Tuesday, January 26, 2010

နအဖရဲ့ရွေးကောက်ပွဲလွန်တဲ့အခါ

ရဲဘော်ဖိုးသံချောင်း

ဒီနေ့ဗမာပြည်ရဲ့နိုင်ငံရေးဟာ ဘယ်သူတွေက ဘာတွေပဲပြောပြော နအဖနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့အကြားက ပြဿနာဟာ အဓိကဆုံချက်ဖြစ်တယ်ဆိုတာ ၂ဝ၁ဝ ခုနှစ် အစပိုင်းအဖြစ်အပျက်တွေက အထင်းသားဖော်ပြနေပါတယ်။ ဒါကို မီဒီယာသမားတွေက အသိဆုံးလို့ ပြောနိုင်ပါတယ်။

ပြည်တွင်းပြည်ပမီဒီယာတွေမှာ ဒီဆုံချက်ကို ဗဟိုပြုနေတဲ့ ကိစ္စတွေချည်းပဲ မဟုတ်ပါလား။ အထူးသဖြင့် ရွေးကောက်ပွဲဆိုတာနဲ့ နီးလာလေလေ ဒီနှစ်ဘက်အကြားကကိစ္စဟာ ရှေ့တန်းတက်လာလေလေ ဖြစ်နေတာလည်း တွေ့ရပါတယ်။ အမှန်ပြောရရင် ဒီနေ့နောက်ဆုံးအခြေအနေမှာ ဘောလုံးဟာ နအဖဘက်ရောက်နေတာပါ။ ရွှေဂုံတိုင်ကြေညာချက်အရရော၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗိုလ်သန်းရွှေထံပေးစာအရရော နအဖ အနေနဲ့ အဖြေပေးဖို့ တာဝန်တွေရှိနေပါတယ်။ ပြည်သူလူထုကလည်း နအဖဘယ်လိုတုံ့ပြန်မယ်ဆိုတာကို အာရုံစိုက်စောင့်ကြည့်နေပါတယ်။ ဒါပေမယ့် နအဖဗိုလ်ချုပ်တွေကတော့ ဒီကိစ္စတွေမရှိခဲ့လေဟန်၊ သူတို့မှာ ဘာတာဝန်မှမရှိလေဟန်၊ ပေယျာလကံပြုနေပါတယ်။

ဒီကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်အောင်ကြည်နဲ့တွေ့စေတယ်ဆိုတဲ့ လေပြေထိုးလေးပဲ ဖော်ထုတ်ခဲ့တာကို အားလုံးသတိထားလိုက်မိပါလိမ့်မယ်။ ဒါဟာလည်း သတင်းစာထဲမှာ ဓာတ်ပုံလေးတပုံ၊ စာတိုလေး (၃-၄) ကြောင်းနဲ့ ပြီးသွားတာပါ။ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ ဘာမှမသိရတဲ့ ရသေ့ရှစ်သောင်းဇာတ်တခုဖြစ်ပါတယ်။ ဒီကိစ္စကို သူတို့ သတင်းစာတွေမှာရော ပြည်တွင်းက တခြားမီဒီယာတွေထဲမှာပါ ဘယ်သူမှမှတ်ချက်မပေးတာ၊ သဘောထား မဖော်ပြကြတာကို ကြည့်ရင် တနေ့မပြတ်၊ တရံမလပ် စွာလောင်စွာလောင်ရေးနေတဲ့ သူတွေဟာ နအဖက “တိတ်” ဆိုတော့လည်း တိတ်နေကြပါလားလို့ စဉ်းစားမိပါတယ်။

အခုနောက်ပိုင်းမှာ ဆင်ခြေအသစ်တခုကို အတော်လေးကြားနေ၊ တွေ့နေရပါတယ်။ အဲဒါက “တပ်မတော်အစိုးရ လုပ်တာ တွေအပေါ်မှာ သံသယနဲ့ ကြည့်နေကြလို့ ဗမာပြည်ရဲ့ နိုင်ငံရေးအခြေအနေတင်းမာနေတယ်” ဆိုတဲ့ ပြောစကား ဖြစ်ပါတယ်။ ဒီစကားကို ကြားရတော့ မဆလလက်ထက်တုန်းက နားကြားပြင်းကပ်အောင် ကြားခဲ့ရတဲ့ မဆလရဲ့ ဝါဒဖြန့် သီချင်းတပုဒ်ကိုတောင် သွားသတိရမိပါတယ်။ “သံသယဆိုသည်မှာ အလကား၊ မှန်သပဆိုသည်မှာ ပတ္တမြား” ဆိုတာပါ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်ဆိုပြီး နေရာတကာမှာလွှင့်နေ၊ ဖွင့်နေတဲ့သီချင်းဖြစ်ပါတယ်။ ဒါပေမယ့် တကယ်က မဆလ အစိုးရဟာ တိုင်းရင်းသားများက သူတို့ကို မယုံတာသိနေလို့ သူတို့ကို ယုံခိုင်းနေတာ ဖြစ်ပါတယ်။

