Thursday, January 21, 2010

စစ်တပ်မှ ဒေသခံမြေယာ ဧက ၂၅၀ သိမ်းယူ

ပါးရယ်

ကရင်နီပြည်တွင်း၌ အခြေစိုက်ထားသော မြန်မာစစ်အစိုးရတပ်များသည် တပ်တွင်း ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးလုပ်ကိုင်ရန် ဒေသခံ ပြည်သူများ၏ မြေယာ ဧကပေါင်း ၂၅၀ ခန့်ကို အခမဲ့ သိမ်းယူခဲ့သည်ဟု ကရင်နီလူမှုကယ်ဆယ်ရေးအဖွဲ့က ပြောသည်။


လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆိုနှင့် ဘောလခဲ စသည့် မြို့နယ်များ၌ တပ်စွဲထားသော စစ်အစိုးရတပ်များသည် အထက်အမိန့်ဖြင့် အကြောင်း ပြပြီး ဒေသခံပြည်သူများမှ နှစ်ရှည်လများ စိုက်ပျိုးလုပ်ကိုင်လာခဲ့သော မြေယာများကို အတင်းအဓမ္မ သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ကရင်နီ လူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မဌာန (KSWDC)မှ ဒါရိုက်တာ ခူးဖဲဘူးက ပြောသည်။

၂၀၀၈-၂၀၀၉ ခုနှစ်အတွင်း စစ်အစိုးရတပ်များ သိမ်းယူခဲ့သော မြေယာများမှာ ဘောလခဲ၌ ဧက ၆၀၊ ဖရူဆို၌ ဧက ၅၀၊ ဒီမောဆို၊ ငွေတောင် ၌ ဧက ၈၀ နှင့် လွိုင်ကော် မြို့နယ်၌ စက်မှုဇုံတို့ ပါဝင်ခဲ့ကြောင်း ဆိုသည်။

“အခမဲ့ပဲ သိမ်းယူတယ်။ သိမ်းယူတာလည်း အမျိုးမျိုး ရှိသေးတယ်။ တပ်ရင်းအလိုက် မိသားစု ရိက္ခာဖူလုံရေးအတွက်က သူတို့ ကိုယ့်နှကို ရှာဖွေရတယ်လေ။ သူတို့ အထက်က အဲလိုမျိုး ညွန်ကြားထားတော့ ရွာသူ၊သားတွေရဲ့ မြေယာတွေကို သူတို့ သွားသိမ်းယူလိုက်တာ” ဟု ခူးဖဲဘူးက ပြောပါသည်။

အသိမ်းခံလိုက်ရသော မြေနေရာများသည် မြေရိုင်းများ မဟုတ်ဘဲ ယခင်ကတည်းက စပါး၊ မြေပဲ၊ ပြောင်းနှင့် အာလူး စသည့် အပင်တို့ကို စိုက်ပျိုးခဲ့သော မြေယာများ ဖြစ်ကြောင်း၊ ဒေသခံပြည်သူများသည်လည်း ထိုဒေသအတွင်း စိုက်ပျိုးရေးလုပ်ငန်းကို အဓိက အသက်မွေးဝမ်း ကြသူများ ဖြစ်သည်။

တပ်ရင်းများသည် အစိုးရမြေဟု ဆိုပြီး မြေယာများကို အလွယ်တကူ သိမ်းယူသောကြောင့် သိမ်းဆည်းခံရသော အချို့ဒေသခံများသည် လုပ်ကိုင်စားသောက်ရန် မြေနေရာများ မရှိတော့၍ စားဝတ်နေရေး အကျပ်အတည်းနှင့် ကြုံတွေ့နေရကြောင်း မြေယာများ သိမ်းဆည်းခံရ သော ဒေသခံများက ပြောသည်။

ဘောလခဲမြို့နယ်မှ မြေယာများ သိမ်းဆည်းခံခဲ့ရသော ဒေသခံတဦးက “နောက်ထပ် တောင်ယာအသစ်တခင်း ထပ်ခုတ်ဖို့ဆိုရင် အဝေးကြီး သွားခုတ်ရတယ်။ အသီးအနှံတွေလည်း ချက်ချင်း မဖြစ်ထွန်းဘူးပေါ့နော်။ အဲလိုမျိုး အကြာကြီး စားဝတ်နေရေး အကျပ်အတည်း ကြုံလာ ရတော့ ကလေးတွေ ကျောင်းလည်း မထားနိုင်ဘူးပေါ့။ ကလေးတွေ ကျောင်းထွက်ခိုင်းတာတို့ အလုပ်လုပ်ခိုင်းတာတို့၊ ထွက်ရှိတဲ့ ဟင်းသီး ဟင်းရွက်တွေနဲ့ ၀င်ငွေရှာပြီး စားဝတ်နေရေး ဖြေရှင်းရတယ်ပေါ့နော်” ဟု ပြောပါသည်။

စစ်အစိုးရတပ်များသည် ဒေသခံပြည်သူများ၏ မြေယာများကို အခမဲ့ သိမ်းယူသည့်အပြင် ၎င်းတို့ စိုက်ပျိုးရာတွင်လည်း အချို့က ဒေသခံ များကို ပြန်လည်၍ စိုက်ပျိုးခိုင်းခြင်း၊ ခြံကာခိုင်းခြင်းများလည်း ရှိနေကြောင်း ခူးဖဲဘူးက ပြောသည်။

တပ်ရင်းမှူးများမှာ ၃၊ ၄နှစ်အတွင်းတကြိမ် နေရာလှည့်လည် ပြောင်းရွေ့လေ့ရှိသောကြောင့် ၎င်းတို့ သိမ်းယူထားခဲ့သော တပ်ပိုင် မြေယာများကို ပြန်လည်ရောင်းချကာ ရောက်ရှိလာသော တပ်ရင်းသစ်များလည်း ဒေသခံပြည်သူများ၏ မြေယာသစ်များကို ရှာဖွေ၍ ပြန်လည်သိမ်းယူလေ့ရှိကြောင်း သူက ဆက်ပြောသည်။

ကရင်နီပြည်တွင်းရှိ လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆိုနှင့် ဘောလခဲမြို့နယ်အတွင်းတွင် စစ်အစိုးရ တပ်ရင်း ၁၂ ရင်း တပ်စွဲလျက်ရှိသည်။ ၎င်းတို့ မှာ လွိုင်ကော်တွင် ခလရ ၅၄၊ ၇၂၊ ၂၆၁၊ ၂၅၀၊ ခမရ ၅၃၀၊ ဖရူဆိုတွင် ခမရ ၄၂၈၊ ၅၃၁၊ ဘောလခဲတွင် ခမရ ၃၃၇၊ ၄၂၉၊ ၄၃၀နှင့် ဒီမောဆို မြို့နယ်တွင် ခလရ ၁၀၂၊ ခမရ ၄၂၇တို့ ဖြစ်သည်။

No comments:

Post a Comment