Saturday, January 23, 2010

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၅

မင်းဟန်

(၁၈၁)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ၁၉၉၆ ခုနှစ် ဇွန်လ ၆ ရက်နေ့၊ ရက်စွဲနှင့် ပေးစာတစောင် ပေးပို့ခဲ့ပြီးသည့် နောက်တနေ့တွင်ပင် ဥပဒေအမှတ် ၅/၉၆ ကို နဝတက ထုတ်ပြန်လိုက်၏။ အမည်အပြည့်အစုံက ….


“နိုင်ငံတော်၏ တာဝန်ကို တည်ငြိမ်အေးချမ်းစွာ၊ စနစ်တကျ လွှဲပြောင်းပေးရေးနှင့် အမျိုးသားညီလာခံ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေအမှတ် ၅/၉၆” ဟူ၍ ဖြစ်သည်။ ဥပဒေအမှတ် ၅/၉၆ အရ …. စစ်အုပ်စု၏ အမျိုးသားညီလာခံအား နှောင့်ယှက် ဟန့်တားလျှင် …. ပြည်သူ့လွှတ်တော်တရပ်အား ခေါ်ယူဖွဲ့စည်းလျှင်….၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်အား ရေးဆွဲခဲ့လျှင် …. ထိုထိုသော နိုင်ငံရေးအဖွဲ့အစည်းများအား မတရားအသင်းအဖြစ် ကြေညာမည်။ လူပုဂ္ဂိုလ်များအား… နှစ်ရှည်ထောင်ဒဏ်များ ချမှတ်၍ အပြစ်ပေးအရေးယူမည်။ နှစ်ရှည်ထောင်ဒဏ် ဟူသည်က ၁၅ နှစ်မှ နှစ် ၂ဝ အထိ ဖြစ်သည်။ ဆိတ်သုန်းနေပြီးဖြစ်သည့် နိုင်ငံသူ၊ နိုင်ငံသားများ၏ ဒီမိုကရေစီ အခွင့်အရေးများအား စစ်အုပ်စုက ၅/၉၆ နှင့် ထပ်မံ၍ ထိန်းချုပ်နေပြန်လေသည်။
အဖွဲ့ချုပ်က ၅/၉၆ နှင့် ပတ်သက်ပြီး ကန့်ကွက်သည့် စာတစောင်အား ထုတ်ပြန်သည်။ စာတွင် ….
“နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အမျိုးသား ပြန်လည် စည်းလုံးညီညွှတ်ရေးတို့ကို အမှန်တကယ် အကောင်အထည်ဖော်နိုင်ရန် ဥပဒေများ ပြဋ္ဌာန်းခြင်းဖြင့် မဖြစ်နိုင်ပါ” ဟူ၍ ရေးသားဖော်ပြပြီး ……
“နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ဥပဒေအမှတ် ၅/၉၆ ပါ ပြဋ္ဌာန်းချက်များသည် စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးကို တားမြစ်ပိတ်ပင်သည်သာမက၊ မြန်မာ့ဗုဒ္ဓဘာသာ ယဉ်ကျေးမှု၏ အခြေခံတရပ်ဖြစ်သော အပရိဟာနိယတရားများကိုလည်း မျက်ကွယ်ပြုရာ ရောက်နေသည်” ဟု စာအား နိဂုံးချုပ်ထား၏။


(၁၈၂)
၁၉၉၆ ခုနှစ်၊ ဇွန်လ ၈ ရက်။

စနေနေ့ ….။

လူထုက …. မွန်းလွဲချိန်လွန်ခဲ့သည်နှင့် တဖွဲဖွဲနှင့် အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ခြံဝင်းရှေ့သို့ စုရုံး၍ ရောက်ရှိလာခဲ့ကြ၏။

