Monday, January 25, 2010

ခတ္တမန္ဒူမှ အတွေးများ

အောင်ဇော်

"လိုဏ်ဂူ အဆုံးမှာတော့ အလင်းရောင် တွေ့ရတာပဲ မဟုတ်လား" ဟု ထိုင်ပြီးပြီးချင်း ဟိမာ (Himal) သတင်းစာ၏ အယ်ဒီတာနှင့် ထုတ်ဝေသူ ကနက် မာနိ ဒီဆစ် (Kanak Mani Dixit) က မေးလိုက်သည်။ သူက ကျနော့်ကို တိုက်ရိုက် ကြည့်နေပြီး မဆိုင်းမတွ ပြန်ဖြေမည် ဟုလည်း ယူဆထားကာ မြန်မာ့နိုင်ငံရေး အခြေအနေကို ရည်ညွှန်း၍ မေးနေခြင်း ဖြစ်ကြောင်း သဘောပေါက် လိုက်သည်။


"ခပ်ပျပျကလေး အလင်းမြင်ရတယ် ဆိုရင်တော့ ရတာပေါ့၊ အမှန်က ခတ္တမန္ဒူမြို့ အမှောင်ည လမ်းပေါ်မှာ လမ်းလျှောက် နေရတာနဲ့ တူတယ်"ဟု ကျနော်က ခပ်လေးလေး ပြန်ဖြေသည်။

ပြီးခဲ့သည့်ညက နီပေါ နိုင်ငံ ခတ္တမန္ဒူမြို့ရှိ နိုင်ငံခြားဧည့်သည့်များနှင့် စည်ကားရာနေရာ သာမဲလ် (Thamel) ၏ နောက်ဖေး လမ်းများ အကြား လျှောက်သွားခဲ့ရပုံကို သူ့ကို ပြန်ရှင်းပြမိသည်။ အထွေထွေသပိတ်မှောက်နေမှုကြောင့် လမ်းများက မှောင်အတိ ကျနေသည်။ ကျနော်က ညစာ မစားရသေး။ ဆိုင်အားလုံးကလည်း ပိတ်ကုန်ပြီဟု ထင်နေသည်။ ဤသို့နှင့် လမ်းထောင့် ကျဉ်းရှိ အရက်နှင့် အစားအသောက်တွဲရောင်းသည့် ဆိုင်တခုကို တွေ့လိုက်ရသည်။ ဆိုင်တွင် ကခုန်နေသူ များ၊ စားသုံးသူများနှင့် ပြည့်နေပြီး အခြေအနေကလည်း အလွန်စိတ်ဝင်စားစရာ ကောင်းနေသည်။

"အခြေအနေကတော့ သဲကန္တာရက အိုအေစစ် ရေတပေါက်ရဖို့ ရှာနေရသလိုပဲ"ဟု ကျနော်ကပြောသည်။ ကနက် က ဤ ဥပမာကို သူနားလည်ကြောင်း ခေါင်းညိတ်ပြသည်။

မြန်မာပြည် အပြောင်းအလဲအတွက် မျှော်ရည်၍ ကျနော်တို့က ခွက်ကိုမြှောက်ကာ ဆုတောင်းလိုက်ကြသည်။ ကနက်က တာဝန်သိသိဖြင့် နီပေါနိုင်ငံရေး အခြေအနေ နောက်ခံကားချပ်ကို ဖွင့်ဆိုပြသည်။ မြန်မာနိုင်ငံ အလားတူပင် နီပေါကလည်း အစိုးရအတွင်း ခြစားမှု၊ လူထုအုံကြွမှုများ၊ နိုင်ငံရေး မတည်ငြိမ်မှုများနှင့် ပြည့်နှက်နေသည်။

