Saturday, January 2, 2010

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၄၅

မင်းဟန်

(၁၆၂)
ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် လာခဲ့ပြီးသည့်နောက်…. နေ့စဉ် လုပ်ကိုင် ဆောင်ရွက်နေရသည့် လုပ်ငန်းများအတွင်း၌ နေအိမ်ခြံရှေ့တွင် သူမကို လာရောက်နှုတ်ဆက်ကြသည့် လူထုကို ခြံရှေ့ထွက်၍ နှုတ်ခွန်းဆက်ရခြင်းသည်လည်း တခုအပါအဝင် ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည်မှ ခြံရှေ့သို့ထွက်၍ နှုတ်ဆက်စကားမဆိုမချြင်း လူထုသည်မပြန်၊ စောင့်၍နေကြသည်။ တစ…တစ လူထုက များလာသည်။ လေးငါးခြောက်ဆယ် တရာအထိ ဖြစ်လာသည်။ တနာရီကြာလည်းမပြန်၊ နှစ်နှာရီကြာလည်း… ဆက်၍စောင့်နေကြဆဲ….။ ရန်ကုန်မိုးက အစိုးမရ…။ ရေအိုးမှောက်သကဲ့သို့…။ မညို့မမှိုင်း…မအုံ့မဆိုင်းဘဲ …ဖြုန်းကနဲရွာချတတ်၏။ မိုးရွာလျှင်လည်း လူထုက မိုးရေထဲ၌ ထီးဆောင်း၍စောင့်၏။ ဤတွင် ဒေါ်အောင်ဆန်းစုကြည်က …. လုပ်ကိုင်လက်စလုပ်ငန်းများ ခေတ္တရပ်ပြီး… ခြံရှေ့သို့ထွက်၍ လူထုကို နှုတ်ခွန်းဆက်ရ၏။

“ကျန်းမာပါစေ…ချမ်းသာပါစေ….”

စသည်မျှ …ထွက်၍စကားပြောရသည်။ ပြန်ကြပါရန် တိုက်တွန်းရသည်။ ဤသို့ ဒေါ်စုမှ ထွက်…၊ ထွက်ပြီး နှုတ်ခွန်းဆက်မှပင် ခြံရှေ့လူထုသည် ကျေကျေနပ်နပ်နှင့် ပြန်သွားကြ၏။ သို့သော်….မကြာ…. နောက်ထပ်လူစုက ထပ်၍ရောက်လာကြသည်ပင်…။ တနေ့…တနေ့… ၂ ကြိမ်၊ ၃ ကြိမ်မျှ ခြံအရှေ့သို့ ထွက်ပြီး လူထုကို နှုတ်ခွန်းဆက်နေရ၏။ မလွယ်….။

အိမ်အတွင်း အစည်းဝေးထိုင်နေလျှင်လည်း…. အစည်းအဝေးမှ ခေတ္တခွင့်တောင်းပြီး ….လူထုကို ထွက်၍ နှုတ်ခွန်းဆက်ရ၏။ သတင်းမီဒီယားများနှင့် တွေ့ဆုံနေလျှင်လည်း … ဤသို့ပင်…ခွင့်တောင်းရပြန်၏။ ခက်ပြီ။ လူထုကလည်း ဇွဲကြီးကြီးနှင့် စောင့်၏။ လေထဲ၊ ရေထဲ မိုးထဲမရှောင်….။ နေပူ…ပူ။ မြူနှင်းကျ…ကျ။ အသက်အရွယ် ကြီးရင့်သည့်သူများလည်း ပါ၏။ မဖြစ်…။ ဤအတွက် တခုခုတော့ နည်းလမ်းရှာရမည်။ နောက်ဆုံး … လူထုနှင့် တွေ့ဆုံမည့်အချိန် သတ်သတ်မှတ်မှတ်ထားရှိရန် ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ရ၏။ ဘဘဦးတင်ဦး၊ ဘဘဦးကြည်မောင်တို့နှင့် တိုင်ပင်ဆွေးနွေး၏။ အားလုံးကလည်း လူထုနှင့် သတ်သတ်မှတ်မှတ် အချိန်ပေး၍ တွေ့ဆုံရန်လိုကြောင်း သဘောထားပေးကြ၏။

