Friday, January 22, 2010

အလွန့်ယောက်ျားလုပ်မှာလား နအဖ

ဘွဲ့ဖြူ

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းမှာ ထူးခြားတဲ့ နှစ်တနှစ်ဖြစ်လာဖို့ သေချာသလောက်ရှိနေတဲ့ ၂၀၁၀ ခုနှစ်ထဲကို ရောက်ရှိလာခဲ့ပြီ ဖြစ်တယ်။ ဒါပေမယ့် နအဖဟာ ဒီနှစ်ထဲမှာ လုပ်ဖြစ်အောင်လုပ်မယ်လို့ သူအကြိမ်ကြိမ် ကြုံးဝါးထားတဲ့ ရွေးကောက်ပွဲအတွက် အရေးပါတဲ့ ဘာထုတ်ပြန်ကြေညာချက်တခုကိုမှ မပြုလုပ်သေးဘူး။ သူ့ရဲ့ဝန်ကြီးတချို့နဲ့ လက်အောက်ခံအဖွဲ့အစည်းတချို့ ကတော့ အဲဒီရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတယ်လို့ အထင်ရောက်စရာ လုပ်ရပ်တချို့ကို တိုးတိုးတမျိုး၊ ကျယ်ကျယ် တဖုံ လုပ်နေကြတာကို တွေ့နေ၊ မြင်နေ၊ ကြားနေရတယ်။

အဲဒီရွေးကောက်ပွဲအတွက် နအဖ မဖြစ်မနေ ထုတ်ပြန်ကြေညာပေးရမယ့် အဓိကကိစ္စကြီးနှစ်ခုရှိတယ်။ တခုက ရွေးကောက်ပွဲ လုပ်မယ့် ရက်အတိအကျအပါအ၀င် ရွေးကောက်ပွဲဥပဒေဖြစ်တယ်။ နောက်တခုက ပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ ဖြစ်တယ်။

တရားဝင်အစိုးရတခုက အုပ်ချုပ်နေပြီး ပုံမှန်အခြေအနေများအောက်မှာရှိနေတဲ့ နိုင်ငံတွေမှာဆိုရင်တော့ အဲဒီအစိုးရဟာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့်ပါတီများကို ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ အချိန်လုံလုံလောက်လောက် ပေးလေ့ရှိတယ်။ စစ်တပ်က အာဏာသိမ်းပြီး ရွေးကောက်ပွဲပြန်လုပ်ပေးတဲ့ နိုင်ငံတွေမှာတောင်မှ (တည်ဆဲနိုင်ငံရေးစနစ်ကို လုံးဝအပြီးတိုင် ဖျက်သိမ်းပစ်လိုက်တာမျိုး မရှိခဲ့ဘူးဆိုရင်) ပါတီတွေဟာ ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန် လုံလုံလောက်လောက် ရလေ့ရှိကြတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေမျိုးဆိုရင်တော့ ရွေးကောက်ပွဲဝင်ဖို့ ရည်ရွယ်ထားတဲ့ ပုဂ္ဂိုလ်တွေဟာ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ အချိန်ကို နှိုင်းယှဉ်ချက်အရ အခြားနိုင်ငံတွေမှာထက် ပိုလို့တောင် လိုသေးတယ်။ အကြောင်းကတော့ သူတို့ကိုယ်တိုင် ဦးစီးကြီးမှူးပြီး ကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲတခုက ထွက်ပေါ်လာတဲ့ ရလဒ်ကို သူတို့ကိုယ်တိုင် ဖျက်ဆီးချေမှုန်းပစ်ဖို့ အသေအလဲ ကြိုးပမ်း နေပြီး သူတို့ကိုယ်တိုင် ထူထောင်ခွင့်ပေးခဲ့တဲ့ ပါတီတွေကို သူတို့ကိုယ်တိုင် ဆယ်စုနှစ် (၂) ခုကြာလာသည့်တိုင် တိုက်ခိုက် ချေ မှုန်း နေဆဲဖြစ်တဲ့ အဖွဲ့တခုက အုပ်ချုပ်နေတဲ့ ဒီနိုင်ငံမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားမှု အရှိဆုံး လူတွေအနက် အများစုက ထောင်ထဲမှာ ရှိနေကြပြီး အပြင်မှာရှိနေကြတဲ့ နိုင်ငံရေးသမားအများစုကြီးဟာလည်း စစ်ထောက်လှမ်းရေးက ဘယ်ည ကိုယ့်အိမ်တံခါး လာခေါက်မ လဲဆိုတာကို စိုးတထိတ်ထိတ်ဖြစ်နေကြရတဲ့ တချိန်တည်းမှာ ဆန္ဒမဲပေးကြမယ့် ပြည်သူလူထုကြီးတရပ်လုံးကလည်း ‘နိုင်ငံရေး’ ဆိုတဲ့ စကားလုံးကို ပြောရဲဖို့နေနေသာသာ ကြားတောင်မကြားရဲကြတဲ့ အနေအထားမျိုးမှာ ရွေးကောက်ပွဲဝင်မယ်လို့ ရည်ရွယ်ထားသူတွေအဖို့ ရွေးကောက်ပွဲအတွက် ပြင်ဆင်လုပ်ဆောင်စရာတွေ အများကြီး အများကြီး ရှိနေကြလိမ့်မယ်။ အဲဒါနဲ့ တဆက်တည်းမှာပဲ ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်ချိန်ဟာလည်း အများကြီး အများကြီး လိုအပ်မှာ သေချာနေတာကြောင့်ဖြစ်တယ်။

