Wednesday, January 27, 2010

မဲဆောက်သွားတဲ့လမ်း အပိုင်း - ၂


ညနေ နေရောင်က လင်းချင်သလောက် လင်းခွင့်မရဘူး။ ခပ်မှိန်မှိန်ပဲ။ တောင်ပေါ်ကားလမ်းကနေ သဘာဝရှုခင်းတွေကို အပေါ်စီးက လှမ်းကြည့်ရတဲ့ အရသာက ဆယ်စုနှစ်ချီတဲ့ ထောင်ဝင်စာသွားခဲ့ရတဲ့ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ မဟာမြိုင်၊ ယာကြီး၊ ကလေးဝ၊ ကလေးလမ်းလိုပါပဲ။ တောတောင်တွေကြားမှာ တောပန်း တောင်ပန်းရဲ့ ပန်းရနံ့ကလည်း သင်းသင်းပျံ့ပျံ့မွှေးလို့။ ဒါ အုန်းဖန်ဆောင်းရဲ့ ညနေခင်း ရနံ့လေလား။

ကျမတို့ကားရှေ့ကို ကားအကောင်းစားတွေ တစီးပြီးတစီး ကျော်ဖြတ်နေတယ်။ ကားလမ်းကလည်း မည်းနက်တောက်ပြောင်လို့။ အပျိုမ ပါးပြင်လို ချောမွတ်နေတယ်။ လမ်းပြုပြင်တဲ့ စခန်းလေးတွေမှာ အင်တာနက်စလောင်း တပ်ထားတယ်။ လက်ကိုင်ဖုန်းနဲ့ ဆက်သွယ်စကားပြောနေတဲ့ လမ်းပြုပြင်ရေး လုပ်သားက သပ်သပ်ရပ်ရပ်၊ ပေါ့ပေါ့ပါးပါး။ မုံရွာ၊ ယာကြီးလမ်းထဲက လမ်းပြုပြင်တဲ့ တဲစခန်းလေးကို ကျမ သတိရမိတယ်။

စစ်တပ်က တာဝန်ယူဖောက်လုပ်တဲ့ ယာကြီးလမ်းက မိုးကို ကြောက်တယ်။ မိုးတပြိုက်နှစ်ပြိုက် ကျရုံနဲ့ လမ်းက ပျက်ကရော။ ကတ္တရာကို ၁၀ ဘီးကား၊ ကွန်ဒိုတိုက်တွေဖြစ်အောင် လုပ်တတ်တဲ့ စစ်ကန်ထရိုက် တွေပါ။ မုံရွာ၊ ယာကြီးကားလမ်းဟာ ကျမတို့ ခရီးသည်တွေရဲ့ ဝမ်းတွင်းထဲက ကလီစာတွေ ခိုင်မခိုင် စမ်းသပ်တဲ့လမ်းပါ။ သင်္ကြန်မိုးကိုတောင် မခုခံနိုင်ဘူး။ မိုးရွာလို့ လမ်းပျက်တော့ ကျမတို့ ခရီးသည်တွေ ရှေ့ခရီးလည်း မဆက်နိုင်၊ နောက်ကြောင်းလည်း မပြန်နိုင်နဲ့ တောထဲမှာ နှစ်ပတ်ကြာခဲ့တယ်။ နောက်ဆုံး အဆက်အသွယ်ရနိုင်တဲ့၊ ဖုံးပြောနိုင်မယ့် “လာပို့” ရွာကို တောတောင်အထပ်ထပ်ကို ရွှံ့နွံရုန်းပြီး ၈ နာရီကြာ လမ်းလျှောက်ခဲ့ရတယ်။

ကားအစီး လေးငါးဆယ် ပိတ်မိနေတာမို့ အစားအသောက်ရှိမယ့်၊ လုံခြုံမယ့်၊ ဆက်သွယ်လို့ရမယ့် လာပို့ရွာကို ခရီးသည်တွေ လမ်းလျှောက်သွားကြတဲ့ မြင်ကွင်းက စစ်ပြေးဒုက္ခသည်တွေလိုပါပဲ။ လာပို့ရွာရောက်တော့ ခရီးသည်တွေက အိမ်မှာကျန်တဲ့သူတွေကို စိတ်မပူအောင် ဖုန်းဆက်ကြတယ်။ လာပို့ကိုရောက်နေပြီ၊ စိတ်မပူနဲ့လို့ ပြောတဲ့အသံကို အိမ်ကသူတွေက “ဘယ်ကို လာပို့ရမှာလဲ” လို့ စိုးရိမ်တကြီး ပြန်ပြောကြတယ်။ လာပို့ရွာက ကနီမြို့နယ်ထဲမှာ ပါပါတယ်။ တောတောင်ထဲမှာ ကုန်ကားပေါ်က ကုန်ပစ္စည်းတွေဖြစ်တဲ့ ကွမ်းရွက်၊ သရက်သီးမှည့်၊ စပျစ်သီးတွေကို တရွာလုံး ဝေပစ်တာတောင် မကုန်လို့ လွှင့်ပစ်ရတယ်။ ကုန်သည်တွေ တော်တော်နဲ့ နလန်မထူတော့ဘူး။ ကားသမားတွေ၊ ကားအုံနာတွေကို မုံရွာ၊ ယာကြီးလမ်းကနေ မူဆယ်လမ်းကို စိတ်ပြောင်းဖို့ လုပ်လိုက်တဲ့အချိန်ပါပဲ။ ၁၂ လက်မ ၁ ပေ၊ ၃ ပေ ၁ ဂိတ်ဆိုတဲ့ မြို့ဝင်ကြေးတံတားဖြတ်ခ၊ ဘီးခွန်ကြေးဆိုတဲ့ အခွန်တွေကို ရက်ကန်းပေါ်က လွန်းလို ပေးဆောင်ရတဲ့ ကားစပယ်ယာလိုမျိုး မဲဆောက်လမ်းပေါ်မှာ မတွေ့ရဘူး။

