Wednesday, December 23, 2009

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၄၄

မင်းဟန်

(၁၅၆)
၁၉၉၄ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားသည့် နေအိမ်အကျယ်ချုပ် သက်တမ်းကာလ …. ၅ နှစ် ပြည့်ပြီ။ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေး…။ နေအိမ်အကျယ်ချုပ် သက်တမ်းကို တနှစ်ထပ်မံပြီး တိုးလိုက်ပြန် သည်။ စစ် အုပ်စု၏ အကြောင်းပြ ချက်က ….

ပထမဖမ်းဆီးထိန်းသိမ်းခဲ့သည့် တနှစ်တာကာလသည်၊ နဝတအဖွဲ့၏ အမိန့်အာဏာစက်နှင့် ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ ထိုတနှစ်ထိန်းသိမ်းထားမှု နောက်ပိုင်းကာလသည်သာ …. ဥပဒေအရ ပုဒ်မ ၁ဝ (ခ) ၏ သက်ရောက်မှုကာလ။ သို့ကြောင့် … ၅ နှစ် မပြည့်သေး…။ ထို့အတွက် ….. နောက်ထပ်တနှစ် ထိန်းသိမ်းခြင်း ကာလ တိုးမြှင့်၍ ချုပ်နှောင်ထားခြင်းဖြစ်သည်။ မည်သို့များ တတ်နိုင်ပါသေးသနည်း….။ ဤသို့သော စစ်အုပ်စု၏ ‘သားပိုက်ကောင်’ တရားဥပဒေဟူ၍သာ …. ဒေါ်အောင်ဆန်းစုကြည် ညည်းမိတော့၏။

ဇူလိုင်လအတွင်း၌ အရှေ့တောင်အာရှနိုင်ငံများအသင်း …. ‘အာဆီယံ’ အစည်းအဝေးသို့ နဝတ ကိုယ်စားလှယ်အဖွဲ့၊ လေ့လာသူအဖြစ်နှင့် တက်ရောက်ခွင့်ရ၏။ ထိုစဉ်က …. အာဆီယံတွင် ထိုင်း ၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုးနီးရှား၊ ဖိလစ်ပိုင်၊ ဘရူးနိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည်သာ အဖွဲ့ဝင်နိုင်ငံများအဖြစ် ရှိ၏။ စစ်အးလွန် ကမ္ဘာ့အခင်းအကျင်းအသစ်၌ ဒေသဆိုင်ရာ အဖွဲ့အစည်းများအတွင်း အာဆီယံသည် အရေးပါသည့် အင်အားစုတခုအဖြစ် တိုးတက်ဖြစ်ထွန်းလာနေ၏။ အာဆီယံ အစည်းအဝေးများက …. အာဆီယံ၏ ဆွေးနွေးဘက် နိုင်ငံများနှင့်လည်း တဆက်တည်း ဆွေးနွေးကြသည့် အစည်းအဝေးဖြစ်သည်။ အာဆီယံ၏ ဆွေးနွေးဘက် နိုင်ငံများတွင် အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ တရုတ်တို့ ပါဝင်ကြသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ အာဆီယံအတွင်း၌ကား ….. သဘောထားတခုတည်း ရှိမနေ…။ ညှိနှိုင်း၍ နေကြရဆဲ….။ စင်္ကာပူက မြန်မာနိုင်ငံအပေါ် အထီးကျန်မထားသင့်၊ အကူအညီပေးရမည်၊ ပူးပေါင်းဆောင်ရွက်ရမည်။ ဖိလစ်ပိုင်ကမူ …. စင်္ကာပူ၏ အယူအဆအပေါ်၌ တထပ်တည်း လက်မခံနိုင် …. ။ ညှိကြရ၏။ ဆွေးနွေးဖော် နိုင်ငံများတွင်လည်း …. ဂျပန်က စင်္ကာပူနှင့် တသဘောတည်း ရှိနေပြီး၊ အမေရိကန် ပြည်ထောင်စုကမူ ဆန့်ကျင်၏။ အဆုံး၌မူ …. အာဆီယံအစည်းအဝေးက မြန်မာနိုင်ငံနှင့် ပတ်သက်၍ မူဝါဒတရပ် ချမှတ်ခဲ့ကြ၏။

‘အပြုသဘောဆောင်သည့် ဆက်ဆံရေးမူဝါဒ’
ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍မူ …. အာဆီယံက အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုကြသည်။