တကယ်တော့ နအဖက ရွေးကောက်ပွဲဥပဒေနဲ့ ပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ဒီလထဲမှာ ထုတ်ပြန်ကြေညာပြီး ရွေးကောက်ပွဲကို ဒီနှစ်ဒီဇင်ဘာလမှာ ကျင်းပမယ် ဆိုရင်တောင် ရွေးကောက်ပွဲဝင်ဖို့ ရည်ရွယ်ထားသူတွေအတွက် ပါတီဖွဲ့စည်းဖို့၊ ပြည်သူလုထုကို မဲဆွယ်စည်းရုံးဖို့အချိန်က (၁၁) လ၀န်းကျင်ပဲ ရတော့မှာဖြစ်လို့ အဲဒီအချိန်အတိုင်းအတာဟာ မြန်မာပြည်က ဖွတ်ဖွတ်ညက်ညက်ကြေအောင် ထုနှက်ခြင်းခံထားရတဲ့ နိုင်ငံရေးသမားတွေအတွက် လုံလောက်တယ်လို့ လုံးဝမဆိုနိုင်တဲ့ အတိုင်းအတာဖြစ်တယ်။

အထက်ဖော်ပြပါ ဥပဒေတွေ ထုတ်ပြန်ကြေညာပေးဖို့ သင့်လျော်တဲ့အချိန်ထက် အခုလို အများကြီး နောက်ကျနေရတာရဲ့ အကြောင်းရင်းနှစ်ခုကို အားလုံးကတော့ သိနေကြတယ်။ ပထမတခုက အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင် ကြေညာချက်ဖြစ်တယ်။ ဒုတိယတခုက နအဖအတွင်း အာဏာခွဲဝေမှု ပုံသဏ္ဌာန်အသစ်ဖြစ်တယ်။

နအဖရဲ့ အန္တိမမျှော်မှန်းချက်က မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ရာသက်ပန်တည်တံ့ခိုင်မြဲရေး ဖြစ်တယ်။ အခြေအနေ အချိန်အခါကိုလိုက်ပြီး သူတို့အတွက် နာကျင်မှုအနည်းဆုံး၊ ပေးဆပ်ရမှုအနည်းဆုံး နည်းလမ်းကို ပြောင်းလဲကျင့်သုံးမှာ ဖြစ်ပေမယ့် အဲဒီမျှော်မှန်းချက်ကတော့ သူတို့ရဲ့အသက်၊ သူတို့ရဲ့ဘ၀ပဲဖြစ်တယ်။ ဒါကို အပျောက်ခံမှာမဟုတ်ဘူး။

အဲဒီမျှော်မှန်းချက်ကို ဖော်ဆောင်ရာမှာ သူတို့အတွက် အခုလက်ရှိအခြေအနေဟာ အကောင်းဆုံးဖြစ်တယ်ဆိုတာကို နအဖက သိတယ်။ အာဏာသိမ်းပြီး အနှစ်နှစ်ဆယ်ကျော်ကြာလာတဲ့အထိ စစ်ကောင်စီပုံစံနဲ့ ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်လာနိုင်ခဲ့တာမို့ ဒီအုပ်ချုပ်ရေးပုံစံဟာ အာဏာကို (၁၀၀) ရာခိုင်နှုန်း ချုပ်ကိုင်ထားနိုင်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်ဆိုတာကို နအဖက ကောင်းကောင်းသိတယ်။

ဒါပေမယ့် ဒါကို မြန်မာပြည်သူတွေကရော ကမ္ဘာကပါ လက်မခံဘူး။ ကုန်ကုန်ပြောရရင် စစ်အာဏာရှင်စနစ်ကြောင့် အကျိုးအမြတ်အများဆုံးရနေကြတဲ့ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တစု၊ သူတို့ကို ကပ်ရပ်မှီခိုကြီးပွားနေကြတဲ့ ခေတ်ပျက်သူဌေး တစုနဲ့ အဲဒီအုပ်စုနှစ်စုရဲ့ မိသားစုဆွေမျိုးအသိုင်းအ၀ိုင်းတွေကလွဲရင် တပ်မတော်သား အများစုကြီးကတောင် လက်မခံဘူး။ ဒါကိုလည်း နအဖက သိတယ်။ သိလို့လည်း အာဏာရှင်စနစ် ရာသက်ပန် တည်တံ့ခိုင်မြဲဖို့အတွက် လက်ရှိစစ်ကောင်စီလည်း မဟုတ်၊ သူတို့အတွက် နာကျင်မှုဝေဒနာ အနည်းဆုံးလည်းဖြစ်မယ့် အုပ်ချုပ်ရေးပုံစံသစ်တမျိုးကို ဖော်ထုတ်နိုင်ဖို့ ကြံစည်ကြိုးပမ်း ရှာဖွေရင်း အခုလောက် နှစ်တွေကြာလာခဲ့တာဖြစ်တယ်။