အုန်းဖန်နဲ့ အုန်းဖြန်ကြားက ရှုခင်းတွေက လှလိုက်တဲ့ဖြစ်ခြင်း။ မြေလွှာက အနီ။ ပန်းခင်းက အဝါ။ မုံညှင်းခင်းတွေက အဖြူ။ ဂေါ်ဖီခင်းတွေက အစိမ်းရင့်ရင့်။ စပါးပင်တွေက ရွှေရောင်။ လွင်ပြင် တောင်တန်းပေါ်က စိုက်ခင်းတွေက အကွက်ကျကျ၊ လှလှပပ၊ စီစီရီရီ။ လူသားရဲ့ လုပ်အားချွေးစက်တွေနဲ့ ဖန်တီးအလှဆင်ထားတဲ့ အနုပညာမြောက်တဲ့ ရှုမျှော်ခင်းကြီးပါပဲ။ အလှအပနောက်မှာ လူသားချွေးစက်တွေက ကုဋေကုဋာ။ တောင်ယာထဲမှာ ဂေါ်ဖီဖော်သူတွေ၊ ယာခင်းရှင်တွေ၊ အဝယ်တော်တွေ၊ ပွဲစားတွေ၊ ကားတွေနဲ့ စည်ကားနေတယ်။ ကမ္ဘာ့ငွေကြေး အကျပ်အတည်း ရိုက်ခတ်မှု ဒီရေလှိုင်းကို သူတို့ ပျော်ပျော်ကြီး စီးနိုင်ကြလိမ့်မယ်။

ကျောင်းတွေကတော့ ကျမတို့မြင်နေကျ မြို့ပြကျောင်းတွေထက် ကျောင်းအကျယ်အဝန်း ဖွဲ့စည်းပုံက အများကြီး သာပါတယ်။ ထိုင်းနိုင်ငံသား ဝန်ထမ်းတွေက ကျောင်သားတွေနဲ့ ကလေးငယ်တွေကို ချစ်ခင်ကြတယ်။ နေရာပေးတယ်။ အရေးတယူရှိတယ်။ ကျောင်းဆရာ၊ ဆရာမဆိုရင် မြန်မာနိုင်ငံသား ဖြစ်နေရင်တောင် ဦးစားပေးတတ်တယ်။ ရုံး၊ အဆောက်အဦး၊ ကျောင်းတွေမှာလည်း ဘုရင်၊ ဘုရင်မ ပုံတွေ ချိတ်ဆွဲထားကြတယ်။ ဓာတ်ပုံမှာ ရိုရိုသေသေနဲ့ ပန်းကုံးတွေပါ ချိတ်ဆွဲထားကြတယ်။ အုန်းဖန်ဆိုတာ နယ်မြို့လေး တမြို့ပါ။ ဒါပေမဲ့ ဆေးရုံဆေးခန်းတွေက ပြည့်စုံကြီးကျယ်နေပါတယ်။ ကျမ အားကျတာကတော့ စာသင်ကျောင်းနဲ့ ဆေးရုံပါပဲ။

နယ်မြို့ကျေးလက် မြန်မာကလေးငယ်တွေ စာသင်ခန်းထဲမှာ နေရမယ့် အရွယ်ဖြစ်ပေမယ့် ယာထဲကိုင်းထဲ၊ လယ်ထဲရောက်နေရတာက အများအပြားပါ။ အမိုးအကာ လုံခြုံမှု မရှိပေမယ့်၊ သင်ထောက်ကူပစ္စည်း မရှိပေမယ့်၊ ကျောင်းဆရာဆရာမရဲ့ မေတ္တာနဲ့ ပြည့်စုံရတဲ့ ကျောင်းလေးတွေ။ “ပန်းကလေးများ ပွင့်တော့မည်၊ ဖူးတံဝံ့လို့ချီ၊ နေခြည်မှာ ရွှေရည်လောင်း၊ ငါတို့စာသင်ကျောင်း” ဆိုတဲ့ ကဗျာကိုတောင် သံပြိုင်အော်ဟစ်ခွင့် မရှိရှာတဲ့ ကလေးငယ်တွေလည်း ရှိတယ်လေ။ ဒါ့ကြောင့် ကဗျာဆရာ မောင်ချောနွယ်က မမတင်ရဲ့ ကျောင်းကလေး ကဗျာကို ရေးဖွဲ့ခဲ့တာ။ ကျမ မှတ်မိသလောက် ပြောပါရစေ။