(၁၅၇)
၁၉၉၄ ခုနှစ် သြဂုတ်လအတွင်း မိသားစုမဟုတ်သည့် … ဧည့်သည် နောက်ထပ်တဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ထပ်မံရရှိ၏။ ဧည့်သည်က …. ဗုဒ္ဓဘာသာရဟန်းတော်တပါး ဖြစ်၏။ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ ‘ဘာမင်ဟမ်’ ကျောင်းတွင် ကျောင်းထိုင်သည့် ဆရာတော် ‘ဦးရေဝတ’ ကိုယ်တော်…..။ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ ကြွချီလာခဲ့ခြင်းဖြစ်သည်။ ဆရာတော်က …. ထိုင်းနိုင်ငံ၊ ဘန်ကောက်သို့ ရောက်ရှိစဉ် …. ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဘိုမြနှင့် တွေ့ဆုံခဲ့ပြီး၊ ရန်ကုန်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ခင်ညွန့်တို့နှင့်လည်း တွေ့ဆုံ၏။ ဘာမင်ဟမ် ကျောင်းဆရာတော်က …. မြန်မာ့အရေး၏ ငြိမ်းချမ်းရေးသံတမန်တပါးဟု ဆိုရမည်။ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး …. တို့အတွက် ဝါတွင်းကာလကြီးအတွင်းမှာပင် …. ဘာမင်ဟမ်ကျောင်း၌ သီတင်းသုံးပြီး မနေနိုင်အား….၊ ခရီးထွက်လာရ၏။ ပထမဦးဆုံးသော စစ်အုပ်စုမှ ခွင့်ပြုလက်ခံသည့် ‘သံဃာ့သံတမန်ကြီး’…..။

ဒေါ်အောင်ဆန်းစုကြည်က …. ဘာမင်ဟမ်ကျောင်း ဆရာတော်ကို နေ့လယ်ဆွမ်း ဆက်ကပ်၍ဒါနပြု၏။ တွေ့ဆုံစကားပြော၏။ ဆရာတော်၏ မိန့်မှာချက်များကို နာယူ၏။ လျှောက်တင်စရာ …. အရေးကိစ္စများကို လျှောက်ထား၏။ ဘာမင်ဟမ်ကျောင်း ဆရာတော်က … ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နဝတ စစ်ခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးပွဲများ မကြာမီ ဖြစ်ပေါ်လာလိမ့်မည်ဟု …. ဒေါ်အောင်ဆန်းစုကြည်ကို မြွက်ကြား၏။

(၁၅၈)
၁၉၉၄ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်း၌ ဗိုလ်မှူးကြီးသန်းထွန်းက နဝတစစ်ခေါင်းဆောင်များမှ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ဆန္ဒရှိကြောင်း ပြောလာသည်။ သူမကို မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာသွားရန် အကြောင်းကိစ္စရပ် ဆွေးနွေးမည်မဟုတ်ပါက .... တွေ့ဆုံရန်ဆန္ဒရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်မှူးကြီးသန်းထွန်းမှတဆင့် အကြောင်းပြန်လိုက်သည်။ မကြာ …. စက်တင်ဘာလ ၂ဝ ရက်နေ့တွင် နဝတဥက္ကဋ္ဌ ဗိုလ်မှူးကြီးသန်းရွှေ၊ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ခင်ညွန့်တို့မှ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့်အကြောင်း ဗိုလ်မှူးကြီးသန်းထွန်းက အကြောင်းကြားလာ၏။

၁၉၉၄ ခုနှစ် စက်တင်ဘာလ ၂ဝ ရက် …။

ဒဂုံရိပ်သာရှိ အစိုးရဧည့်ဂေဟာတွင် တွေ့ဆုံကြသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုက ပထမဦးဆုံးအကြိမ် တွေ့ဆုံကြခြင်းဖြစ်သည်။ ဗိုလ်ချုပ်ခင်ညွန့်နှင့်ကမူ … ၁၉၈၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပထမအကြိမ် တွေ့ဆုံခဲ့ဖူးပြီးဖြစ်သည်။ ထိုစဉ်က …. ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်၏ ဈာပနသို့ ဗိုလ်ချုပ်မှူးကြီးစောမောင်နှင့်အတူ လာရောက်ခဲ့ကြစဉ်က အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ပင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ နာရေးကိစ္စနှင့် လာခဲ့ကြခြင်းဖြစ်သော်လည်း …. ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးစောမောင်နှင့် ဗိုလ်ချုပ်ခင်ညွန့်တို့ကို လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရန်နှင့် ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်ရေးအတွက် …. စစ်တပ်က ပေးထားသည့် ကတိကဝတ်များအတိုင်း လုပ်ဆောင်သွားပါရန်လည်း သတိပေးတိုက်တွန်းခဲ့၏။