သူတို့ရဲ့လမ်းပြမြေပုံ (ပြည်သူတွေကတော့ လမ်းပျောက်မြေပုံလို့ ခေါ်ကြတယ်) (၇) ချက်ဟာ အဲဒီကြိုးပမ်းမှုရဲ့ ရလဒ်ဖြစ်တယ်။ စစ်ကောင်စီပုံစံကို ကောင်းကောင်းအရသာတွေ့နေကြတဲ့ ဗိုလ်သန်းရွှေနဲ့ သူ့စစ်ဗိုလ်ချုပ်တွေဟာ အဲဒီလမ်းပြမြေပုံဆိုတာ ကိုတောင် ဒီပဲယင်းလူသတ်ပွဲကြီးကြောင့် မရှူနိုင်မကယ်နိုင်ဖြစ်လာလို့ ကသောကမျော ရေးဆွဲထုတ်ပြန်ကြေညာခဲ့ရတာ ဖြစ်တယ်ဆိုတာ အားလုံးအသိဖြစ်တယ်။ ဒီပဲယင်းလူသတ်ပွဲကြီးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာဂယက်တွေ ငြိမ်သွားတဲ့အခါမှာတော့ နအဖဟာ ထုံးစံအတိုင်း ရူးသလိုပေါသလိုလုပ်ပြီး အဲဒီလမ်းပြမြေပုံဆိုတာကြီးကို ချောင်ထိုးထားခဲ့ပြန်တယ်။ နောက်တခါ ရွှေဝါရောင်တော်လှန်ရေးနဲ့ ကြုံရပြန်တော့မှ လူထုဆန္ဒခံယူပွဲလုပ်မယ့်နှစ်နဲ့ ရွေးကောက်ပွဲလုပ်မယ့်နှစ်တွေကို ကတိုက်ကရိုက် ထုတ်ပြန်ကြေညာခဲ့ပြန်တယ်။

အဲဒီနောက်မှာတော့ ‘ဆုပ်လည်းစူး၊ စားလည်းရူး’ အခြေအနေထဲရောက်သွားတဲ့ နအဖဟာ မထူးဇာတ်ခင်းပြီး ‘နာဂစ်’ ကြောင့် တနိုင်ငံလုံး ကြိမ်မီးအုံးသလို ပူဆွေးသောကရောက်နေကြရတဲ့ အဖြစ်ကိုမှ မထောက်ညှာ မစာနာတော့ဘဲ သူတို့ရဲ့အခြေခံ ဥပဒေကို ဇွတ်အတည်ပြုလိုက်ပြီး ၂၀၁၀ ရွေးကောက်ပွဲအတွက် ဉာဏ်နီဉာဏ်နက်အမျိုးမျိုးသုံး ပြင်ဆင်လာတော့တယ်။

အဲဒီမှာ သူတို့ဟာ အဓိကအတားအဆီးကြီးနှစ်ခုနဲ့ ရင်ဆိုင်လာရတယ်။ တခုက တလျှောက်လုံး သူတို့နောက်ကို အသာမှေး လိုက်လာခဲ့တဲ့ အင်အားကြီး အပစ်ရပ်အဖွဲ့တွေရဲ့ အာခံမှုဖြစ်တယ်။ အဲဒါထက်ပိုကြီးတဲ့ နအဖအတွက် အကြီးဆုံးအတားအဆီး ကတော့ အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာချက်ဖြစ်တယ်။

ပထမအတားအဆီးက အရေးကြီးပေမယ့် နအဖက သိပ်တော့စိုးရိမ်ပူပန်မှုမရှိဘူး။ လက်နက်ကိုင်ထားတဲ့ အဖွဲ့ချင်းဖြစ်တဲ့အပြင် ကိုယ်ကလက်နက်အင်အား အများကြီးသာတယ်။ မသကာ ညှိမရတဲ့အဆုံး လက်နက်နဲ့ ချေမှုန်းလိုက်ရုံပဲလို့ နအဖက တွက်ထားတယ်။