နေတဖွေးဖွေး … လေတဖွေးဖွေး
မမတင်ရဲ့ ကျောင်းကလေး
သဲတဖွေးဖွေး ဖုန်တဖွေးဖွေး
မမတင်ရဲ့ ကျောင်းကလေး
မမတင်ရဲ့ကျောင်းကလေးမှာ
ထန်းပင်တွေက လက်ပိုက်ပြီး တန်းစီရပ်လို့။

ယာကွက်လေးတကွက်ကလည်း
မမတင်ရဲ့ ကျောင်းမှာ ကျောင်းလာတက်လို့
မမတင်ကျောင်းလာရင်
သူများမိန်းမတွေလို
ရွှေတွေငွေတွေ ဖိတ်ဖိတ်လက်နေအောင် ဝတ်စားမလာဘူး။

စေတနာရယ်
ဝါသနာရယ်
အနစ်နာရယ်
နာသုံးနာကို
ဖိတ်လက်ရွှန်းတောက်နေအောင် ဝတ်စားလာတယ်
မမတင်ဟာ ကျောင်းအုပ်ဆရာမကြီးပေါ့ … ။

ဟုတ်ကဲ့ပါ။ ကျမတို့မြန်မာလူမျိုး ကျောင်းဆရာ၊ ဆရာမတွေ ယှဉ်ပြိုင်နိုင်တာကတော့ ဝါသနာ၊ စေတနာ၊ အနစ်နာ ဆိုတဲ့ နာသုံးနာပါပဲ။

အုန်းဖြန်ဝင်ခါနီး တောင်စောင်းတွေက စိုက်ခင်းတွေကို အဝေးကနေ မြင်နေရတယ်။ စိုက်ခင်းတွေထဲက လုံချည်ဝတ် မိန်းမတွေက ကျမတို့ မြန်မာလူမျိုးတွေ။ နေ့စဉ် စားဝတ်နေရေးအတွက် ကိုယ့်မြေ၊ ကိုယ့်ရေကို စွန့်ပြီး အလုပ်လာလုပ်ကြရတဲ့သူတွေ။

တောင်စောင်းပေါ်က စီစီရီရီ တဲလေးတွေက အုန်းဖြန် ဒုက္ခသည်စခန်းပါပဲ။ လှေကားထစ်ပုံစံ အထပ်ထပ်ဆောက်ထားတဲ့ ဒုက္ခသည် တဲစခန်းလေးတွေကို ကားပေါ်ကနေ ကျမ မြင်တော့ ရင်ထဲဆို့နင့်သွားရတယ်။ ကျမတို့လိုပဲ ကိုယ့်ဘဝ ကိုယ်မပိုင်တဲ့ ဒုက္ခသည်တွေ။

အုန်းဖြန်မှာ ကျမတို့ ကားနားတယ်။ ဒုက္ခသည်စခန်းကို အပေါ်စီးက ကြည့်လို့ရတဲ့ မြေပြန့်ကျယ်ကျယ် တောင်ကုန်းပေါ်မှာ နားတာပါ။ ကွန်ကရစ်ခင်းထားတဲ့ ကားပါကင်နဲ့ လှပတဲ့ တိုက်တာအဆောက်အဦး ပန်းခြံလှလှတွေက နိုင်ငံခြား ရုပ်ရှင်ပိုစတာတွေမှာ တွေ့ရတဲ့ ရှုမျှော်ခင်းအတိုင်းပါပဲ။ အုန်းဖြန် ဒုက္ခသည်စခန်းနဲ့ သိပ်မဝေးဘူး။ မန္တလေးတစ်ပြလောက်ပဲ ဝေးတယ်။ အုန်းဖြန် ဒုက္ခသည်စခန်းက လက်ကိုင်ဖုန်း အသုံးပြုခွင့် ရှိတယ်။ ကိုယ့်တဲစခန်းထဲကနေ ကမ္ဘာအရပ်ရပ်က မိသားစု၊ မိတ်ဆွေတွေဆီကို ဖုန်းဆက်နိုင်တယ်။ အလွမ်းဖြေနိုင်တယ်။ စိတ်ကောက်နိုင်တယ်။ အများသုံး တယ်လီဖုန်းဆိုင်မှာလို စကားကျယ်ကျယ် ပြောစရာ မလိုဘူး။ တတိယနိုင်ငံကို အရင်ရောက်နှင့်နေတဲ့ ဇနီး၊ ခင်ပွန်းဆီ၊ ချစ်သူရည်းစားဆီကို လေသံတိုးတိုးနဲ့ ချွဲနိုင်တယ်။ ဘယ်လောက်အဆင်ပြေလိုက်သလဲလို့။