ကျနော် ခတ္တမန္ဒူမြို့ ထရီဗူဝမ် လေဆိပ်သို့ မဆင်းသက်မီ ရက်အနည်းငယ်အလို ဒီဇင်ဘာလ အတွင်း၌ ကွန်မြူနစ် မော်ဝါဒီ နိုင်ငံရေးပါတီက ၃ ရက်ကြာ အထွေထွေသပိတ် ခေါ်ထားသည်။ ဆိုင်များအားလုံး ပိတ် ထားရပြီး လူထု သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများလည်း ရပ်တန့်နေသည်။ ခတ္တမန္ဒူမြို့၏ လမ်းမများက တိတ်ဆိတ်မှောင်မည်းနေပြီး ညစ်ပတ် ပေကျံ နေကြသည်။ လမ်းဘေးတွင် အမှိုက်များက တောင်လိုပုံနေပြီး ခွေးများက ဘေးမဲ့ပေးထားသည့် နွားများနှင့်အပြိုင် လုယက်အစာရှာနေကြသည်။

မော်ဝါဒီ ပါတီခေါင်းဆောင် ၀န်ကြီးချုပ်ဖြစ်သူ ပုရှ်ပါ ကာမဲလ် ဒါဟာလ် (Pushpa Kamal Dahal) မေလ ၄ ရက်နေ့ က နုတ်ထွက်၍ မော်ဝါဒီပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရ ဖျက်သိမ်းအပြီး ဖြစ်ပွားသည့် ယခုသပိတ်သည် အကြီးကျယ် ဆုံး ဟု ဆိုနိုင်သည်။
နီပေါ အဓိကရုဏ်းနှိမ်ရဲများက နံပါတ်တုတ်များ၊ မျက်ရည်ယိုဗုံးများ၊ မောင်းပြန်သေနတ်များဖြင့် အသင့်ပြင်ထားကြပြီး မော်ဝါဒီပါတီကို ထောက်ခံသူများနှင့်လည်း မြို့တော်အတွင်း ရုန်းရင်းဆန်ခတ်မှုများ ရှိနေခဲ့သည်။ မော်ဝါဒီတို့အဆိုအရ ဆန္ဒပြသူ ၁၀၀ ခန့် ဒဏ်ရာ အနာတရဖြစ်ခဲ့ရသည်ဟု သိရပြီး ရဲများက လူ ၇၀ ခန့်ကို ပစ္စည်းများ ဖျက်ဆီးရမ်းကားမှုဖြင့် ဖမ်းဆီးထားခဲ့သည်ဟု ဒေသခံ သတင်းစာများက ဖော်ပြကြသည်။

၂ ရက်ခွဲအကြာ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မော်ဝါဒီခေါင်းဆောင်များက သပိတ်ကို ပြန်ရုပ်သိမ်းခဲ့သည်။ မွန်းလွဲပိုင်းတွင် တော့ မော်တော်ဆိုင်ကယ်များ၊ ယာဉ်များ၊ (ဆန္ဒပြပွဲအတွင်း မောင်းနှင်ခွင့်ပြုထားခဲ့၍ သူတို့သာ အလုပ်ဖြစ်ခဲ့ကြသူ) ဆိုက် ကားဆရာများ လမ်းမပေါ် ပြန်ထွက်လာခဲ့ကြသည်။ အခြေအနေက ပြောင်းလဲသွားခဲ့ပြီး လူများ၏ ပြုံးရွှင်နေသည့်မျက်နှာ များကို လမ်းပေါ်တွင် ပြန်တွေ့ရသည်။ လမ်းများက ဆူညံပြီး ပြန်လည် အသက်ဝင်လာခဲ့သည်။

မော်ဝါဒီအဖွဲ့ ဥက္ကဋ္ဌ ပရာချန်ဒါ ဟုလည်း သိထားကြသူ ဒါဟားလ်က နိဂုံးချုပ်သုံးသပ်ရာတွင် ၃ ရက်ကြာ အထွေထွေ သပိတ် သည် ၂၂ ပါတီ ညွန့်ပေါင်းအစိုးရနှင့် ပြောဆိုဆွေးနွေးရန် အကြောင်း မဖြစ်စေခဲ့ဟု ဆိုသည်။ ထိုညွန့်ပေါင်းအစိုးရ ကို အိန္ဒိယရှိ နယူးဒေလီအစိုးရက နောက်မှ ကျားကန်ထားပေးခဲ့သည်။ "ကျနော်တို့ (မော်ဝါဒီတွေ) အနေနဲ့ နယူးဒေလီနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိပါတယ်" ဟု သူက ကြေညာခဲ့သည်။

