Monday, November 30, 2009

အလေးအနက် စဉ်းစားသင့်သော ရွှေ့ပြောင်းအလုပ်သမားအရေး

အင်ဒီ ဟောလ်

ထိုင်းအစိုးရက နိုင်ငံအတွင်း အလုပ်လုပ်ကိုင် နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို တရားဝင် သတ်မှတ် ပေးနိုင်ရေးဆိုင်ရာ မူဝါဒတရပ်ကို ထုတ်ပြန် ကြေညာခဲ့သည်။ အလုပ်သမားများ အနေနှင့် မြန်မာနိုင်ငံသား စစ်မှန်ကြောင်း စိစစ်ရေး အစီအစဉ်ကို ဆောင် ရွက်ကြရမည်ဟု ဆိုသည်။ အစိုးရမဟုတ်သည့် အဖွဲ့အစည်း (အန်ဂျီအို) အများစုလည်း မျက်စိလည် ခေါင်းရှုပ်ကုန်ကြရသည်။


ထိုင်းအစိုးရ အနေနှင့် တရားမ၀င် ရွှေ့ပြောင်း မြန်မာနိုင်ငံသားများ အရေး ဖြေရှင်း နိုင်ရန် လက်တွေ့မကျသော မျှော်မှန်းချက်များ ထားရှိနေသည်ဟု သူတို့က ယုံကြည်နေကြသည်။

ယခုအခါ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလူထု ၃ သန်း ပတ်ဝန်းကျင် ရှိနေသည်။ ပြည်ထဲရေးဝန်ကြီးဌာနမှ နေ ထိုင်ခွင့်နှင့် အလုပ်သမားရေးရာ ၀န်ကြီးဌာနမှ "တရားဝင်" အလုပ်သမား လက်မှတ်များ ထုတ်ပေးနေစေကာမူ ထိုင်းနိုင်ငံ တွင်း တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေထိုင်ကြဆဲဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရမည့် အခြေအနေများနှင့် လည်း ရင်ဆိုင်နေကြရသူများ ရှိနေသေးသည်။

ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းမြန်မာများကြောင့် ရာဇ၀တ်မှုများ၊ ရောဂါဘယများ၊ အလုပ်လက်မဲ့ဖြစ်ရမှုများ စသည့် အမျိုး စုံသော ပြဿနာများ ပေါ်ပေါက်ရသည်ဟု သတင်းများတွင်လည်း ဖော်ပြထားသည်။ သို့သော်လည်း ရွှေ့ပြောင်းလုပ်သား များ၏ အခွင့်အရေးနှင့်လုပ်အား အရေးပါမှုကိုလည်း တရားဝင် အသိအမှတ်ပြုထားပြန်သည်။

နိုင်ငံသား စိစစ်ရေး အစီအစဉ် ဆိုသည်ကို ပြောနေကြသည်မှာ ၁၀ နှစ်မျှ ရှိတော့မည်။ မြန်မာနှင့် ထိုင်းနိုင်ငံ အစိုးရများ အကြား နားလည်မှုစာချွန်လွှာ (MoU) တရပ်ကို ၂၀၀၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ကပင် လက်မှတ် ရေးထိုးထား ခဲ့ကြပြီး ဖြစ်သော်လည်း လက်တွေ့အကောင်အထည် မဖော်နိုင်သေးဘဲ ရှိနေခဲ့သည်။

ယခုတော့ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်က ဖြစ်လာတော့မည်။ ထိုင်း-မြန်မာ နယ်စပ် ဂိတ် ၃ နေရာတွင် နှစ်နိုင်ငံလုံး၌ နိုင်ငံသား စိစစ်ရေးဌာန(၆) ခုကို ဖွင့်လှစ် ဆောင်ရွက်နေကြပြီ ဖြစ်သည်။ နောက်ထပ် စိစစ်ရေးဌာန ၂ ခု ထပ်မံဖွင့်လှစ်ရန် လည်း စီစဉ်ထားကြသည်။ ယခုအခါ မြန်မာရွှေ့ပြောင်းလူထုများ အကြား၌ သတင်းများလည်း ပျံ့နှံ့နေသည်။ သူတို့ ပထမ ဦးစွာ မြန်မာပြည်သို့ ပြန်ရမည်။ ပြန်လာသည့်အခါ ယာယီနိုင်ငံကူးလက်မှတ် ရရှိလာမည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် ၂ နှစ်ကြာ နေထိုင်နိုင်မည့် ဗီဇာရရှိမည် ဖြစ်သည်။ ယခုအခါ နိုင်ငံသားစိစစ်ရေးကိစ္စ လုပ်သင့် မလုပ်သင့် မဟုတ်တော့ဘဲ၊ မည်သို့ မည်ပုံ ထိရောက်စွာလုပ်ဆောင် နိုင်မည်နည်းဟူသော ဆွေးနွေးမှုမျိုး ဖြစ်နေကြပြီ။

