Thursday, December 10, 2009

Anemia (အနီးမီးယား) ခေါ် ဒုက္ခသည် ရောဂါတမျိုး

Dr. တင့်ဆွေ

ဒုက္ခ သည်ကို (ရဖြူဂျီ) လို့ပြောရင် ပိုနားလည် ကြတယ်။ အိန္ဒိယကို ရောက်နေတဲ့ ကိုယ့် နိုင်ငံသူ နိုင်ငံသား တွေဟာ ဗမာ မဟုတ်သူက အများကြီး များလို့ စကား အသုံးအနှုန်း ကို အတော်ရွေး ရပါတယ်။ ဗမာ စကားကို ချ-လျှော့ ပြောမှ အနိုင်နိုင်။ တင်စား ချက်တို့ ဥပမာ-ဥပစာတွေ မပါလေနဲ့။ ကလေး မီးဖွား တာဆိုရင် “သားဦးလား” လို့ မေးတာ မျိုးကို နားမလည် တတ်ကြဘူး။ ဒါ့ကြောင့် ခပ်လွယ်လွယ် ဗမာ စကားနဲ့ ခပ်ရှင်းရှင်း အင်္ဂလိပ် စကား ပေးစားပြီး ပြောရတယ်။ “အရင်က Malaria ဖြစ်ဘူးလား”။ “ဒီနေ့ Bathroom ဘယ်နှစ် ခါသွားလဲ”။

ယမုန်နာဆေးခန်းကို (ရဖြူဂျီ) ဆေးခန်းလို့ ခေါ်ကြတယ်။ ကိုယ့်လူမျိုးတွေကို ဒုက္ခရောက်နေသူတွေလို့ မပြောချင်တာနဲ့ (ကွန်မြူနတီ) ဆေးခန်းလို့ နာမည်တပ်ပါတယ်။ အခေါ်က ဘယ်လိုခေါ်ခေါ် ဗမာပြည်က (ရဖြူဂျီ)တွေဟာ တကယ့် ဒုက္ခရောက်သူတွေပါ။ ဒီတော့ သူတို့အဖို့ ကျန်းမာရေးဆိုတာ ဖြစ်ခါမှဖြစ်ရော စားစရာ၊ နေစရာ၊ ဝတ်စရာတွေပြီးမှ စဉ်းစားရတဲ့ကိစ္စ ဖြစ်နေရတယ်။

ဆေးခန်းလာ လူနာတွေထဲမှာ ၆၀ ရာခိုင်နှုန်းကျော်က အမျိုးသမီးတွေဖြစ်ပြီး၊ ကလေးမီးဖွားသူ ဦးရေကလည်း ရာကျော်သွားပြီ။ ကိုယ်ဝန်လာအပ်တဲ့ အမျိုးသမီး အများစုဟာ အသားအရေ ဖြူဖတ်ဖြူရော်တွေ များတယ်။ တကယ်တော့ ကိုယ်ဝန်မဆောင်သူတွေနဲ့ ကလေးတွေပါ၊ ကျား-မ မရွေး၊ တွေ့နေရလို့ သွေးအားနည်းရောဂါ အကြောင်းလေး ရေးပါရစေ။

လူတိုင်း အသက်ရှူနေကြရတယ်။ ရှူသွင်းလိုက်တဲ့လေထဲက အောက်စီဂျင်ကိုသုံးပြီး သွေးကို သန့်အောင်လုပ်ပေးဖို့ပါ။ သွေးထဲမှာ သွေးနီဥရှိတယ်။ သွေးနီဥမှာ အောက်စီဂျင်ကို အသုံးချနိုင်တဲ့ (ဟီမိုဂလိုဘင်) ဆိုတာက သံဓာတ်နဲ့ လုပ်ရတာ။ ဒါ့ကြောင့် သံဓာတ်နည်းတာကို သွေးအားနည်းတယ်လို့ ယေဘုယျခေါ်တယ်။ သွေးစစ်ရင် “HB (ဟီမိုဂလိုဘင်) နည်းနေသည်” လို့ အဖြေ ထွက်မယ်။ ပုံမှန်ဆိုရင် အမျိုးသမီးတွေမှာ ၁၁ မှ ၁၂ နဲ့ ယောက်ျားတွေမှာ ၁၃ မှ ၁၄ g/dl ရှိရပါတယ်။

