခုမဟုတ်ဘူး။ နောက်ပြီး ဒီကနေ့လက်ရှိအချိန်မှာ မြန်မာစစ်အာဏာရှင်စနစ်ဟာ ညီအစ်ကိုမသိတသိအချိန်ရောက်နေတဲ့ အခြေအနေလည်းမဟုတ်ဘူး။ ‘ရှစ်လေးလုံး’ ဂါထာစုပ်ပြီး ‘ရွှေဝါရောင်တော်လှန်ရေး’ ဆေးကြိမ်လုံးနဲ့ သုတ်လိုက်လို့ အယောင်ဆောင်ထားတဲ့ လူသားအသွင်ပျောက်ပြီး အစွယ်ဖွေးဖွေး ဘီလူးရုပ်နဲ့ ငုတ်တုတ်ပေါ်လာရတဲ့အချိန်ဖြစ်တယ်။

မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်တွေက မြန်မာနိုင်ငံရေးသမားတွေဟာ ကလိမ်ကကျစ်တွေ၊ ယုံကြည်လို့မရတဲ့သူတွေဖြစ်တယ်၊ သူတို့သာလျှင် နိုင်ငံ့သစ္စာကို ဖြောင့်မတ်တည်ကြည်စွာ စောင့်ထိန်းတဲ့သူတွေဖြစ်တယ်လို့ ပြောတတ်ကြတယ်။ ဗိုလ်နေ၀င်းအစ၊ ဗိုလ်စောမောင်အလယ်၊ ဗိုလ်သန်းရွှေအဆုံး မြန်မာစစ်အာဏာရှင်အားလုံးဟာ ဘယ်လိုလူမျိုးတွေ ဖြစ်တယ်ဆိုတာ သမိုင်းမှာ အကြိမ်ကြိမ် ပေါ်ထွက်လာခဲ့ပြီးဖြစ်လို့ ဒီနေရာမှာ အသေးစိတ် ဖွင့်ဆိုရှင်းပြဖို့ လိုတော့မယ်မထင်ဘူး။ ဗိုလ်နေ၀င်းက ပါးစပ်ကနေ နိုင်ငံကို ဆိုရှယ်လစ်စနစ်နဲ့ လောကနိဗ္ဗာန်အရောက် ဦးဆောင်ခေါ်ယူသွားမယ်လို့ ပြောပြီး အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာအကောင်းဆုံးနိုင်ငံကို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတခုအဖြစ်သို့ ကျရောက်သွားစေခဲ့ပြီးပြီ။ အခုတခါ ဗိုလ်သန်းရွှေကလည်း စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို ကျင့်သုံးရင်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်အောင် ထူထောင်ပေးမယ်လို့ပြောပြီး ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ လူ့အခွင့်အရေးအဖွဲ့ အပါအ၀င် နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့ပေါင်းစုံရဲ့ နှစ်စဉ်ပြစ်တင်ရှုတ်ချမှုကို ခံနေရတဲ့၊ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တွေ အပါအ၀င် ကမ္ဘာ့ခေါင်းဆောင် အဟောင်းအသစ်များစွာတို့ရဲ့ မကျေနပ် မနှစ်သက်မှုကို ခံယူနေရတဲ့၊ မိမိနိုင်ငံပြည်သူတွေ ကမ္ဘာလှည့်ပြီး ကျွန်ခံနေကြရတဲ့၊ ဘက်ပေါင်းစုံမှာ ချွတ်ခြုံကျပြီး ပျက်သုန်းနေတဲ့နိုင်ငံ (Failed State) တခုဖြစ်သွားအောင် လုပ်ခဲ့ပြီးပြီ။