အာဏာပိုက်များက မနေ့ကပင် …. ဒေါ်အောင်ဆန်းစုကြည်၏ ခြံရှေ့ဟောပြောပွဲ မပြုလုပ်ရန် စာထုတ်၍ ပိတ်ပင်ထားခဲ့၏။ ပိတ်ပင်ထားသည့်အကြားမှပင် လူထုသည် လာရောက်ခဲ့ကြခြင်း ဖြစ်သည်။ အာဏာပိုင်များက တက္ကသိုလ်ရိပ်သာလမ်းကိုမူ သံဆူးကြိုးခွေများ ကာရံ၍ မပိတ်သေး….။ အမှတ် ၅၄ တဝိုက်တွင်က လုံခြုံရေးတပ်သားများဖြင့် ပြည့်ပြည့်သိပ်သိပ် …။ အချုပ်ကားများသည်လည်း တက္ကသိုလ် ရိပ်သာ လမ်းအတွင်း အသင့်ရပ်၍ထား၏။ အခြေအနေက …. တင်းတင်းမာမာ…။ လူထုသည် ဤအခြေအနေ အတွင်း၌ပင် ….. ရဲရဲဝံ့ဝံ့ … ရွံ့ရွံ့စားစား လာရောက်၍နေကြသည်။ အချို့က …. ဖမ်းဆီးခြင်း ခံရပါက ….. အသင့်ဖြစ်စေရန် အနွေးထည်၊ အင်္ကျီ၊ လုံချည်အပိုများပင် ယူလာခဲ့ကြ၏။
လူထုနှင့် ဒေါ်အောင်ဆန်စုကြည် တွေ့ဆုံမှုက …. သေနတ်ပြောင်းဝများ၏ အရှေ့၌ပင်၊ အောင်အောင်မြင်မြင်နှင့် ပြီးမြောက်၍နေခဲ့၏။ သေနတ်ပြောင်းဝရှေ့မှ ဒီမိုကရေစီ တရားပွဲ…။
တက္ကသိုလ်ရိပ်သာလမ်းအား စစ်အုပ်စုမှ ပိတ်ဆို့ခြင်း မပြုလုပ်သေးသဖြင့်၊ အပတ်စဉ် စနေ၊ တနင်္ဂနွေ ညနေတိုင်း လူထုနှင့် ဒေါ်စု တွေ့ဆုံကြ၏။ ဒေါ်စုနှင့် လူထုကား … မတရားသည့် အမိန့်အာဏာအား ဖီဆန်၍နေကြခြင်း…။

မြို့နယ်များမှ ပေးပို့လာသည့် အစီရင်ခံစာများအရ …. နယ်များရှိ အဖွဲ့ချုပ်၏ အခြေအနေများအား ဒေါ်အောင်ဆန်းစုကြည်သည် စဉ်ဆက်မပြတ် သိရှိနေရ၏။ စစ်အုပ်စုက အဖွဲ့ချုပ်ခြေလက်များအား ဖြတ်တောက်ပစ်ရန် ချေမှုန်းရေးစစ်အား နယ်များတွင် စတင်၍လုပ်လာသည်။ စစ်ကိုင်းမြို့နယ် အာဏာပိုင်များက ၁၉၉၆ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ….. စစ်ကိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအသီးသီးသို့…၊ စာအမှတ် … ၁၅ဝ/၁-၅၈/မဝတ (စက) ကို ထုတ်ပြန်၍ … အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းများအား ပိတ်ရန်နှင့် ဆိုင်းဘုတ်များအား ဖြုတ်ချရန် အကြောင်းကြား၏။ စစ်ကိုင်းမြို့နယ် အဖွဲ့ချုပ်က လက်မခံ…။ လက်မခံကြောင်းကိုလည်း အာဏာပိုင်များထံသို့ စာပြန်ပို့၍ အကြောင်းပြန်ကြားလိုက်၏။

ဧရာဝတီတိုင်းအတွင်းရှိ ဟင်္သာတ၊ မအူပင်၊ ဓနုဖြူ၊ ဘိုကလေး မြို့နယ်များတွင်က …. သက်ဆိုင်ရာ အာဏာပိုင်များသည် အဖွဲ့ချုပ်အဖွဲ့ဝင်များအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွင်းမှ နုတ်ထွက်ရန် ဖိအားပေးနေ၏။ မဝတ ဥက္ကဋ္ဌများက ခေါ်၍ ပြောဆိုနေခြင်း ဖြစ်သည်။

“ကျနော်ပြောလိုတာက … အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မတရားအသင်း ကြေညာမယ်လို့ သိရတယ်။ အခုလိုမဖြစ်ခင် အကိုတို့အနေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်လိုက်ပါ။ နုတ်ထွက်မယ်ဆိုရင် လက်မှတ်ထိုးပြီး ကျနော့်ဆီပို့ပါ။ သက်ဆိုင်ရာကို ကျနော် ပို့ပေးပါ့မယ်။ ဒါမှ ကျနော် ကူညီဆောင်ရွက်လို့ ရမှာဖြစ်ပါတယ်။ အဲဒီလိုမှ မနုတ်ထွက်ဘူးဆိုရင် အဖမ်းအဆီးတွေ ဖြစ်လာမယ်” ဟူ၍ ပွဲစားလေနှင့် ဆိုသည်။