နအဖအတွက် တကယ့်ဧရာမပြဿနာက အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာချက်ဖြစ်တယ်။ ၉၀ ရွေးကောက်ပွဲနဲ့ ပြည်သူလူထုရဲ့ Mandate ရထားပြီး အဲဒါရဲ့အကျိုးဆက်အဖြစ် နိုင်ငံတကာရဲ့ အသိအမှတ်ပြု ထောက်ခံမှုကို ရရှိထားတဲ့ အန်အယ်လ်ဒီက အဲဒီကြေညာချက်ထဲမှာ ၂၀၀၈ အခြေခံဥပဒေကို ပြင်မပေးရင် ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်မယ့်သဘော ဖော်ပြထားတယ်။ နအဖ ၀င်ရောက်ခိုလှုံနေတဲ့ ‘၀ပ်ကျင်း’ တခုဖြစ်တဲ့ အာဆီယံအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း အဲဒီရွေးကောက်ပွဲမှာ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး ပါဝင် (inclusive) ဖြစ်မှသာ လက်ခံမယ့်သဘောမျိုး ပြောထားကြတယ်။ ထုတ်မပြောပေမယ့် အဲဒီစကားဟာ အန်အယ်လ်ဒီကို အဓိကရည်ညွှန်းတယ်ဆိုတာကို နအဖ အပါအ၀င် အားလုံးက သဘောပေါက်ကြတယ်။ ဒီမှာတင် ၂၀၀၈ အခြေခံဥပဒေကိုလည်း ပြင်မပေးချင်၊ ၂၀၁၀ ရွေးကောက်ပွဲကတဆင့် တရားဝင်အစိုးရ (Dejure) အဖြစ်လည်း (တနည်း) နိုင်ငံတကာရဲ့ လက်ခံအသိအမှတ်ပြုမှုကို ရယူချင်နေတဲ့ နအဖဟာ သူ့သက်တမ်းတလျှောက် အကြီးဆုံးဖြစ်တဲ့ မရှူနိုင်မကယ်နိုင်ဖြစ်မှုကြီးနဲ့ ကြုံနေရတော့တာဖြစ်တယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်းတုန်းကလည်း ဦးနုက သူသာလျှင် တရားဝင် ၀န်ကြီးချုပ်ဖြစ်ကြောင်း ကြေညာလိုက်ချိန်မှာ နအဖရဲ့ ခေါင်းကိုင်ဖခင်ကြီးအဖွဲ့ မဆလဟာ အခု နအဖ ကြုံတွေ့နေရတဲ့ အခက်အခဲမျိုးနဲ့ ဆင်တူတဲ့ အခက်အခဲနဲ့ တကြိမ်ရင်ဆိုင် ခဲ့ရဖူးတယ်။ တကယ်တော့ ဦးနုရဲ့ အဲဒီကြေညာချက်ဟာ တရားဥပဒေနဲ့ ကိုက်ညီ (Legitimate) တယ်။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ သူ့ဆီက အာဏာကို ၁၉၆၂ မှာ ဗိုလ်နေ၀င်းက လုယူသွားခဲ့တာဖြစ်တယ်။ အဲဒီအာဏာကို သူ အခုပြန်ယူ လိုက်ပြီ ဖြစ်တယ်ဆိုတဲ့ ကြေညာချက်ဟာ နိုင်ငံတကာဥပဒေစံနှုန်းများနဲ့ ကိုက်ညီမှုရှိသလို မြန်မာပြည်သူလူထုကြီးတရပ်လုံးရဲ့ အရင်းခံဆန္ဒကိုလည်း ကိုယ်စားပြုခဲ့တယ်။

ဒါပေမယ့် ကံမကောင်းအကြောင်းမလှစွာဘဲ အဲဒီတုန်းက ဦးနုရဲ့လုပ်ရပ်ဟာ လုပ်ရပ်ကိုယ်နှိုက်ရဲ့ လုပ်နည်းလုပ်ဟန်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်တွေ (Technical drawbacks)၊ အဲဒီတုန်းက လူထုခေါင်းဆောင်အများစုရဲ့ အမြင်တိုမှုနဲ့ အောင်ပွဲအပေါ် ယုံကြည်မှုလွန်ကဲစိတ် (Short Sightedness and over-confidence) တွေဖြစ်ပေါ်ခဲ့ပြီး အဲဒါတွေရဲ့အကျိုးဆက်အဖြစ် နိုင်ငံတကာရဲ့ထောက်ခံအသိအမှတ်ပြုမှုကို မရရှိခြင်းတို့ကြောင့် အဲဒီလုပ်ရပ်ဟာ အခြေခံတရားအရလည်း မှန်ကန်၊ ရည်ရွယ်ချက်လည်း ကောင်းမွန်ပေမယ့် အောင်မြင်မှုမရရှိခဲ့ဘဲ မဆလလည်း ဦးနုရဲ့အဲဒီလုပ်ရပ်ကြောင့် မရှူနိုင်မကယ်နိုင် ဖြစ်မသွားခဲ့ဘူး။