သို့နှင့် …၁၉၉၅ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့၊ စနေနေ့မှစ၍ တက္ကသိုလ်ရိပ်သာ လမ်းအမှတ် ၅၄ ခြံဝင်းအရှေ့၌ အပတ်စဉ် …. စနေ၊ တနင်္ဂနွေရက်များတွင် လူထုနှင့် တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်လိုက်၏။

ရန်ကုန်မြို့၏ နေညိုညနေခင်း လူထုဆွေးနွေးပွဲ…. သို့မဟုတ်…. လူထု၏ ဘဝဟစ်တိုင် လှုပ်ရှားမှုသစ်….။


(၁၆၃)
အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း။

၁၉၉၅ ခုနှစ်၊ စက်တင်ဘာလ…။

အမေရိကန်ပြည်ထောင်စု၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းသံအမတ်ကြီး Mrs. Medeleine K. Albright ရန်ကုန်သို့ လာပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့၏။

အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ဧည့်ခန်းအတွင်း အမျိုးသမီးနှစ်ဦး တွေ့ဆုံမှုက သီးသန့်ဆန်၏။
လွန်ခဲ့သည့် ၁ဝ ရက်ခန့်ကလည်း ဤဧည့်ခန်းအတွင်း၌ပင် … ကုလသမဂ္ဂမှ အထူးအရာရှိ ‘အယ်ဗာရိုဒီဆိုတို’နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့သေး၏။ ယခု … မစ္စမက်ဒလင်းအောဘရိုက်နှင့် တွေ့ဆုံခြင်းက လွတ်မြောက်လာခဲ့ပြီးသည့်နောက်တွင် ဒုတိယမြောက် နိုင်ငံခြားသံတမန် ဧည့်သည်နှင့် တွေ့ဆုံခြင်းဖြစ်သည်။ အိမ်ဖြူတော်မှလာသည့် ပုဂ္ဂိုလ်များနှင့်မူ … ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရစဉ် … လွန်ခဲ့သည့် ၁၈ လက တကြိမ်တွေ့ဆုံခဲ့ဖူးပြီးဖြစ်သည်။

ထိုစဉ်က …. အမေရိကန်ကွန်ကရက်မှ လွှတ်တော်ကိုယ်စားလှယ် မစ္စတာ ဘီလ်ရစ်ချက်ဆန်၊ ကုလသမဂ္ဂမှ ပုဂ္ဂိုလ်တဦး၊ နယူးယောက်တိုင်း သတင်းစာမှ သတင်းထောက်တဦးတို့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ယခု …. တွေ့ဆုံသည့် မစ္စမက်ဒလင်းအောဘရိုက်က ဝါရှင်တန်မှ ဒုတိယ၊ အဆင့်မြင့်ကိုယ်စားလှယ်တဦးဖြစ်၏။
ဆွေးနွေးမှုက ပွင့်ပွင့်လင်းလင်း၊ လွတ်လွတ်လပ်လပ်….။

ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်စုမှကျင်းပပြုလုပ်နေသည့် အမျိုးသား ညီလာခံနှင့် ပတ်သက်၍ သူမ၏ အမြင်ကို ဆွေးနွေးသည်။

“အမျိုးသားညီလာခံကို ယခုအတိုင်း ဆက်ပြီးကျင်းပသွားမည်ဆိုရင်… အမျိုးသားပြန်လည်သင့်မြတ်ရေး၊ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီ နိုင်ငံသစ်ဖြစ်ပေါ်လာရေး၊ အများပြည်သူတို့ လက်ခံယုံကြည်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ပေါ်ထွန်းလာရေး ဆိုတဲ့ ဦးတည်ချက် ၃ ရပ်ကို ဘယ်လိုမှ ရောက်နိုင်မှာ မဟုတ်ပါဘူး။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ကတော့ … ဒီ ဦးတည်ချက် ၃ ရပ် ဖြစ်ပေါ်လာရေးအတွက်ဆိုရင် …. အမျိုးသား ညီလာခံအတွင်းမှာ အဖြေရှာလို့ မရနိုင်ဘူးလို့ ခံယူထားပါတယ်။ စစ်အုပ်စုခေါင်းဆောင်များနဲ့ တွေ့ဆုံညှိနှိုင်းဖို့ လိုပါတယ်။ ကျမတို့ အဖွဲ့ချုပ်အနေနဲ့က …. တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ထွန်းလာတဲ့အထိ အမျိုးသား ညီလာခံကို မတက်ရောက်ဘဲ စောင့်ဆိုင်းသွားဖို့ ရည်ရွယ်ထားပါတယ်…” ဟူ၍ ပြောသည်။