သွေးအားနည်းရောဂါက တမျိုးမက ရှိတာ။ ရက်တိုနဲ့ နာတာရှည်။ နည်းနည်းဆိုးတာနဲ့ များများဆိုးတာ။ ဖြစ်ရင် မျက်ခွံ၊ နှုတ်ခမ်း၊ အသားအရေ အရောင်ဖြူလျော့နေမယ်၊ မောလွယ်မယ်၊ အသက်ရှူမဝ၊ နှလုံးခုန်မမှန်၊ ရင်ဘတ်နာ၊ ခေါင်းမူး၊ ခြေလက်အေးစက်၊ ခေါင်းကိုက်။

လစဉ် ရာသီသွေးဆင်းနေရတာကိုက သွေးအားနည်းစေတယ်။ နောက်ပြီး ကိုယ်ဝန်ရှိတာတို့၊ မစားနိုင်လို့-မစားတတ်လို့ အစားအစာ ရွေးလွန်းလို့၊ အရက် ကြာကြာသောက်သူတွေ၊ အူရောဂါတမျိုးရှိသူ၊ အူကို အရှည်ကြီး ဖြတ်ပစ်ရသူ၊ နာတာရှည် ကျောက်ကပ်၊ အသည်း၊ ကင်ဆာ ရောဂါတွေရှိသူ၊ ဓာတုအဆိပ်မိသူတွေဟာ သွေးအားနည်းရောဂါ ဖြစ်စေနိုင်တယ်။ (ရူမတွိုက်) အဆစ်နာရောဂါ၊ AIDS တွေကြောင့်လည်း သွေးအားနည်းနိုင်သေးတယ်။

အများဆုံးကတော့ သံဓာတ်နည်း သွေးအားနည်းရောဂါ ဖြစ်တယ်။ ဖြစ်ရင် သံဓာတ်ပါတဲ့ အစားအစာတွေ ရွေးစားရပါမယ်။ အစားအမျိုးအစားတွေကို ချင့်ချိန်သိအောင် သံဓာတ်ပါတဲ့ ကိန်းဂဏန်းတွေနဲ့ တွဲမှတ်နိုင်ပါတယ်။ အသည်း (၇၀)၊ ပဲပုတ် (၅၀)၊ တခြားပဲ (၂၀-၂၅)၊ တိုဖူး (၂၀)၊ ဟင်းနုနွယ် (၂၀)၊ အမဲသား (၁၀-၂၀)၊ ကြက်သား (၆)၊ ပေါင်မုန့် (၆)၊ ဝက်သား (၄)။ စပ်မိလို့ ရေးရဦးမယ်။ ကျနော်တို့ ဒေလီစရောက်ချိန်က အမဲသားဈေးက ၁ ကေဂျီ (ကီလိုဂရမ်) မှ ရူပီး ၁၈-၂၀။ အခု ၁၂၀ ပေးနေရတယ်။ တော်သေးတာက အသည်းက ဈေးနည်းနည်းသက်သာလို့။