လက်ရှိအခြေအနေကတော့ အဲဒီတုန်းကနဲ့ အများကြီးကွာခြားနေတယ်။ ၆၂ က ၈၈ အထိ (၂၆) နှစ်နဲ့ ၁၉၉၀ က ၂၀၁၀ အထိ အနှစ်(၂၀) ဆိုတဲ့ ကာလအတိုင်းအတာ နှစ်ခုအကြား ကွာခြားချက်က (၆) နှစ်သာ ဖြစ်ပေမယ့် အဲဒီကာလနှစ်ခုမှာရှိကြတဲ့ ပြည်သူတွေနဲ့ ပြည်သူ့ခေါင်းဆောင်နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးအသိရေချိန်နဲ့ နိုးကြားမှုချင်း၊ အရွေးကောက်ခံပါတီနဲ့ ခေါင်းဆောင်အပေါ် နိုင်ငံတကာရဲ့ထောက်ခံမှုချင်းက အများကြီးကို ကွာခြားတယ်။ အထူးသဖြင့် သတင်းနည်းပညာ တန်ခိုးကြောင့် ကမ္ဘာကြီးဟာ ရွာကြီးတရွာနဲ့ ပိုပိုပြီးတူလာနေမှုရဲ့ အကျိုးဆက်အဖြစ် နိုင်ငံတနိုင်ငံဟာ အခြားနိုင်ငံတွေရဲ့ သဘောထားကို ဂရုမစိုက် အလေးမထားဘဲနေလို့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ လက်ရှိအခြေအနေမှာ နိုင်ငံတကာရဲ့ ထောက်ခံမှုကို အပြည့်အ၀ရရှိထားတဲ့ အန်အယ်လ်ဒီရဲ့ ရပ်တည်ချက်ကို လျစ်လျူရှုနိုင်ဖို့ နအဖဟာ သေကောင်ပေါင်းလဲ ကြိုးပမ်းနေရတယ်။

ဒီအခြေအနေမှာ နအဖက အထက်ဖော်ပြပါ ဥပဒေနှစ်ခုကို မကြေညာသေးတာဟာ အန်အယ်လ်ဒီအနေနဲ့ ‘ရွှေဂုံတိုင် ကြေညာချက်’ ကနေ နောက်ကိုများ ဆုတ်သွားလေမလားလို့ မျှော်လင့်ရင်း အချိန်ကို နန်းဆွဲသလို ဆွဲပြီး အပါးပွတ်နေတာ ဖြစ်တယ်။ တချိန်တည်းမှာ နောက်ဆုတ်သွားအောင်လည်း ခြောက်လုံး၊ ချော့လုံး အမျိုးမျိုးသုံးပြီး ကြိုးပမ်းနေတာဖြစ်တယ်။

နအဖ နောက်ထပ်အကျပ်တွေ့နေတာတခုက တကယ်လို့ သူတို့ဇွတ်လုပ်လို့ ရွေးကောက်ပွဲပြီးသွားရင် ပေါ်ထွက်လာမယ့် အာဏာယန္တရားအသစ်မှာ လက်ရှိစစ်ခေါင်းဆောင်တွေ ဘယ်ပုံဘယ်နည်း နေရာယူကြမလဲဆိုတဲ့ ကိစ္စဖြစ်တယ်။ အထူးသဖြင့် ဗိုလ်သန်းရွှေဟာ အဲဒီကိစ္စအတွက် အကြီးအကျယ် ခေါင်းစားနေဟန်ရှိတယ်။ သမ္မတလုပ်မှာလား၊ စစ်ဦးစီးချုပ်လုပ်မှာလား။ အဲဒီရာထူးနှစ်ခုမှာ ဘယ်သူက ဘယ်သူ့အထက်မှာ ရှိမှာလဲ။ စစ်ဦးစီးချုပ်က သမ္မတအထက်မှာ ရှိတယ်ဆိုရင် အရပ်ရပ်နေပြည်တော် ကြားလို့မှ မလျော်ဘူး။

သမ္မတက စစ်ဦးစီးချုပ်အထက်မှာ ရှိတယ်ဆိုရင်လည်း ဗိုလ်သန်းရွှေဟာ စစ်တပ်ကိုလည်း လက်လွှတ်ချင်သူမဟုတ်၊ သူ့အထက်မှာ ဘယ်သူ့ကိုမှ (အမည်ခံအရတောင်) ထားချင်သူလည်း မဟုတ်တာကြောင့် ပြဿနာရှိမှာ သေချာတယ်။ ဗိုလ်ရွှေမန်းကို သမ္မတလုပ်ခိုင်းမယ် ကြားနေရပေမယ့် တချိန်ချိန်မှာ ရာထူးနှစ်ခုကြား ထိပ်တိုက်တွေ့မလာဘူးလို့ မပြောနိုင်ဘူး။ အဲဒီကျရင် ဘယ်လိုလုပ်မလဲ။ ဗိုလ်နေ၀င်းခေတ်တုန်းကတော့ ဗိုလ်နေ၀င်းက သူ့တပ်သူပိုင်တယ်။ သူ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌကြီးပဲ သွားလုပ်လုပ်၊ သမ္မတကြီးပဲ သွားလုပ်လုပ်၊ ပါတီဥက္ကဋ္ဌကြီးပဲ သွားလုပ်လုပ် အဲဒီအချိန်မှာ စစ်ဦးစီးချုပ်က ဘယ်သူပဲဖြစ်နေနေ ဗိုလ်နေ၀င်းကို မျက်မွေးထောင် မော်တောင်ကြည့်ဝံ့တာမဟုတ်။