အိမ်ဖြူတော်အနေနှင့်လည်း စစ်အုပ်စုက ပြုလုပ်နေသည့် အမျိုးသားညီလာခံနှင့် ပတ်သက်၍ စိတ်မဝင်စားကြောင်း…၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တသဘောထားတည်းရှိသည့် အကြောင်း Mrs Albright က ဆိုသည်။

စစ်အုပ်စုအနေဖြင့် တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းဆီသို့ ရောက်ရှိလာစေရန် နိုင်ငံတကာမှ မည်သည့် ဝိုင်းရံပံ့ပိုးမှုများ လိုအပ်သည်ကို Mrs Albright က ဒေါ်အောင်ဆန်းစုကြည်ကို မေး၏။

ဒေါ်အောင်ဆန်းစုကြည်က …. ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၏ ‘ယဉ်ကျေးမှုနှင့် စီးပွားရေး တိုးတက်ဆက်ဆံရေး၊ နိုင်ငံတကာ စူးစမ်းလေ့လာမှု’ ဆွေးနွေးပွဲသို့ သူမ ရေးသားပေးပို့ခဲ့သည့် စာတမ်းပါ အယူအဆများကို ရှင်းပြ၏။ ဖိလစ်ပိုင် ဆွေးနွေးပွဲ၌မူ… သမ္မတဟောင်း ‘မဒမ်အကွီနို’ ဖတ်ကြားခဲ့သည့် စာတမ်းဖြစ်၏။

စာတမ်းက …. ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ပတ်သက်ပြီး …. “စီးပွားရေးဖွံ့ဖြိုးတိုးတတ်အောင် အရင်ဆောင်ရွက်၊ ဒီမိုကရေစီအရေးကို နောက်မှ ဖြည်းဖြည်းဆောင်ရွက်” ဟူသည့် အတွေးအမြင်ကို ထက်ထက်မြက်မြက် ချေပထားခြင်းဖြစ်သည်။

ပြီးလျှင် …. အာဏာကို လက်ရှိဆုပ်ကိုင်ထားကြသည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ခေါင်းဆောင်သည် အမှန်တကယ် ဖြစ်ပျက်နေသည့် ဖြစ်ရပ်မှန်ကို မခွဲခြားနိုင်ကြဘဲ …. ဒီမိုကရေစီလှုပ်ရှားမှုနှင့် လူ့အခွင့်အရေး ဖော်ဆောင်ရေး ပြဿနာအားလုံးသည် အနောက်တိုင်း တွေးခေါ်ယူဆမှု၏ သြဇာသက်ရောက်မှုများ ဖြစ်သည်ဟူ၍ လျစ်လျူရှုနေကြခြင်းအပေါ်လည်း ပြစ်တင်ဝေဖန်ထား၏။

စာတမ်း၏ နိဂုံးချုပ်တွင်မူ … ကုလသမဂ္ဂကို ဖွံ့ဖြိုးဆဲနိုင်ငံများ … အထူးသဖြင့် ဆင်းရဲမွဲပြာကျပြီး အောက်တန်း၊ နောက်တန်းကျနေသည့် နိုင်ငံများ၏ ဒီမိုကရေစီလှုပ်ရှားမှုနှင့် လူ့အခွင့်အရေး ပြဿနာများအပေါ် အလေးအနက်ဂရုပြု၍ ထောက်ခံကူညီပါရန်လည်း စာတမ်း၌ မေတ္တာရပ်ခံ အကြံပြုတင်ပြထား၏။

