Sunday, January 24, 2010

အနှစ် တရာက အောက်ပြည် အောက်သား စာနယ်ဇင်းသမား

ဘိုဘိုလန်းစင်


မန္တလေး ကျနော်တို့ အပြထဲတွင် တခေတ်တည်း ပေါ်ခဲ့သော ထင်ရှားသူ လေးယောက်မှာ ၁၉၆၉ တွင် ဇာတ်ဆရာ ရွှေမန်းတင်မောင်မှ စ၍ ၁၃ နှစ်စီခြားပြီး ဆုံးပါးဖူးရာ နောက်ဆုံး ကွယ်လွန်သူမှာ ကျနော့် အဘွား (၂၀၀၈ ခု) ဖြစ်ပါသည်။

၁၉၈၂ တွင် အဘိုး ဆုံးစဉ်က ကျနော် မှတ်မိသမျှမှာ ဧည့်ခန်း ထောင့်တွင် ပုံထားသော လွမ်းသူ့ ပန်းခွေများနှင့် လူတရုံးရုံးပင် ဖြစ်သည်။ အပေါ်ထပ် ဝရံတာ အလံတိုင်မှနေပြီး အိမ်ရှေ့က ထွက်သွားသော အသုဘကားတန်း ရှည်ကြီးကို ဆွေမျိုး တယောက်ယောက် လက်ပေါ်မှ နေ၍ ငေးကြည့် ခဲ့မိသည်သာ အဘိုးနှင့် ပတ်သက် ပြီး မှတ်မိသမျှ အပိုင်းအစ ဖြစ်ပါ၏။ ထို့နောက် အဘွား မဆုံးခင်က ကားနှင့် တနေရာသွားရင်း ဆေးရုံဘေးက ဖြတ်သွား ရာတွင် “ဒါ မင်းအဘိုး ဆုံးတဲ့ အဆောင်”ဟု ခွဲစိတ်ရုံ (၂)ကို ပြဖူးသဖြင့် နေရာအတိ အကျ အမေ့ကို မေးကြည့် ခဲ့ပါသည်။ ထိုခွဲစိတ်ရုံနှင့် သံဃာ့ဆေးရုံ အပေါ်ထပ် ကူးသည့် ဆောင်ကူး တံတားထိပ် ထောင့်ချိုးက အဘိုးဆုံးသည့် ခုတင်နေရာမှာပင် နောက်ဆုံးနှစ် ဆေးကျောင်းသား အဖြစ် ကျနော် စာသင်ဖူး လူနာကေ့စ် ယူခဲ့ဖူးပါသည်။

သူနှင့် ပတ်သက်သမျှ မိသားစုတွင် အဓိက ပြောပြလေ့ ရှိသူများမှာ အဘွားနှင့် အမေဖြစ်ပါ၏။ အဘွားတွင် သူ့စံပြလင်ကို ပမာပြကာ မြေးတွေ လိမ္မာရေးခြား ရှိစေဖို့ ဗျူဟာစုံ ရှိပါသည်။ “မင်းတို့ အဘိုးက အရက်တို့ ဆေးလိပ်တို့ဆိုတာ အနံ့တောင်ခံတာ မှုတ်ဘူး၊ ဖဲရိုက်တာ လောင်းကစားတာ များကို အချိန်ဖြုန်းတဲ့ အလုပ်ဆိုပြီး အင်မတန် စက်ဆုပ်တာ ကလား၊ မင်းတို့ စာရေးရင် စာကြွားတွေ၊ အသိမ် အဖျင်း၊ တက်ထောင် မောင်းနင်းတွေ မရေးလေနဲ့၊ မင်းတို့ အဘိုးဟာ အနေအထိုင် အရေးအပြော အင်မတန် ရည်မွန် ပြေပြစ်တာ” စသဖြင့် သက်ထက်ဆုံး သွန်သင်ပေးခဲ့ပါသည်။

