Saturday, November 7, 2009

ရေတပ်နှင့် အမြှောက်တပ်မှ သစ်လှေ တစီးကို ဓါးပြတိုက်

Narinjara News

ရခိုင် ကမ်းလွန်ပင်လယ်ပြင်တွင် တောင်ကုတ်မှ စစ်တွေသို့ သစ်များ သယ်ယူလာသော မော်တော်ဘုတ် တစီးကို ပင်လယ်ပြင်တွင် ပူးပေါင်းကင်းလှည့်နေသော ရေတပ်နှင့် အမြှောက်တပ်က ဓါးပြတိုက်ကာ ပါလာသော ပစ္စည်းများ အားလုံးကို လုယူသွားခဲ့ကြောင်း သတင်းရရှိသည်။

ဓါးပြတိုက်ခံရသော မော်တော်ဘုတ်မှာ စစ်တွေမြို့ ရွာကြီးမြှောက် ရပ်ကွက်မှ ဦးကျော်မောင် ပိုင်ဆိုင်သော မော်တော်ဘုတ်ဖြစ်ကြောင်း သိရသည်။

ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ဘုတ်ပေါ်တွင် ပါလာသူ တဦးက အဆိုပါ ဘုတ်မှာ အောက်တိုဘာလ ၃၀ ရက်နေ့က တောင်ကုတ် ဆားပြင်ကျေးရွာမှ သစ်တန်ချိန် ၃၀ ကိုတင်ဆောင်၍ ထွက်ခွာလာခဲ့ပြီး နိုဝင်္ဘာလ ၁ ရက်နေ့ မာန်အောင်ကျွန်းနှင့် ရမ်းဗြဲကျွန်း ရေလက်ကြားအရောက်တွင် အဆိုပါ မော်တော်ဘုတ်ကို ကင်းလှည့်နေသော နေဗီတစီးမှ ဖမ်းဆီးပြီး ဘုတ်နှင့် သစ်များကို သိမ်းပိုက်ကာ ဘုတ်သမား ၁၁ ဦးကို ပင်လယ်ကမ်းစပ် တနေရာတွင် ပစ်ချထားခဲ့သည်ဟု ပြောသည်။

မော်တော်ဘုတ်နှင့် သစ်များကို သိမ်းဆည်းပြီးနောက် အဆိုပါ ရေတပ်နှင့် အမြှောက်တပ် ပူးပေါင်းအဖွဲ့မှ ဘုတ်ပေါ်တွင် ပါလာသော သစ်များကို တတန်ကို ကျပ် တသိန်းကျနုန်းဖြင့် ဒေသခံများကို ရောင်းချပြီး ကျန်ရှိနေသော မော်တော်ဘုတ်ကိုပါ ရောင်းချရန် စီစဉ်နေသည်ဟု သိရသည်။

“ သူတို့ရဲ့ လုပ်ရပ်က ဓါးပြတွေရဲ့ လုပ်ရပ် ဖြစ်ပါတယ်။ သူတို့က မော်တော်ဘုတ်ကို ဖမ်းရင် လူတွေနဲ့ ပစ္စည်းတွေကိုပါ ရဲကို လွဲပြောင်းပြီး တရားရုံးတင်ရပါမယ်။ ခုတော့ အဲသလို မဟုတ်ဘဲ ဘုတ်ပေါ် ပါလာတဲ့ လူတွေကို မောင်းချပြီး ဘုတ်ပေါ်မှာ ပါလာတဲ့ သစ်တွေကို ရောင်းချကာ ကိုယ်ကျိုးအတွက် ခွဲဝေယူကြတယ်ဆိုတော့ ဒါဟာ ဓါးပြတွေရဲ့ လုပ်ရပ် ဖြစ်တယ်။ နိုင်ငံတော်ရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်နေသူတွေရဲ့ လုပ်ရပ်မဟုတ်ပါဘူး” ဟု စစ်တွေက စီးပွားရေး သမား တဦးက ပြောသည်။

ဒေသခံများ အပြောအရ မိမိတို့ ကိုယ်ကျိုးအတွက် မော်တော်ဘုတ်တွင် ပါလာသော သစ်များကို ရောင်းချပြီးနောက်ပိုင်း မော်တော်ဘုတ်ကိုပါ ရောင်းချရန် စီစဉ်နေသူများမှာ အမှတ် ၃၇၃ အမြှောက်တပ်မှ တပ်ကြပ်ကြီး သိန်းဝင်းနှင့် မာန်အောင်မြို့နယ် ဖေါင်တော်ဦး အခြေစိုက် ရေတပ် ကင်းစခန်းမှ စခန်းမှူး ဥာဏ်ထွန်း တို့ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မော်တော်ဘုတ်နှင့် သစ်တန်ဖိုးမှာ သိန်း ၃၀၀ ကျော်ဖိုးရှိသဖြင့် မော်တော်ဘုတ်ကို သိမ်းပိုက်ခံရသူ ပိုင်ရှင်မှာ အထူးစိတ်ထိခိုက်နေကြောင်း သတင်းရရှိသည်။


No comments:

Post a Comment