ဒေါ်အောင်ဆန်းစုကြည်က စာတမ်းကို ရှင်းပြရင်း…. မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာမှ အရေးယူပိတ်ဆို့မှုများ လိုအပ်သည့်အကြောင်းကိုကား အထူးအလေးအနက်ထား၍ ဆွေးနွးသည်။

Mrs Albright က ဒီမိုကရက်တစ်ပါတီတွင် အရေးပါသည့် အမျိုးသမီးတဦး ဖြစ်သကဲ့သို့ အိမ်ဖြူတော်နှင့်လည်း နီးစပ်သူဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရေပန်းစားနာမည်ထွက်နေသူ တဦးလည်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးလျှင် … စစ်အုပ်စုနှင့်လည်း တွေ့ရန်ရှိ၏။ စစ်အုပ်စုနှင့် တွေ့လျှင်မူ … အိမ်ဖြူတော်၏ သဘောထား ပြတ်ပြတ်ရှင်းရှင်းပင် ပြောဆိုမည်ဟု ဆိုသည်။


(၁၆၄)
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ ‘သာမည’ ဆရာတော်ကို ဖူးမြော်ရန် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ပြီးသည့်နောက် …. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ကို တရားဝင် ပြန်လည်၍ဖွဲ့စည်း၏။ စစ်အုပ်စု၏ အကြပ်ကိုင်ဖိအားပေးမှုများကြောင့် ၁၉၉၁ ခုနှစ်အတွင်း ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဖွဲ့ချုပ်မှ ဦးအောင်ရွှေ၊ လက်မှတ်ရေးထိုး၍ ထုတ်ပယ်ခဲ့ရ၏။

ထိုစဉ်က …. ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးလုံးက စစ်အုပ်စု၏ ထိန်းသိမ်းခြင်းကို ခံနေကြရ၏။ အကျဉ်းထောင်နှင့် နေအိမ်အတွင်း၌…။ ယခုမူ … ၂ ဦးလုံး ပြန်လည်၍ လွှတ်မြောက်လာခဲ့ကြလေပြီ။ ဤအတွက် …. အဖွဲ့ချုပ်၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းကြခြင်းဖြစ်သည်။

ဥက္ကဋ္ဌ ဦးအောင်ရွှေ့၊ ဒု-ဥက္ကဋ္ဌများက …. ဦးတင်ဦးနှင့် ဦးကြည်မောင်၊ အထွေထွေအတွင်းရေးမှူးက ဒေါ်အောင်ဆန်းစုကြည် ဖြစ်၏။ ဦးလွင်က အတွင်းရေးမှူးအဖြစ် တာဝန်ယူပြီး ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်များတွင် … ဦးသန်းထွန်း၊ ဦးညွှန့်ဝေ၊ ဦးစိုးမြင့်၊ ဦးလွန်းတင်၊ ဦးလှဖေ၊ ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့ ဖြစ်သည်။ ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့က စစ်အုပ်စု၏ အကျဉ်းထောင်အတွင်း၌ အထိန်းသိမ်းခံနေကြရဆဲ…။

အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ဧည့်ခန်းတွင်ပင် အဖွဲ့ချုပ်ဗဟိုအလုပ်မှုဆောင် အဖွဲ့အစည်းအဝေး ထိုင်၏။ အလုပ်အမှုဆောင်အဖွဲ့သစ်၏ ပထမအကြိမ်မြောက် အစည်းအဝေး…။ ၁၉၉၅ ခုနှစ် အောက်တိုဘာလ ၉ ရက် … ၊ တနင်္လာနေ့…။

လတ်တလော အရေးတကြီး ဆွေးနွေးရမည့် အကြောင်းအရာက … စစ်အုပ်စု၏ အမျိုးသားညီလာခံနှင့် ပတ်သက်၍ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်၍ အမျိုးသားညီလာခံ တက်ရောက်ခဲ့၏။