မြန်မာပြည်မှာတုန်းက မစားဘူးဘဲ၊ ချင်းအမျိုးသားတွေနဲ့တွေ့မှ စားဘူးတဲ့ ဘောက်ရွက်ဆိုတာလည်း သံဓာတ်ပါမယ်။ ကန်စွန်းရွက်ကို အိန္ဒိယနိုင်ငံသားတွေ မစားတတ်ဘူး။ အရင်က ချင်းအမျိုးသား ကပူး (ဦးလေး) တယောက် ရှာဖွေခူးပြီး၊ အိမ်တိုင်ယာရောက် လိုက်ရောင်းလို့ ကျေးဇူးတင်ရတယ်။ သူလည်း ကျေးဇူးတန်ခိုးနဲ့ တတိယတိုင်းပြည် (ဂိုး) သွားပြီ။ တော်ပါသေးရဲ့၊ အခုတော့ အိန္ဒိယညဈေးတန်းတွေမှာ ကန်စွန်းရွက်ကို အော်ရောင်းနေပြီ။

သွေးအားကောင်းစေတဲ့ ဆေးတွေကို ဆေးကုမ္ပဏီတွေက အမျိုးမျိုး ထုတ်တယ်။ Iron တမျိုးထဲအပြင် Folic acid နဲ့တွဲ၊ Vitamin B, C ပါ ရောထားတာလည်း ရှိတယ်။ (မြန်မာပြည်မှာ ဖြူရာမင် ဘီစီ)။ ပုံမှန်သွေးအားနည်းနေတဲ့ အမျိုးသမီးတယောက်ကို သံဓာတ်ပါ စားဆေး ၃ လကြာ ပေးသင့်တယ်။ အချိန်ကာလ ကြာကြာသောက်ရမှာမို့ ဈေးချိုတာ ရှာဝယ်ပါလေ။ မြန်မာပြည်မှာတုန်းကတော့ UNICEF ကနေ အလကားဝေတာကို ထုတ်ရောင်းလို့ ဆေးလုံး ၁၀၀၀ ဗူးကို ၁၀ ကျပ် မပေးရဘူး။

သံဓာတ်ဆေးဆိုတော့ သံချေးနံ့ရလို့ မကြိုက်သူတွေအတွက် အပေါ်ကသကြားအုပ်ဆေး ထုတ်တယ်။ ဆေး မမျိုတတ်သူတွေအတွက် ဆေးအရည်ထုတ်တယ်။ ကိုယ်ဝန်လာအပ်တဲ့ သားဦး မိန်းကလေးတယောက် အတော် သွေးအားနည်းနေလို့ ဆေးခန်းကို တခါလာရင် ဆေး ၁ ပတ်စာ ပေးပါတယ်။ အရပ်စကား ပြန်ကြားမှ အနံ့မကြိုက်လို့ ဆေးမသောက်ဘူးဆိုတာ သိရတယ်။ ဒါနဲ့ နောက်တခါလာတော့ မသိချင်ယောင်ဆောင်ပြီး၊ ထိုးဆေး အဝယ်ခိုင်းပြီး ထိုးပေးတယ်။ အဲဒါလည်း သိပ်အဆင်မပြေပါဘူး။ ဆေးထိုးတာကလည်း နာလို့တဲ့၊ ၂ ခါပဲ လာထိုးတယ်။ သူမွေးရင် အတော် ဂရုစိုက်ရလိမ့်မယ်လို့ ဆရာမတွေကို မှာထားရတယ်။

သံဓာတ်က ဝမ်းချုပ်တတ်လို့ ဝမ်းလွယ်အောင် သင်္ဘောသီး၊ မန်ကျည်းမှည့်၊ ကန်စွန်းရွက် စတာတွေကိုပါ စားသင့်တယ်။ မြန်မာဘယဆေးတွေကလည်း အသုံးဝင်လှပါတယ်။

