Friday, January 29, 2010

စပေ့စ် (Space)


စပေ့စ် (သို့မဟုတ်) ခွင် ဟူသော စကားလုံးသည် ယခုအခါ တွင်ကျယ်လာပါသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲ ကာလနှင့် ရွေးကောက်ပွဲအပြီးတွင် ၂ဝဝ၈ ဖွဲ့စည်းပုံအရ နိုင်ငံရေးလှုပ်ရှားမှုများကို လွတ်လပ်စွာ လုပ်ခွင့် ရှိလာလိမ့်မည် (သို့မဟုတ်) နိုင်ငံရေးခွင် ကျယ်လာလိမ့်မည်၊ ထိုအခါကျမှ စစ်မှန်သော ဒီမိုကရေစီ ရရှိအောင် ဆက်လက်ရုန်းကန်ကြမည် ဟူသော အယူအဆသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြင်ပတွင် ခေတ်စားနေသည်မှာ မည်သို့မှ မဆန်းပါ။

၁၉၉၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လွတ်မလာမီကပင် အမျိုးသားညီလာခံ တက်နေကြသည့် အဖွဲ့ချုပ် ကိုယ်စားလှယ်အချို့တွင် ဤအယူအဆ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ G -7 ဟု ခေါ်ခဲ့သည့် အုပ်စု၏ အခြေခံအယူအဆမှာ ဤသို့ဖြစ်သည်။ ထိုမှတဆင့် တဖြည်းဖြည်းနှင့် အဖွဲ့ချုပ်က ထုတ်ပစ်ရပြီး၊ အဖွဲ့ချုပ်ကို ဆန့်ကျင်သူများ ဖြစ်သွားခဲ့ကြသည်။

ထိုသို့ဖြင့် အဖွဲ့ချုပ်သည် ပြောနေကြသည့် နိုင်ငံရေးခွင် (political space) ဆိုသည်ကို မဟာဗျူဟာအရရော၊ နည်းဗျူဟာအဖြစ်ပါ ပယ်ခဲ့သည်မှာ ၁၅ နှစ်ခန့် ရှိနေခဲ့ပါပြီ။ အဖွဲ့ချုပ် တည်ထောင်ချိန်ကတည်းက ချမှတ်ခဲ့သည့် မူဝါဒများနှင့် မကိုက်ညီသောကြောင့် လက်မခံနိုင်ခြင်းဟု အကြောင်းပြခဲ့သော်လည်း သဘောတရား (ideology) သက်သက်ကြောင့်သာ မဟုတ်ပါ၊ လက်တွေ့ဖြစ်ရပ်များကိုပါ ထည့်၍ စဉ်းစားကြည့်နိုင်ပါသည်။

၁၉၇၄ ခုနှစ် အခြေခံဥပဒေတွင် တပ်မတော်ဦးဆောင်မှုဆိုသော စကားတလုံးမှ မပါပါ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မ-ဆ-လ) ၏ ဖွဲ့စည်းပုံ စည်းမျဉ်းမှာလည်း စစ်မှုထမ်းဖူးမှ CEC ဖြစ်ရမည်ဟု မပါပါ။ သို့သော် မဆလပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အားလုံးသည် စစ်ဗိုလ်ဟောင်း၊ စစ်ဗိုလ်လက်ရှိတွေချည်း ဖြစ်သည့်အပြင် ပြည်သူ့လွှတ်တော်ကောင်စီ အဆင့်ဆင့်တွင် စစ်ဗိုလ်နှင့် စစ်ဗိုလ်လူထွက်များက အများစု ဖြစ်ခဲ့သည်။ ကောင်စီအဆင့်ဆင့်တွင် ပါနေသည့် အရပ်သားအားလုံးသည် မည်သို့သဘောထား၊ ခံယူချက်များ ရှိသည်ဖြစ်စေ နောက်ဆုံးတွင် စစ်တပ်ခိုင်းသမျှ လုပ်ရသည့် အခြေအနေကို ရောက်ခဲ့ရပါသည်။

ထိုသို့ဖြစ်ခဲ့ပြီးမှ လွှတ်တော်အရပ်ရပ်တွင် ၂၅ ရာခိုင်နှုန်း ရယူမည်၊ စစ်ရေးအမြင်ရှိမှ သမ္မတလုပ်ရမည်၊ အရေးကြီးသည့် ဝန်ကြီးအားလုံးကို တပ်ချုပ်က ခန့်အပ်မည် စသည်ဖြင့် ဗြောင်ရေးထားသည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေအောက်တွင် ရွေးကောက်ခံထားသည့် အမတ်များသည် လွှတ်တော်အဆင့်ဆင့်၌ လွတ်လပ်စွာ လှုပ်ရှားခွင့် ရရှိမည်ဟု မျှော်လင့်သူများသည် အကောင်းမြင်လွန်နေပြီဟုသာ ယဉ်ကျေးစွာ ခေါ်ရပါမည်။

အချို့က ဆိုကြပါသည်။ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် နိုင်ငံသားများ၏ ရပိုင်ခွင့်များကို အကာအကွယ်ပေးနိုင်ရန် လွှတ်တော်များတွင် ဒီမိုကရေစီဘက်တော်သားများ ရှိထားရန် လိုအပ်သည်၊ ထို့ကြောင့် ရွေးကောက်ပွဲဝင်ရမည်ဟုလည်းကောင်း အစိုးရအပြင်က စပေ့စ်ကို ကာကွယ်ရန် အတွင်းကိုဝင်ပြီး အပေးအယူလုပ် ပူးပေါင်းဆောင်ရွက်ရမည်ဟုလည်းကောင်း စသည်ဖြင့်။ ဤဆင်ခြေများသည်လည်း ခေတ်သစ် သမိုင်းအရ ကြည့်လျှင် လက်ခံစရာမရှိပါ။

၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးကတည်းက စစ်တပ်သည် စေတနာမှန် အခြေခံပြီး မည်သူနှင့် မည်မျှ အပေးအယူ အလျှော့အတင်း လုပ်ခဲ့ပါသနည်း။ သူတို့နှင့် ပူးပေါင်းခဲ့သည့် ကျောင်းသားခေါင်းဆောင် တချို့မှစ၍ ပမညတများ၊ ဖဆပလများအလယ် တိုင်းရင်းသားခေါင်းဆောင် အဆုံး၊ မည်သူက ပြည်သူလူထု၏ စပေ့စ်ကို ကျယ်အောင် လုပ်နိုင်ခဲ့ပါသနည်း။ ဝန်ထမ်းဘဝမှာဝင်ပြီး တဖြည်းဖြည်း ကျဉ်းလာသော စပေ့စ် (space) ကို ကြံ့ကြံ့ခံ တွန်းလှန်ခဲ့သော ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်၊ ဦးဝင်းတင်တို့ မည်သို့ဖြစ်သွားကြသနည်း။ ၁၉၆၂ ခုနှစ် အာဏာသိမ်းချိန်က ဤဒေသတွင် လွတ်လပ်မှုအရှိဆုံး နိုင်ငံတခုဘဝမှ ယခုအခြေအနေသို့ ရောက်လာခြင်းသည် ပြည်သူလူထုက ငုတ်တုတ်၊ ငုံ့ခံနေ၍ ဖြစ်ရခြင်း မဟုတ်ပါ။ မဆလ ခေတ်တလျှောက်လုံး ယုံကြည်ရာကို လုပ်ခဲ့၍ ထောင်ကျခံ၊ အသတ်ခံ၊ အသေခံသူများ၏ သတ္တိသည် ယခုလှုပ်ရှားနေသူများထက် မညံ့ပါ။

ယခု စပေ့စ် (space) အကြောင်း ပြောနေသူများထဲတွင် ထိုခေတ်က ရုန်းကန်လှုပ်ရှားခဲ့ကြသူများ အများကြီး ပါပါသည်။ ထို့ကြောင့် ခွင် (space) အကြောင်း ပြောသူတိုင်းကို သစ္စာဖောက်သွားသူများဟု ပြော၍မဖြစ်ပါ။ မမှတ်သေးဘူးလားဟုလည်း မမေးလိုပါ။ သို့သော် တခုတော့ ပြောချင်သည်။ သူတို့တတွေ မဆလအောက်တွင် ရုန်းကန်လှုပ်ရှားရင်း သေကြကြေကြတုန်းက နိုင်ငံခြားက သိရှိရန် ဝေးလို့ မြန်မာပြည်သူများကပင် ကောင်းစွာ မသိခဲ့ကြခြင်းမှာ မဆလ အစိုးရသည် တရားဝင် ရပ်တည်မှု (legitimacy) ကို တစုံတရာ အတိုင်းအတာထိ ရခဲ့၍ ဖြစ်သည်။ အတွင်းကနေ ပူးသတ်မည်ဟူသော လူများကြောင့် စစ်တပ်က ထိုရပ်တည်မှုကို ရရှိသည်ဟုဆိုလျှင် ငြင်းလိမ့်မည်မထင်ပါ။ အခုတခါ ပူးသတ်ရန် ကြံလျှင် ဤသမိုင်းသင်ခန်းစာကို သတိရပါဟု တောင်းပန်ပါရစေ။

စပေ့စ် (space) ဆိုသည်မှာ လွှတ်တော်အထဲမှာမှ ရှိတာမဟုတ်ပါ။ အပြင်မှာလည်း ရှိပါသည်။ အပြင်က စပေ့စ် (space) ကို မည်သို့ ကျယ်အောင်လုပ်မလဲ၊ မည်သို့ သုံးမလဲဆိုတာကလည်း အရေးပိုကြီးသည်ဟု ထင်ပါသည်။ NGO များ၊ Civil Society များအကြောင်း ပြောခြင်း မဟုတ်ပါ။ အရင်တုန်းကလည်း စာအုပ်အဟောင်းရောင်းရင်း၊ ရှေ့နေလိုက်ရင်း၊ ကျူရှင်ပေးရင်း လုပ်ခဲ့ကြတာပဲ၊ ဒီလိုပဲ လုပ်ကြတာပေါ့ ဟူ၍လည်း ပြော၍မရတော့ပါ။ နိုင်ငံတွင်းက ရုပ်ပိုင်းဆိုင်ရာ အခြေအနေတို့သည် သိသာစွာ ပြောင်းလဲသွားပြီ၊ ပြည်သူတို့၏ စိတ်ပိုင်းဆိုင်ရာပါ တစုံတရာ အတိုင်းအတာအထိ ရွှေ့လာခဲ့ပြီးပြီ၊ ပြည်ပက အခြေအနေများသည်လည်း ယခင်ကနှင့် လုံးဝ မတူတော့ပါ။

ထိုအချက်များကို ထည့်စဉ်းစားပြီးမှ စပေ့စ် (Space) အကြောင်း ပြောကြပါ။

No comments:

Post a Comment