Tuesday, December 8, 2009

ဒီမိုကရေစီအစိုးရနှင့် စာပေလွတ်လပ်ခွင့်

မောင်သြ

ဘကြီးမိုးက စာပေ အကြောင်း ဆွေးနွေးချင် သည်ဆိုသည့် အတွက် ကဗျာ ဆရာ တဦး လည်းဖြစ်၊ အယ်ဒီတာ တဦး လည်းဖြစ်၊ နိုင်ငံရေး သမားတဦး လည်းဖြစ် သည့် မောင်ဆူးကြမ်း နှင့်အတူ ဘကြီးမိုး ၏ ခြံဝန်းထဲ ၀င်လာ ခဲ့သည်။ အဆင် သင့်ပင် ထိုင်နေကျ အိမ်ရှေ့ ကွပ်ပျစ်၌ ဘကြီးမိုးကို ရေနွေး တအိုး နှင့်အတူ တွေ့ရသည်။

ဘကြီးမိုး။ ။ လာဟေ့ မောင်စိုးတို့ ထိုင်ကြကွာ။

မောင်စိုး။ ။ ဘကြီးမိုး၊ ဒါက ကျနော့်သူငယ်ချင်း စာရေးဆရာ မောင်ဆူးကြမ်းတဲ့။ အခု အန်အယ်လ်ဒီမှာ နိုင်ငံရေးဝင်လုပ်နေတာပေါ့။

မောင်ဆူးကြမ်း။ ။ ဟုတ်ကဲ့။ တွေ့ရတာ ၀မ်းသာပါတယ်။ ဘကြီးမိုးက စာပေအကြောင်း၊ နိုင်ငံရေးအကြောင်း ဆွေးနွေးချင်တယ်ဆိုလို့ လိုက်လာတာပါ။

ဘကြီးမိုး။ ။ မင်းကလောင်နာမည်ကလည်း မောင်ဆူးကြမ်းတဲ့။ ဘာအဓိပ္ပာယ်နဲ့ မှည့်ထားတာတုန်းကွ။

မောင်ဆူးကြမ်း။ ။ အော်… ကျနော်ငယ်ငယ်က ဆူးခင်းလမ်းတွေမှာ ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းလာခဲ့ရလို့ အဲဒီဘ၀လေးကို အမြဲသတိရနေအောင်ဆိုပြီး မှည့်ထားတာပါ။

ဘကြီးမိုး။ ။ မင်းက စာရေးဆရာတဦးလည်းဖြစ်၊ နိုင်ငံရေးသမားတဦးလည်းဖြစ်တော့ ဒီကနေ့ မြန်မာစာပေလောကရဲ့ စာပေလွတ်လပ်ခွင့် အနေအထားကို ဘယ်လိုမြင်သလဲကွ။

မောင်ဆူးကြမ်း။ ။ စာပေလောကအကြောင်း ပြောရရင်တော့ ပြောမဆုံးပေါင် တောသုံးထောင်ဆိုတာလိုပဲ ရှည်လျားများပြားလှပါတယ်။ ကျနော်တို့ လက်လှမ်းမီသလောက် ပြောရမယ်ဆိုရင် စာပေလွတ်လပ်မှုဆိုတာ မရှိသေးပါဘူး။ အခုလက်ရှိထုတ်ဝေနေတဲ့ စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်းတွေဆိုရင် ဆင်ဆာမထိတာ မရှိသလောက်ပါဘဲ။ ကဗျာ၊ ကာတွန်း၊ ဆောင်းပါး၊ ၀တ္ထုတွေ အပုဒ်လိုက် အဖြုတ်ခံရတာ၊ အပိုဒ်လိုက် ဖြတ်တောက်ခံရတာ၊ စာကြောင်းရေအလိုက် အဖြတ်ခံရတာတွေ ရှိနေပါတယ်။ လွန်ခဲ့တဲ့ နှစ် (၅၀) ကျော်လောက်က ထုတ်ခဲ့တဲ့ နာမည်ကြီး စာရေးဆရာကြီးတွေရဲ့ စာအုပ်တွေကို ဒီဘက်ခေတ်မှာ ပြန်ထုတ်ဖို့ ကြိုးစားကြတဲ့အခါမှာလည်း ခွင့်မပြုတာမျိုးတွေ ရှိနေပါတယ်။ ပြန်ထုတ်ခွင့်ရခဲ့တဲ့ လုံးချင်းစာအုပ်အဟောင်းတွေဆိုရင်လည်း ဖြုတ်တာတွေ၊ အဖြတ်အတောက်ခံရတာတွေ ရှိပါတယ်။