သံဓာတ်အပြင် ဖောလစ်အက်စစ် (Folic acid) နည်းတဲ့ သွေးအားနည်းရောဂါဆိုတာ ရှိတယ်။ သာမန်အချိန်မှာ 400 mcg ၊ နို့တိုက်နေရင် 500 ၊ ကိုယ်ဝန်ရှိရင် 600 နေ့စဉ် လိုအပ်ပါတယ်။ Folic acid ပါတဲ့ အစာတွေကတော့ ပဲအမျိုးမျိုး၊ လိမ္မော်သီး၊ နာနတ်သီး၊ ခရမ်းချဉ်သီး၊ သင်္ဘောသီး၊ စပျစ်သီး၊ ပဲနို့၊ ဟင်းနုနွယ်၊ မုန်ညင်း၊ မုန်လာအမျိုးမျိုး၊ အာလူး၊ ကြက်သွန်နီပင် စတဲ့ အသီးအရွက်စိမ်းတွေ၊ နေကြာစေ့၊ မြေပဲ၊ အစေ့အဆံတွေ၊ အသည်း-အမြစ်၊ ပြောင်း-ပြောင်းဖူးထွက် အစာတွေ၊ ပေါင်မုန့်၊ ဂျုံမှုန့်၊ ခေါက်ဆွဲနဲ့ ဆန်တွေ ဖြစ်တယ်။

Folic acid ဟာ Spina bifida စတဲ့ မွေးရာပါ ဦးနှောက်-အာရုံကြောရောဂါတွေကို ကာကွယ်နိုင်ပါသေးတယ်။ Spina bifida ဆိုတာ (ရဖြူဂျီ) ထဲက ရခိုင်-ဗမာ ကလေးတယောက်မှာ ဖြစ်တာ။ ခွဲစိတ်ကုပေးနိုင်လို့ အတော်အခြေအနေ ကောင်းတယ်။ ကိုယ့်တိုင်းပြည်မှာဆို သနားပါတယ်ပဲ ပြောနိုင်ကြမှာ။ အခု ပိုကံကောင်းတယ် ပြောရမယ်။ တတိယ နိုင်ငံရောက်ပြီး အတော်တိုးတက်နေပြီတဲ့။

နောက်တမျိုးက ဗီတာမင် ဘီ-၁၂ နည်းတဲ့ သွေးအားနည်းရောဂါ။ တနေ့ကို 7 mcg လိုအပ်ပါတယ်။ နည်းနေရင် Vitamin 12 ထိုးပေးရမယ်။ B-12 ဟာ သွေးအတွက်သာမက အာရုံကြောအတွက်လည်း အသုံးဝင်တယ်။ ဗီတာမင် ဘီ ၁၂ များတဲ့ အစားအစာတွေကတော့ ခရု၊ အသည်း၊ ကောက်နှံတွေ၊ ငါး၊ အမဲသား၊ ဒိန်ချဉ်၊ နွားနို့၊ ဥ၊ ကြက်သားတို့ပါ။

ဆရာဝန်ပေါက်စတွေကို ဝါရင့်တွေက သင်ပေးသလို လူနာတွေက ဆရာဝန်ကို သင်ပေးတာလည်း ရှိတယ်။ ဆေးထိုးတဲ့အခါ ဗီတာမင် - ဘီ ထိုးရင် နာတယ်။ ဘီ ၁၂ ကို ထိုးရင် မနာဘူး။ တချို့လူနာက ဆေးထိုးတာ မနာမှ ဒီဆရာဝန် လက်ကောင်းတယ်လို့ သတ်မှတ်တယ်၊ တချို့ကျ “ဆေးက နာလည်းမနာဘူး၊ စွမ်းပုံမရဘူး” လို့ ပြောသူလည်း ရှိတယ်။ ဒါ့ကြောင့် (ဂျီပီ) ကိုယ်ပိုင်ဆေးခန်းဖွင့်ရင်၊ ကောင်းချင်ရင် လူနာ့အထာ သိဖို့လိုတယ်။