တကယ်တော့ အဲဒါတွေသာလျှင် ပကတိအရှိတရား (Reality) ဖြစ်တယ်။ အမှန်တကယ်ရှိနေတဲ့ အချက်အလက် (Fact) တွေဖြစ်တယ်။ ဒါတွေသာ သမိုင်းရဲ့ပေးထားချက် (given data) တွေဖြစ်တယ်။ အဲဒါတွေကို လျစ်လျူရှုမျက်ကွယ်ပြုပြီး၊ စစ်ဗိုလ်ချုပ်တွေပြောတဲ့ စကားတွေကိုပဲ ကိုယ်လိုချင်သလို အနက်ကောက် အဓိပ္ပာယ်ဖွင့်ပြီး အနာဂတ်ကို ဟောကိန်းထုတ်နေမယ်ဆိုရင် အဖိနှိပ်ခံပြည်သူတွေဟာ တွင်းနက်ထဲရောက်သွားကြမှာမလွဲဘူး။

သေသေချာချာ ဆန်းစစ်လေ့လာကြည့်မယ်ဆိုရင် ဗိုလ်သန်းရွှေမှသာမဟုတ် စစ်အာဏာရှင်စနစ်ကို ရာသက်ပန် တည်တံ့ခိုင်မြဲစေလိုတဲ့ ဘယ်ဗိုလ်ချုပ်ရဲ့စကားမှ အသစ်အဆန်း မဟုတ်ဘူးဆိုတာကို တွေ့ကြရလိမ့်မယ်။ ဗိုလ်သန်းရွှေ စစ်မှုထမ်းဟောင်းညီလာခံမှာ ပြောတဲ့စကားဟာ သူ အရင့်အရင်နှစ်တွေက ဟိုအခမ်းအနား၊ ဒီအခမ်းအနားတွေမှာပြောတဲ့ စကားတွေနဲ့ အနှစ်သာရအရ တဆံခြည်မှမကွဲဘူးဆိုတာကို သတင်းစာဟောင်းတွေ ပြန်ဖတ်ကြည့်ရင် တွေ့လိမ့်မယ်။ သူ့စကားထဲက ရင့်ကျက်တဲ့ပါတီဆိုတာ သူတို့အလိုကျ ဗောင်းတော်ညိတ် စိတ်တော်သိတဲ့ ပါတီတွေကိုသာ ဆိုလိုတာဖြစ်တယ်။ ပြောရရင် အဲဒီထဲမှာ လွှတ်တော်ထဲရောက်အောင်သွားပြီး ပြည်သူ့အကျိုးအတွက်ဆောင်ရွက်ဖို့ စိတ်ကူးယဉ်နေကြတဲ့ ဒီမိုကရေစီဘက်တော်သားတွေရဲ့ ပါတီတွေတောင် ပါမှာမဟုတ်ဘူး။ ရင့်ကျက်တဲ့ပါတီဆိုတဲ့ အသုံးအနှုန်းကို ကြည့်ပြီး ဒါမှမဟုတ် စစ်တပ်အလိုကျလုပ်ထားမှ ‘အမျိုးသားနိုင်ငံရေး’ ဆိုတဲ့ အသုံးအနှုန်းကို ပြေးမြင်မိတယ်။ စစ်အာဏာရှင်တွေအလိုအရ စစ်တပ်လုပ်တာမှ အမျိုးသားနိုင်ငံရေး၊ တခြားသူတွေလုပ်တာက ပါတီနိုင်ငံရေး သို့မဟုတ် အာဏာနိုင်ငံရေးမဟုတ်လား။

ဗိုလ်သိန်းစိန်ရဲ့ စကားဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးလုပ်ငန်းစဉ်မှာ ပါဝင်ခွင့်ပေးမယ်ဆိုတာ “ပြည်သူလူထုရဲ့ ထောက်ခံဆန္ဒမဲ (၉၂) ရာခိုင်နှုန်းကျော်နဲ့ တခဲနက် အတည်ပြုထားတဲ့၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို ရှေးရှုဦးတည်ရေးဆွဲထားတဲ့ အခြေခံဥပဒေအရ ကျင်းပပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ မဲထည့်ခွင့်ပြုမယ်” လို့ ဆိုလိုတာသာဖြစ်တယ်။ ဗိုလ်သိန်းစိန်ရဲ့ စကားမျိုးကို န၀တ၊ နအဖခေတ်မှာ စစ်ဗိုလ်ချုပ်တွေ ဖန်တရာတေအောင် ပြောဖူးခဲ့ကြတယ်။ သုံးဖန်များလွန်းလို့ ဆီသည်မလက်သုတ်ဖတ်လို မည်းညစ်ဟောင်းနွမ်းလှပြီဖြစ်တယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ပြည်သူတွေ တခဲနက်ဖော်ပြခဲ့ကြတဲ့ ဆန္ဒတွေ၊ လိုလားချက်တွေကို မမေ့မလျော့ရှိနေကြသူတွေအဖို့တော့ ဘာတခုမှ လွမ်းလောက်စရာမရှိတဲ့ စကားတွေသာဖြစ်တယ်။