မိုးဂျာနယ်မှာ အခန်းဆက် အသုံးပြုပြီးတဲ့ လေထီးဦးအုန်းမောင် (ကွယ်လွန်) ရဲ့ “နှစ်ပေါင်း (၅၀) ကြာသောအခါ” ဆိုတဲ့ ဆောင်းပါးပေါင်းချုပ်ကြီးကို ပြန်ထုတ်ဖို့ ကြိုးစားခဲ့တာ ခွင့်ပြုချက်မရခဲ့ပါဘူး။ ဆရာကြီး လေထီးဦးအုန်းမောင်ဟာ သေသာသွားတယ်၊ သူရဲ့ လုံးချင်းစာအုပ်ကလေးကို မတွေ့သွားရှာရပါဘူး။ ယခုလောလောဆယ်မှာလည်း ပိတောက်ပွင့်သစ်မဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာမောင်စိမ်းနီ စီစဉ်တဲ့ “စာရေးဆရာ ကိုအောင်ဆန်း” ဆိုတဲ့ စာရေးဆရာ ကလောင်စုံ ရေးသားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ စာအုပ်ဆိုရင်လည်း စာပေစိစစ်ရေးရုံးတင်ထားတာ ဆိုင်းငံ့ဆိုပြီး အခုထိ ထုတ်ဝေခွင့်မရသေးပါဘူး။

မောင်စိုး။ ။ ဒီဘက်ခေတ်မှာ ဂျာနယ်အသစ်တွေ၊ မဂ္ဂဇင်းအသစ်တွေတော့ အတော်ကလေး ထွက်ဖြစ်ကြတယ်နော်။

မောင်ဆူးကြမ်း။ ။ ဒီဂျာနယ်အသစ်၊ မဂ္ဂဇင်းအသစ်ဆိုတာလည်း သာမန်လူတွေထဲက မထုတ်ဝေနိုင်ကြပါဘူး။ နအဖစစ်အစိုးရနဲ့ ပလဲနံပသင့်တဲ့ အသိုင်းအ၀ိုင်းကသာ ထုတ်ဝေနိုင်ကြတာပါ။

ဘကြီးမိုး။ ။ ဒါနဲ့ စကားမစပ် မောင်ရင်တို့ စာရေးဆရာတွေအနေနဲ့ကော အခု နအဖက ကျင်းပပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲအပေါ် ဘယ်လိုမြင်သလဲ။

မောင်ဆူးကြမ်း။ ။ ကဗျာဆရာပဲဖြစ်ဖြစ်၊ စာရေးဆရာပဲဖြစ်ဖြစ် အားလုံးသော အနုပညာသမားစစ်စစ်တွေဟာ အမှန်တရားကို ချစ်မြတ်နိုးတတ်ကြပါတယ်။ မတရားလုပ်တာကို ရွံမုန်းတတ်ကြပါတယ်။ အန်အယ်လ်ဒီအဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းဟာ ဒီအချိန်မှာ အလိုအပ်ဆုံးနဲ့ တရားမျှတမှုအရှိဆုံးပဲလို့ ပြောချင်ပါတယ်။ ဒါကြောင့် အဲဒီရွှေဂုံတိုင်ကြေညာစာတမ်းအရ နှစ်ဦးနှစ်ဘက် သဘောတူညှိနှိုင်းဆွေးနွေးပြီး ကျင်းပတဲ့ ရွေးကောက်ပွဲမှပဲ တရားမျှတမှု ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဘကြီးမိုး။ ။ အန်အယ်လ်ဒီက စာရေးဆရာတွေကော စာရေးသားထုတ်ဝေခွင့် ရကြရဲ့လားကွဲ့။

