Sunday, January 3, 2010

ကျောင်းသားစုံညီပွဲတော်အတွက် ခြိမ်းခြောက် ငွေကောက်

Narinjara News

ဇန္န၀ါရီလ ၃ ရက်နေ့တွင် မောင်တောမြို့၌ ပြုလုပ်မည့် ကျောင်းသား စုံညီပွဲတော်အတွက် မောင်တောမြို့ရှိ ကျောင်းဆရာ တချို့မှ ကျောင်းသားများထံမှ ခြိမ်းခြောက်ငွေ ကောက်ခံခဲ့သည်ဟု ကျောင်းသား မိဖ တဦးက နိရဉ္စရာသို့ ဖုံးဖြင့် ပြောကြားသည်။


“ သူတို့က ကျောင်းသား စုံညီပွဲတော်အတွက် ငွေ မထည့်ရင် အတန်းတင်စာမေးပွဲကို အအောင်မပေးဘူးဆိုပြီး ကလေးတွေကို ပြောပါတယ်။ ဒီလို ကောက်ခံတာဟာ ကျောင်းသား တွေကို ခြိမ်းခြောက်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကို မပေးချင် ပေမယ့် သားသမီးတွေ မျက်နာငယ်မှာစိုးပြီး ပေးရတာသာ ဖြစ်ပါတယ်။”

မောင်တောတွင် ပြုလုပ်မည့် ကျောင်းသား စုံညီပွဲတော်အတွက် မူလတန်း ကျောင်းသား တဦးကို ၈၀၀ ကျပ်ကောက်ခံပြီး အလယ်တန်းနှင့် အထက်တန်းအတွက် ကျပ် ၁၀၀၀ စီ ကောက်ခံသည်ဟု သိရသည်။

ယခုကဲ့သို့ ကျောင်းသားစုံညီပွဲတော်အတွက် ငွေကောက်ခံသဖြင့် အဆင်မပြေ ဖြစ်ရပုံကို တခြား ကျောင်းသားမိဖ တဦးကလည်း ယခုကဲ့သို့ ပြောသည်။

“ ကလေး တဦးရှိတဲ့ မိသားစုတွေမှာဆိုရင်တော့ ပြဿနာ သိပ်မရှိနိုင်ပေမယ့် ကလေး ၅ ယောက် ၆ ယောက် ကျောင်းတက်နေတဲ့ မိသားစုတွေမှာဆိုရင် ခုလို ကောက်ခံတဲ့ အတွက် အထူး ဒုက္ခရောက်ကြရပါတယ်။ ချမ်းသာတဲ့ မိသားစုတွေအတွက် ဒီငွေဟာ ဘာမှ မဟုတ်ပေမယ့် တနေ့ရှာမှ တနေ့စားရတဲ့ ဆင်းရဲမိသားစုတွေနဲ့ လစာနည်း ၀န်ထမ်းမိသားစုတွေ အတွက်တော့ တော်တော် အခက်အခဲ ဖြစ်ပါတယ်။”

မောင်တောမြို့တွင် ယခုကဲ့သို့ ပြိုင်ပွဲများ ပွဲတော်များ ကျင်းပရန် အတွက် လိုအပ်သော ငွေများကို တခြားအစိုးရ ဌာနဆိုင်ရာများနှင့် မယက၊ ရယက များကလည်း မကြာခဏ ကောက်ခံနေကြောင်းကို အငြိမ်းစား ကျောင်းဆရာမ တဦးက ယခုကဲ့သို့ ပြောသည်။

“ အို ကောက်တာကိုတော့ ပြောမနေနဲ့။ ဟိုကြေး ဒီကြေးနဲ့ များလိုက်တဲ့ ကြေးတွေကတော့ ပြောမနေပါနဲ့။ လွတ်လပ်ရေးနေ့ ကျရင် ကောက်တယ်။ ပြည်ထောင်စုနေ့ကျရင် ကောက်တယ်။ စုပေါင်း ကထိန်ဆိုပြီးလည်း ကောက်တယ်။ ဘယ်သူလာပီး စားသွားတယ် ဆိုပီးလည်း ကောက်တယ်။ လမ်းပြင်ဖို့ဆိုလည်း ကောက်တယ်။ လူထုတွေမှာသာ စီးပွားရေး အဆင်မပြေ ပေမယ့် ကောက်တာကတော့ ပြောနေစရာတောင် မလိုပါဘူး။”


No comments:

Post a Comment