ဒေါက်တာတန်ဂွမ်လျောင်ကို အဖော်စပ်ပြီး အဘိုး အင်းလျား ဟောလ်ပါလာတွင် သူ့ကို စတွေ့စဉ်က အဘိုး လက်ချောင်းလေးတွေကို သူ့လက်နှင့်ယှဉ်ကာ ရှက်မိပုံ၊ နောက်အိမ်ထောင်ကျမှ ထိုလက်ကလေးတွေက ခြင်ထောင်ကြိုးပင် မချည်တတ်သဖြင့် သူပဲ အလုပ်ရှုပ်ရပုံ၊ အဘိုးကို ဖမ်းထားစဉ်က ဦးကျော်ငြိမ်းနှင့် မည်သို့ အချီအချပြောရပုံ စသည့် ရှေးဖြစ်ဟောင်းတို့ကို မီးပျက်သော နွေညများတွင် ဝရံတာပေါ်က ကွပ်ပျစ်ကြီးပေါ် ၌ မြေးတွေကို ယပ်တောင် တဖျပ်ဖျပ်ခတ်ပေးရင်း ပြောပြသံများကို ကြားယောင်ဆဲ ဖြစ်ပါသည်။

သူရေးသည့်စာ အတော်များများတွင် ဦးလှသာရှိရင် ဘယ်လိုပြောမှာဆိုသည်က ပါတတ်စမြဲ။ အမေကလည်း မင်းတို့အဘိုးက သူများတကာကို အင်မတန် ကူတတ်သနားတတ်တာကအစ ဘုရားတရားကြည်ညိုပုံ၊ မြေးတွေကို သံယောဇဉ်ကြီးလှ၍ ဆုံးခါနီးတွင် ကလေးတွေကို ဆေးရုံခေါ်မသွားပုံများကို ပြောပြရင်း ဖေဖေ သာရှိရင် ငါ့သားစာရေးတာ အင်မတန် ဝမ်းသာအားပေးမှာဟု ဆိုတတ်ပါ၏။

နောက် ရန်ကုန်ရောက်သည့်အခါ သွင်ရုံအနီးတဝိုက်၊ ၃၇လမ်းထဲ စသဖြင့် အဘိုး လူပျိုဘဝက သခင်ဇင်၊ သခင်အုန်းမြင့်တို့နှင့် ကြီးပွားရေးမဂ္ဂဇင်းထုတ်ခဲ့သည့် တိုက်ခန်းတွေကို မှန်းကြည့်မိပါသည်။ ထို့နောက် စင်္ကာပူ၊ ဂျကာတာစသဖြင့် သူရောက်ခဲ့ရာနေရာတွေ ရောက်လေတိုင်း သူ့ကို အမှတ်ရနေမိသည်။

တိုက်တိုက်ဆိုင် ဘောရောဗုဒ္ဓေါဘုရားကြီး ရောက်သောနေ့က သူဆုံးတာ ၂၄နှစ်ပြည့်သည့်နေ့ဖြစ်ရကား သူဓာတ်ပုံရိုက်ခဲ့သည့် စေတီထောင့်မှာပင် အမှတ်တရ ဓာတ်ပုံရိုက်ကာ အဘွားကိုပြခဲ့ပါသည်။

လန်ဒန်တွင်လည်း သူတို့ သတင်းစာမစ်ရှင်နဲ့လာစဉ်က တည်းရာ ဟိုက်ပတ်ပန်းခြံဘေးက ဒေါ်ချက်စတာ ဟိုတယ်နားဖြတ်တိုင်း သူ့ကို အောက်မေ့မိသည်ချည်း ဖြစ်သည်။

Facebook တွင် ရုရှား၊ဂျပန်က မိတ်ဆွေများ ရင်ပြင်နီ၊ ကမာကူရားရုပ်ပွားတော်ကြီးစသည့် သူရောက်ခဲ့ရာ အထင်ကရနေရာများတွင် ရိုက်သည့် အယ်လ်ဘမ်များကိုတွေ့တိုင်း သွားကြည့်ချင်စိတ်က ထိန်းမရပါပေ။


(၂)


စင်စစ် ကျနော်တို့ ငယ်စဉ်က အဘိုးပုံပြင်တွေနှင့် ကြီးခဲ့ရသည်မဟုတ်ပါ။ ၁၉၈၄ မီးကြီးတွင် စာအုပ်ဂိုဒေါင် ပါသွားသဖြင့် စာအုပ်ဗီရိုထဲက တိုက်ထုတ်စာအုပ်တွေမှာ ကလေးတွေအတွက် မဟုတ်ပေ။ နယ်တွင် ကောမစ် ကာတွန်းများဖတ်ရင်း သမိုင်း၊ ဗုဒ္ဓဝင်၊ ဝတ္ထု စသဖြင့် စာအုပ်ကြီးတွေကို မမီ့တမီ ဆွဲဖတ်ရင်း စာပါး ဝခဲ့ရပါသည်။ ဆယ်ကျော်သက် မန္တလေး ပြန်နေမှ စာအုပ်ဟောင်းတွေ ယူဖတ်ရင်း ဆုံးလေပြီဖြစ်သော အဘိုးကို ပြန်တွေ့ရသည်။