နိုင်ငံသား စိစစ်ရေး အစီအစဉ်က မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးအတွက် စိုးရိမ်ထိတ်လန့်ဖွယ်ရာ ခြောက်အိပ်မက် မျိုး ဖြစ်နေသည်။ ဤလုပ်ငန်းစဉ်ကြောင့် ရွှေ့ပြောင်းလုပ်သားများတွင် နှစ်မျိုးနစ်နာဖွယ် အကြောင်း ရှိနေသည်။ ပထမ အချက်မှာ ဤလုပ်ငန်းစဉ်အတွက် ကုန်ကျစရိတ်ဖြစ်ပြီး၊ ဒုတိယအချက်မှာ ရွှေ့ပြောင်းလုပ်သားများက သူတို့၏ "ရန်သူ" သဖွယ်ဖြစ်နေသည့် မြန်မာအစိုးရနှင့် ဆက်ဆံရာတွင် ကြုံရနိုင်သည့် အန္တရာယ် ဖြစ်သည်။ အထူးသဖြင့် တိုင်းရင်းသား လူနည်းစုများအတွက် အမှန်တကယ် ကြောက်ရွံ့စိုးရိမ်ဖွယ် ကိစ္စလည်း ဖြစ်သည်။ အကြောင်းမှာ တိုင်းရင်းသားလူမျိုးစုများ သည် စစ်အစိုးရကို ဆန့်ကျင်၍ ဆက်လက် စစ်ပွဲဆင်နွှဲနေကြဆဲကြောင့် ဖြစ်သည်။

ထိုင်းအစိုးရကလည်း နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်ကို တတ်နိုင်သမျှ ရှုပ်ထွေးေ၀၀ါးရန် လုပ်နေသည်။ ပွင့်လင်းမြင်သာမှု မရှိသကဲ့သို့ ငွေကုန်ကြေးကျလည်း များလှသည်။ ရွှေ့ပြောင်းလူထုများအကြား၊ အလုပ်သမား အဖွဲ့များနှင့် အစိုးရ မဟုတ် သည့် အန်ဂျီအို အဖွဲ့များအကြားတွင် သတင်းပြန်ကြား ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခြင်း မရှိဘဲ၊ ဤ ကိစ္စကို အစိုးရ အရာရှိအနည်းငယ်နှင့် အလုပ်ရှင် အနည်းငယ်ကသာ သိရှိကြသည်။ ကြားပွဲစားများကို စည်းကျပ်ရန် မဆောင် ရွက်နိုင်ကြသည့်အတိုင်း ထိုသူများက ယခုကိစ္စအတွက် အမေရိကန်ဒေါ်လာ ၁၀၀ မှသည် ၃၀၀ အထိ ကုန်ကျ ငွေကို အလုပ်သမားများထံမှ တောင်းယူနေကြသည်။ ရွှေ့ပြောင်းအလုပ်သမားများ အနေနှင့် လုပ်ခအနည်းငယ်မျှနှင့် ရှင်သန် ရုန်းကန်နေကြရသည့် အခြေအနေတွင် အလွန်မှ မဖြစ်သင့်သော ကိစ္စလည်း ဖြစ်သည်။

