Sunday, November 1, 2009

တိုင်းရင်းသားအရေးနှင့် ပြည်တွင်းစစ်

လွတ်လပ်သောမွန်အေဂျင်စီ

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ပြဿနာသည် ဒီမိုကရေစီအခွင့်အရေး ဆိတ်သုဉ်းခြင်းကြောင့် ပေါ်ပေါက်လာခြင်း မဟုတ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အကြပ်အတည်းကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်ပေသည်။

မြန်မာနိုင်ငံတွင် အထူးအရေးကြီးသည့် အခြေခံဥပဒေ (၃) ရပ် ရှိခဲ့ပေသည်။ ပထမဦးဆုံး ၁၉၄၇ အခြေခံဥပဒေသည် ဒီမိုကရေစီစနစ်ကို အာမခံပြီး တိုင်းရင်းသားလူမျိုးစုများ၏ အခွင့်အရေးကို အထိုက်အလျောက် ပေးထားသည်။ သို့ရာတွင် ၁၉၇၄ အခြေခံဥပဒေသည် ဒီမိုကရေစီအခွင့်အရေးနှင့် တိုင်းရင်းသားတို့၏ အခွင့်အရေးအာလုံးကို ဖျက်ဆီးလိုက်သည့် အခြေခံဥပဒေ ဖြစ်ပေသည်။

တပါတီအာဏာရှင်စနစ် ဖန်တီးလိုက်ခြင်းနှင့်အတူ ပြည်တွင်းစစ်သည်လည်း အရှိန်အဟုန်နှင့် ပေါက်ကွဲနေခဲ့ပေသည်။ ၁၉၉၀ ခုနှစ်နောက်ပိုင်းကာလ ဗမာပြည်တွင် ကွန်မြူနစ်ပါတီ ပြိုကွဲသည့်နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိထားသော်လည်း မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းဒေသမှ တိုင်းရင်းသားများ၏ လိုလားတောင်းဆိုချက်ကို စစ်အုပ်စုမှ ဖြည့်ဆည်းပေးခြင်း မဟုတ်ပေ။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီစနစ် အာမခံမှု မရှိသည့်အပြင် တိုင်းရင်းသားတို့၏ အခွင့်အရေးများအား ဖော်ဆောင်ထားခြင်း မရှိပါ။ စစ်အုပ်စုတို့၏ အာဏာ အရှည်သဖြင့် တည်တံ့ရေးအတွက်သာ ဖော်ဆောင်ထားကြောင်းကို တွေ့ရပေသည်။ ဤဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် တိုင်းရင်းသားတို့၏ အခွင့်အရေးကို အတိအလင်းဖော်ပြထားခြင်း မရှိပေ။ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံသယောင် ဖော်ပြထားသော်လည်း လက်တွေ့တွင်ကား ဗဟိုအစိုးရနှင့် ပြည်နယ်/တိုင်းဒေသကြီးများတွင် စစ်တပ်မှ အဓိကအုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာများကို ရယူထားပြီး တပ်မတော်မှ အချိန်မရွေး အာဏာသိမ်းနိုင်သည့် အခြေခံအခွင့်အရေးကို ရယူထားပေသည်။

နှစ်ပေါင်း (၆၀) ကျော်ကြာ ပြည်တွင်းစစ် ရပ်တန့်သင့်ပေပြီ၊ နိုင်ငံရေးပြဿနာကို (၂၀၁၀) ရွေးကောက်ပွဲဖြင့် အဖြေရှာခြင်းသည် သောင်ပြင်တွင် ပျောက်နေသည့် အပ်တချောင်းအား ရှာနေသည့်အလားသဏ္ဍာန် ဖြစ်နေပေသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်လည်းကောင်း၊ ၂၀၁၀ ရွေးကောက် ပွဲကြောင့်လည်းကောင်း ပြည်တွင်းစစ် ပေါက်ကွဲသွားနိုင်ဖွယ် အကြောင်းရှိနေသည်။

ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားပြည်သူအများအပြား နစ်နာဆုံးရှူံးရပေသည်။ စစ်အစိုးရနှင့် ဗမာ့တပ်မတော်တို့၏ အဓမ္မလုပ်ဆောင်မှု အများအပြားကို တိုင်းရင်းသားများ ခံစားနေရပေသည်။ တိုင်းရင်းသားဒေသများမှ သံယံဇာတပစ္စည်းများကိုလည်း စစ်နိုင်သူ ဗမာ့တပ်မတော်မှ သိမ်းဆည်းရယူခဲ့ပေသည်။ တိုင်းရင်းသားတို့၏ စာပေရိုးရာယဉ်ကျေးမှု အများအပြားသည်လည်း ဖျက်ဆီးခြင်း ခံရပေသည်။

တိုင်းရင်းသားလူမျိုးစုများအနေနှင့် ၄င်းတို့၏ နယ်မြေဒေသ သံယံဇာတပစ္စည်းများ ဆုံးရှူံးသွားသော်လည်း ၄င်းတို့၏ အခွင့်အရေး အပြည့်အဝ မရရှိသရွေ့ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ပေသည်။ ဗမာ့တပ်မတော်အနေဖြင့် စစ်ရေးဖြင့် ဖိအားပေးခြင်းသည် တိုင်းရင်းသားတို့၏ ပုန်ကန်မှု ကုန်ဆုံးသွားအောင် မဆောင်ရွက်နိုင်ပေ။ တိုင်းရင်းသားလူမျိုးစုတို့၏ မျိုးဆက်သစ်များသည် မိမိတို့၏ အမျိုးသားအခွင့်အရေး မရရှိသရွေ့ နည်းမျိုးစုံနှင့် ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ပေသည်။

အချုပ်အားဖြင့် တိုင်းရင်းသားတို့၏အရေးကို အင်အားသုံး ဖြေရှင်း၍ မရနိုင်ပါ။ အခုဆိုလျှင် တိုင်းရင်းသားများတွင် နိုင်ငံရေးအသိအမြင်နှင့် တော်လှန်ရေးအသိအမြင်ကား (၁၉၄၈) ကာလနှင့် နှိုင်းယှဉ်ပါက များစွာတိုးတက်လာပေပြီ၊ ပြဿနာအား ဆွေးနွေးဖြေရှင်းဖြင့်သာ ဆောင်ရွက်နိုင်ကြောင်း တင်ပြရပေသည်။

No comments:

Post a Comment