မောင်ဆူးကြမ်း။ ။ မရပါဘူး ဘကြီးမိုး။ အန်အယ်လ်ဒီက စာရေးဆရာတွေ စာရေးခွင့် အပိတ်ခံထားရသလို အန်အယ်လ်ဒီနဲ့ ဆက်နွှယ်နေတဲ့ စာရေးဆရာတွေလည်း စာရေးခွင့် အပိတ်ခံထားရပါတယ်။ ဥပမာ - အစောဆုံး အပိတ်ခံရတဲ့ စာရေးဆရာကြီး နန်းညွန့်ဆွေဆိုရင် အန်အယ်လ်ဒီက ကျင်းပတဲ့ ဇူလိုင် (၁၉) အာဇာနည်နေ့ အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေးတိုက်ပွဲအကြောင်း ဟောပြောမိတာနဲ့ စာရေးခွင့် အပိတ်ခံခဲ့ရသလို သက်ကြီးပညာရှင်၊ ကန်တော့ခံ ပုဂ္ဂိုလ်ထဲမှာလည်း မပါဝင်ခဲ့ရပါဘူး။ အဲဒီလိုပဲ ဆရာကြီးရဲ့ ဇနီး စာရေးဆရာမကြီး ဒေါ်ကြည်ဦးမှာလည်း သေသာသွားတယ်၊ ကန်တော့ခံ ပညာရှင်ထဲမှာ ပါမသွားခဲ့ပါဘူး။ ဆရာကြီး မင်းသုဝဏ်၊ ဗန်းမော်ညိုနွဲ့၊ ဆရာမောင်သော်က၊ ဆရာဦးဝင်းတင်(ဟံသာဝတီ)၊ ဆရာမောင်ကိုယု၊ ဖျာပုံနီလုံဦး၊ မုံရွာအောင်ရှင် စတဲ့ အန်အယ်လ်ဒီက စာရေးဆရာတွေလည်း စာရေးခွင့် အပိတ်ခံခဲ့ရပါတယ်။ အန်အယ်လ်ဒီရဲ့ စာပေစင်မြင့်မှာ အမျိုးသားအောင်ပွဲနေ့တိုင်း မပျက်မကွက် လာရောက်ဟောပြောပေးကြတဲ့ အင်းဝသား ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) နဲ့ ဆရာကြည်အောင်တို့လည်း ကလောင်လက်တွေ ရိုက်ချိုးခံရပြီး စာရေးခွင့် အပိတ်ခံခဲ့ရပါတယ်။ ဆရာကြည်အောင်က ၂၀၀၉ မတ်လ (၂၇) ရက်နေ့မှာ ကွယ်လွန်ခဲ့ပြီး ဆရာဗန်းမော်ညိုနွဲ့ (၈၇) နှစ် ကတော့ နိုဝင်ဘာလထဲမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ ၀မ်းနည်းသတင်းတောင် ထည့်သွင်းခွင့်မရခဲ့ကြပါဘူး။

ဘကြီးမိုး။ ။ အော် … အော် … မင်းတို့ အန်အယ်လ်ဒီ စာရေးဆရာတွေအပေါ် နအဖက တော်တော် အာဃာတကြီးတာပဲနော်။

မောင်စိုး။ ။ ဘကြီးမိုးရယ်၊ အန်အယ်လ်ဒီ စာရေးဆရာတွေအပေါ်တင်မကပါဘူး၊ အန်အယ်လ်ဒီ အဖွဲ့ဝင်အားလုံးနဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်အားလုံးအပေါ်မှာကော၊ အဖွဲ့ချုပ်ရုံးတွေအပေါ်မှာပါ တောက်လျှောက် အာဃာတကြီးကြီးနဲ့ ဖိနှိပ်ချုပ်ချယ်ခဲ့တာပါ။ မတရားပုဒ်မတွေတပ် ဖမ်းဆီးထောင်ချခဲ့တာတွေ၊ ဝေးလံတဲ့ အကျဉ်းထောင်တွေကို ပို့ပြီး ကမ်းကုန်အောင် ရက်စက်ခဲ့ကြတာတွေကို တွေးကြည့်ရင် ဥဒါန်းမကျေစရာတွေချည်းပါပဲ။ ဒါပေမယ့် တကယ့်အမာခံ အန်အယ်လ်ဒီအဖွဲ့ဝင်တွေကတော့ သစ္စာရှိရှိနဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံရင်း ဆက်လက်ရပ်တည်နေဆဲပါ ဘကြီးမိုး။

ဘကြီးမိုး။ ။ ရွေးကောက်ပွဲလွန်ကာလမှာ အခြေခံဥပဒေအသစ်အရ စာပေလွတ်လပ်ခွင့်ကော ရှိနိုင်ပါ့မလား။

မောင်ဆူးကြမ်း။ ။ ကျနော်တော့ မမြင်ပါဘူး။ သူတို့ ရေးဆွဲထားတဲ့ အခြေခံဥပဒေအပိုဒ် (၃၅၄) မှာ “မိမိ၏ ယုံကြည်ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်/ရေးသားဖြန့်ဝေခွင့် ရှိသည်” လို့ ဆိုထားပါတယ်။ ဒါပေမယ့် နောက်က အကန့်အသတ်နှောင်ကြိုးတွေနဲ့ ပြန်ချည်ထားတာတွေ့ရတယ်။ ဥပမာ….

“နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်ရ” တဲ့။ ကဲ … ဘယ်မှာလဲ လွတ်လပ်မှု၊ စာပေအနုပညာဆိုတာ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး … စတဲ့ လူ့အဖွဲ့အစည်းနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေအပေါ်မှာ အခြေခံထားတဲ့ အနုပညာဘာသာရပ် မဟုတ်လား။ ဒါကြောင့် စာရေးဆရာစစ်စစ်ဆိုရင် မိမိဖြတ်သန်းလာခဲ့ရတဲ့ ဘ၀ရဲ့ ပုံရိပ်၊ လောကကြီးရဲ့ အဆိုးအကောင်း၊ အကြောင်းနဲ့ အကျိုးကို အမှန်အတိုင်း ရပ်တည်ပြီး အရှိကို အရှိအတိုင်း၊ အမြင်ကို အမြင်အတိုင်း ခံစားပြီး ရေးကြပါတယ်။ သူ့တို့ဂုဏ်သိက္ခာကို သူတို့ စောင့်ထိန်းကြပါတယ်။ ရွှေနားတော်သွင်းဧချင်းမျိုး အုပ်ချုပ်သူကို ဖားမရေးကြပါဘူး။ အဖိနှိပ်ခံပြည်သူလူထုဘက်က ရပ်တည်ပြီး ရေးကြပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲပြီးသွားလို့ ဒီအခြေခံဥပဒေကြီးနဲ့သာ သွားမယ်ဆိုရင် စာပေလွတ်လပ်ခွင့်ဟာ မရှိနိုင်သေးဘူးလို့ ဆိုရမှာပဲ။

ဘကြီးမိုး။ ။ မောင်ဆူးကြမ်းအနေနဲ့ စာပေလွတ်လပ်ခွင့်ရှိဖို့ ဘာတွေလိုအပ်တယ်လို့ ထင်သလဲကွဲ့။

မောင်ဆူးကြမ်း။ ။ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အရပ်သားအစိုးရစစ်စစ်လည်းဖြစ်မယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အာမခံနိုင်မယ့် ဒီမိုကရေစီအစိုးရလည်း ဖြစ်မယ်ဆိုရင် စာပေစိစစ်ရေးရုံးဟာ မလိုအပ်တော့ပါဘူး။ တကယ်တော့ စာပေစိစစ်ရေးရုံးဟာ စာရေးဆရာတွေရဲ့ ထက်မြက်တဲ့ အတွေးအမြင်တွေ၊ မှန်ကန်တဲ့ အယူအဆတွေ ထုံအမှေးမှိန်အောင် ချုပ်ချယ်ကန့်သတ်တဲ့ စာပေကင်ပေတိုင်ရုံးတခုပါပဲ။ ဘယ်စာရေးဆရာ၊ ဘယ်ထုတ်ဝေသူကမှ စာပေစိစစ်ရေးရုံး ရှိနေတာကို မလိုလားကြပါဘူး။ ပြီးတော့ စာပေစိစစ်ရေးရုံးဆိုတာ တခြားဒီမိုကရေစီနိုင်ငံတွေမှာလည်း မရှိဘူးလို့ သိရပါတယ်။

ဘကြီးမိုး။ ။ အေးကွာ၊ မင်းတို့နဲ့ ဆွေးနွေးရတာ ဘကြီးမိုးလည်း ဂုဏ်ယူမိပါတယ်။ မင်းတို့လိုလားတဲ့ စာပေလွတ်လပ်ခွင့်ဆိုတာ ငါတို့အားလုံးက အများပြည်သူရဲ့ ဆန္ဒနဲ့ကိုက်ညီပြီး အခြေခံလူ့အခွင့်အရေးတွေကို အာမခံနိုင်မယ့် စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာအောင် ညီညီညွတ်ညွတ်နဲ့ ၀ိုင်းဝန်းဆောင်ရွက်ကြမှပဲ ရနိုင်မယ်မဟုတ်လား။

မောင်စိုးနဲ့ မောင်ဆူးကြမ်း (တပြိုင်နက်တည်း)။ ။ ဟုတ်ပါတယ် ဘကြီးမိုး။ အခုလို တဖက်သတ်ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ဆိုရင်တော့ ၂၀၁၀ ရွေးကောက်ပွဲအပြီး တက်လာမယ့် ဒီမိုကရေစီအရေခြုံ အစိုးရသစ်လက်ထက်မှာလည်း စာပေလွတ်လပ်ခွင့်ဆိုတာ ရှိနိုင်မှာမဟုတ်ပါဘူး။ ။

No comments:

Post a Comment