အခုလည်း ကိုယ့်ကိုယ်ကိုယ် ကြားလူဟန်ဖမ်းနေတဲ့လူတွေက နအဖအပေါ် မယုံသူတွေကို အပြစ်တင်၊ အပြစ်ပုံချနေကြတာ တွေ့နေရပြန်ပါပြီ။ သူတို့ပြောပုံတခုက တဖက်ကသံသယရှိနေမှတော့ ဘယ်လိုလုပ် ညီညွတ်လို့ရတော့မလဲတဲ့။ ဒါဟာ နအဖအစိုးရဘက်က ဒီသံသယတွေ ပျောက်သွားအောင်လုပ်ဖို့ တာဝန်မရှိဘူးလို့ မျက်စိစုံမှိတ်ငြင်းနေတာဖြစ်ပါတယ်။ နအဖဟာ “သူတို့က အဲဒီလောက် သံသယရှိနေမှတော့ ငါ့ဘက်ကဘာမှမပြင်ဘူးကွာ” ဆိုပြီး လူမိုက်လိုလို၊ ကလေးဆိုးလိုလို လုပ်နေရမယ့်လူ မဟုတ်ပါဘူး။ သူတို့ဟာ အစိုးရဖြစ်ပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲဆိုတာနဲ့ ပတ်သက်လို့ သံသယရှိနေတဲ့လူတွေကို သံသယပျောက်သွားစေဖို့ဆိုရင် ဟောဒီအင်မတန် ရိုးစင်း၊ ရှင်းလင်းနေတဲ့ မေးခွန်းတချို့ကို အဖြေပေးစေချင်ပါတယ်။ စစ်ဗိုလ်တမတ်သား၊ စစ်ဗိုလ်သမ္မတ ဆိုတဲ့ကိစ္စတွေကတော့ သိပ်ကိုဗြောင်ကျ၊ ရှင်းနေတာမို့ ဒီနေရာမှာ မတင်တော့ပါဘူး။

ကဲ… ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲလွန်ရင်…

အစိုးရအဖွဲ့မှာ အရပ်သား ပါဝင်တဲ့အရေအတွက် တိုးလာပါမယ်။ ဒါသေချာပါတယ်။
ဒါပေမယ့်။

ဗမာပြည်မှာ နိုင်ငံရေးအကျဉ်းသားရယ်လို့ ရှိဦးမှာလား။ ဒီလိုအခါမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ ဘာလဲလို့ ငြင်းနေရမယ့် အချိန်မဟုတ်ပါဘူး။ အစိုးရနဲ့ အမြင်မတူတဲ့လူ၊ အဲဒီအမြင်ကို တနည်းနည်းနဲ့ ဖော်ထုတ်မိသူတွေကို ဖမ်းဆီးထောင်ချဦးမှာလား။ ၁၉၄၈ ခုနှစ်ကစလို့ ဗမာပြည်နိုင်ငံရေးရဲ့ အကြီးမားဆုံးအမည်းကွက်ကြီးဟာ အုပ်စိုးသူတွေဟာ ကိုယ်နဲ့ အယူအဆ မတူသူတွေကို ဆင်ခြေအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချ၊ နှိပ်စက်သတ်ဖြတ်နေတာဖြစ်ပါတယ်။ ကိုယ်မှန်တယ်ထင်တာကို ဖော်ထုတ်မိတာနဲ့ ၂၁ ရာစုနဲ့ လုံးဝမလျော်ညီတဲ့ ဘာစတီးအကျဉ်းထောင်လို နှိပ်စက်မှုမျိုးတွေနဲ့ ဖြည်းဖြည်းချင်း မျှဉ်းသတ်ဖြတ်တာခံခဲ့ရတဲ့ သံဃာတော်၊ အမျိုးသမီး၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ နိုင်ငံရေးသမား၊ စာပေအနုပညာသည် စာရင်းပြုလို့မကုန်၊ ရေတွက်လို့မနိုင်ပါဘူး။