(ရိုးတွင်းခြင်ဆီ) မကောင်းသူတွေမှာ Aplastic anemia နဲ့ (လူကီးမီးယား) သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။ သွေးသွင်းပေးရတာတို့ ရိုးတွင်းခြင်ဆီ အစားထိုးပေးတာတို့ လုပ်ပေးရတယ်။ ဆိုးဝါးတဲ့ ရောဂါတွေဖြစ်လို့ ဝတ္ထုတွေ၊ ရုပ်ရှင်တွေမှာ ဇာတ်လိုက်ကို ဒီရောဂါရှိတယ်လုပ်ပြီး ဇာတ်နာအောင် လုပ်တတ်တယ်။ ရုပ်ရှင်မင်းသမီး Valerie French တို့၊ ဇောရိုး ဇာတ်ကားတွေ ရိုက်ခဲ့တဲ့ မင်းသား John Carroll တို့ဟာ တကယ်ပဲ လူကီးမီးယားနဲ့ သေသွားကြရတယ်။

သွေးအားနည်းတာကို အိပ်ပေါက်နဲ့ ဖားကောက်သလို မဖြစ်အောင် အကြောင်းရင်းကိုပါ ကုပေးရပါမယ်။ လိပ်ခေါင်းက သွေးယိုတာ၊ ရာသီဆင်းများတာ၊ သွားဖုံး-နှာခေါင်းက သွေးယိုတာတွေ ပြောတာပါ။ အစာလမ်းကနေ မသိမသာ သွေးယိုဖန်များပြီး၊ ရက်တွေ၊ လတွေကြာမှ သွေးအား အလွန်နည်းနေတာမျိုး ဖြစ်တတ်တယ်။ ဝမ်းသွားတဲ့အထဲ ပါတဲ့သွေးကို မျက်စိနဲ့ မမြင်နိုင်လို့ ဝမ်းစစ်မှ တွေ့နိုင်တယ်။ ဒုက္ခသည်တွေကြား ငှက်ဖျားကြောင့် သွေးအားနည်းသူတွေ မနည်းမနော ရှိတယ်။

သွေးအားနည်းတာနဲ့ သွေးဖိအား (Blood Pressure - BP) ကျတာ မတူဘူး။ အခုချက်ချင်းကြီး သွေးယို-သွေးဆင်းသူကို BP တိုင်းရင်တော့ နည်းနေတာကို တွေ့ရပေမယ့် ရက်ကြာကြာ သွေးအားနည်းနေသူတွေက BP ပုံမှန် ဖြစ်နေမယ်။ ဒါ့ကြောင့် BP ကောင်းပေမယ့် သွေးအားနည်းနေနိုင်တယ်။

သွေးသွင်းတာဟာ အရေးပေါ်နဲ့ ဆိုးဝါးတဲ့ သွေးအားနည်း ရောဂါတွေအတွက် အသက်ကို ကယ်နိုင်တယ်။ သွေးနီဥဆိုတာ ရက် ၉၀-၁၂၀ သာ အသက်ရှည်ပြီး အသစ်ထပ်ထပ်လဲနေကြတာ။ ဒါ့ကြောင့် သွေးလှူရှင်တယောက်ဟာ ရက် ၁၂၀ ဒါမှမဟုတ် ၄ လတခါ (သွေးလှူဘဏ်က လက်ခံရင်) စိတ်ချလက်ချ လှူနိုင်ပါတယ်။

သွေးအားနည်းရောဂါကို ပညာတော့ ပေးနိုင်ပါရဲ့။ (ရဖြူဂျီ) တွေက အာဟာရလည်း စုံအောင်မစားနိုင်၊ ဆေးကိုလည်း အပြင်က မဝယ်နိုင်။ ဆေးခန်းကနေလည်း တခါလာမှ ၂ ရက်စာကနေ ၅ ရက်စာထက် ပိုမပေးနိုင်ဘူး။ (ရဖြူဂျီ) တွေ စားနိုင်-သောက်နိုင်-ဝယ်နိုင်တဲ့ ဘဝကို မြန်မြန်ကြီး ရောက်ကြပါစေ။

No comments:

Post a Comment