Wednesday, January 20, 2010

ကချင်ပြည်သူ့စစ်အဖွဲ့၏ နာယက တဦးကို မူးယစ်အဖွဲ့က ရိုက်နှက်ညှဉ်းဆဲ

ခိုင်လင်း/ ၂၀ ဇန်န၀ါရီ ၂ဝ၁ဝ

ကချင်ငြိမ်းချမ်းရေးအဖွဲ့မှ အသွင်ပြောင်းလိုက်သည့် ဦးလဆန်အောင်ဝါ ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့၏ နာယက ဦးအူဒီဒွဲလာအား မြစ်ကြီးနား အထူးမူးယစ်ရဲတပ်ဖွဲ့က ရိုက်နှက်ညှဉ်းဆဲခဲ့သဖြင့် အပြင်းအထန်ဒဏ်ရာ ရရှိသွားသည်။


ယခုလ (၁၆) ရက် နံနက် (၁၁) ခန့်တွင် မြစ်ကြီးနားမြို့၊ ပလန (ပြန်လည်နေရာချထားရေး) ရပ်ကွက်နေ ဦးအူဒီဒွဲလာ၏ နေအိမ်သို့ မူးယစ်တပ်ဖွဲ့မှ ဒု-ရဲအုပ် ဇော်နိုင် ဦးဆောင်သည့် (၅) ဦးပါ အဖွဲ့က အိမ်နောက်ဖေး ခြံဘေးမှတိုးဝင်ပြီး နေအိမ်တွင် အိပ်ပျော်နေသည့် ဦအူဒီဒွဲလာအား ဝင်ရောက်ဖမ်းချုပ်ကာ ရိုက်နှက်ခဲ့သည်ဟု ဆွေမျိုးတော်စပ်သူ မြစ်ကြီးနားဒေသခံက ပြောသည်။

၎င်းက “သူအိပ်နေတုန်း ရဲတွေက ဝင်ဖမ်းတာ။ အဲဒီမှာ သူက ပြောတာပေါ့။ ကျနော်က ကချင်ငြိမ်းချမ်းရေးအဖွဲ့ ပြည်သူ့စစ်က ပေါ့လို့။ အဲဒီမှာ ဘာငြိမ်းချမ်းရေးလဲ၊ ဒါတွေ မလိုဘူးဆိုပြီး ဝိုင်းပြီး ထိုးကြိတ်တာ။ အခု လမ်းတောင် မလျှောက်နိုင်တော့ဘူး။ မျက်လုံးတလုံးက သွေးခြည်ဥပီး ညိုမဲနေတယ်။ ကောင်းကောင်း မမြင်ရတော့ဘူး။ ရင်ဘတ်တွေလည်း ဆောင့်ကန်ထားတော့ အသက်ရှူကျပ်နေတယ်” ဟု ပြောသည်။

ဦးအူဒီဒွဲလာ၏ နေအိမ်အတွင်း အရပ်ဝတ် ဝတ်ဆင်ထားကြသည့် အထူးမူးယစ်တပ်ဖွဲ့ဝင်များက ပိုက်စိတ်တိုက် လိုက်လံရှာဖွေပြီး ညနေ (၄) နာရီခွဲအချိန်တွင် ပြန်လည်ထွက်ခွာသွားသည်ဟု အဆိုပါ ဆွေမျိုးတော်စပ်သူက ပြောသည်။

၎င်းက “အမျိုးတော်စပ်တဲ့ ကောင်ကလေး၊ ငါးတန်းကျောင်းသားလေး အောင်မိုင်ကိုလည်း ကြိုးတွေနဲ့တုပ်၊ တုတ်တွေနဲ့ ရိုက်ထားတာ။ အခုဆို ကလေးက အတော်လေး စိုးရိမ်ထိတ်လန့်နေတယ်။ သူတို့က မူးယစ်ဆေးဝါး ရှာတယ်လို့ ပြောတာပဲ။ အဲဒါ မတွေ့ဘူး။ အိမ်ထဲမှာ ရဲတွေက အဲလိုဖြစ်နေချိန်မှာ ဦးလဆန်အောင်ဝါကို ရပ်ကွက်ကလူတွေက အကြောင်းကြားလို့ သူက တိုင်းမှူးဆီ အကြောင်းကြားတော့ ပြန်လွှတ်လိုက်တာ” ဟု ပြောသည်။

ယခုကဲ့သို့ ရဲများက အိမ်ထဲဝင်ရောက်ရိုက်နှက်မှုကို ဦးအူဒီဒွဲလာက သက်ဆိုင်ရာသို့ တိုင်ကြားသွားမည်ဟု သိရသည်။

ဦးလဆန်အောင်ဝါ ဦးဆောင်သည့် ကချင်ပြည်သူ့စစ်အဖွဲ့သည် ၂ဝဝ၄ ခုနှစ်၊ ဇန်နဝါရီလတွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့မှ ခွဲထွက်ခဲ့ပြီး ဝိုင်းမော်မြို့နယ် ဂွေထူနှင့် ကဝါးယန်ကျေးရွာတွင် အခြေချခွင့်ရရှိနေရာမှ ယမန်နှစ်၊ အောက်တိုဘာ (၁၆) ရက်တွင် ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းခဲ့သည်။

No comments:

Post a Comment