ပြီးလျှင် …. အဖွဲ့ဝင်များအနေနှင့် ခရီးသွားလာခွင့်ကိုလည်း ကန့်သတ်လိုက်၏။ မြို့နယ်အတွင်းမှ အခြား မြို့နယ်သို့ကူးလျှင် …. သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်များထံသို့ ခွင့်ပြုချက် တောင်းခံရမည်။ ခွင့်ပြုချက် ရမှသာလျှင် ခရီးသွား၍ရမည်။

အစီရင်ခံစာများက မြို့နယ်အသီးသီးမှ အထွေထွေအတွင်းရေးမှူးထံသို့ တက်လာ၏။ နယ်မြေဒေသ အသီးသီးတွင်က အဖွဲ့ချုပ်သည် ထိုးနှက်တိုက်ခိုက်ခြင်းများအား ခံနေရ၏။

(၁၈၃)

၁၉၉၆ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းထူထောင်ခြင်း ၈ နှစ်ပြည့်မြောက်သည့် နေ့ဖြစ်သည်။ ထိုနေ့တွင် အဖွဲ့ချုပ်ဖွဲ့စည်းထူထောင်ခြင်း ၈ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားနှင့် အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ အထူးအစည်းအဝေးတရပ်အား ကျင်းပပြုလုပ်သွားရန် အဖွဲ့ချုပ်ဗဟိုမှ ပြင်ဆင်လျက်ရှိ၏။ မြို့နယ်အသီးသီးရှိ အဖွဲ့ချုပ်စည်းရုံးရေးမှူးများထံသို့ အစည်းအဝေး တက်ရောက်ရန် ဖိတ်စာများပို့၏။ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အားလုံးထံသို့လည်း ဖိတ်စာများ ပို့၏။ စစ်အုပ်စုမှ မည်မျှအထိ နှောင့်ယှက်ဟန့်တားလာလေဦးမည်နည်း…။ အဆိုးဆုံးအတွက်မူ ပြင်ဆင်ထားကြပြီးဖြစ်၏။ အခြေအနေက …. အကောင်းဆုံးကို မျှော်လင့်စရာဟူ၍ မရှိသည့် အခြေအနေပင်….။

၁၉၉၆ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပြုလုပ်မည့် အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ အထူး အစည်းအဝေးပွဲအား အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်ခြံဝင်းအတွင်း၌ပင် မဏ္ဍပ်ကြီးထိုး၍ ကျင်းပရန် စီစဉ်ထား၏။

အစီအစဉ်က … အစည်းအဝေး မစတင်မီ နံနက်စောစောတွင် သံဃာတော် အရှင်သူမြတ်တို့အား အရုဏ်ဆွမ်း ဆက်ကပ်မည်။ သံဃာတော်များထံမှ ငါးပါးသီလ ခံယူကြမည်။ ဆွမ်းဆက်ကပ်လှူဒါန်း၍ပြီးမှ အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ အထူးအစည်းအဝေးကြီး စတင်ကြမည်ဖြစ်သည်။

အဆိုးဆုံးများက လာလေပြီ။ ထင်မှတ်ထားသည့်အတိုင်းပင် အာဏာပိုင်တို့က အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အားလုံးကို ထိန်းသိမ်းလိုက်ကြပြန်၏။ ပြီးလျှင် …. အထူးအစည်းအဝေးသို့ တက်ရောက်မည့် အဖွဲ့ချုပ်စည်းရုံးရေးမှူးများကိုလည်း ထိန်းသိမ်းပြန်သည်။ စက်တင်ဘာ ၂၆ ရက်နေ့ ညနေအထိ ရရှိသည့် အထိန်းသိမ်းခံလိုက်ကြရသည့် သူများ၏ စာရင်းအရမူ …. မနက်ဖြန် ကျင်းပမည့် အစည်းဝေးသို့ တက်ရောက်ရန် ဖိတ်ကြားခံထားရသူများ၏ ၈ဝ % မျှ ရှိနေသည်။ မလွယ်…။ စိန်ခေါ်မှုများက ….. အသစ်၊ အသစ်များဖြင့်….။