အဲဒီတော့ သမားကောင်းတို့မည်သည် အခိုင်အမာ အမြစ်တွယ်နေတဲ့ ရောဂါတခုကို ကုသတဲ့နေရာမှာ ရံဖန်ရံခါ ပေါ်လာတတ်တဲ့ လူနာရဲ့မျက်နှာပေါ်က သွင်ပြင်လက္ခဏာတွေအပေါ် အလေးမထားဘဲ ရောဂါရင်းရဲ့ အတွင်းသရုပ်ကိုသာ အသေအချာ လေ့လာစိစစ်ခွဲခြမ်းစိတ်ဖြာပြီး အနာနဲ့ဆေး တည့်အောင်ပေးပြီး ကုသသလိုပဲ မြန်မာပြည်မှာ အမြစ်တွယ်နေတဲ့ စစ်အာဏာရှင်စနစ်ကင်ဆာရောဂါဆိုးကို ပျောက်ကင်းအောင်ကုသပြီး လောကအကျိုးဆောင်ဖို့ ပိုင်းဖြတ်ထားသူတွေဟာ စစ်ဗိုလ်ချုပ်တွေရဲ့ ရောက်တတ်ရာရာ စကားတွေမှာ ‘နတ်ကရာ ကြည့်မော’ လုပ်မနေကြဘဲ စစ်အာဏာရှင်စနစ်ရဲ့ သဘာဝနဲ့ မျှော်မှန်းချက်ကို ခိုင်ခိုင်မာမာ ခြေခြေမြစ်မြစ်သိအောင် လုပ်ခြင်းဖြင့်သာ အဲဒီရောဂါကို ကုသနိုင်မယ့် ဆေးဝါးကို ရှာဖွေဖော် ထုတ်နိုင်ကြမှာဖြစ်တယ်။

ဆန်ထောင်းတဲ့ ကျည်ပွေ့ဆိုတာ ဆုံထဲရှိတဲ့ ဆန်ကိုသာ ထောင်းရတာဖြစ်တယ်။ ဒီလိုလုပ်မှလည်း ဆန်ထောင်းတဲ့ လုပ်ငန်းဟာ မှန်ကန်ထိရောက်ပြီး အလုပ်တွင်မှာဖြစ်တယ်။ အဲသလိုမှမဟုတ်ဘဲ ဆုံထဲက စင်ထွက်သွားတဲ့ ဆန်တွေနောက်ကို ကျည်ပွေ့က လျှောက်လိုက်ပြီး ထောင်းနေလို့ကတော့ ဆန်ထောင်းတဲ့ အလုပ်ဟာ ဘယ်တော့မှ ပြီးမှာမဟုတ်သလို ဆန်လည်း ဟုတ္တိပတ္တိ ဖြူထွက်လာမှာမဟုတ်ဘူး။

အဲသလိုပဲ ‘ဆန်စင်ရာ ကျည်ပွေ့လိုက်နိုင်ငံရေး’ က ပြည်သူတွေကို ‘တွင်းနက်ကြီး’ ထဲကလွဲပြီး တခြားဘယ်ကိုမှ ဦးဆောင်ခေါ်ယူသွားနိုင်မှာ မဟုတ်ဘူးဆိုတာကို ပမာဒလေခနေကြတဲ့ မြန်မာ့နိုင်ငံရေးသမားတွေ သဘောပေါက်ကြဖို့လိုပြီ။


No comments:

Post a Comment