နိုင်ငံသား စိစစ်ရေး အစီအစဉ်နှင့် ပတ်သက်၍ တရားဝင် ဖော်ပြချက် ဟူသည်မှာ မြန်မာအစိုးရက ရွှေ့ပြောင်းလူထုများ (မြန်မာနိုင်ငံမှ တရားမ၀င် ထွက်ခွာသွားကြပြီး စစ်အစိုးရအပေါ် ယုံကြည်မှုနည်းနေကြသူများ) အကြား ပေးသည့် လက် ကမ်းသတင်းလွှာ တခုပင် ရှိသည်။ ဤလုပ်ငန်းစဉ်သည် အန္တရာယ်မရှိကြောင်း၊ ကုန်ကျစရိတ်နည်းပါးကြောင်းနှင့် ရင်းနှီး လက်ကမ်းနွေးထွေးစွာ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း စသဖြင့် ဖော်ပြထားသည်။

ရွှေ့ပြောင်းလူထုအကြားတွင်မူ ကောလာဟလများက ပျံ့နှံ့လျှက်ရှိနေသည်။ မြန်မာ နိုင်ငံတွင်း ကျန်နေသူ မိသားစုများထံမှ မြေသိမ်းယူခြင်း၊ ဘန်ကောက်မှ ရွှေ့ပြောင်းအခြေချလုပ်သားများ ၆၀ (သို့မဟုတ် ပြောသူအပေါ် မူတည်၍ ၂၀၀ အထိ အရေအတွက် အပြောင်းအလဲလည်း ရှိနိုင်သည်) ခန့် မြ၀တီစိစစ်ရေးဂိတ်သို့ နိုင်ငံသား စိစစ်ရေးကိစ္စများ လုပ်ဆောင်ရန် ရောက်ရောက်ချင်း မြန်မာအစိုးရကဖမ်းဆီးလိုက်ပြီး အင်းစိန်ထောင်သို့ ပို့ခြင်း၊ ငွေညှစ်ခြင်း၊ ထိုမျှမက ရွှေ့ပြောင်းအလုပ် သမားများအကြား ယခု နိုင်ငံသားစိစစ်ရေးကိစ္စ ရှောင်လွှဲနိုင်ရန် မိမိကိုယ်ကိုသတ်သေခြင်း စသည့် ကောလာဟလများ ပြောဆိုနေကြသည်။ ထိုင်းနှင့် မြန်မာအစိုးရများက အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဤကောလာဟလများကို ငြင်းဆိုခဲ့ ကြသည်။

သို့သော်လည်း နှစ်နိုင်ငံအစိုးရများက ယခုလုပ်ငန်းစဉ်ကို သိုသိပ်စွာ လုပ်ကိုင်နေကြခြင်းမှာ အပြစ်ဆိုဖွယ်ရာ ရှိနေပါ သေးသည်။ ကြားပွဲစားဆိုသူများကရော မည်သူများပါနည်း။ မည်သို့မည်ပုံ နိုင်ငံသား ဟုတ် မဟုတ် စစ်ဆေးသနည်း။

ဤလုပ်ငန်းစဉ် လုပ်ဆောင်ပုံက မည်သို့ ရှိနေသနည်း။ မည်သူက အကျိုးအမြတ် ဖြစ်နေသနည်း။ တချို့သော လျှောက် လွှာများက အမြန်ကျလာပြီး တချို့လျှောက်လွှာများက မည်သည့်အကြောင်းကြောင့် ကြာမြင့်နေရပါသနည်း။ မည်သည့် အတွက်ကြောင့် မွတ်စလင်များကို ချန်ဖယ်ထားရပါသနည်း။ လာအိုနှင့် ကမ္ဘာဒီးယားနိုင်ငံများမှ ရွှေ့ပြောင်းအခြေချ လုပ် သားများကို ဆောင်ရွက်ပေးခဲ့သည့်နည်းတူ မြန်မာများကို ထိုင်း နိုင်ငံအတွင်း ဆောင်ရွက်ပေးနိုင်ရန် မည်သည့်အတွက် ကြောင့် ခွင့်မပြုပါသနည်း။ ယခု နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်သည် လာမည့် ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် ရွေးကောက်ပွဲနှင့် တနည်းတဖုံ သက်ဆိုင်မှု ရှိနေပါသလော စသဖြင့် မေးခွန်းများစွာ ရှိနေကြပါသည်။