ည….သည် အမှောင်ထုအတွင်း ပျော်ဝင်၍နေသည်။ အမှောင်ထုက … အရုဏ်ဦးဆီသို့ တရွေ့ရွေ့နှင့် ချဉ်းကပ်တိုးဝင်လျက်ရှိ၏။

ရောင်နီပျို့ပြီ။

တက္ကသိုလ်ရိပ်သာလမ်းက အသွားအလာမရှိ။ တိတ်ဆိတ်ငြိမ်သက်စွာနှင့်…။ သိလိုက်ရပြီ။ အာဏာပိုင် တို့ကား ….. တက္ကသိုလ်ရိပ်သာလမ်းအား ပိတ်ဆို့လိုက်ကြပြန်လေပြီ။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အံ့သြမှုဟူ၍မဖြစ်…။ သို့သော် …. အာဏာပိုင်များအနေဖြင့် နိုင်ငံရေးအဖွဲ့အစည်းတခု၏ ပြုလုပ်မြဲဖြစ်သည့် နှစ်ပတ်လည် အစည်းအဝေး ပြုလုပ်ကျင်းပမည်ကို မည်သည့်အတွက် ဤမျှအထိ ထိတ်လန့်ကြောက်ရွံ့၍ နေကြရလေသည်ကိုမူ တွေးမရဖြစ်မိ၏။

နံနက် ၈ နာရီခန့်တွင် အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ အဖွဲ့ချုပ်၏ ဒု-ဥက္ကဋ္ဌ တဦးဖြစ်သူ ဦးတင်ဦး ရောက်လာ၏။ ဦးတင်ဦးအား လုံခြုံရေးများက ဝင်ခွင့်ပြုခဲ့သဖြင့် ရောက်လာခြင်းဖြစ်၏။ မကြာ… ဦးအောင်ရွှေနှင့် ဦးကြည်မောင်တို့လည်း ရောက်လာခဲ့ကြပြန်သည်။ လမ်းအား ပိတ်ဆို့ထားသည့် လုံခြုံရေးများက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌများအား ဝင်ခွင့်ပြုကြသော်လည်း အစည်းအဝေးသို့ တက်ရောက်ကြမည့် အဖွဲ့ဝင်များကိုမူ ဝင်ခွင့်မပြု…။ ဝင်ခွင့်မရသဖြင့် လမ်းပိတ်ထားသည့် နေရာတွင်ပင် ရှိနေကြ၏။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ရွှေ၊ ဦးတင်ဦးနှင့် ဦးကြည်မောင်တို့ လမ်းပိတ်ထားသည့် နေရာတွင် ရှိနေကြသည့် အဖွဲ့ဝင်များ ရှိရာသို့ သွားကြ၏။ တက္ကသိုလ်ရိပ်သာ လမ်းမကြီးအတွင်း ဒေါ်အောင်ဆန်းစုကြည်တို့ ၄ ဦးနှင့် လုံခြုံရေးတပ်သားများသာ….။ အရာရာသည် ရှင်း၍တိတ်ဆိတ်နေ၏။

ဒေါ်အောင်ဆန်းစုကြည်မှ အဖွဲ့ဝင်များအား အမှတ် ၉၇/ခ ၊ ရွှေဂုံတိုင်သို့သွားရန် ပြော၏။ သူမတို့လည်း အမှတ် ၉၇/ခ ၊ ရွှေဂုံတိုင်သို့ သွားကြမည်။ အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ အထူးအစည်းဝေးအား အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းတွင် လုပ်ခွင့်မရလျှင် …. အမှတ် ၉၇/ခ ရွှေဂုံတိုင်တွင် လုပ်မည်။

သို့သော်…

အာဏာပိုင်များက …. အနောက်ရွှေဂုံတိုင်လမ်းကိုလည်း ပိတ်ဆို့ထားလိုက်၏။ လက်နက်ကိုင် တပ်သား တို့က မည်သူ့ကိုမျှ ဖြတ်သန်းသွားလာခွင့်မပြု…..။