ကျမတို့ ကားရပ်နားစခန်း တောင်ကုန်းပေါ်မှာ လေတဟူးဟူး ဝင်လာနေတယ်။ လေရိုင်းတွေနဲ့အတူ အုန်းဖြန် ဒုက္ခသည်စခန်းက အမြင့်ဆုံး ဘုရားရှိခိုးကျောင်းရဲ့ ခေါင်းလောင်းသံက လွင့်ပျံလာတယ်။ ဓမ္မတေးသံက လွမ်းမောစရာပါ။ ညဆိုရင် တောင်ကုန်းပေါ်မှာ လေက တသုန်သုန်နဲ့။ တောင်အောက်က ဒုက္ခသည်စခန်းမှာ မီးလေး မှိတ်တုတ်မှိတ်တုတ်က ဘဝအကြောင်းတွေ မပါရင် သိပ်လှမှာပဲ။ ညချမ်းမှာ တခေါက်လာကြည့်ချင်စရာ။

အုန်းဖြန် ဒုက္ခသည်စခန်းက မဲဆောက်သွားဖို့ လိုက်လာတဲ့ ခရီးသည်ကတော့ ကားပေါ်က မဆင်းတော့ဘူး။ ကျမတို့တော့ ဗိုက်ဆာနေပြီ။ ကားပေါ်က ဓာတ်ဆီနံ့ထက် ကားအောက်က တောင်ပေါ်လေကိုလည်း ရှုချင်သေးတယ်။ စားသောက်ဆိုင်လေးတွေက စီစီရီရီ။ ကျမတို့ ဝယ်စားနိုင်မယ့် အမျိုးအစားကို ရွေးချယ်ရတယ်။ ဟင်းနှစ်မျိုးနဲ့ ခနောဆန်ထမင်း ပုံပေးတဲ့ ဆိုင်လေးကိုပဲ ရွေးချယ်ရတယ်။ ဆိုင်ရှင်က အလှအပ ကြိုက်ပုံရတယ်။ ထမင်းကို အလှစားနိုင်အောင် ခပ်ဖွဖွလေး ပုံပေးတယ်။ ၅ ဇွန်းအပြင် မပိုတဲ့ ထမင်းပွဲအတွက် ဘတ် ၃၀ ပေးလိုက်ရတယ်။ မြန်မာငွေနဲ့ဆို ၉၀၀ ကျော်ကျတယ်။ ပင်လယ်စာ အသားကင် အမျိုးမျိုး ကျမတို့ မစားနိုင်ပါဘူး။ လက်ဆောင်ပစ္စည်းရောင်းတဲ့ ဆိုင်တွေမှာ ပါကင်လှလှ ထုတ်ပိုးထားတဲ့ ဆားငန်စေ့၊ သရက်ပြင်၊ ကောက်ညှင်းခွက်ကြော်တွေက ၁ ထုတ်ကို ဘတ် ၄၀။ လက်ဆောင်ပေးဖို့ ဝယ်ချင်တာ အရမ်း။ ဒါပေမဲ့ ဒုက္ခသည်ဘဝက ခွင့်မပြုပါဘူး။