မဖွံ့ဖြိုးသေးသည့် နိုင်ငံတခု၊ ခြစားမှုလည်း ထူပြော၊ ဒီမိုကရေစီနည်းကျ အစိုးရလည်းမရှိ၊ ရှည်လျားစွာ ထိစပ်နေသော နယ်စပ်ချင်းလည်း ဆက်စပ်နေသည့် နိုင်ငံတခုနှင့် တရားမ၀င် လူဝင်ရောက်မှု ပြဿနာကို ဖြေရှင်းရန် ဆိုသည်မှာ ကမ္ဘာ ပေါ်တွင် ဖွံ့ဖြိုးပြီးဟူသည့် အဆင့်မြင့်နိုင်ငံများအတွက်ပင် ခက်ခဲလှသော ပြဿနာလုပ်ငန်း ဖြစ်ပါသည်။ သို့သော် ဤ စံနှုန်းထားနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ထိုင်းနိုင်ငံက ဆောင်ရွက်နေသော လုပ်ငန်းမှာ ညံ့ဖျင်းလှပါသည်။

ရွှေ့ပြောင်း အခြေချနေထိုင်မှုဆိုသည်မှာ သဘာဝအလျောက် ဖြစ်ပေါ်နေသည့် ဖြစ်စဉ်တခုမျှသာ ဖြစ်ပြီး လူများက သူတို့ နှင့် သူတို့မိသားစု ပိုမိုတိုးတက်ကောင်းမွန်မည့် ရေကြည်ရာ၊ မြက်နုရာကို ရှာဖွေနေကြပါသည်။ တခုခုပို၍ ထူးခြားသည့် နေရာ၊ သူတို့ဘ၀အတွက် အပြောင်းအလဲ ဖြစ်စေမည့် နေရာကို ရှာနေကြသည်။ တနည်းအားဖြင့် သူတို့ဘ၀ လုံခြုံရေးကို ခြိမ်းခြောက်နေသည့် ပဋိပက္ခများနှင့် ဝေးရာသို့ ပြောင်းရွှေ့လိုကြသည်မှာ ဓမ္မတာပင် ဖြစ်သည်။

၁၉၉၀ ခုနှစ် အစောပိုင်းကာလများမှစ၍ ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားများ မှတ်ပုံတင်ရေးအတွက် မစို့မပို့ မူဝါဒများ စတင်ချမှတ် ကျင့်သုံးလာခဲ့သည်။ ပထမပိုင်းတွင် တချို့သောခရိုင်များနှင့် တချို့လုပ်ငန်းကဏ္ဍများကို ကန့်သတ်၍ ခွင့်ပြုပေးခဲ့သည်။ အစီအစဉ် မကျလှသော ပြဿနာချဉ်းကပ်မှုတွင် ၀န်ကြီးအဖွဲ့မှ ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ ထိုသူ များအတွက် လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်း၊ ရွှေ့ပြောင်း လုပ်သားများ မှတ်ပုံတင်နိုင်မည့် အခွင့်အလမ်းများ ယာယီခွင့်ပြု ခြင်း၊ အနည်းအကျဉ်းမျှသော လူထုပြန်ကြားဆက်သွယ်ရေး လှုပ်ရှားမှုများ ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။ အလုပ် သမားရေးရာဝန်ကြီးဌာနရှိ အရာရှိများက ယခုလုပ်ငန်းစဉ် စတင်ပြီးနောက်မှ အလုပ်သမား မှတ်ပုံတင်ရေးကိစ္စကို ကြားသိ ကြရခြင်း၊ များသောအားဖြင့် အလုပ်ရှင်များနှင့် ရွှေ့ပြောင်း အခြေချလူထုအကြား နောက်တနှစ်တွင် ပြီးဆုံး တော့မည့် ၎င်းအစီအစဉ်များနှင့် ပတ်သက်၍ သတိမမူမိဘဲ ရှိနေကြခြင်းတို့မှာ များစွာ အံ့သြဖွယ် ကိစ္စ မဟုတ်ပါ။