ယခုတွေ့ဆုံမှုက မည်သို့သော ဆွေးနွေးမှုဆီသို့ ဦးတည်လေမည်နည်း…။ ဒေါ်အောင်ဆန်းစုကြည်ကမူ …. ကနဦး တွေ့ဆုံဆွေးနွေးမှုအဆင့် ….။ ယုံကြည်မှုတည်ဆောက်မှုအဆင့် ….။ ဤအဆင့်များအထိ ဆွေးနွေးပွဲကို တက်လှမ်းနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ရည်ရွယ်ထား၏။

ပြီးလျှင် …. တဖက်တွင်လည်း ….. အခြေခံတရပ်အနေနှင့် လိုအပ်နေသည်က အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စိတ်ဓာတ်ရှိရန် …၊ စေတနာရှိရန်ပင် ဖြစ်၏။

(၁၅၉)
၁၉၉၄ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ခေါင်းဆောင်များ ဒုတိယအကြိမ်မြောက် ထပ်မံ၍တွေ့ဆုံကြပြန်သည်။ တပ်မတော်ဧည့်ဂေဟာ၌ တွေ့ဆုံကြခြင်းဖြစ်သည်။ ဗိုလ်မှူးကြီးသန်းရွှေ မပါတော့…..။ စစ်ခေါင်းဆောင်များဘက်မှ ဗိုလ်ချုပ်ခင်ညွန့်က ဦးဆောင်၏။ စစ်ဥပဒေချုပ် ဗိုလ်မှူးချုပ်သန်းဦး၊ တပ်မတော် စစ်ရေးအရာရှိချုပ် ဗိုလ်မှူးချုပ်တင်အေးတို့ ပါဝင်ကြ၏။

စစ်အုပ်စုက … ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှ အကျယ်ချုပ်နှင့် လွှတ်ပေးရေးကိစ္စရပ်ကို စိတ်အားထက်သန်စွာ ဆွေးနွေးလို၏။ ဒေါ်အောင်ဆန်းစုကြည်မှမူ …. စိတ်မဝင်စား….။ သူမကို ထိန်းသိမ်းထားခြင်း၊ မထားခြင်းထက် မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ရှိနေသော အကျပ်အတည်းများစွာမှ လွတ်မြောက်ရေးအပေါ် ဆွေးနွေးရန်သာ ဆန္ဒရှိ၏။

မည်သို့….. ယုံကြည်မှု တည်ဆောက်ကြမည်နည်း။
မည်သို့…. အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်မည်နည်း။
မည်သို့…. တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို တည်ဆောက်မည်နည်း။
မည်သို့…. စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ထုဆစ်ကြမည်နည်း…..။
ထိုထိုသော မေးခွန်းများ၏ အဖြေများကို ရှာလို၏။ စစ်အုပ်စုက …. မလေးနက်။ စိတ်ဝင်စားပုံမပြ။ တွေ့ဆုံဆွေးနွေးမှုက …. ၃ နာရီသာ ကြာမြင့်ခဲ့၏။ ရေရာသောလမ်းဟူ၍ မဖော်နိုင်…။ ဓာတ်ပုံများ ရိုက်ပြီး ‘ပြ’ လိုသည့်ဟန်က …. စစ်အုပ်စုတွင် အထင်းသားတွေ့နေရ၏။ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်ခင်ညွန့်ကို ပွင့်ပွင့်ရှင်းရှင်းပင် မေးခွန်းထုတ်၏။

“……We have to choose between dialogue or utter devastation…..” ဟူ၍…။
မည်သည့်လမ်းကို စစ်အုပ်စုရွေးမည်နည်း…။