လူထု ဦးလှ၊ လူထု ဒေါ်အမာ မိသားစု အမှတ်တရ ဓာတ်ပုံ
နောက် ဆယ်တန်း အပြီး ၃ နှစ်လောက် ယောင် တောင်တောင် ဖြစ်နေချိန်တွင် ပုံနှိပ်စက် ထပ်ခိုးပေါ်မှ လူထု သတင်းစာ ဟောင်းတွေ စုချုပ်ထားသည့် စာအုပ် မည်းမည်းကြီး တွေကို ပြန်လှန် မိချိန်တွင် သူ့လက်ရာ သူ့စိတ်ကူး သူ့အသံတွေကို ပိုသိလာရ ပါသည်။ သူသည် လက်ဝဲ သတင်းစာ ဆရာ ဆိုသော်ငြား သတင်းစာကို နိုင်ငံရေး ပိုစတာ သာသာ တဖက်စောင်းနင်း မထုတ်ဝေခဲ့ပါ။ စာပေ၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် ပြည်သူ့ ဘဝကို တိုးတက် စေမည့် အရေး ဟူသမျှကို ကျွမ်းကျင်သည့် ကလောင်ရှင်များ စုံလင် စွာနှင့် တင်ဆက် ခဲ့သည်။

နိုင်ငံရေးပါမှ သတင်း မှတ်သည့် အစွန်းနှင့် နိုင်ငံရေး ကင်းသည်ဟု အထင်ခံလို၍ (တနည်း ဉာဏ်အမြော် အမြင် မရှိ၍) ကြံဖန်ပြီး ကြားနေ ပြခြင်း အစွန်း နှစ်ဘက်လုံးကို ကြဉ်ပြီး ပြည်သူအများ ကောင်းကျိုး ချမ်းသာ ရစရာ တိုင်းပြည်တွင် စစ်မက် ကင်းရှင်းပြီး ဘယ်နိုင်ငံ ဘယ်အုပ်စု ကိုမှ မျှော်မနေ ရသည့် ကြောက်မနေ ရမည့် လွတ်လပ်ရေး စစ်စစ်ကို ခံစားနိုင်စရာ နိုင်ငံရေး အနေအထား တရပ် ပေါ်ထွက် လာရေးကိုသာ တောက်လျှောက် နှိုးဆော် လာခဲ့သည်။

ထိုသို့ စေတနာ မှန်ခဲ့သော်ငြား အထက် ဗမာပြည်တွင် ကွန်မြူနစ် အားကောင်းတာ လူထုကြောင့်ဟု ဖဆပလ ထိပ်သီးများက ယူဆခဲ့၍ မိုင်းခွဲ ဖျက်ဆီးကာ အသက် ရန်ရှာခြင်း၊ ချိတ်ပိတ် အာမခံ တောင်းခြင်း၊ အကြိမ်ကြိမ် ဖမ်းဆီးခြင်း တို့ဖြင့် ဖြိုခွဲခဲ့လေရာ ဖဆပလသာ သူ့ကိုယ်တွင်း ပယောဂ ဂိုဏ်းဂဏ စိတ်ဖြင့် ဟက်တက်ကွဲပြီး စစ်အုပ်စု ဝါးမျိုမှုကို ခံခဲ့ရကာ မည်မည်ရရ အမွေအနှစ် ပြစရာမကျန်ဘဲ ပျောက်ကွယ် ခဲ့လေသည်။