၁၉၉၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စစ်အုပ်စုက သူ၏ မျိုးသားညီလာခံ ပြန်၍ စတင်မည်ဖြစ်သည်။ ၂၉ ရက်နေ့တွင် ပြန်လည်စတင်မည့် အမျိုးသားညီလာခံနှင့် ပတ်သက်၍ အဖွဲ့ချုပ်အနေဖြင့် မည်သို့ ဆုံးဖြတ်မည်နည်း။ သဘောထားအပြင်၊ လက်တွေ့လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ကိုပါ စဉ်းစား ဆုံးဖြတ် ကြရပေမည်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးကြည်မောင် စသည့် ခေါင်းဆောင်များအားလုံး စုံညီကြသည့်အတွက် အဖွဲ့ချုပ်၏ ဗဟိုခေါင်းဆောင်မှုက ခိုင်ခန့်၏။ ဆုံးဖြတ်ချက်တခုခုကို ချမှတ်ရာတွင် ‘အား’ ရှိ၏။


(၁၆၅)

အမှတ် ၉၇/ခ၊ အနောက်ရွှေဂုံတိုင်….။

၁၉၉၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်…။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့က … “ အမျိုးသား ညီလာခံအပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထား” ဟူသည့် စာတမ်းကို ထုတ်ပြန်လိုက်၏။ စာတမ်းတွင် ‘အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရည်မှန်းချက်များ’ ၊ ‘အာဏာပိုင် အဖွဲ့အစည်းများ၏ ပြောကြားချက်’ ၊ ‘အမျိုးသား ညီလာခံအတွင်း ဖြစ်ပေါ်နေသည့် ပကတိအခြေအနေများ’ နှင့် ‘အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အကြံပြုချက်များ’ ဟူ၍ အခန်းငယ်များခွဲကာ ရေးသားထား၏။

စာတမ်း၏ အနှစ်ချုပ်ကမူ ….. လက်ရှိကျင်းပပြုလုပ်နေသည့် အမျိုးသားညီလာခံသည် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ် ပေါ်ထွန်ရေး၊ အများလက်ခံ သဘော တူညီနိုင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တရပ် ဖြစ်ပေါ်လာရေးတို့ကို ဖြစ်ထွန်းစေလိမ့်မည်မဟုတ်….။

ဤအတွက် ….. စစ်ခေါင်းဆောင်များ၊ ဒီမိုကရေစီနိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသား အင်အားစုများ အားလုံး တွေ့ဆုံဆွေးနွေးကြရန် လိုအပ်သည်…ဟူ၍ဖြစ်သည်။

ဗဟိုအလုပ်မှုဆောင်အဖွဲ့မှ စာတမ်းထုတ်ပြန်ပြီးသည့်နောက် …. အဖွဲ့ချုပ်ရုံးတွင်ပင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားညီလာခံနှင့် ပတ်သက်၍၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်၏။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အကဲဖြတ်ချက်ကို ပထမဦးစွာ ရှင်းလင်းပြောဆို၏။

