Monday, January 4, 2010

အောင်ဆန်းဦးအတွက် သင်ခန်းစာပေးခြင်း မြားပစ်ပြိုင်ပွဲလွတ်လပ်ရေးနေ့တွင် ပြုလုပ်

ရဲရင့်/ ၄ ဇန်န၀ါရီ ၂၀၁၀

ယနေ့ ကျရောက်သည့် (၆၂) ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့တွင် အောင်ဆန်းဦးကို သင်ခန်းစာပေးခြင်း အမည်ဖြင့် မြားပစ်ပြိုင်ပွဲတရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်တွင် ကျင်းပသည်။

ယနေ့နံနက်တွင် မဲဆောက်ရှိ (SAW) မြန်မာရွှေ့ပြောင်းကျောင်း၌ ကျင်းပသည့် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် မြန်မာကလေးငယ်များ အမှန်တရားမြတ်နိုးပြီး တိုင်းပြည်အကျိုးပြုသည့်သူများ ဖြစ်လာစေရန်အတွက် မြားပစ်ပြိုင်ပွဲ ထည့်သွင်း ကျင်းပခြင်းဖြစ်သည်ဟု ကျောင်းဆရာ ဦးဇော်ငြိမ်းလတ်က ပြောသည်။

၎င်းက “အောင်ဆန်းဦးဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်တို့ရဲ့သားကြီး သြရသ ဖြစ်တယ်။ သူ့ရဲ့ဘကြီးဖြစ်တဲ့ ဦးဘ၀င်းရော လွတ်လပ်ရေးအတွက် အသက်စတေးပြီး ကိုယ်ကျိုးစွန့်သွားခဲ့ကြတယ်။ သူ့ညီမငယ် ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ရှိကိုယ်ကျိုးစွန့်ပြီး တိုင်းပြည်အတွက်လုပ်နေတယ်။ သူကျတော့ သူ့အတ္တထဲက နေမထွက်ဘူး။ အမေရိကန်မှာနေပြီး တိုင်းပြည်အတွက် လုပ်နေတဲ့ သူ့ညီမအရင်းကိုတောင်မှ လိုက်နှောင့်ယှက်ပြီး အမွေလိုက်လုနေသေးတယ်၊ ဒီလိုလူမျိုးဟာ ဘယ်တိုင်းပြည်၊ ဘယ်လူ့အဖွဲ့အစည်းမှာပဲ မွေးမွေး လူ့အဖွဲ့အစည်းနဲ့တိုင်းပြည်ကို အကျိုးပြုမဲ့လူမဟုတ်ဘူး။ ဒါကြောင့် လူများစုအတွက် ရပ်တည်တာမဟုတ်တဲ့လူကို လူများစုက မကြိုက်ဘူး။ လက်မခံဘူး ဆိုတာကို ကျောင်းသားတွေရဲ့ ဦးနှောက်ထဲ စိတ်နှလုံးထဲကို ငယ်ငယ်ထဲက ၀င်အောင်ဆိုပြီး ဒီကဏ္ဍကို စီစဉ်တာ ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မြားပစ်ပြိုင်ပွဲတွင် ဂျိုနှစ်ဖက်ပါသည့် ဦးအောင်ဆန်းဦး၏ ဦးခေါင်းကို အင်းဆက်ပိုးမွှားခန္ဓာများနှင့် တွဲဖက်ထားသည့် ပုံတူကားချပ်များကို ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများက လက်ပစ်မြား အငယ်များဖြင့် ၀င်ရောက်ယှဉ်ပြိုင်ပစ်ကြခြင်း ဖြစ်သည်။

ပြိုင်ပွဲဝင်ကျောင်းသား မောင်ရဲဇော်ဇော်က “အောင်ဆန်းဦးက တကိုယ်ကောင်းဆန်တယ်။ တိုင်းပြည်အတွက် ကောင်းကျိုး ဘာမှမလုပ်ပေးဘူး။ သူ့ညီမကိုတောင် မထောက်ထားဘဲ တရားပြန်စွဲတယ်။ အဲဒါကြောင့်ပါ” ဟု ပြောသည်။

(၁၀) တန်းကျောင်းသား စိုင်းနောင်ထူးကလည်း “သူ့အဖေက လွတ်ရေးအတွက် ကြိုးပမ်းခဲ့ပေမယ့် သူက အမေရိကန်နိုင်ငံသား ခံယူပြီး သူ့ညီမရဲ့လုပ်ရပ်တွေကို ဆန့်ကျင်တယ်။ အနှောင့်အယှက် ပေးတယ်။ သူဟာ အမျိုးသားသစ္စာဖောက်ပေါ့” ဟု ပြောသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်းဆန်းစုကြည်နေထိုင်သည့် ရန်ကုန် ဗဟန်းမြို့နယ် အမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်ကို ပြင်ဆင်လျက်ရှိရာ ယခင်လ (၂၁) ရက်တွင် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦး၏ ကန့်ကွက်မှုကြောင့် ရပ်နားထားရသည်။ ဦးအောင်ဆန်းဦးသည် ညီမဖြစ်သူ လက်ရှိနေထိုင်လျက်ရှိသည့်အိမ်ကို ပြန်လည်ရယူလိုမှုဖြင့် တရားစွဲဆိုထားသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့တွင် သားသမီး (၃) ဦးရှိပြီး ဒေါ်အောင်ဆန်းစုကြည်သည် အငယ်ဆုံးဖြစ်သည်။ အစ်ကိုလတ်ဖြစ်သူ အောင်ဆန်းလင်းသည် ငယ်စဉ်ကပင် ဆုံးပါးသွားခဲ့သည်။

No comments:

Post a Comment