ဗိုလ်သန်းရွှေကတော့ သူ့တပ်ကိုသူ အဲသလောက်မပိုင်ဘူး၊ ယုံလည်းမယုံရဲဘူး။ ပြည်တွင်းနဲ့ နိုင်ငံတကာ အခြေအနေချင်း ကလည်း အဲဒီတုန်းကနဲ့ လားလားမှမတူတော့ဘူး။ ဒါ့အပြင် ရွေးကောက်ပွဲမှာ ဘယ်စစ်ဗိုလ်တွေကို အရပ်ဘက်ပို့ပြီး ဘယ်စစ်ဗိုလ်တွေကို တပ်ထဲဆက်ထားမလဲဆိုတဲ့ ပြဿနာကလည်း ရှိသေးတယ်။ အများစုက စစ်ဝတ်စုံဝတ်ပြီး စီးပွားရှာ ရတာကို အရသာတွေ့နေကြပြီမို့ အရပ်ဘက်ကို မသွားချင်ကြဘူး။ ဒါပေမယ့် ရွေးကောက်ပွဲမှာ တချို့က မဖြစ်မနေ အရပ်ဘက် ပြောင်းကြရမှာဖြစ်တယ်။ အဲဒီအခါမှာ တပ်တွင်းပဋိပက္ခတွေ ပေါ်လာဦးမှာဖြစ်တယ်။

ဒီအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် ပစ်ထားတဲ့ မြားတစင်းကလည်း ဗိုလ်သန်းရွှေကိုယ်ထဲမှာ စိုက်ဝင်နေသေးတယ်။ အညင်သာအပျော့ပျောင်းဆုံး စကားလုံးတွေသုံးပြီး တွေ့ဆုံဆွေးနွေးခွင့်ရဖို့ တောင်းဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ကို ပြည်တွင်းပြည်ပ နားထောင်ကောင်းတဲ့ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့ ပယ်ချရမလဲဆိုတာအတွက် ဗိုလ်သန်းရွှေ အကြီးအကျယ် အကြံအိုက်နေပုံပေါ်တယ်။

အဲဒီလိုမျိုးအခြေအနေတွေအောက်မှာ ၂၀၁၀ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပမယ်လို့ အော်လက်စနဲ့ ဆက်အော်နေရပေမယ့် အခြေအနေဟာ နအဖအတွက် ‘ရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းတုတ်’ ဖြစ်နေတယ်။ အထူးသဖြင့် အန်အယ်လ်ဒီမပါတဲ့ ရွေးကောက်ပွဲက သူတို့အတွက် ပြဿနာအဟောင်းတွေ ပြေလည်မသွားမယ့်အပြင် ပြဿနာအသစ်တွေကိုပါ ယူဆောင်လာမယ်ဆိုတာကို နအဖက ကြိုသိနေဟန်ရှိတယ်။

ဒါကြောင့်လည်း နအဖဟာ စိန်ခေါ်မှားလို့ ကိုယ်ရထားပြီးသား ရွှေခါးပတ်အားလုံး ဆုံးရှုံးသွားရတဲ့ လက်ဝှေ့သမားလိုမျိုး မဖြစ်ရလေအောင် အကန့်အသတ်ရှိနေတာကို သိနေတဲ့ကြားက ဥပဒေတွေ ထုတ်ပြန်ကြေညာဖို့ကိစ္စကို အတတ်နိုင်ဆုံး အချိန်ဆွဲနေတာဖြစ်တယ်။ ဒီအချိန်မှာ နအဖ ဆုတောင်းနေတာက သူ့ရဲ့ခြောက်လုံးတွေကို ကြောက်လန့်သူက ကြောက်လန့်၊ သူ့ရဲ့ချော့လုံးတွေကို တွေဝေနားယောင်သူက နားယောင်ပြီး အန်အယ်လ်ဒီ ကြီး ဟက်တက်ကွဲကာ ပြည်တွင်းပြည်ပရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ (တနည်း) ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တခြမ်းခြမ်းက ရွှေဂုံတိုင်ကြေညာချက်ကို စွန့်လွှတ်လိုက်ဖို့ဖြစ်တယ်။ ဒါပေမယ့် အန်အယ်လ်ဒီက ခင်းကျင်းထားတဲ့ အနေအထားအရတော့ နအဖ ဆုတောင်းပြည့်ဖို့ အလားအလာ မရှိသလောက်ပဲ။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို သုံးသပ်ရမယ်ဆိုရင် ၂၀၀၈ နာဂစ်အခြေခံဥပဒေကို လုံးဝမပြင်ဘူးဆိုတဲ့ ရပ်တည်ချက်ကို ကိုင်စွဲထားပြီး မောင်းနှင်လာတဲ့ နအဖရထားနဲ့ အဲဒီအခြေခံဥပဒေကို မပြင်ရင် ရွေးကောက်ပွဲမ၀င်ဘူးဆိုတဲ့ ရပ်တည်ချက်ကို ကိုင်စွဲထားပြီး မောင်းနှင်လာတဲ့ အန်အယ်လ်ဒီရထားတို့ဟာ ဒီနှစ်ထဲမှာ ထိပ်တိုက်ဆောင့်ကြတော့မယ့် ပုံရှိနေတယ်။ ဆယ်စုနှစ် နှစ်ခုကျော်ကြာအောင် အားစုလာခဲ့တဲ့ မြန်မာစစ်အာဏာရှင်စနစ်ရဲ့ နွားအိုနောက်ကျသား နအဖဟာ ဒီနှစ်ထဲမှာ မဖြစ်ဖြစ်အောင် ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲနဲ့ အန်အယ်လ်ဒီကို အပြီးသတ်ဖြိုလှဲပြီး မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒကို မြေမြှုပ်သင်္ဂြိုဟ်ပစ်လိုက်ဖို့ ပိုင်းဖြတ်ထားတဲ့ပုံမျိုး အပြင်ပန်းအနေနဲ့ မြင်နေရတယ်။