(၁၆ဝ)
၁၉၉၅ ခုနှစ် မတ်လ ၂၇ ရက်နေ့က …. ဖက်ဆစ်တော်လှန်ရေး နှစ် ၅ဝ ပြည့် အထိမ်းအမှတ်နေ့..။ ထိုနေ့ကို စစ်ခေါင်းဆောင်များက တပ်မတော်နေ့ နှစ် ၅ဝ မြောက် ရွှေရတုအထိမ်းအမှတ်ဟူ၍ ကျင်းပ၏။ ရွှေရတုအထိမ်းအမှတ်အဖြစ်နှင့် တပ်မတော်သား မျိုးချစ်စစ်သည်ဟောင်းများကို အကျဉ်းထောင်အတွင်းမှ လွှတ်ပေး၏။ စုစုပေါင်း ၃ဝ ခန့် ရှိမည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး၊ ဦးကြည်မောင်တို့ လွတ်လာခဲ့ကြသည်။ ဦးတင်ဦး၊ ဦးကြည်မောင်တို့ လွတ်မြောက်လာခဲ့သည့်အတွက် ….. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်မှုအတွင်း ပြန်လည်၍ အင်အားခိုင်မာလာခဲ့၏။

အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဦးကြည်မောင်တို့ လွတ်မြောက်လာခဲ့ပြီးနောက် ….. ရက်ပေါင်း ၁ဝ၅ ရက်အကြာတွင် …. ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နှင့် ထိန်းသိမ်းထားရာမှ လွှတ်ပေးလိုက်၏။

၁၉၉၅ ခုနှစ် ဇူလိုင်လ ၁ဝ ရက်၊ တနင်္လာနေ့….။
၁၃၅၇ ခုနှစ် ဝါဆိုလဆန်း ၁၄ ရက်…။ မနက်ဖြန်က …. ဝါဆိုလပြည့်နေ့…..။
ညနေခင်း ….. ရန်ကုန်မြို့၏ ညနေခင်းက မိုးသားကင်းစင် ကောင်းကင်သည် ဝင်း၍….၊ လက်၍….။ ပုဇွန်ဆီရောင် အသွေးရင့်ရင့်က …. အင်းလျားရေပြင်တွင် လိမ္မော်ရောင်ဖျော့ဖျော့ ….။ လိမ္မော်နုရောင်ဖျော့သော အဆင်းနှင့် အင်းလျားရေပြင်က လှိုင်းကြက်ခွက်လေးများဖြင့် လွန့်လူး၍နေသည်။
အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဦးကြည်မောင်တို့ ၃ ဦး ရောက်လာခဲ့ကြ၏။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကြ၏။ ၆ နှစ်တာ ကွဲကွာနေခဲ့ကြရသည့် လုပ်ဖော်ကိုင်ဖက်များ၏ ပြန်လည်တွေ့ဆုံမှုက …. ကြည်နူးရွှင်ပြဖွယ်ပင် ….။ တိတ်ဆိတ်ငြိမ်သက်မှုများစွာနှင့် ဖြတ်သန်းခဲ့ရသည့် ဧည့်ခန်းသည် သက်ဝင်၍လှုပ်ရှားလာပြီ။

တွေ့ဆုံဆွေးနွေးမှုက …. ရိုးရိုးရှင်းရှင်းပင်။ ဒေါ်အောင်ဆန်းစုကြည်က …. “ ကျမတို့ရဲ့ အလုပ်တွေကို ဆက်လက်လုပ်ကိုင်ကြမယ်” ဟူ၍ …. သန္နိဋ္ဌာန်စကား ဆို၏။ အားလုံးက သဘောတူကြ၏။ ဆုံးဖြတ်ချက်ချလိုက်ကြသည်။

နေကွယ်လုပြီ။ နောက်တနေ့၌ နေ့သစ်၏ နံနက်ဦးတွင် ရောင်နီသည် ပြိုအံ၍ ထွက်လာလေမည်ပင်….။ မနက်ဖြန်နှင့် နေ့သစ်သည်က အမှန်တကယ်ပင် ရှိနေ၏။

ပုတ်ညက်ပန်းရနံ့က …. သင်းပျံ့၍ ရီဝေဝေ….။

(၁၆၁)
၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့၌ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ပင် ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၏။ အထိန်းအသိမ်းခံနေရစဉ် ကာလအတွင်း သူမနှင့် နဝတ ၂ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့မှုအပေါ် အဓိကရှင်းလင်းပြောကြား၏။ တွေ့ဆုံဆွေးနွေးမှုက ….. ယုံကြည်မှုတည်ဆောက်ရေး အဆင့်သို့ပင် မရောက်သေးကြောင်း ဆို၏။ နိုင်ငံရေးအရ သဘောတူညီမှု ဟူ၍က …. မည်သည့်အဆင့်ကိုမျှ ဆွေးနွေးနိုင်ခဲ့ခြင်း မရှိဟု ပြော၏။ ပြီးလျှင် …. ဗိုလ်ချုပ်ခင်ညွန့်နှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးစဉ်က …. ပြောခဲ့သည့် စကားကို သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်း၍ အလေးအနက်ပြောဆို၏။

