Wednesday, January 6, 2010

စစ်အရာရှိကိုယ်တိုင် ရထားလက်မှတ် မှောင်ခိုလုပ်

မျိုးဝင်းဇော်/ ၆ ဇန်န၀ါရီ ၂၀၁၀

ရထားပို့ဆောင်ရေးဝန်ကြီးဌာနသည် ရထားလက်မှတ် မှောင်ခိုပပျောက်ရေးအတွက် မှောင်ခိုလုပ်သူကို သတင်းပေးနိုင်ပါက ဆုငွေ ကျပ် (၁) သိန်း ပေးမည်ဟု ကြေညာထားသော်လည်း စက်ဘက် အရာရှိ အရာခံ တပ်ဖွဲ့ဝင်များကိုယ်တိုင် မှောင်ခိုထုတ်နေသည့်အတွက် လက်ပိုက်ကြည့်နေရကြောင်း မန္တလေးဘူတာကြီးမှ ရထားပို့ဆောင်ရေးဝန်ကြီးဌာန အရာထမ်းတဦးက ပြောသည်။


၎င်းက “ကျနော်တို့က လက်မှတ်မှောင်ခိုလုပ်တာတွေ့ရင် ဆုငွေ (၁) သိန်းပေးမယ် ကြေညာထားတယ်။ ဒါပေမယ့် ဒီ မန္တလေး ဘူတာကြီး မြေညီထပ်အဝင် စစ်ဘက်ရထားပို့ဆောင်ရေး အရာရှိရုံးက အရာရှိကိုယ်တိုင် ဦးစီးပြီး သူ့တပ်ဖွဲ့ဝင်တွေနဲ့ မှောင်ခိုလုပ်နေတာကို အားလုံးက သိပေမယ့် ဘယ်သူမှ အရေးမယူနိုင်ကြဘူး။ သူတို့က စစ်တပ်က ဖြစ်တာရော၊ မှောင်ခိုလုပ်ငန်းကို သေသေချာချာ လုပ်တာကြောင့်လည်း ပါတယ်” ဟု ပြောသည်။

၎င်း၏ပြောပြချက်အရ အဆိုပါအဖွဲ့ကို ဗိုလ်ကြီးတယောက် ဦးစီးပြီး ၎င်းလက်အောက်မှ အရာခံ အကြပ်တပ်သားများက ဘူတာတွင် လက်မှတ်အခက်အခဲတွေ့နေသည့် ခရီးသည်များကို မှောင်ခိုရောင်းချရန် လိုက်လံဆက်သွယ်ကြောင်း သိရသည်။

မှောင်ခိုလက်မှတ် ဝယ်မည့်သူသည် မှတ်ပုံတင်နံပါတ်နှင့် ကျသင့်ငွေကို ကြိုတင်ပေးရပြီး မှောင်ခိုအဖွဲ့က အဆိုပါခရီးသည်ကို စစ်တပ်မိသားစုဖြစ်ကြောင်း ထောက်ခံစာရေးသားပြီး လက်မှတ်ဝယ်ယူခြင်းဖြစ်သည်။

ထို့နောက် ခရီးသည်များက စစ်ဘက်ရထားပို့ဆောင်ရေးရုံးတွင် လက်မှတ်သွားယူသည့်အခါ ၎င်းတို့သည် စစ်တပ်မိသားစုဝင် ဖြစ်ပြီး လက်မှတ်ဝယ်ရသူထံ၌ အပိုကြေး တစုံတရာ ပေးခဲ့ရခြင်းမရှိကြောင်း အသင့်ပြင်ဆင် ရိုက်နှိပ်ထားသည့် စာရွက်ပေါ် လက်မှတ်ရေးထိုးပေးရသည်ဟု သိရသည်။

ထိုသို့ပြုလုပ်ခြင်းအားဖြင့် နောင်ပြဿနာပေါ်လာပါက ၎င်းတို့အတွက် ခိုင်လုံသည့်အထောက်အထားရှိပြီး အရေးယူခံရမှုမှ ကင်းလွတ်ရန်အတွက်ဖြစ်သည်။

စစ်ဘက်ရထားပို့ဆောင်ရေး အရာရှိရုံးသည် မန္တလေးမှ မြို့အသီးသီးသို့ ထွက်သည့် ရထားလက်မှတ်အားလုံးကို မှောင်ခိုလုပ်ပြီး အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် မန္တလေး- မြစ်ကြီးနား ရထားလက်မှတ်များကို ပို၍ မှောင်ခိုထုတ်ရောင်း နေကြောင်း သိရသည်။

မြစ်ကြီးနားလမ်းပိုင်းအတွက် တရုတ်ရထား ရိုးရိုးတန်း ကျပ် (၄,ဝဝဝ) တန်ကို ကျပ် (၁၅,ဝဝဝ)၊ အထူးတန်း ကျပ် (၁ဝ,ဝဝဝ) တန်ကို ကျပ် (၂ဝ,ဝဝဝ)၊ အိပ်စင် တယောက် ကျပ် (၁၂,ဝဝဝ) ကို ကျပ် (၂၅,ဝဝဝ)၊ အထူးအမြန်ရထား အထက်တန်းတွဲ တယောက် ကျပ် (၂,၈ဝဝ) တန်ကို ကျပ် (၁၇,ဝဝဝ) ကျပ်၊ အိပ်စင်တွဲကို တယောက် ကျပ် (၂) သောင်း စသဖြင့် မှောင်ခိုရောင်းချကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရထားပို့ဆောင်ရေးလုပ်ငန်းကို အစိုးရကသာ လုပ်ကိုင်ပြီး သာမန်ပြည်သူများအနေဖြင့် လက်မှတ်ဝယ်ယူရ အလွန်ခက်ခဲကာ လက်မှတ်ရောင်းချရေးတွင် တာဝန်ရှိသည့် ရထားပို့ဆောင်ရေး ဝန်ထမ်းများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိ အကြပ်တပ်သားများကအစ လက်မှတ်မှောင်ခို ရောင်းချမှုကိစ္စတွင် ပါဝင်ပတ်သက်နေကြောင်းလည်း စုံစမ်းသိရှိရသည်။

No comments:

Post a Comment