မြန်မာရွှေ့ပြောင်း အခြေချလူထုက ၎င်းတို့၏ နှလုံးသားအတွင်းမှ ငြင်းဆန်နေကြသည့် အရေးကြီးကိစ္စ အချက်တခု ရှိပါ သည်။ ၎င်းမှာ သူတို့က မွေးရပ်ဇာတိမြေမှ တရားမ၀င် ထွက်ခွာလာခဲ့ကြခြင်း ဖြစ်ပြီး (အကယ်၍ သူတို့ပြန်ပါက တရား စွဲဆို ဖမ်းဆီးခံရနိုင်၍ ထောင်ချခံရနိုင်ဖွယ် အခြေအနေလည်း ရှိနေသည်။) သူတို့က ဤသို့ဖြင့် ထိုင်းနိုင်ငံတွင်း တရားမ၀င် ခိုးဝင်နေထိုင်ကြခြင်း၊ နယ်စပ်ဖြတ်ကျော်ခွင့် ခွင့်ပြုသက်တမ်း သက်တမ်းလွန်သည့်တိုင် နေထိုင်နေကြခြင်း ဖြစ်သည်။

ထိုသူများက ထိုင်းနိုင်ငံတွင်းသို့ တရားမ၀င် ၀င်ရောက်လာကြသည်။ သို့မဟုတ် တရားဝင် ၀င်ရောက်လာပြီးမှ အချိန် ကြာကြာ နေထိုင်နေကြသည်။ အကြောင်းမှာ မြန်မာနှင့် ထိုင်းနိုင်ငံ အစိုးရများအကြားတွင် အလုပ်လုပ်နိုင်သော တရားဝင် သဘောတူညီချက်၊ နားလည်မှု စာချွန်လွှာ (MoU) များ ရှိမနေသောကြောင့် ဖြစ်သည်။ ထိုင်းနိုင်ငံတွင်း သို့ တရားမ၀င် ခိုးပို့ပေးကြမည့် ကြားပွဲစားများလည်း အများအပြား ရှိနေကြသည်။ ထိုင်းနိုင်ငံ၏ စီးပွားရေးစနစ်ကလည်း ထိုသူများ၏ လုပ်အားကို အကြီးအကျယ် မှီခိုနေကြရပြီး အထူးသဖြင့် လုပ်အားခနည်းနည်းပေး၍ လုပ်စေလိုသော လုပ်ငန်းများတွင် ထိုသူများကို အလိုရှိနေကြသည်။

ရွှေ့ပြောင်း အခြေချလုပ်သားများသည် အန္တရာယ် အများဆုံး၊ အညစ်ညမ်းဆုံး၊ အနိမ့်ကျဆုံး လုပ်ငန်းခွင်များတွင် လုပ် ဆောင်နေကြရပါသည်။ သူတို့ မတော်တဆ ထိခိုက်ဒဏ်ရာရမည်ဆိုလျှင်လည်း လျော်ကြေးခံစားခွင့်များ ရှိမနေပါ။ ထိုသူများက တရားဝင်အရ မော်တော်ဆိုင်ကယ် မောင်းနှင်ခွင့်မရှိသလို၊ သူတို့မှတ်ပုံတင်ထားသည့် ခရိုင်ပြင်ပသို့ ခရီး ထွက်ခွာခွင့်လည်း မရှိကြပါ။ တချို့သောနေရာများတွင် လူစုလူဝေးဖြင့် တွေ့ဆုံ စုစည်းခွင့်ပင် မရှိကြပါ။

နိုင်ငံသား စိစစ်ရေး အစီအစဉ်သည် ယခုကဲ့သို့ ချွတ်ချော်လွဲမှားသည့် စီမံခန့်ခွဲမှုများ ရှိနေသော်လည်း လိုအပ်သည့် လုပ်ငန်းစဉ် တခုပင် ဖြစ်သည်။ အကြောင်းမှာ မြန်မာရွှေ့ပြောင်း အခြေချလူထုသည် ထိုင်းနိုင်ငံတွင် ပျောက်ကွယ်သွား မည် မဟုတ်ဘဲ ထိုင်းနိုင်ငံ စီးပွားရေးစနစ်အတွက်လည်း ထိုသူများကို လိုအပ်နေသောကြောင့်ပင်။