ဟိမာ သတင်းစာ နှင့် ညီအစ်ကို သတင်းစာ နီပါလီ တိုင်းမ်စ် (Nepali Times ) သတင်းစာ၏ အယ်ဒီတာ ကွန်ဒါ ဒီဆစ် (Kunda Dixit)က“နီပေါ ပြည်တွင်းရေး ဘယ်လိုဖြစ်နေပါစေ၊ အိန္ဒိယမျက်နှာတော့ ကြည့်နေရတယ်" ဟု ပြောသည်။

နီပေါ၏ အိမ်နီးချင်း အင်အားကြီးနိုင်ငံ (တချို့သော နီပေါလူမျိုးများကတော့ ဗိုလ်ကျတတ်သည့် အစ်ကိုကြီးဟု ခေါ်ကြ သည်) အိန္ဒိယကတော့ နီပေါကို တည်ငြိမ်သည့် ဒီမိုကရေစီနိုင်ငံတခုအဖြစ် မြင်လိုသည်။ နိုင်ငံရေးတွင်ဝင် ရောက် စွက်ဖက်ခြင်းမရှိသည့် တပ်မတော်တရပ် ရှိစေလိုသည်ဟု လည်း ဆိုသည်။ သို့သော် အကယ်၍ သွေးထွက်သံယို အဓိက ရုဏ်းများ၊ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာပါကလည်း အိန္ဒိယနိုင်ငံက ညီညွတ်သည့် နီပေါတပ်မတော်နောက်တွင် ကျားကန် ရပ်တည်ပေးလိုသည့်ဟန် ရှိနေ သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။

မော်ဝါဒီသူပုန်များကို နီပေါတပ်မတော်အတွင်းသို့ ပေါင်းစည်းပေးလိုက်ပါက စစ်တပ်၏ ညီညွတ်မှု ပြိုကွဲမည်ကို နယူး ဒေလီ က စိုးရိမ်နေသည်ဟု သတင်းများက ဆိုသည်။

သို့သော်လည်း ယခုတိုင် အင်အား ၁၉,၀၀၀ ခန့် ရှိနေသည့် မော်ဝါဒီသူပုန်များက ကုလသမဂ္ဂ ကြီးကြပ်စောင့်ကြည့်နေ သည့် စခန်းများအတွင်း၌ ရှိနေကြသေးသည်။ ညွန့်ပေါင်းအစိုးရနှင့် မော်ဝါဒီသူပုန်များ၏ ငြိမ်းချမ်းရေးသဘောတူညီချက် အရ ယခုသူပုန်များကို နိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့များနှင့် တပ်မတော်အတွင်း ပေါင်းစည်း ထည့်သွင်းပေးရမည် ဖြစ်သည်။ သို့ သော်လည်း အစီအစဉ်က မချောမွေ့လှ။

မော်ဝါဒီသူပုန်များကမူ ကျေးလက်နေပြည်သူများထံမှ ထောက်ခံမှု အများဆုံးရရှိနေ ကြပြီး ဆယ်စုနှစ်များစွာ ရပ်တည်နိုင်ခဲ့သည်။ ဤသူပုန်များက အကြမ်းဖက်နည်းနာများဖြင့် လူထုထံမှ ဆက်ကြေး ကောက်ယူ ခြင်းနှင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများကို ကျူးလွန်ခဲ့ကြသည်။

"သူတို့က နီပေါပြည်ရဲ့ခမာနီတွေနဲ့ တူပါတယ်ဗျာ"ဟု ကွန်ဒါ ဒီဆစ်က ဒေါသနှင့် ပြောသည်။ သူ၏ ရုံးခန်းက ဒီဇင်ဘာ လ အတွင်း မော်ဝါဒီများ တိုက်ခိုက်မှုကို ခံခဲ့ရသေးသည်။ အခန်းအတွင်းရှိ နီပေါရှိ ပညာတတ်များက ဤအဆိုကို တိတ်တဆိတ် သဘော တူညီကြသည်။