လူထုသတင်းစာဟု လှုပ်ရှားမနေတော့သော်လည်း ခေတ်အဆက်ဆက် အာဏာရှင်အဆက်ဆက်အောက် တွင် တိတ်ဆိတ်နေရသော လူထုဘက်က အစဉ်ရပ်တည်သည့် နိုင်ငံသားများ၏ ကြီးပွားတိုးတက်ရေးကိုသာ လိုလားသော သတင်းနှင့် စာပေအတတ်ကို လူထုစာအုပ်များမှတဆင့် မီဒီယာစုံမှတဆင့် လိုက်စား အသုံးချ ကာ ပြည်ကောင်းအောင် ဆောင်ကာကျိုးလိုသည့် မျိုးဆက်အသစ် ဂျာနယ်လစ်များနှင့် ပညာတတ် ပညာမဲ့ လူငယ်များမှာ တခေတ်ပြီး တခေတ် ပေါ်ထွက်လာဆဲပါတည်း။

သတင်းသမားအမည်ခံတချို့က သတင်းစာဆရာနှင့် စာရေးဆရာ နယ်ပယ်ချင်း မရောစပ်နိုင်ဟု ကြောင်း ကျိုး မဲ့ ပြောဆိုသည်ကို နားနှင့်ဆက်ဆက် ကြားခဲ့ဖူးပါသည်။ ရသ မရေးတတ်ရင် စာရေးဆရာမဟုတ် ဆို သော သုံးသပ်ချက်မျိုးလည်း ကမ္ဘာကျော်မြန်မာမ တယောက်ထံက ထွက်ခဲ့ဖူးသည်ဖြစ်ရာ ဤသို့ အလေဏတော ပြောဆိုသူများက ယခုခေတ် မြန်မာပြည်ကို သတင်းနှင့် စာပေဘက်က ခေါင်းဆောင်နေ သည် ဆိုလျှင် တိုင်းပြည်တွင် ကြီးစိုးနေသော ဆင်ခြင်တုံတရားကင်းမဲ့သည့် တယူသန် တွေးခေါ် သည့်အလေ့ များ ၏ လက်သည်အဖြစ် ထိုပုဂ္ဂိုလ်များကို စာရင်းသွင်းလောက်ပါသည်။

အဘိုးအတွက်ကား မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာ၊ စာအုပ်ဆိုသည်များမှာ သူရေးလိုပြန့်ပွားလိုသည်တို့ကို သယ်ဆောင်သည့် ယာဉ်သာဖြစ်၏။ ဆောင်းပါး၊ ပေးစာ၊ ဝတ္ထု၊ ခေါင်းကြီး၊ သတင်းစာကော်လံ၊ ပုံပြင်၊ သမိုင်းကျမ်း၊ ပြန်ပြောင်းပြောချက်ကို မှတ်တမ်းတင်ခြင်း ၊ သတင်းဖြတ်စ စုစည်းမှု၊ ဟောပြောချက် စသည်ဖြင့် ရေးသားမှုပုံသဏ္ဍာန် မျိုးမည်အတော်များပြီး ရေးသမျှလိုလိုလည်း အောင်မြင်သည်ကို တွေ့ရ သည်။ ပြေပြစ်နူးညံ့ပြီး ဟာသအရွှန်းညှပ်တတ်သော၊ ထက်သန်သော စေတနာနှင့် အများအကျိုး နှိုးဆော် မှုကို ခံစားနိုင်သော အရေးအသားပါပေ။ ထိုထက် အဘိုးသည် သတင်းစာနှင့် အချိန်ကုန်သွား၍ ဘာစာမှ ကောင်းကောင်းကန်းကန်း ချန်မထားနိုင်ခဲ့ဆိုသော သတင်းသမားမျိုးမဟုတ်ဘဲ သတင်းစာမိတ်ကို အခြေပြုပီး ရိုးရာပုံပြင်စုဆောင်းခြင်း၊ လူမှုစီးပွားသမိုင်းနှင့် ပြဿနာဇာစ်မြစ် ဖွေရှာလေ့လာ ရေးသားခြင်း (Investigative Reporting) (ဥပမာ ဘိန်းဖြူသမား အမှားကမ္ဘာ၊ စားစရာဆန်) လုပ်ခဲ့သူဖြစ်သည်။