“……We have to choose between dialogue or utter devastation. ….. တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းနှင့် အလုံးစုံ ပျက်သုဉ်းခြင်းတည်းဟူသော လမ်းနှစ်သွယ်အနက် တခုခုကို ရွေးချယ်ကြရမယ်”….. ဟူ၍…ပြောဆို၏။

နဝတ ၏ အမျိုးသားညီလာခံနှင့် ပတ်သက်၍မူ …..“ပြုပြင်ပြောင်းလဲစရာ များစွာရှိကြောင်း” ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၏ တနေ့တာက …. သတင်းမီဒီယာများနှင့် တွေ့ဆုံနေရသည့် အချိန်က များ၏။

ထိုင်းနိုင်ငံ ‘နေရှင်းသတင်းစာ’ မှ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်း ခွင့်တောင်း၏။ အားမည့်ရက်နှင့် အချိန်ကို ဒေါ်အောင်ဆန်းစုကြည်က အကြောင်းပြန်ပေးရ၏။ ဇူလိုင်လ တတိယအပတ်….။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်းကို ထိုင်းနိုင်ငံရှိ ရုပ်မြင်သံကြား….“Nation News Talk, Channel 9” မှ ထုတ်လွှင့်မည်ဖြစ်သည်။ နေရှင်းသတင်းစာမှ အယ်ဒီတာချုပ် ဆူသီချိုင်းယွန်နှင့် အယ်ဒီတာသက်ချိုင်းယုံတို့ လာရောက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် အင်းတာဗျူး၏။

“မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်အပေါ် အာဆီယံနိုင်ငံတနိုင်ငံက ဝေဖန်ရေးစပြီးလုပ်လာရင် အဲဒါကို စွက်ဖက်မှုအဖြစ် စဉ်းစားမှာလား” ….. ဟူ၍ နေရှင်းသတင်းစာမှ အယ်ဒီတာချုပ် ဆူသီချိုင်းယွန်က ပထမဦးဆုံး မေးခွန်းထုတ်၏။

“ကျမကတော့ အဲဒီလို မယူဆဘူး။ ကမ္ဘာကြီးက တနေ့တခြား သးငယ်လာနေပြီလေ။ အတိုင်းအတာ တခုအထိ နိုင်ငံတကာအမြင်၊ နိုင်ငံတကာ သဇာသက်ရောက်မှုကနေ လွတ်ကင်းတဲို့င်ငံရယ်လို့ မရှိနိုင်ဘူးဆိုတဲ့ အချက်ကို ကျမတို့ က်ခံရလိမ့်မယ်။ တယ်တော့ နိုင်ငံတခုရဲ့ ပြည်တွင်းရေးမှာ ဘယ်အတိုင်းအတာအထိ ဝင်ရောက်စွက်ဖက်ခွင့် ပြုတယ်ဆိုတဲ့ ကန့်သတ်ချက်က ရှိပြီးသား ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ပြည်တွင်းရေးစွက်ဖက်ဖို့ ဒါမှမဟုတ် အချုပ်အခြာအာဏာကို ထိပါးဖို့ ဆိုတာမျိုးတော့ ဘယ်သူမှ မမျှော်လင့်ကောင်းပါဘူး။ ဒါပေမဲ့ ကျမတို့အနေနဲ့ ဒေသတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဂရုစိုက်တယ်ဆိုရင် ဒေသတွင်း နိုင်ငံတွေမှာ ဘယ်လိုအစိုးရအမျိုးအစားတွေ ရှိနေတယ်ဆိုတာကိုတော့ ကျမတို့ ဂရုစိုက်သင့်ပါတယ်”