အောက်တိုဘာလ ၁၆ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် (Bangkok Post) သတင်းစာ၏ အယ်ဒီတာ့အာဘော်က အမှန် အတိုင်း မှတ်ချက်ပေး ရေးသားခဲ့သေးသည်။ "ပြဿနာ ရေသောက်မြစ်မှာ မြန်မာနိုင်ငံတွင်ပင် ဖြစ်သည်။ မြန်မာစစ် အစိုးရက ၎င်း၏ပြည်သူများကို အကြောက်တရားလွှမ်းမိုးထားစေရန် အကြမ်းဖက်ဆောင်ရွက်နေသမျှ ဤပြဿနာများ ပြီးဆုံးသွားမည် မဟုတ်ပါ။ ဤအဖုအထုံးများကို ပြည်တွင်း ပြည်ပဖိအားများဖြင့် ဖြေရှင်းရမည် ဖြစ်သည်။ ထိုင်းနိုင်ငံက ၎င်း၏ ရွှေ့ပြောင်းလုပ်သားများကို စည်းမျဉ်းချမှတ် ထိန်းသိမ်းရန်၊ ထိုသူများအတွက် သင့်လျော်သည့် လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင် ခံစားခွင့်များ ပံ့ပိုးပေးရန် တာဝန်ရှိနေမှုကို ငြင်းပယ်နေ၍ မရပါ" ဟု ဖော်ပြရေးသားထားခဲ့သည်။

မည်သည့် အားနည်းချွတ်ယွင်းချက်များ ရှိသည်ဖြစ်စေ၊ ထိုင်းနိုင်ငံ၏ နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်ကို ဆက်လက်အားပေး ထောက်ခံရမည်ပင် ဖြစ်သည်။ ၎င်းက အဓိပ္ပာယ်ရှိသော ဆွေးနွေးငြင်းခုန်မှုများနှင့် ဤလုပ်ငန်းကို စတင်ခဲ့သည်။ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအတွက် စနစ်တကျ ခေါင်းပုံဖြတ်မှုများနှင့် ကြုံတွေ့ရသည့်အခါ ထိုင်းနိုင်ငံရှိ မြန်မာလုပ်သား များမှာ ကမ္ဘာပေါ်တွင် အနစ်နာ အခံစားရဆုံး အလုပ်သမားဟုပင် ဆိုနိုင်တော့သည်။ မွေးရပ်ဇာတိမြေ နိုင်ငံကလည်း ၎င်း ကိုယ်ပိုင် ပြည်သူများ၏ လိုအပ်ချက်များကို တုံ့ပြန်ဆောင်ရွက်ပေးရန် လျစ်လျူရှုထားကြသေးရာ အားနည်း ချက်ရှိနေ သော ယခုနိုင်ငံသားစိစစ်ရေး အစီအစဉ်သည်ပင် မြန်မာရွှေ့ပြောင်းလူထုအတွက် ရည်ရွယ်ချက်ကောင်းနှင့် ဆောင် ရွက် ခဲ့သော်လည်း ပြဿနာများ ပေါင်းစုံနှင့် ကြုံရသည်။

ပို၍ ဆွေးနွေးညှိနှိုင်းမှုများ၊ လွတ်လပ်ပွင့်လင်းသော ဆွေးနွေးမှုများ ရှိလာလျှင် သန်းနှင့်ချီသည့် မြန်မာရွှေ့ပြောင်း အခြေချ အလုပ်သမားများသည် ပို၍ ကောင်းမွန်သော အနာဂတ်အတွက် မျှော်လင့်ချက်များကို ရရှိလာစေနိုင်သည်။ သူတို့အားလုံး အပြုခံသဘော သက်ရောက်နေသည့် သားကောင်များ ဖြစ်နေကြပါသည်။ သူတို့၏ ပြဿနာ အခက်အခဲများအတွက် အဖြေရရှိနိုင်ရန် အလေးအနက် ဆောင်ရွက်ပေးရန် လိုအပ်နေသကဲ့သို့ သူတို့အတွက် ခံစားထိုက်သော အခွင့်အရေးလည်း ဖြစ်ပါသည်။

ANDY HALL ရေးသားသည့် A Debate Worth Having? ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Andy Hall သည် ဘန်ကောက်မြို့ အခြေစိုက် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Human Rights and Development Foundation) မှ ရွှေ့ပြောင်းလူထု တရားမျှတမှု ရရှိစေရေး အစီအစဉ်၏ ဒါရိုက်တာဖြစ်ပါသည်။

No comments:

Post a Comment