ချောင်ထဲတွင် အမှိုက်ဖြစ်နေသည့် စာနယ်ဇင်းအဟောင်းများ၏ အဖိုးတန်ပုံကို သိသောကြောင့် သတင်းစာ များပြောတဲ့ စစ်အတွင်းဗမာပြည်လို ရည်ညွှန်းစာအုပ်ကောင်း၊ သူ့စာတွေကပြောတဲ့ သိပ္ပံမောင်ဝ ကဲ့သို့ စာပေညွန့်ပေါင်းကျမ်း ပေမီဒေါက်မီမျိုးတွေ ထွက်ပေါ်လာခဲ့သည်။ ခုခေတ် မြန်မာမီဒီယာတွင် အကြိုက်တွေ့ နေကြသည့် စကက်ခ်ျခေါ် အညတရ ရုပ်ပုံလွှာမျိုးကို ဟိုနှစ်ငါးဆယ်ကျော်က အဘိုး၏ ထောင်နှင့်လူသား တွင် ဖတ်ရှုနိုင်သည်။


(၃)


အဘိုးတို့ခေတ် ဒို့ဗမာမျိုးဆက်များသည် သူ့ကျွန်ဘဝမှ လွတ်ရေး၊ ကိုယ့်တိုင်းပြည်ထဲတွင် အောက်ကျလှ သည့် တိုင်းရင်းသားတို့၏ စီးပွားရေးအခြေကို မြှင့်တင်ရေးဆိုသည့် နိုင်ငံရေးအမြင်ကို စာသင်ကျောင်းနှင့် သတင်းစာ၊ လူငယ်လှုပ်ရှားမှုများတွင် ရရှိခဲ့ကြသည်က များပါသည်။

သတင်းစာတွေကြောင့် လွတ်လပ်ရေးရတာဟု ထွန်းနေ့စဉ်ဦးထွန်းဖေဆိုဖူးသကဲ့သို့ လူငယ်များကြီးပွားရေး အသင်းကြောင့် ကြီးပွားရေးဦးလှ၊ မောင်ထင်၊ ဦးတင့်ဆွေ စသည့် တိုင်းပြည်ပြုပုဂ္ဂိုလ်များ ပေါ်လာခဲ့သည် မဟုတ်ပါလား။ သို့အတွက် လက်ရှိဖိနှိပ်မှုများအောက်မှာပင် ရသည့်နေရာတွင် လူငယ်တို့စုစည်းမှု၊ ပညာ သုတဖလှယ်မှုများ တိုးပွားရင့်ကျက်လာအောင် လူကြီးလုပ်နေသူများက ချီးမြှောက်ထိုက်ပါသည်။

ထိုထက် ထက်သန်မှန်ကန်သော နိုင်ငံရေးခံယူချက်၊ ယထာဘူတကျကျ တွေးခေါ်တတ်သော အလေ့အထ၊ လူရေးလူစ ရင့်ကျက်ပြည့်ဝမှု စသည့် လူတော်လူမြတ်တို့၏ အမူအကျင့်တို့ကို ခံယူကျင့်သုံးတတ်သည့် မြန်မာ လူငယ်များ ပေါ်ထွက်လာစေရန် မီဒီယာဆိုသော ဌာနများက အထူးအားစိုက်သင့်ပါသည်။

“လူတလုံး သူတလုံး”ဆိုသည့်စကားမှာ အဘိုးလက်သုံးဖြစ်ပါသည်။ သူ့ဘဝနှောင်းပိုင်းကာလတွင် မြန်မာ နိုင်ငံ ၏ မတည်ငြိမ် ဆုတ်ယုတ်မှု၊ ခေတ်နောက်ကျ ပြတ်တောက်မှု စသည်တို့၏ လောင်းရိပ်မိသော လူငယ် များကို ထိုအခြေအနေမှ ရုန်းထွက်နိုင်စေရန် ရည်သန်ပြီး လူငယ့်အရေးတို့ကို အားစိုက်ရေးသားဟောပြော ခဲ့ပါသည်။

ယခုသူ့အသက်ရာပြည့်သော ကာလမျိုးတွင်လည်း မြန်မာသတင်းနှင့်စာပေသမားများက ဦးလှတို့ထက်တော် သော ထက်သော လူငယ်မျိုးဆက်သစ်များဖြင့် တိုင်းပြည်ကို အားသစ်လောင်းကာ ဆင်းရဲတွင်းမှ ရုန်းတက်ဖို့ အရေးတွင် ကြီးစွာသော အကူအမဖြစ်စေသင့်ပါလှသည်။ ။

No comments:

Post a Comment