အယ်ဒီတာချုပ်က….
“ဒဏ်ခတ်အရေးယူမှုတွေကို သဘောတူပါသလား” …. ဟု ထပ်၍မေးခွန်းထုတ်၏။

“ဒဏ်ခတ်အရေးယူမှုနဲ့ ပတ်သက်လာရင် ကျမလက်ခံထားတဲ့ သဘောထားတရပ် ရှိပါတယ်။ အဲဒါက ဒီဒဏ်ခတ်မှုဟာ သာမန်ပြည်သူများကို ထိခိုက်နစ်နာမှုမရှိစေဘဲ ဖြစ်ပါတယ်။ ဒဏ်ခတ်အရေးယူဖို့ စဉ်းစားတဲ့အခါ ဘယ်လိုဒဏ်ခတ်မှုမျိုးကို အကောင်အထည်ဖော်ဖို့ဖြစ်ဖြစ် စေ့စေ့စပ်စပ်သေသေချာချာ လေ့လာပြီးမှ လုပ်သင့်ပါတယ်။ ကျမ နားလည်သဘောပေါက်တဲ့အတိုင်း ပြောရရင် လွန်ခဲ့တဲ့ ၆ နှစ်အတွင်း စီးပွားရေးပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုဟာ အခြေခံလူထုဆီအထိ မရောက်ခဲ့ပါဘူး။ ဒီတော့ ဒဏ်ခတ်အရေးယူမှုဟာလည်း လူထုကို ထိခိုက်လိမ့်မယ်လို့ မဆိုနိုင်ပါဘူး။”

“စစ်မှန်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံကို အမှတ်တကယ် ထူထောင်မယ်ဆိုရင် ဘယ်လိုလျော်ကန်သင့်မြတ်တဲ့ မူဘောင်ချရမှာလဲ” …. ဟူ၍ မစ္စတာဆူသီချိုင်းယွန်က နောက်ဆုံးအနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို မေး၏။

“ပထမဦးဆုံး ‘ယုံကြည်မှုပတ်ဝန်းကျင်’ တခု တည်ဆောက်ကြရမှာပါ။ ဒီယုံကြည်မှုဟာ မြန်မာနိုင်ငံမှာ ကွယ်ပျောက်နေတဲ့အရာ ဖြစ်ပါတယ်။ ယုံကြည်မှု ပတ်ဝန်းကျင်တခု မတည်ဆောက်နိုင်သေးသမျှ ထိရောက်မှုရှိတဲ့ ဆွေးနွေးပွဲမျိုး ကျမတို့ စတင်နိုင်မှာ မဟုတ်ပါဘူး။ ဆွေးနွေးရေးစားပွဲမှာ ဝိုင်းထိုင်လိုက်ဖို့ဆိုတာကတော့ လွယ်ပါတယ်။ ဒါပေမဲ့ လူတိုင်းက တဦးအပေါ်တဦး သံသယတွေပွားနေကြရင် အများလက်ခံနိုင်တဲ့ သဘောတူညီမှုတခု ရရှိအောင် ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တိုင်းရင်းသားတွေ ယုံကြည်စိတ်ချနိုင်တဲ့ အစိုးရတရပ် ရှိတယ်ဆိုတာ ကျမတို့အနေနဲ့ ပြသဖို့ လိုပါတယ်။ အဲဒီအစိုးရဟာ တိုင်းရင်းသားများရဲ့ မျှော်မှန်းချက်တွေနဲ့ ပြဿနာတွေကို စာနာတောက်ထားကြောင်းလည်း ပြသရပါလိမ့်မယ်။ ပြဿနာကို အဲဒီကနေစပြီး ကိုင်တွယ်ရမယ် ထင်ပါတယ်။ တချို့တိုင်းရင်းသား အင်အားစုတွေအနေနဲ့ ထိရောက်မှုရှိတဲ့ ဆွေးနွေးပွဲတွေ မစတင်မီ သူတို့ဖြစ်စေချင်တဲ့ မူဘောင်ဆိုင်ရာ အကြံပြုစရာတွေ ရှိပြီးဖြစ်နိုင်ပါတယ်။ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ မူဘောင်တခု ရရှိဖို့အတွက် ညှိနှိုင်းဆွေးနွေးကြမယ်ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။”

T.V ထုတ်လွှင့်ချိန် ၄ဝ မိနစ်စာ အမေးအဖြေ ပြုလုပ်ခဲ့ရသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် …. အတော်ပင် နွမ်းသွား၏။ သို့သော် …. မပမ်း….။ လန်း၍တက်တက်ကြွကြွနှင့်…..။


No comments:

Post a Comment