Friday, November 13, 2009

မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ရန်ပုံငွေ မုန့်ဟင်းခါး အတင်းအကျပ်ရောင်း

ခိုင်လင်း / ၁၃ နိုဝင်ဘာ ၂၀၀၉

ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်ခွဲ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ၎င်း၏အဆောက်အဦ ရန်ပုံငွေအဖြစ် မြို့နယ်ခွဲအတွင်းရှိ ရပ်ကွက် (၄) ခု၊ ကျေးရွာအုပ်စု (၉) အုပ်စုတို့အား မုန့်ဟင်းခါးလက်မှတ်များ အတင်းအကျပ် ခွဲတမ်းချ ရောင်းချခဲ့သည်။


ယခုလ (၈) ရက်မှ (၁၂) ရက်အထိ (၅) ရက်ကြာ ကျင်းပပြီးစီးသွားသော ဟိုပင်မြို့၊ အနောက်ရပ်ကွက်ရှိ မြဇေယျာပရိယတ္တိစာသင်တိုက်၏ အတုလဂုဏ်ရည် ကျောင်းဆောင်သစ် ရေစက်ချပွဲတော်ရက်အတွင်း မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းက ပြီးခဲ့သည့်နှစ်ကတည်းက ဆောက်လုပ်ပြီးစီးသွားသည့် ရုံးအဆောက်အဦအတွက် တင်ရှိနေသည့် အကြွေးများဆပ်ရန် ယခုကဲ့သို့ မုန့်ဟင်းခါးများ ရောင်းချခြင်းဖြစ်ကြောင်း ဟိုပင်မြို့ခံတဦးက ပြောသည်။

၎င်းက “မုန့်ဟင်းခါးတခွက် ကာလပေါက်ဈေး ကျပ် (၃၀၀) ရှိတယ်။ အဲဒါ ဘဲဥပါမယ်၊ ငါးဖယ်ဆုပ်ကြော်ပါမယ်၊ ပဲကြမ်းကြော်ပါမယ်။ အခုသူတို့ရောင်းတာက လက်မှတ်တစောင်ကို (၅၀၀) ကျပ်နှုန်းနဲ့ ရောင်းတာ။ အဲဒါကို ပွဲမစခင် ရက် (၂ဝ) လောက်ကတည်းက ကြိုရောင်းတာ။ ကြံ့ခိုင်ရေးအသင်းဝင်တွေနဲ့ ရပ်ကွက် ရယကအဖွဲ့ဝင်တွေ လိုက်ပြီး အဲဒီလက်မှတ်တွေကို ရောင်းခဲ့တာ” ဟု ပြောသည်။

မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် မြေညီထပ်အုပ်စီ အဆောက်အဦကို ဟိုပင်မြို့၊ အနောက်ရပ်ကွက်၊ မြို့နယ်ခွဲ အုပ်ချုပ်ရေးရုံးအနီးတွင် ၂ဝဝ၇ ခုနှစ်၌ အသင်းရန်ပုံငွေဖြင့် စတင်ဆောက်လုပ်ခဲ့ပြီး အသင်းရန်ပုံငွေ၊ ကုန်ကျစရိတ်နှင့် တင်ရှိနေသည့် အကြွေးများအတွက် ရှင်းရှင်းလင်းလင်းမသိရကြောင်း အမည်မဖော်လိုသည့် ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက) အဖွဲ့ဝင်က ပြောသည်။

၎င်းက “အဆောက်အဦဆောက်ဖို့ ရန်ပုံငွေဆိုပြီး မုန့်ဟင်းခါးရောင်းနေတာ အကြိမ်ရေ ဘယ်လောက်မှန်း မသိနိုင်တော့ဘူး။ ခဏခဏရောင်းနေတာ။ အခု အဆောက်အဦပြီးတော့လည်း ရောင်းနေတုန်းပဲ။ အသင်းဥက္ကဋ္ဌက ဒေါ်စန်းစန်းဝင်း။ သူက အုပ်ချုပ်ရေးဦးစီးမှူးရဲ့ မိန်းမဖြစ်နေတော့ ဦးစီးမှူးကိုယ်တိုင် ရောင်းခိုင်းတာ။ ကျနော်တို့ပဲ အဓိက တအိမ်တက်ဆင်း လိုက်ရောင်းရတယ်။ အခုချိန်မှာ ဟိုကြေး ဒီကြေး ကောက်နေရတဲ့အချိန်မှာ ရှေ့မျက်နှာ နောက်ထားပြီး မျက်နှာပူပူနဲ့ ရောင်းရတယ်။ လက်မှတ်လည်းမကုန်ဘူး၊ ငွေကတော့ အပြည့်သွင်းရမယ်ဆိုတော့ ကိုယ့်အိတ်ထဲကစိုက်ပေးလိုက်ရတယ်။ ရပ်ကွက်ကြီးက လေးရပ်ကွက်ရှိတယ်။ တရပ်ကွက်ကို လက်မှတ် အစောင်ရေ (၄၀၀) ခွဲတမ်းချတယ်။ ကျေးရွာအုပ်စုတွေကိုလည်း ရွာကြီးရင် ကြီးသလို အဲလို ခွဲတမ်းကျစနစ်နဲ့ ရောင်းပေးရတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ငွေကြေးကျပ်တည်းသည့်အချိန်တွင် ရန်ပုံငွေအဖြစ် မုန့်ဟင်းခါးများ မကြာခဏရောင်းချနေမှုအပေါ် ဒေသခံများက ငြိုငြင်နေကြသည်ဟု ဟိုပင်မြို့ခံတဦးက ပြောသည်။

No comments:

Post a Comment