ဒီလိုဖြစ်နေတာကို မြင်ရတော့ ဖတ်ခဲ့ဖူးတဲ့ ဆောင်းပါးတပုဒ်ကို သွားအမှတ်ရမိတယ်။ ဆောင်းပါးက ဒဂုန်ဦးထွန်းမြင့် ရေးတဲ့ ဆောင်းပါးပါ။ ဆောင်းပါးမှာ မြန်မာဘုရင်ခေတ်က ဘုရင်ကိုးကွယ်တဲ့ တောင်ဖီလာဆရာတော်နဲ့ ကျေးလက်ဒေသမှာ တောရဆောက်တည်သီတင်းသုံးနေတဲ့ ရွှေဥမင်ဆရာတော်တို့ တွေ့ဆုံခန်းကို သူကိုယ်တိုင် ကြုံကြိုက်ခဲ့ရတဲ့ပုံစံမျိုး ဒဂုန်ဦးထွန်းမြင့်က ရေးသားထားတယ်။

ဆရာတော်နှစ်ပါး တွေ့ဆုံရာမှာ ရွှေဥမင်ဆရာတော်က တောင်ဖီလာဆရာတော်လှူတဲ့ ပစ္စည်းတွေကို လက်ခံတဲ့အခါတိုင်း ‘ရွှေစည်းခုံကို လှူပါ၏’ ဆိုတဲ့ စကားကို ရွတ်တယ်။ ဒါကို အနားမှာရှိနေတဲ့ ရွှေဥမင်ဆရာတော်ရဲ့ ဦးသူတော်ကြီးက သူများ သဒ္ဓါလို့လှူတဲ့ ပစ္စည်းကို ဒီလိုစကားမျိုးပြောပြီး လက်ခံတာဟာ သူများသဒ္ဓါကို ဖျက်ဆီးရာလည်းကျတယ်။ သူများကို အားနာမှုမရှိ မယဉ်ကျေးရာလည်းကျတယ်လို့ ယူဆတယ်။ တောင်ဖီလာဆရာတော်ပြန်သွားတော့ ဦးသူတော်ကြီးက သူ့စိတ်ထဲ ဘ၀င်မကျဖြစ်နေတဲ့ အချက်ကို ရွှေဥမင်ဆရာတော်ကို မေးမြန်းတယ်။

ဆရာတော်က သူဒီလိုပြောတာဟာ ဘုရင်ရဲ့ချီးမြှောက်မှုကိုခံယူပြီး တကယ့်တရားဒေသနာအလုပ်ကို လုပ်ဖို့မေ့လျော့နေတဲ့ တောင်ဖီလာဆရာတော်ကို သတိပေးလိုက်တာဖြစ်တယ်လို့ ရှင်းပြပြီး အဆုံးမှာ ‘မင်းဆရာတော် ဒီကအပြန်မှာ ဘုရင်ဆက်ကပ် လှူဒါန်းထားတဲ့ စစ်ကိုင်းမြစ်နားလေးထပ်ကျောင်းကြီးကို ၀င်ရဲတယ်ဆိုရင် အလွန့်ယောက်ျား’ လို့ မှတ်ချက်ပြုလိုက်တယ်။ ဒီနေရာမှာ ရွှေဥမင်ဆရာတော်ရည်ညွှန်းတဲ့ ‘အလွန့်ယောက်ျား’ ဆိုတာ အင်မတိ အင်မတန်မှ မျက်နှာပြောင်ပြီး မိုက်မဲလှတဲ့လူလို့ အဓိပ္ပာယ်ရတာဖြစ်တယ်။