“နိုင်ငံရေးပါတီတွေဟာ ယခုထက်တိုင် တရားဝင်ဖြစ်သေးတဲ့ အမိန့်ထုတ်ပြန်ကြေညာချက် ၁/၉ဝ မှာ၊ အရွေးချယ်ခံရတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေရဲ့ တာဝန်ဟာ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲဖို့ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်…။ အမျိုးသား ညီလာခံရဲ့ ပဏာမဆွေးနွေးပွဲမှာ အမျိုးသား ညီလာခံ ကျင်းပရေး ကော်မတီဥက္ကဋ္ဌကလည်း ရွေးချယ်တင်မြှောက်ခြင်း ခံကြရတဲ့ ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲဖို့ တာဝန်ရှိမှာဖြစ်ပြီး၊ ဒီမိုကရေစီကျင့်စဉ်အရ ဒီကိုယ်စားလှယ်တွေရဲ့ တင်ပြချက်တွေကနေ ဆုံးဖြတ်ချက်တွေအဖြစ် ရောက်ရှိလာကြမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ … အခု အမျိုးသားညီလာခံကို ကျင်းပတဲ့အခါမှာ … အထက်က ထုတ်ပြန်ကြေညာထားတဲ့ အကြောင်းအရာတွေနှင့် အညီ လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး…။ ကြေညာချက်ထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့ နိုင်ငံရေး ပါတီတွေရဲ့ အခန်းကိုလည်း သေးသိမ်ရှုပ်ထွေးသွားအောင် အလုပ်ခံခဲ့ရတယ်။ အမျိုးသား ညီလာခံအတွင်း ဖြစ်ပျက်လျက်ရှိနေတဲ့ တကယ့်အခြေအနေကို လေ့လာတဲ့အခါ ဒီညီလာခံဟာ သူ့ရဲ့ မူလ ရည်ရွယ်ချက် ကနေ သွေဖယ်သွားတာကို တွေ့ရတယ်။ အောက်ပါတို့ဟာ လက်ရှိညီလာခံမှာ ပေါ်လွင်နေတဲ့ သွင်ပြင် လက္ခဏာတချို့ ဖြစ်တယ်။ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေဟာ ညီလာခံမှာ တက်ရောက်ကြတဲ့ ကိုယ်စားလှယ်အားလုံး ဦးရေရဲ့ ၁၅.၂၄ % သာ ရှိတဲ့အတွက် ညီလာခံမှာ သူတို့ဟာ အမြဲပဲ လူနည်းစု ဖြစ်နေပါတယ်။ ညီလာခံရဲ့ ရည်မှန်းချက်ပဲဖြစ်ဖြစ်၊ လုပ်ငန်းအစီအစဉ်ပဲဖြစ်ဖြစ်၊ တက်ရောက်လာကြတဲ့ ညီလာခံကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ရေးဆွဲတာ မဟုတ်ပါ။ ညီလာခံသို့ တင်ပြမယ့် စာတမ်း တွေဟာ စိစစ်တာခံကြရပြီး၊ အာဏာပိုင်တွေရဲ့ သဘောဆန္ဒနဲ့အညီ ပြင်ဆင်တာ ခံကြရတယ်။ ညီလာခံရဲ့ ဆုံးဖြတ်ချက်တွေကို အဆိုပြုထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ ကျယ်ပြန့်တဲ့ မူတွေအပေါ်မှာသာ ပြုလုပ်တာ မဟုတ်ပါ။ အသေးစိတ် လုပ်ငန်းတွေကိုလည်း လိုက်လုပ်နေတာ ဖြစ်တယ်။ဒါကြောင့် ကျမတို့ဟာ သက်ဆိုင်ရာအားလုံးသို့ ပြည်သူတွေက လက်ခံနိုင်တဲ့ ခိုင်မြဲတဲ့ ဒီမိုကရက်တစ် ပြည်ထောင်စု သမ္မတနိုင်ငံတခုရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဖန်တီးမယ့် အမျိုးသားညီလာခံတရပ်ကို ဖော်ထုတ်ရေးအတွက် ဆွေးနွေးကြဖို့ တင်ပြပါတယ်”

ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောဆို၍ ပြီးဆုံးသည်နှင့် … သတင်းထောက်တဦးက ဒေါ်အောင်ဆန်းစုကြည်ကို မေး၏။

“နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ပြန်လည်စတင်မယ့် … အမျိုးသားညီလာခံကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဆက်လက်ပြီး တက်ရောက်မှာလား…။ ဒါမှမဟုတ် မတက်ရောက်ဘဲ သပိတ်မှောက်ဖို့ အစီအစဉ်များ ရှိပါသလား…” သတင်းထောက်၏ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ဖြေသည်။

“အမျိုးသားညီလာခံကို ကျမတို့ သပိတ်မှောက်မှာ မဟုတ်ပါဘူး။ ဆွေးနွေးပွဲတရပ် အောင်မြင်စွာနဲ့ ဖြစ်မြောက်လာဖို့အတွက် …. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အဖွဲ့ချုပ်ရဲ့ ညီလာခံကိုယ်စားလှယ်တွေဟာ ညီလာခံကို မတတ်ဘဲ စောင့်ဆိုင်းနေမှာသာ ဖြစ်ပါတယ်။ သပိတ်မှောက်တာ မဟုတ်ပါဘူး…။” ၁၉၉ဝ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ခြင်းမရှိသော အမျိုးသားညီလာခံက …. အပြုံးမဲ့သော မိုနာလီဇာ ပန်းချီကားတချပ်ပမာ….။

No comments:

Post a Comment