နောက်တခုမေးစရာက အဲဒီအခါကျရင် စာပေစိစစ်ရေးဆိုတာရော ရှိဦးမှာလား။ ဗမာပြည်မှာ စာပေစိစစ်ရေးဆိုတာ စစ် အုပ်ချုပ်မှုနဲ့အတူ ပေါ်လာတဲ့အရာဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မတိုင်မီတုန်းကတော့ စစ်အာဏာရှင်စစ်အုပ်စုရဲ့ အမြုတေ စစ်ဗိုလ်တွေဟာ ဆိုက်ကိုဆိုတဲ့ဌာနဖွင့်ပြီး စာပေအနုပညာနဲ့ မီဒီယာလောကကို အမှောင်ရိပ်ကနေ မပြတ်စောင့်ကြည့်နေခဲ့ပါ တယ်။ ဒါပေမယ့် သူတို့က ရှေ့တန်းကိုတော့ ထွက်မလာပါဘူး။ မဆလခေတ်ကျတော့မှ ဗြောင်ရှေ့ကိုခုန်ထွက်လာပြီး စာပေစိစစ်ရေးဆိုတာကြီး ပေါ်လာတာဖြစ်ပါတယ်။ ဒါဟာ စစ်အုပ်ချုပ်မှုရဲ့ လက္ခဏာ၊ စာပေအနုပညာရှင်တွေအပေါ် ဖိနှိပ်တဲ့ စစ်အုပ်စုရဲ့ လက်သုံးတော်ဓားဖြစ်ပါတယ်။ ဒီလိုဟာမျိုး (ဗိုလ်ချုပ်တွေက နာမည် အခေါ်အဝေါ်ပြောင်းတာ ဝါသနာပါပါဘိသနဲ့) ဆက်ရှိနေဦးမယ်ဆိုလို့ကတော့ ဒီရွေးကောက်ပွဲက ဖွဲ့လာမယ့်အစိုးရဟာ အစွယ်နဲ့၊ ချို (ဂျို) နဲ့ပဲ ဖြစ်နေမှာပါ။

နောက်မေးဖို့ လိုတာတခုက အဲဒီရွေးကောက်ပွဲကိုလွန်ရင် စီးပွားရေးကို စစ်တပ်က လက်ဝါးကြီးအုပ်ထားတာ၊ စစ်အုပ်စု ထိပ်သီးတွေရဲ့ ဆွေးမျိုးအသိုင်းအဝိုင်းတွေ ခံစားနေရတဲ့ အခွင့်ထူးတွေကို ဖျက်သိမ်းပစ်မှာလား၊ အကာအကွယ်ပေးမှာလား။ အခုကတည်းက အစိုးရပိုင်လုပ်ငန်းတွေထဲက ကောင်းတာတွေကိုရွေးထုတ်ပြီး အမ်အီးစီခေါ် မြန်မာစီးပွားရေးကော်ပိုရေးရှင်းနဲ့ ဦးပိုင်တို့လို စစ်တပ်ပိုင်စီးပွားရေးအဆောက်အအုံတွေအောက်ဆွဲထည့်၊ မကောင်းတဲ့လုပ်ငန်းတွေကို ချန်ထားလုပ်နေတာဟာ နောက်တက်မယ့်အစိုးရအပေါ် နအဖရဲ့ စေတနာတွေ ဖော်ပြနေတာပါပဲ။ နောက်တက်မယ့်အစိုးရကို ငွေစက္ကူစက်ရုံတခုသာ အကောင်းချန်ထားပေးပြီး မင်းတို့ ဒါနဲပဲလုပ်စားကြပေရော့လို့ ပြောနေတဲ့အလားဖြစ်ပါတယ်။

သာမန်လူထုအနေနဲ့ မမေးမဖြစ် မေးရဦးမယ့်အချက်ကလေးတခုက အဲဒီရွေးကောက်ပွဲကြီးပြီးသွားရင် ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေ အထဲမှာရော၊ ဘယ်ဥပဒေအထဲမှာမှ တရားဝင်မတည်ရှိတဲ့ ကြံ့ဖွံ့တို့၊ စွမ်းအားရှင်တို့က လူထုအပေါ်ရမ်းကားနေကြဦးမှာလား။ ဆက်ရှိနေဦးမယ်၊ သူတို့ကို ဆက်ကြောက်နေရဦးမယ်၊ အရွေးခံရတဲ့အမတ်ကတောင် ကြောက်နေရဦးမယ်ဆိုလို့ကတော့ ဘူးမှမထာ- ဘာမှမထူးလို့ဘဲ ပြောရမှာဖြစ်ပါတယ်။

အဲဒီရွေးကောက်ပွဲကြီးပြီးရင် လယ်ယာတွေကို အဓမ္မသိမ်းတာ၊ စစ်တပ်တွေက တောင်သူလယ်သမားတွေကို ဆင့်ခေါ်ပြီး စစ်တပ်ပိုင်လယ်တွေကို အခမဲ့လုပ်ခိုင်းတာ၊ ပေါ်တာဆွဲတာတွေ ရပ်ဆိုင်းသွားမလား။

နောက်ဆုံးအနေနဲ့မေးရမှာကတော့ သူတို့ရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေနဲ့အညီ ဖွဲ့ထားတဲ့အစိုးရတရပ်ကို စစ်တပ်က အာဏာ မသိမ်းတော့ဘူးဆိုတဲ့ အာမခံချက်ရှိပါသလား ဆိုတာပါပဲ။ မရှိဘူးမဟုတ်ပါလား။

ဒါဖြစ်ရင် ဒီရွေးကောက်ပွဲလုပ်လိုက်လို့ တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် ဘာထူးမှာလဲ။ ဘယ်ဟာကိုအပြောင်းအလဲလို့ ပြောမှာလဲ။

သံသယမဟုတ်ဘူး၊ မယုံတာ။



No comments:

Post a Comment