Sunday, December 6, 2009

စစ်တွေတွင် ကျောင်းကား တစီး တိမ်းမှောက်၍ ကျောင်းသားတချို့ ဒဏ်ရာ ပြင်းထန်စွာ ရရှိ

မင်းဆက်ခိုင်(နိရဉ္စရာ) စစ်တွေမြို့တွင် ကျောင်း ကြို /ပို့ ကားတစီ တိမ်းမှောက်သွားသဖြင့် ကျောင်းသား အများအပြား ဒဏ်ရာ ရရှိသွားပြီး ကျောင်းသား သုံးဦးကို အတွင်းလူနာအဖြစ် စစ်တွေ ဆေးရုံကြီးတွင် တင်ထားရသည်ဟု ကျောင်းသားမိဘ တဦးက ပြောသည်။

“ ကျောင်းကားက နည်းပညာနဲ့ စစ်တွေအကြား ပြေးဆွဲနေတဲ့ ကားဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ကြာသပတေးနေ့ နံနက် ၁၀နာရီမှာ စစ်တွေ နည်းပညာ ကောလိပ်သို့ အသွားမှာ တိမ်းမှောက် သွားခဲ့တာ ဖြစ်ပါတယ်။ ကျောင်းသား သုံးဦးကတော့ ဒဏ်ရာပြင်းထန်တဲ့ အတွက် ဆေးရုံတင်ထားရပါတယ်။”

ကျောင်းကားပေါ်တွင် ကျောင်းသား ၂၁ ဦးနှင့် ကျောင်းသူ ၇ဦး ပါရှိပြီး ထိုအထဲမှ ကျောင်းသား ၁၈ဦး နှင့် ကျောင်းသူ ၃ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။

“ စုစုပေါင်း ဒဏ်ရာ ရတဲ့ကျောင်းသားက ၂၁ ဦး ဖြစ်ပါတယ်။ အဲဒီအထဲမှာ ကျောင်းသား ၃ ဦးက ဒဏ်ရာ အတော်ပြင်းပါတယ်။ ကျောင်းသား ၃ ဦးစလုံးက နည်းပညာ ကောလိပ်က ဖြစ်ပါတယ်” ဟု သူက ပြောသည်။

တိမ်းမှောက်သွားသော ကားမှ ဝေသာလီ ရင်ပြင်ရှေ့ အရောက်တွင် ရှေ့မှ ကားတစီးကို ကျော်တက်ရန်ကြိုးစားရာမှ လမ်းချော်ပြီး တိမ်းမှောက်သွားခြင်း ဖြစ်သည်။

အမည်မဖေါ်လိုသူ ကျောင်းသား မိဘ တဦးကလည်း ကျောင်းကား တိမ်းမှောက်သွားရခြင်းနှင့် ပတ်သက်ပြီး နိရဉ္စရာသို့ ယခုကဲ့သို့ ပြောသည်။

“ ကျောင်းကားတွေဆိုတာက အာဏာပိုင်တွေက စနစ်တကျ စီစဉ်ထားတဲ့ ကားတွေ မဟုတ်ပါဘူး။ သူရ သူဆွဲ၊ ကိုယ်ရ ကိုယ်ဆွဲ လုပ်နေကြတာ ဖြစ်ပါတယ်။ ဆီစရိတ် ကာမိအောင်နဲ့ ခေါက်ရေ များများ ရရှိအောင် ကျောင်းကားတွေက အပြိုင် မောင်းနေကြတဲ့ အတွက် အခုလို တိမ်းမှောက်သွားရတာ ဖြစ်ပါတယ်။”

စစ်တွေ ဘောက်သီးစု ရပ်ကွက်မှ ကျောင်းသူ တဦးကလည်း “ စစ်တွေ တက္ကသိုလ်နဲ့ နည်းပညာကောလိပ်တွေကို ပြေးဆွဲနေတဲ့ ကျောင်းကား အရေအတွက်က အလွန်နည်းပါတယ်။ ဒါကြောင့် ကျောင်းကားတွေက ကျောင်းသားတွေကို အဆမတန် တင်ပြီး မောင်းနှင်နေကြပါတယ်။ ခုလို ဖြစ်ရတာက ကျောင်းကား အရေအတွက် နည်းပါးတဲ့အတွက် ဖြစ်ရတာ ဖြစ်ပါတယ်။ ကားသမားတွေကလည်း ပိုက်ဆံ ပိုလိုချင်တော့ ကျောင်းသားတွေကို အကန့်အသတ်မရှိ တင်ဆောင်ပီး ပြေးဆွဲနေကြတာပါ။ ခုဖြစ်ရပ်က ကျောင်းကားတွေ တိုးချဲ့ပေးဖို့ လိုအပ်တယ်ဆိုတာကို သက်သေ ပြလိုက်တာပါဘဲ။”

စစ်တွေမြို့နှင့် စစ်တွေ တက္ကသိုလ်၊ နည်းပညာ ကောလိပ်အကြား ပြေးဆွဲနေသောကားများမှာ ဒိုင်နာကား အမျိုးအစားများဖြစ်ပြီး လူ ၂၀ ခန့်သာ တင်ဆောင်နိုင်သော်လည်း ကျောင်းသား ၅၀ ကျော်ခန့်ကို တင်ဆောင်ပြီး ပြေးဆွဲနေကြသည်ဟုသိရသည်။

ကားဒရိုင်ဘာမှာ ကားတိမ်းမှောက်ပြီး နောက်ပိုင်း အရေးယူခံရမည်ကို စိုးရိမ်၍ ထွက်ပြေး တိမ်းရှောင်နေကြောင်း သတင်းရရှိသည်။


No comments:

Post a Comment