(၁၈၄)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုဌာနချုပ်နှင့် ရန်ကုန်တိုင်း တိုင်းရုံး တည်ရှိရာ အမှတ် ၉၇/ခ အနောက် ရွှေ့ဂုံတိုင်လမ်း အဆောက်အဦးက …. ပိုင်ရှင်တဦးထံမှ စာချုပ်စာတမ်းများနှင့် နှစ်ချုပ်ငှားရမ်းထားသည့် အဆောက်အဦးဖြစ်သည်။ ပိုင်ရှင်က ဦးထွန်းကြိုင်ဖြစ်၏။

လမ်းပိတ်ဆို့ထားသဖြင့် ရွှေဂုံတိုင်သည်လည်း ဆိတ်ငြိမ်၍နေသည်။ စက်တင်ဘာမိုးက …. အမှောင်ထုအတွင်း၌ စဲလိုက်၊ သည်းလိုက်နှင့် ရွာနေ၏။ မိုးရေများအောက်၌ ရွှေဂုံတိုင်သည် အေးခဲစွာနှင့်ပင် ကာလငယ်ပေါင်းများစွာ ဖြတ်သန်း၍နေသည်။

ည ၉ နာရီခွဲခန့်တွင် ဗဟန်းမြို့နယ် အာဏာပိုင်အဖွဲ့မှ ပုဂ္ဂိုလ်များ အမှတ် ၉၇/ခ ၊ အနောက်ရွှေဂုံတိုင်လမ်းသို့ ရောက်လာခဲ့ကြ၏။ အဆောက်အဦးပိုင်ရှင်ဖြစ်သူ ဦးထွန်းကြိုင်နှင့်တွေ့ပြီး ငြိမ်ဝပ်ပိပြားရေးနှင့် ငြိစွန်းသည့်အတွက် …. အဆောက်အဦးအား ပိတ်ရမည်ဟု ဆိုသည်။ ဆိုလိုသည်က …. အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဌာနချုပ်နှင့် ရန်ကုန်တိုင်းရုံးအား လာရောက်၍ ပိတ်ခြင်း…။ ဦးထွန်းကြိုင်က … အာဏာပိုင်တို့ကိုယ်တိုင် ပိတ်ဆို့မည်အား လက်မခံ…။ မိမိဘာသာပင် သော့ခတ်၍ ပိတ်ပေးပါမည်ဟုဆိုပြီး အမှတ် ၉၇/ခ အား သော့ခတ်ပေးလိုက်၏။ အာဏာပိုင်များက …. ဗီဒီယိုများ၊ ဓာတ်ပုံများနှင့်ရိုက်၍ မှတ်တမ်းယူနေ၏။ ပြီးလျှင် …. ဦးထွန်းကြိုင်အား အာဏာပိုင်များမှ ‘တိုင်’ ပေးသည့်အတိုင်း ‘စာ’ အား ရေးခိုင်း၏။ လက်မှတ်ထိုးခိုင်း၏။ သေနတ်ပြ၍ ရေးခိုင်းသည့် စာ…။ မကြာ….။ ည … ၁၁ နာရီခွဲခန့်တွင် …. စစ်ဒေသမှူး၊ ဗျူဟာမှူးတဦးနှင့် စစ်ဗိုလ် ၃ ဦးတို့ အမှတ် ၉၇/ခ ရွှေဂုံတိုင်သို့ ထပ်မံရောက်ရှိလာကြပြန်သည်။ ဦးထွန်းကြိုင်အား ခေါ်ပြီး ….. အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဆိုင်းဘုတ် ဖြုတ်ချခိုင်းပြန်သည်။ ဖြုတ်ချပေးရပြန်၏။ ပြီးလျှင် …. အမှတ် ၉၇/ခ အနောက်ရွှေဂုံတိုင်လမ်း အဆောက်အဦး၏ ရှေ့၌ …. စစ်ဒေသမှူးကြီးက ဆိုင်းဘုတ်တခုအား ရေးပြီးထောင်လိုက်၏။

“ ဤနေရာတွင် NLD ရုံး မရှိတော့ပါ”

ဓာတ်ပုံများ ရိုက်ကြ၏။ ဗီဒီယိုများ ရိုက်ကြ၏။ စစ်အုပ်စုက … ညကြီးမင်းကြီး … မိုးထဲရေထဲ၌ … အဖွဲ့ချုပ်အား သဲသဲမဲမဲ တိုက်ခိုက်ချေမှုန်းလျက်နေ၏။

No comments:

Post a Comment