Tuesday, January 19, 2010

ကချင်အထူးဒေသ (၁) အစည်းအဝေး သဘောတူညီချက်မရဘဲ ပြီးဆုံး

လင်းနိုင်ဦး / ၁၉ ဇန်န၀ါရီ ၂ဝ၁ဝ

ဇန်နဝါရီ (၁၃) ရက်မှ (၁၆) ရက်အထိ မြစ်ကြီးနားမြို့တွင် ကျင်းပခဲ့သည့် ကချင်အထူးဒေသ (၁) အထူးအစည်းအဝေးပွဲ၌ မည်သည့်အရေးပါသော ဆုံးဖြတ်ချက်မှ မချနိုင်ဘဲ ပြီးဆုံးခဲ့ကြောင်း အစည်းအဝေးတက်ရောက်သည့် ကိုယ်စားလှယ်များက ပြောသည်။

ရန်ကုန်မြို့မှသွားတက်ခဲ့သည့် ကိုယ်စားလှယ်တဦးက “ခေါင်းဆောင်တွေ ရော၊ အောက်ခြေကိုယ်စားလှယ်တွေရော တင်ပြတဲ့ အချက် တွေကို ဘာတခုမှ ဆွေးနွေးဆုံးဖြတ်နိုင်တာ မရှိဘဲ အစည်းအဝေး ပြီးသွားခဲ့ပြီ။ နောက်ဆုံး အစည်းအဝေး မိတ်ဆုံ စားပွဲတောင် မလုပ် လိုက်နိုင်ဘူး။ အဓိကကတော့ ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းပဲ။ သူကပဲ အဓိက စီးပွားရေး လုပ်ငန်းတွေကိုရော၊ စီမံခန့်ခွဲမှု အာဏာရော ယူထားတော့ သူက ဘာအဖြေတွေမှ မပေးတော့ အဓိကကျတဲ့ ဆုံးဖြတ်ချက် ဘာမှမချနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် အားလုံးနားလည်တာကတော့ ဒါဟာ နောက်ဆုံးအစည်းအဝေးပဲ” ဟု ပြောသည်။

အစည်းအဝေးတွင် ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက တပ်မှထွက်ပြီးဖြစ်သည့် တော်လှန်ရေး ရဲဘော်ဟောင်းများကို ကြည့်ရှုထောက်ပံ့ရေး၊ နယ်ခြားစောင့်တပ်တွင် တပ်ပြေးများနေသည့်အတွက် တပ်သားများကို ဒေသတွင်းမှ ပြောင်းရွှေ့ခြင်း မပြုရန် စစ်အစိုးရထံ တောင်းဆိုရေး၊ ကချင်အထူးဒေ (၁) ၏ စီးပွားရေးလုပ်ငန်းများကို ရှင်းပြရေး၊ လက်ရှိ ငြိမ်းချမ်းရေး ကောင်စီကို ကြားကာလ အုပ်ချုပ်ရေးအဖွဲ့အဖြစ် ပီပီပြင်ပြင် ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး၊ လုပ်ငန်းစဉ်အသစ်များ ချမှတ်ရေးနှင့် ဒေသက ထောက်ပံ့နေသည့် ကျောင်းဆရာများ၏လစာကိစ္စ စသည့်ကိစ္စရပ်များကို ဆုံးဖြတ်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ဒေသခံကိုယ်စားလှယ်တဦးက “ကျနော်တို့တွေ နှစ်ပေါင်း သုံးလေးဆယ် တော်လှန်ရေးလုပ်လာတယ်။ ခု နယ်ခြားစောင့်တပ် ဖွဲ့တော့ တပ်ကနေ ထွက်ရတယ်။ တပ်ကထွက်ရတဲ့အခါ တပ်ထွက်လက်မှတ် တစောင်ပေးတယ်၊ အဲဒီ လက်မှတ်ကလည်း မိတ္တူကူးထားတဲ့ စာရွက်မှာ ဖြစ်သလိုရေးထားတဲ့ စကားလုံးတွေနဲ့။ ဒီကိစ္စ အစည်းအဝေးထဲမှာ ပြောတော့ တပ်ထွက်လက်မှတ် ပေးပြီးသား (၃ဝဝ) ကျော်လောက်ကို ပြန်သိမ်းပြီး အသစ်ပြန်ရေးပေးမယ် ပြောတယ်၊ ဒါပဲ။ အခြား ထောက်ပံ့မှုတွေ၊ နောက်ဆက်တွဲ ကြည့်ရှုမှုတွေ ဘာမှ ပေးမယ်ဆိုတဲ့ ကတိမရဘူး။ ဒါပေမယ့် လက်နက်ပြန်အပ်ဖို့တော့ ပြောနေတယ်” ဟု ပြောသည်။

အခြား ကိုယ်စားလှယ်တဦးကလည်း ဦးဆခုံတိန့်ယိန်းသည် အပစ်အခတ် ရပ်စဲချိန်မှစပြီး ဒေသတွင်း သစ်တော၊ သတ္တုများကို တရုတ်ပြည်သို့ လက်ညှိုးထိုး ရောင်းစားပြီး ကိုယ်ကျိုးရှာခဲ့ကြောင်း၊ ယခုလည်း ကိုယ့်ဒေသက လူငယ်များကို နယ်ခြားစောင့် တပ်သားဆိုပြီး စစ်အစိုးရထံ ရောင်းစားပြန်ကြောင်း၊ နောက်ဆုံး မိမိတို့ကဲ့သို့ တော်လှန်ရေးရဲဘော်ဟောင်းများကို တပ်ထွက် လက်မှတ်တစောင်ပေးပြီး သွားလိုရာ သွားတော့ဟု ပြောကြောင်း၊ မိမိတို့ တော်လှန်ရေး လုပ်လာသမျှ ကချင် အထူးဒေသ (၁) ရှိ ပြည်သူတို့၏ ဘဝသည်လည်း ယခင်အတိုင်း တောင်ယာခုတ်၊ ဘိန်းစိုက်ဘဝဖြင့်သာ ကျန်ရစ်ကြောင်း ပြောသည်။

အဆိုပါ အစည်းဝေးပွဲ၌ ယခင်မူလ ငြိမ်းချမ်းရေးကောင်စီဝင် (၁၇) ဦးရှိရာမှ ဒေသခံ (၇) ဦးတိုးပြီး စုစုပေါင်း (၂၄) ဦးဖြင့် တိုးချဲ့ဖွဲ့စည်းလိုက်သော်လည်း မည်သို့မျှအရေးပါခြင်းမရှိကြောင်း အစည်းအဝေးတက်ရောက်သူ ကိုယ်စားလှယ်များထံမှ သိရသည်။

No comments:

Post a Comment