တောင်ဖီလာဆရာတော်ဟာ ပညာရှိသူတော်ကောင်း ရဟန်းမြတ်တပါးဖြစ်တာမို့ ရွှေဥမင်ဆရာတော်ရဲ့ သတိပေးမှုကို သဘောပေါက်တယ်။ ဒါကြောင့် အပြန်မှာ မြစ်နားလေးထပ်ကျောင်းကို မ၀င်တော့ဘဲ တောင်ဖီလာဆီးတော မင်းဝံတောင်ရိုးကြီး အရှေ့ချောက်ထဲမှာ တောရဆောက်တည်သီတင်းသုံးသွားခဲ့တယ်။ ရွှေဥမင်ဆရာတော်ပြုစုတဲ့ ၀ိနည်းငါးကျမ်း ပါဠိတော်နိဿယ ဟာလည်း မိမိပြုစုတဲ့ ၀ိနည်းငါးကျမ်း ပါဠိတော်နိဿယထက် ပိုလည်းဦး၊ ပိုလည်းကျဉ်း၊ ပိုလည်းပြည့်စုံတာကြောင့် မိမိရဲ့ကျမ်းကို စေတီရင်ပြင်မှာ မီးရှို့ပူဇော်ခဲ့တယ်။

အဲဒီဆရာတော်နှစ်ပါး တွေ့ဆုံခန်းနဲ့ ဒီကနေ့ ရထားနှစ်စင်း ထိပ်တိုက်ဝင်ဆောင့်ကြတော့မလို ရှိနေတဲ့ အဖြစ်ကြားမှာ မိမိအနေနဲ့ (ပေါက်ပေါက်ရှာရှာ ကပ်သီးကတ်သတ်လို့ ဆိုချင်ဆို) နှိုင်းယှဉ်ချိန်းထိုးပြစရာ အကွက်ကလေးတကွက်ကို သွားမြင်မိတဲ့အတွက် အဲဒီဆောင်းပါးကို ဖော်ပြရခြင်းဖြစ်တယ်။

အဲဒီအကွက်ကတော့ ရွှေဥမင်ဆရာတော်က တောင်ဖီလာဆရာတော်ကို ရည်ညွှန်းပြီး သူ့ရဲ့ဦးသူတော်ကို ‘မင်းဆရာတော် ဒီကအပြန် မြစ်နားလေးထပ်ကျောင်းကိုဝင်ဝံ့ရင် အလွန့်ယောက်ျား’ လို့ ပြောလိုက်တဲ့အကွက်ဖြစ်တယ်။

နအဖဟာ အခုအထိတော့ ငါ့မြင်းငါစိုင်း၊ ငါ့လှေငါထိုး လုပ်ရပ်ပေါင်းများစွာကို လုပ်ရဲခဲ့၊ လုပ်နိုင်ခဲ့တယ်။ ပါတီတွေကို (၁/၉၀) ကို အဓမ္မ လက်မှတ်ထိုးစေခဲ့တယ်။ ပါတီအားလုံးနီးပါးကို ဖျက်သိမ်းပစ်ခဲ့တယ်။ အမျိုးသားညီလာခံကို အတင်းအကျပ် ကျင်းပခဲ့တယ်။ အခြေခံဥပဒေကို သူ့သဘောနဲ့သူ ရေးဆွဲခဲ့တယ်။ ပြီးတော့ အတုအယောင် ဆန္ဒခံယူပွဲနဲ့ အတည်ပြုခဲ့တယ်။ အဲဒီလုပ်ရပ်တွေဟာ အောင်မြင်ခဲ့တယ်လို့ နအဖက ယူဆကောင်းယူဆနိုင်တယ်။

ဒါပေမယ့် မြန်မာပြည်သူတွေရဲ့ Mandate ကို ရရှိထားပြီး အဲဒီအနေအထားရဲ့ အကျိုးဆက်အဖြစ် နိုင်ငံတကာရဲ့ ထောက်ခံမှုကိုပါ ရရှိထားတဲ့၊ တကမ္ဘာလုံးရဲ့ အထူးလေးစားကြည်ညိုမှုကို ရရှိထားသူ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အန်အယ်လ်ဒီမပါဘဲ ရွေးကောက်ပွဲကျင်းပတာကတော့ နအဖဟာ အမိုက်မဲဆုံး အတွေးကိုတွေးပြီး မြန်မာပြည်သူတွေနဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို နောက်ဆုံးတိုက်ပွဲ (Final Showdown) ဆင်နွှဲလိုက်တာဖြစ်တယ်။ ဒါကြောင့် နအဖဟာ သူကြိမ်းဝါးနေတဲ့အတိုင်း အဲဒီရွေးကောက်ပွဲကို ကျင်းပရဲမယ်ဆိုရင်တော့ နအဖကို ‘အလွန့်ယောက်ျား’ လို့ပဲ သတ်မှတ်ရတော့မှာဖြစ်တယ်။ ။


No comments:

Post a Comment