ပညာတတ်နီပေါလူမျိုးများနှင့် ခတ္တမန္ဒူမှ သတင်းထောက်များက နီပေါရှိ ကုလသမဂ္ဂရုံးနှင့် တချို့အနောက်နိုင်ငံများက ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော မော်ဝါဒီများကို မျက်နှာသာပေးနေသည်ဟု ဆိုကြသည်။

မြန်မာနိုင်ငံနှင့် အလားတူပင် ဥရောပနှင့် စကင်ဒီနေးဗီးယားနိုင်ငံများမှ အလှူရှင်များက ဖွံ့ဖြိုးရေးစီမံကိန်း အများတွင် ပါ ၀င် ပတ်သက်နေကြသည်။ လက်ဖက်ရည်ဆိုင်ရှိ ဆူညံနေသည့် ငြင်းခုန်ပွဲတွင် ကုလသမဂ္ဂ အရာရှိများနှင့် ဘရပ်ဆဲလ် အခြေစိုက် နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ (ICG) တို့၏ အစီရင်ခံစာများကို ပွင့်ပွင့်လင်းလင်း ပြောင်လှောင်ပြော၍ ရယ်ပွဲဖွဲ့နေကြသည်။

"သူတို့က လာလိုက်ကြ၊ ပြန်ထွက်သွားလိုက်ကြပါပဲ။ ကျနော်တို့ကသာ တကယ့်လက်တွေ့ထဲမှာ ရှင်သန်နေကြရတာ" ဟု ဒေသခံ ကူညီရေးလုပ်သားတဦးက ဆိုသည်။

နောက်ထပ် သတင်းထောက်တဦးနှင့် တွေ့သည်။ သူက သူ၏စိတ်ပျက်အားလျော့နေမှုနှင့် ဒေါသကို မထိန်း သိမ်းနိုင်ရှာ။

"ဒီဖက်ဆစ်တွေက ပြန်သွားပြီး သူတို့ နိုင်ငံတွေကို ပြန်ပြုပြင်သင့်တယ်။ သူတို့နိုင်ငံတွေမှာ ပြန်ပြီး တော်လှန်ရေးလုပ်ကြ။ နီပေါမှာ လာမလုပ်ကြနဲ့တော့၊ နီကြောင်ကြောင်ဥရောပသားတွေကလည်း အရူးတွေလိုပဲ "ဟုသူက အော်ပြောသည်။

ကျနော်က နီပေါသတင်းထောက်များအား မြန်မာ တက်ကြွလှုပ်ရှားသူများနှင့် အတိုက်အခံ နိုင်ငံရေးသမားများ အခြေ အနေကို ရှင်းပြသည်။ အနောက်နိုင်ငံများက မြန်မာနိုင်ငံ၏ ပဋိပက္ခကို ဖြေရှင်းပေးပြီး ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို ဆောင်ကျဉ်းပေးနိုင်လိမ့်မည်ဟု အများက ထင်နေကြကြောင်း ပြောပြသည်။

"တခါတလေ ကျနော်တို့က ကွာခြားချက် တွေကို မေ့နေကြတယ်၊ တကယ်တော့ ကျနော်တို့ ဒီနေရာကို လာသင့်တာ" "ဟု ကျနော်က ကွန်ဒါ ဒီဆစ်ဖက် လှည့်၍ ပြောလိုက်သည်။

သူက မကြာသေးမီကပင် "စစ်ပွဲပြီးနောက် ပြည်သူများ" “People After War” အမည်ရှိ စာအုပ်တအုပ် ရေးသားထုတ်ဝေခဲ့ သေးသည်။ သူက နီပေါနိုင်ငံကို ထိန်းသိမ်းအုပ်ချုပ်၍ ရနိုင်သေး သည်ဟု ထင်မြင်နေခဲ့သူဖြစ်သည်။ အခုတော့ သူက တိတ်တဆိတ်ကို ခေါင်းကိုယမ်းပြသည်။