၁ နာရီနီးပါး နားပြီးတဲ့နောက် မဲဆောက်ကို ကားထွက်ခဲ့ပါတယ်။ မဲဆောက်ကို နီးလာတဲ့ လမ်းတလျှေက်မှာ ဂေါ်ဖီပွဲရုံတွေ အများကြီးကို တွေ့ရတယ်။ စီစီရီရီ တင်ထားတဲ့ ဂေါ်ဖီတွေက ကားပေါ်မှာ အပြည့်အမောက်။ ကားလမ်း ဘေးဝဲယာမှာ ထင်းရှုးပင်တွေက စိမ်းစိမ်းစိုစို။ လေကြောသန့် ရှင်းနေတဲ့ ကတ္တရာလမ်းကို ဖြတ်သွားတိုင်း ငှက်သံ၊ ပုဇဉ်းရင်ကွဲသံ၊ အဖော်မဲ့တဲ့ ငှက်ကလေးတွေရဲ့ စူးရှတဲ့ တေးသီချင်းသံတွေကိုလည်း ကြားရတယ်။ တောတန်းတောင်စွယ်အစိမ်း၊ ပင်ရိပ်စိမ်းစိမ်း။ လေပြည်စိမ်းစိမ်းတွေကို ကျော်ဖြတ်ပြီး မဲဆောက် မြို့တော်ကြီးဆီကို ကျမတို့ ကားလေးတိုးဝင်ခဲ့တယ်။ ကျယ်ပြန့်တဲ့ ၂ လမ်းသွားလမ်း ကားလမ်းကြီး ဘေးမှာ မြို့အဝင် စစ်ဆေးဂိတ်တခု။ ဒုက္ခသည်ဗီဇာ ကိုင်ထားတဲ့ ကျမတို့ ရဲရဲဝံ့ဝံ့ပဲ။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့လေးက နယ်စပ်မြို့နဲ့ မလိုက်အောင် ခန်းနားလှတယ်။ ကျမ ရောက်ခဲ့ဖူးတဲ့ အိန္ဒိယနယ်စပ် တမူး၊ မိုးရေးနဲ့ မတူဘူး။ တမူး၊ မိုးရေးက ရိုးစင်းပေမယ့် မဲဆောက်က ဟိတ်ဟန်ကြီးတယ်။ ဆေးရောင်စုံ လိမ်းချယ်ထားတဲ့ မျက်နှာ၊ ပေါင်ရင်းထိ တိုတက်နေတဲ့ ဘောင်းဘီဝတ် ထိုင်းလူမျိုး မိန်းမပျိုလေးတွေက ဆိုင်ကယ်တဝီဝီနဲ့။ ကျမတို့ စီးလာတဲ့ကား မြို့လယ်ခေါင်မှာ ဂိတ်ဆုံးပါတယ်။ မြို့လယ်ခေါင်မှာ အဝတ်အိတ်လေးတွေ အောက်ချပြီး မိတ်ဆွေတွေဆီ အားကိုးတကြီးနဲ့ နှုတ်ဆက်ရတယ်။ ကျမတို့မှာ တောသားမြို့ရောက်။ အသစ်လွင်ဆုံး ဝတ်စုံတွေက မဲဆောက်မြို့ရဲ့ အရှိန်အဝါအောက်မှာ မှေးမှိန်ပျောက်ကွယ်သွားတယ်။ လေဒဏ်နေဒဏ်ကို ဘာအကာအကွယ်မှ မယူနိုင်တဲ့ နေလောင်မျက်နှာကို စက်သွေးသနပ်ခါးနဲ့ ချယ်သထားတဲ့ ကျမမျက်နှာက အားငယ်ရိပ်နဲ့ ကြည့်လို့မကောင်းမှာ သေချာနေတယ်။

တတိယနိုင်ငံ သွားခါနီး တပတ်ပဲလိုတော့တဲ့ မိတ်ဆွေ ကိုကျော်စိုးက မယ်လ ဒုက္ခသည်စခန်းထဲကနေ တကူးတက လာပြီးတွေ့ဖို့ ရောက်လာမယ်။ ဘယ်နေရာ ရောက်ပြီလဲဆိုပြီး ဖုန်းနဲ့ ခဏခဏ မေးတယ်လေ။ ကိုကျော်စိုး မိတ်ဆွေက ကြိုတင်ပြီး ကျမတို့ကို ကားနဲ့ လာကြိုတယ်။ ကျမတို့ကို မဲဆောက်မှာ နေသမျှ သူ့အိမ်မှာနေဖို့ ဖိတ်ခေါ်ပါတယ်။ သူ့အိမ်က ကတ်ဘိဘန်းမှာ။ ကတ်ဘိဘန်းက ကျမအတွက် မစိမ်းဘူး။ လွန်ခဲ့တဲ့နှစ်က ကတ်ဘိဘန်းမှာ စပါးခင်းတွေ ရွှေရောင်လွှမ်းပြီး ရိတ်သိမ်းတဲ့အချိန်မှာ ကျမ ရောက်ခဲ့ဖူးတာ။ ကျမခင်ပွန်းရဲ့ မိတ်ဆွေ ကိုငြိမ်းချမ်းအိမ်မှာ တလလောက် နေခဲ့ရသေးတယ်။ အဲဒီအိမ်မှာ ကိုလှစိုး မိသားစုနဲ့အတူ ကိုမုန်းနိုင်တို့ ဇနီးမောင်နှံလည်း လာနေတတ်တယ်။

