Wednesday, January 20, 2010

ဗန်းမော်စည်ပင် လုပ်ရပ်ကြောင့် မြို့ခံများ အိပ်ရေးပျက်

သျှမ်းသံတော်ဆင့်

မကြာခင်ရက်ပိုင်း၌ ကချင်ပြည်နယ် ဗန်းမော်မြို့သို့ လာရောက်မည် ဆိုသော ကာကွယ်ရေးနှင့် စစ်ဆင်ရေးအထူး အဖွဲ့ ၄ မှူး ဒုဗိုလ်ချုပ်ကြီး သာအေး၏ ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် မြို့နယ်စည်ပင်ဌာနက လမ်းဘေး ဈေးခုံများ ကို ညတွင်းချင်း လိုက်လံ ဖယ်ရှားကြောင်း သိရသည်။

ယမန်နေ့ည ၁၀ နာရီခွဲခန့်တွင် ဗန်းမော်မြို့အမှတ် ၁ ဈေးအနီး မြို့ပေါ်ရပ်ကွက် ပလက်ဖေါင်းများပေါ်ရှိလမ်း ဘေး ဈေးသည်ခုံများကို စည်ပင်သာယာမှ ကားဖြင့် ၀ုန်းဝုန်းဒိုင်းဒိုင်း သိမ်းယူခဲ့သည့် လုပ်ရပ်ကြောင့် အနီးနားရှိ မြို့ခံများ အိပ်ရေးပျက်ရကြောင်း မြို့ခံများက သျှမ်းသံတော်ဆင့်သို့ ပြောကြားသည်။

လူအများနေရေးစားရေးအတွက် အပူတပြင်းလုံးပန်း ရှာဖွေပြီးအများအနားယူ အိပ်မောကျစအချိန် ထိုသို့ ဆူညံ စွာ လုပ်ဆောင်ခဲ့သည့်အတွက် ကလေးလူကြီးအားလုံး အိပ်ရာမှလန့်နိုးကာ စိတ်အနှောက်အယှက်ဖြစ်ရ ကြောင်း မြို့ သူတစ်ဦးကပြောသည်။

“အိပ်ခါစပဲရှိသေးတယ် ပလက်ဖေါင်းပေါ်က ဈေးရောင်းခုံတွေကို ရိုက်ချိုးပြီး ကားပေါ်ပစ်တင်သွားတယ် ဆူညံနေတာပဲ အကုန်လန့်နိုးတယ် လူကြီးတွေရော ကလေးတွေရောပဲ လူကြီးလာမယ်ဆိုလို့တဲ့ ဗိုလ်ချုပ် သာအေး လာမယ်လို့ပြောတယ်” လို့ အဆိုပါ အမျိုးသမီးက ပြောသည်။

ဈေးသည်များက ဈေးအနီးရှိ မြို့မရပ် အလယ်ရပ် မင်းကုန်းရပ် စသည့်ရပ်ကွက်များရှိ ပလက်ဖေါင်းများပေါ် သစ်သီးနှင့် ကုန်စိမ်းများရောင်းချခြင်းဖြစ်ပြီး မြို့နယ်စည်ပင်သာယာသို့ တစ်ရက် ကျပ် ၂ဝဝ နှင့် မြေငှားရမ်း ခ အဖြစ် တစ်လ ကျပ် ၁၅ဝဝ ပေးဆောင် နေရကြောင်း နောက်ထပ် မြို့ခံ ဈေးသည်တစ်ဦးက ပြောသည်။

အခွန်ယူ၍ ခွင့်ပြုထားခြင်းဖြစ်သောကြောင့် အချိန်တိတိ ကျကျ သတ်မှတ်၍သိမ်းဆည်းခိုင်းပါက ယခုကဲ့သို့လုပ်ဆောင် စရာမလိုအပ်၊ ယခုအခါ မည်သူ မဆို စည်းကမ်း ပျက်နေကြကြောင်း သူက ဆက်ပြောသည်။

“နေ့တွင်းချင်း သိမ်းထားကြပါလို့ပြောရင်တော့ အားလုံး သိမ်းကြမှာပဲ၊ သူတို့ကိုယ်တိုင် အခွန်ယူပြီး ခွင့်ပြုထား တာ၊ လူတွေအားလုံး စည်းကမ်းပျက်နေပြီပဲ ညကြီးမင်းကြီး ဆူဆူညံညံနဲ့ လာသိမ်းတာတော့ မကောင်းပါဘူး ” လို့ အဆိုပါ ဈေးသည်က ပြောသည်။

ယနေ့နံနက်ပိုင်း ဈေးသည်များ ဆိုင်ခင်းရောင်းချရန် ခုံများမရှိတော့သဖြင့် လမ်းဘေး ပလက်ဖေါင်းပေါ်တွင်ဈေးရောင်း ချခြင်း မရှိတော့ပဲ နောက်ဆုတ်၍ ရောင်းချနေကြကြောင်း သိရသည်။

ထို့အပြင် ဈေးသည်များက ဆိုင်ခင်းရန်ခုံများ ပြန်လည် ရရှိရေးအတွက် စည်ပင်သာယာထံမှ အခကြေးငွေဖြင့် ရွေးယူရန် လူကြီးခရီးစဉ်ပြီးဆုံးမည့်ရက်ကို စောင့်မျှော်နေကြောင်း သိရသည်။


No comments:

Post a Comment