နီပေါနိုင်ငံရှိ သတင်းစာလွတ်လပ်ခွင့်ကလည်း ဆိုးရွားဆုတ်ယုတ်လာနေသည်။ သတင်းထောက်အများစုက အသက် အန္တရာယ် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေကြရသည်။ နီပေါသတင်းထောက်များ ဖက်ဒရေးရှင်း၏ မှတ်တမ်းများအရ ၂၀၀၈ ခုနှစ် တနှစ်တည်းတွင်ပင် သတင်းစာလွတ်လပ်ခွင့် ချိုးဖောက်မှု ၃၄၂ ခုရှိနေသည်ဟု ဆိုသည်။ သတင်းထောက် များနှင့် သတင်းဌာနများအပေါ် ကိုယ်ထိလက်ရောက် အကြမ်းဖက်တိုက်ခိုက်မှုများက ပို၍များလာနေသည်။ ခတ္တမန္ဒူမြို့ရှိ လမ်းများပေါ်တွင်တော့ လူအများက ပို၍လျှင်မြန်စွာ ဖြစ်နေသော ပြောင်းရွှေ့အခြေချမှုများအကြောင်း ပြောနေကြသည်။ ကျေးလက်နေ လူထုက မြို့ပေါ်သို့ ပို၍ပို၍ ရောက်လာနေကြသည်။ ပြည်တွင်းစစ်ကြောင့် အများက လုံခြုံရာ မြို့ပေါ် ထွက်ပြေး တိမ်းရှောင်လာကြခြင်းဖြစ်ပြီး ဤအခြေအနေအတိုင်း ဆက်၍ ဖြစ်နေသည်။

ခတ္တမန္ဒူရှိ လေထုညစ်ညမ်းမှုက ကြောက်စရာကောင်းလှပြီး ပို၍ ဆိုးလာနေသည်။ လမ်းသစ်များ ဖောက်လုပ်ရေးစီမံချက် များကို အကောင်အထည် ဖော်နေသော်လည်း မြို့တော်၏လမ်းမများက ချိုင့်ခွက်များနှင့် ပြည့်နေဆဲ။ ယာဉ်များ ကျပ်ညပ် ပိတ်ဆို့နေဆဲ ရှိသည်။

တက္ကဆီကားမောင်းသမား ရာဗီက ကျနော့်ကို ပြောသည်။ "ဒီက ကားလမ်းတွေပေါ်မှာဆိုရင် ဘယ်လမ်း ဘယ်လို မောင်းရ မယ် ဆိုတာတွေ မလိုဘူး။ မောင်းတာပဲ။ ခင်ဗျား ဒီမှာ ကားမောင်းလို့ဖြစ်ပြီဆိုရင် ကမ္ဘာပေါ်မှာ ဘယ်နေရာမှာမဆို ကား မောင်းလို့ရတယ်"ဟု ဆိုသည်။

ရာဗီ အပါအ၀င် နီပေါနိုင်ငံရှိ သာမန်ပြည်သူအများစုမှာ သူတို့နိုင်ငံသည် မည်သည့်လမ်းကြောင်းဆီသို့ ဦးတည်နေကြောင်း ကိုမူ ဝေေ၀၀ါးဝါး ဖြစ်နေကြသည်။ သူတို့က ခြစားနေသည့် နိုင်ငံရေးသမားများနှင့် မော်ဝါဒီ လက်ဝဲသမားများကို အပြစ်ဖို့ ကြသည်။ သို့သော် ကျနော်တွေ့ခဲ့ရသည့် ပညာတတ် သတင်းထောက်များကဲ့သို့ အမြင်ကျယ်ကျယ်ကို မမြင်နိုင်ကြပေ။

ထို ခတ္တမန္ဒူ ရှိ ညစ်ပတ်ပေရေနေသည့် လမ်းမများက ကျနော့်ကို အသက်ရှုကျပ်စေသည်။ သို့သော် ကျနော်သည် မြန်မာ ပြည်အခြေအနေကို ပြန်လည်သုံးသပ်ရန် လတ်ဆတ်သည့် အမြင်သစ်များကိုရရှိကာ ခတ္တမန္ဒူ မှ ပြန်လည်ထွက်ခွာခဲ့ ပါ သည်။

အောင်ဇော်ရေးသားသည့် Letter from Kathmandu ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

No comments:

Post a Comment