ကိုမုန်းနိုင် ဇနီးသည်က နေ့စေ့လစေ့ကြီး။ ကိုမုန်းနိုင်တို့ ငှားနေတဲ့ အိမ်နားမှာ ချွေးပေါင်းရုံကြီး ရှိတယ်။ အဲဒီနတ်ကွန်းမှာ ထိုင်းအမျိုးသမီးတွေက နို့၊ မုန့်၊ အချိုရည်နဲ့ နတ်ကို ပူဇော်ပသတယ်။ လိုရာဆုတောင်းပြီးလို့ ပြန်သွားရင် ကိုမုန်းနိုင်က နတ်ကိုတောင်းပန်ပြီး စွန့်စားတယ်။ နို့ကို ကိုယ်ဝန်ဆောင် ဇနီးသည်ကို တိုက်တယ်။ ကျန်တာကို ဘဝတူဒုက္ခသည်တွေကို မျှကျွေးတယ်။ နတ်ကိုင်မှာထက် ဗိုက်ဆာတာက ပိုဆိုးတာကိုး။ ဘယ်လိုပဲဖြစ်ဖြစ် ဗိုက်ဝဖို့ အရေးကြီးတယ်တဲ့။ ဆင်းရဲခြင်းတရားကို အာရုံ ၆ ပါးစလုံးနဲ့ တကယ့်ကို ထိထိမိမိ တွေ့ခဲ့ရတဲ့ အချိန်ပါပဲ။ အဲဒီတုန်းက ကျမတို့ မောစရာတွေကို ရယ်စရာ လုပ်ခဲ့ရတာ။ ကိုလှစိုးနဲ့ ခင်ပွန်းသည်က ရိတ်ပြီးသား ပဲခင်းထဲမှာ ပဲနောက်တွေကို ကောက်သင်းကောက်ပြီး ထုချွေ။ ချွေပြီးသား ပဲနောက်ကို လှော်ပြီး ကြိတ်ဟင်းအဖြစ် ပဲနောက်ချက်စားရတယ်။ အတူတကွ ဆင်းရဲဒုက္ခရောက်တဲ့ အချိန်မှာ ဆင်းရဲဒုက္ခ မရှိဘူး။ သူတို့ ကျမတို့တွေ မဲဆောက်မြို့ထဲမှာ ကြမ်းတမ်းတဲ့ ဘဝကို တွေ့ခဲ့ပြီးပြီ။ အခုတော့ သူတို့လည်း တတိယနိုင်ငံကို သွားကြပြီ။ သူတို့ဟာ ဒုက္ခသည်တွေထဲက အလင်းရောင်ပါပဲ။

မနက်စောစော ကတ်ဘိဘန်းသူကြီးရဲ့ အသံနဲ့ ကျမတို့ အိပ်ယာနိုးခဲ့ရတယ်။ ညပိုင်းမှာ ကိုကျော်စိုး ရောက်လာခဲ့ပါတယ်။ ကိုကျော်စိုးနဲ့အတူ အိမ်ရှင်မိတ်ဆွေရဲ့ ရင်းနှီးဖော်ရွေမှု၊ အားပေးမှုက ကျမတို့ကို တကယ်ပဲ ခွန်အားဖြစ်စေခဲ့ပါတယ်။

မိတ်ဆွေဆိုတာ တိုတောင်းတဲ့ လူ့ဘဝမှာ အရေးကြီးလွန်းလို့ ဘာသာရေးကျမ်းတွေမှာ ကလျာဏမိတ္တလို့ အဆိုရှိပါတယ်။ အဆွေခင်ပွန်းကောင်း တယောက်၊ မိတ်ဆွေကောင်း တယောက် ရရှိခြင်းဟာ မင်္ဂလာတပါးတဲ့။ လောကမှာ မိတ်ဆွေစစ်၊ မိတ်ဆွေမှန်၊ မိတ်ဆွေကောင်း တယောက်ရရှိဖို့ဟာ သိပ်အရေးကြီးပါတယ်။ “အို … အသင်လောက” လို့ မိတ်ဆွေကောင်း လိုက်ရှာရတဲ့ ခေတ်ဟောင်း ရုပ်ရှင်ဟောင်းထဲက ဖာတလုံးခေါင်းကျား မင်းသားခင်မောင်လို ရူးဟန်ဆောင်စရာ မလိုတဲ့ ခေတ်လေ။

ကိုကျော်စိုးနဲ့ ကျမတို့ ဇနီးမောင်နှံနဲ့ ကတ်ဘိဘန်းကနေ မဲဆောက်ဈေး၊ ထုံထောင်း၊ မယ်တော်ဆေးခန်း နေရာစုံ ရဲရဲတင်းတင်း၊ လွတ်လွတ်လပ်လပ် စိတ်လက်ပေါ့ပါးစွာ။ မဲဆောက်ဈေးကို နေရာအနှံ့သွားခဲ့တယ်။ မဲဆောက်ဈေးရဲ့ အထင်ကရ သားငါးတန်းက စိတ်ဝင်စားဖွယ် အသည်းယားဖွယ်ရာ။ ဖားပြုတ်ကြီးတွေက မျက်လုံးကြီးတွေ ပြူးပြီး ပိုက်ရှုံ့အိတ်ထဲကနေ ကျမတို့ကို လှမ်းကြည့်နေတယ်။ လိပ်သေးသေးလေးတွေက ရေဇလုံထဲမှာ ပျော်ပျော်ရွှင်ရွှင် ရေကူးလို့။ ငရှဥ့်တွေကလည်း မြန်မာပြည် လယ်ကွင်းချောင်းမြောင်းတွေထဲကနေ ယာဉ်အဆင့်ဆင့်စီးပြီး မဲဆောက်ဈေးရောက်လို့ သွေးကြီးနေတယ်။ တွံတေးသိန်းတန်ရဲ့ အသီးတရာ အညှာတခုနဲ့ ထွေးညိုကို မေ့သွားပြီ။ ဟစ်ဟော့တွေ၊ အော်လ်တာနေးတစ်တွေ သီဆိုပြီး ဘဝင်လေဟပ်နေတယ်။ ငှက်ကလေးတွေကလည်း အရှင်လေးတွေ။ နယ်ပယ်သစ်၊ ဝန်းကျင်သစ်မှာ ဘယ်လိုစခန်းသွားရမလဲ ဆိုပြီး ထိတ်လန့်နေရှာတယ်။ ဒီငှက်ကလေးရဲ့ မျက်ဝန်းတွေကို ကျမ ရင်းရင်းနှီးနှီး မြင်ဖူးသလားလို့။

မဲဆောက်ဈေးမှာ လက်လီလက်ကား အများဆုံး ဝယ်ယူသူတွေက မြန်မာဈေးဝယ်တွေ မြဝတီဘက်ကနေ လိုင်းကားစီးပြီး ဈေးလာဝယ်ကြတယ်။ အနယ်နယ်အရပ်ရပ်ကို ဖြန့်ဖြူးနိုင်ဖို့ အဝတ်အထည် ပလပ်စတစ် ပစ္စည်းတွေ ဝယ်ကြတာ များပါတယ်။ အဲဒီပလပ်စတစ် ပစ္စည်းတွေနေရာမှာ ကျွန်းသစ်တွေကြီးပဲ ကျမ မြင်နေတယ်။ မဖြစ်ပါဘူး။ မယ်တော်ဆေးခန်းမှာ မျက်မှန်ပါဝါ ပြန်စစ်ဦးမယ်။ ကျမတို့ မဲဆောက်ဈေးကနေ စောကျောင်းကို သွားခဲ့ရတယ်။ စောကျောင်းက VOA သတင်းထောက် မအေးအေးမာ ဦးစီးဖွင့်ထားတဲ့ ကျောင်းပါ။ မအေးအေးမာ အသံကို နှစ်ပေါင်းများစွာ ကြားရပြီး အခုမှ မြင်ဖူးရပါတယ်။ ရေဒီယိုက အသံနဲ့ အပြင်က အသံက သိပ်ကိုတူပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားငယ်၊ သမီးငယ်တွေ။ မယ်တော်ဆေးခန်းမှာ စွန့်ပစ်ခံရတဲ့ ကလေးငယ်တွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ကျောင်းပါ။ ကျောင်းမှာ စာမေးပွဲဖြေနေလို့ စောကျောင်း ဘော်ဒါကို သွားခဲ့ကြတယ်။ ဘော်ဒါမှာ ကလေးငယ်တွေရဲ့ စာအံသံ၊ ကစားသံတွေနဲ့ ဝေစည်နေတယ်။ ဘော်ဒါ အပေါ်ထပ်မှာတော့ ကလေးငယ်တွေရဲ့ စိတ်ကူးပန်းချီလက်ရာတွေက ချီးကျူးစရာ။ နောင်အနာဂတ်အတွက် သူတို့ဘဝတွေကို ရောင်စုံပန်းချီကားတွေလို ချယ်မှုန်းနိုင်ကြပါစေလို့ ကျမ ဆုတောင်းမိတယ်။

ရင်ခွင်ပိုက် ကလေးငယ်တွေနဲ့ မသန်မစွမ်း ကလေးငယ်တွေထားတဲ့ အဆောင်ကို ရောက်သွားတော့ ကျမရဲ့ ဒုက္ခဟာ ဘာမှမဟုတ်ပါလားလို့ ခံစားရတဲ့အထိ။ ကျပ်မပြည့်တဲ့ ကလေးတယောက်က ကုလားထိုင်ပေါ်မှာ။ သနပ်ခါးအဖွေးသားနဲ့။ ပါးစပ်က စီးကျနေတဲ့ သားရေတွေကို ခုခံထားတဲ့ သားရေခံက ပန်းပွင့်တွေ ရေးချယ်ထားတယ်။ ခေါင်းကြီးကိုယ်သေး ကလေးငယ်ကတော့ ပုခက်ထဲမှာ။ အာရုံကြော ချွတ်ယွင်းပြီး မလှုပ်ရှားနိုင်တဲ့ ကလေးငယ်က ဝှီးချဲလေးပေါ်မှာ။ သူတို့ဘဝရဲ့ နားခိုရာ စောကျောင်းလေးက လူတယောက်ရဲ့ အခွင့်အရေး စောင့်ရှောက်မှုကို တတ်သလောက် ပံ့ပိုးပေးထားတယ်။ မိခင်ရင်းထက်ပိုတဲ့ စောင့်ရှောက်မှုကို သူတို့ ခံစားရတယ်လို့ ဆိုပါရစေ။

ကျမတို့ကို မအေးအေးမာက သူ့ခင်ပွန်း ကဗျာဆရာ မောင်လွမ်းဏီရဲ့ လက်ရာ ခေါက်ဆွဲကြော်နဲ့ ဧည့်ခံပါတယ်။ ဆရာမောင်လွမ်းဏီနဲ့ မအေးအေးမာတို့ရဲ့ အိမ်ဧည့်ခန်းမှာ မြန်မာပြည်ရဲ့ အထင်ကရ နိုင်ငံရေးသမား၊ စာပေအနုပညာရှင်များရဲ့ ဓာတ်ပုံတွေ၊ ပုံတူပန်းချီကားတွေကို အလွမ်းပြေအောင် ကြည့်ခွင့်ရခဲ့ပါတယ်။ VOA က မသင်းသီရိရဲ့ ညီမလေး မွန်မွန်က ကျမရှိတဲ့နေရာ အရောက်မေးပြီး ဆိုင်မှာ ထမင်းကျွေးပြီး ဧည့်ဝတ်ပြုပါတယ်။ ကျမတို့က အဖွဲ့လိုက်ဆိုတော့ အားနာစကားဆိုပေမယ့် မရပါဘူး။ ရောက်တုန်းလေး ဧည့်ဝတ်ပြုပါရစေ အမရယ်တဲ့။ ကျမတို့ ထမင်းစားဝိုင်းမှာ ကမ္ဘာ့သတင်း၊ မြန်မာ့သတင်းတွေ ပြောကြတယ်။ အပြန်မှာတော့ မဲဆောက်မြို့ဟာ မီးရောင်စုံနဲ့ လှချင်တိုင်းလှနေတော့တာ။

မဲဆောက်က ဘာကြောင့် မြဝတီနဲ့မတူဘဲ ပိုပြီး ခန်းနားထည်ဝါရတာလဲ။ စနစ်လား၊ ငွေလား။ လူတွေရဲ့ အသိပညာ တန်ဖိုးထားမှုလား။ အခွင့်အလမ်းပွင့်မှုလား။ ဘယ်လိုပဲဖြစ်ဖြစ် ဒုက္ခသည်စခန်း ၉ ခုကို လက်ခံထားနိုင်တဲ့ အိမ်ရှင်နိုင်ငံ။ သူ့နိုင်ငံမှာ တောကြိုတောင်ကြားအထိ ဆိုလာပြားနဲ့ လျှပ်စစ်စွမ်းအင် ပေးနိုင်တယ်။ တောကြိုတောင်ကြားအထိ နိုင်ငံ့ခေါင်းဆောင် ဘုရင်နဲ့ ဘုရင်မကို ချစ်ခင်တန်ဖိုးထားတဲ့ နိုင်ငံသားတွေ ရှိတယ်။ ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ ကျောင်းဆရာ၊ ဆရာမကို လေးစားတန်ဖိုးထားရတယ် ဆိုတဲ့ အသိ၊ နိုင်ငံ့ဝန်ထမ်း ပြည်သူတွေဆီမှာ ရှိတဲ့ ထိုင်းနိုင်ငံ ဖြစ်ပါတယ်။

ခွင့်ရက်စေ့မယ့် တရက်အလိုမှာ ကျမတို့ မဲဆောက်ကနေ ပြန်ခဲ့ကြပါတယ်။ ကျမတို့ ပြန်မယ့်နေ့မှာ မိတ်ဆွေတွေ လိုက်မပို့နိုင်ရှာပါဘူး။ ဆက်သွယ်ရေး လွယ်ကူတဲ့ လက်ကိုင်ဖုန်းပေါ်ကနေပဲ မိတ်ဆွေတွေကို နှုတ်ဆက်ခဲ့ရတော့တယ်။ မဲဆောက်လမ်းတလျှောက်မှာ ရှိနေတဲ့ မြင်ကွင်း၊ အကြောင်းအရာ၊ ရှုခင်းတွေက လူတွေကို ဖမ်းစားနိုင်ပါတယ်။

အိမ်တအိမ်ရဲ့ အလှဟာ အမိုးပေါ်မှာ တည်တယ်ဆိုရင် နိုင်ငံတနိုင်ငံရဲ့ အလှဟာလည်း နိုင်ငံ့ခေါင်းဆောင်တွေပေါ်မှာ မူတည်တယ်ဆိုတာကို ကျမရဲ့ ဘဝခရီးတွေကနေ တွေ့မြင်သိရှိခဲ့ရပါတယ်။

ကျမ ခရီးတွေ သွားနေဆဲပါ … ။ ။


No comments:

Post a Comment