Monday, February 15, 2010
ခွင့်မဲ့နဲ့ သက်ချောင်
ယနေ့ တပ်မတော်တွင်း အောက်ခြေတွင် အဓိက ရင်ဆိုင်နေရသော ပြဿနာမှာ ခွင့်မဲ့ (Awl) များပြားနေခြင်း ဖြစ်သည်။ တပ်မတော်တွင် လေးလပတ် ကာလတခုတွင် ပျမ်းမျှ အမှုပေါင်း ၉ဝဝဝမှ ၁၃ဝဝဝ ကြား ရှိရာ ၉ဝ ရာနှုန်းမှာ ခွင့်မဲ့ ပျက်ကွက်မှုများ ဖြစ်သည်။
သို့ရာတွင် လက်အောက်ခံ တပ်ရင်း/တပ်ဖွဲ့များအနေဖြင့် ကွပ်ကဲမှု ဌာနချုပ်များ၏ စွမ်းရည်သုံးရပ် အမှတ်ပေးစနစ်၊ အုပ်ချုပ်မှု လျော့နည်း၍ အပြစ်ပေး အရေးယူသည့်စနစ် စသည့် ဘေးကြပ်နံကြပ် စည်းမျဉ်းစည်းကမ်းများ ကြားတွင် အမှန်တကယ် တိုးပွားလာနေသည့် ခွင့်မဲ့ပျက်ကွက် အရေအတွက်ကို ထိန်ချန်၍ ရာခိုင်နှုန်း အနည်းငယ်မျှကိုသာ တင်ပြလေ့ရှိရာ ဆက်လက်တိုးပွားလာနေသည့် ခွင့်မဲ့ပျက်ကွက်များကြောင့် ပိုမိုဆိုးဝါးသော အခြေအနေတရပ်သို့ တွန်းပို့လျက်ရှိသည်။
ခွင့်မဲ့ပျက်ကွက်ဟူသော ဝေါဟာရမှာ တပ်မတော်ဖွဲ့စည်းစဉ်ကပင် ရှိသော်ငြားလည်း ၁၉၉၂-၉၃ ခုနှစ် နောက်ပိုင်းတွင် ပိုမိုခေတ်စားလာခဲ့သည်။ ကိုယ်ပိုင်နံပါတ် ကပ/ ၉ သိန်းကျော် နောက်ပိုင်းတွင် ခွင့်မဲ့နှင့် အတူ ဆွဲစိဟူသော ဝေါဟာရပါ ခေတ်စားလာခဲ့သည်။ မီးရထား၊ ဘူတာရုံ၊ ကားဂိတ်၊ ဈေးများရှိ အခြေမဲ့အနေမဲ့များကို အတင်းအဓမ္မဆွဲ၍ တပ်ထဲသွင်းရာမှ အရွယ်မရောက်သေးသည့် ကလေးသူငယ်နှင့် ကျောင်းသားလေးများကိုပါ ဆွဲစိလာခဲ့သည်။
တ/(ကိုယ်ပိုင်နံပါတ် တသန်းကို ကိုယ်စားပြုသည်) များနှင့်အတူ စစ်ပွဲစားဟူသည့် ဝေါဟာရနှင့်အတူ ကိုယ်ပိုင်နံပတ်၂ ခု၊ ၃ ခု ပိုင်သည့် နှစ်ထပ်ကွမ်း၊ သုံးထပ်ကွမ်း ဝေါဟာရများပါ ပေါ်ပေါက်လာခဲ့သည်။
တပ်မတော်ဖွဲ့စည်းပုံ တိုးချဲ့ခြင်းနှင့်အတူ လိုအပ်လာသည့် စစ်သည်အင်အား ပြည့်မီရေးအတွက် တပ်မတော် တပ်သားသစ် စုဆောင်းရေးတပ်ဖွဲ့များအား ဖိအားပေးဆောင်ရွက်စေရာမှ ယခုအခါ ခြေလျင်/ခြေမြန် တပ်ရင်းတပ်ဖွဲ့များကိုပါ လေးလပတ်ကာလတခုလျှင် တပ်သားသစ် ၅ ဦးနှုန်း မဖြစ်မနေ စုဆောင်းရန် ဖိအားပေးစေခိုင်းလာကြသည်။ အရေအတွက် ပြည့်မီအောင် စုဆောင်းပေးနိုင်ခြင်း မရှိသော ရင်း/ဖွဲ့များအနေဖြင့် ရုံးတင်၍ အပြစ်ဖော်ပြ သတိပေးဆုံးမ ပြုလုပ်ခြင်း၊ တဆင့်မြင့် ရာထူးအတွက် ထောက်ခံမှုမပေးခြင်း၊ ဆုကြေး/ဒဏ်ကြေး ပေးဆောင်စေခြင်း စသော ဖိအားပေးစေခိုင်းခြင်းများ ရှိနေရာ အတင်းအကျပ် စစ်သားစုဆောင်းမှုများ ပိုမိုတိုးပွားလာစေရေး တွန်းအားတခုပမာ ဖြစ်နေသည်။
ဖိအားပေးမှုများ၏ နောက်ဆက်တွဲ အကျိုးဆက်များအနေဖြင့် အရွယ်မရောက်သေးသည့် ကလေး သူငယ်များ (အသက် ၁၈ နှစ် မပြည့်သေးသူများ)၊ အရွယ်လွန်သူများ (အသက် ၃၅ နှစ် ကျော်သူများ)၊ ဥာဏ်ရည် မပြည့်သူများ (ရူးသွပ်နေသူများ)၊ ဒုစရိုက်မှု ကျူးလွန်ထားသူများ (ခိုး၊ ဆိုး၊ နှိုက်) ကိုပါ တပ်မတော်သားအဖြစ် အတင်းအကျပ် စုဆောင်းလာခဲ့သည်။ အခြားတဖက်တွင်လည်း အတင်းအကျပ် စုဆောင်းသူများမှာ ခြေလျင်/ခြေမြန် တပ်ရင်းများမှ တာဝန်ပေးခံရသူ တပ်ကိုယ်စားလှယ်များ ဖြစ်နေပြီး ဆေးအောင်ပြေစာ ထုတ်ပေးသည့် စစ်ဆေးရုံနှင့် တပ်သားသစ် ပြေစာထုတ်ပေးသည့် စုဆောင်းရေး တပ်တို့မှာ စစ်သားချင်း ခေါင်းပုံဖြတ်သည့် စစ်ပွဲစားများ ဖြစ်လာကြသည်။
“အရေအတွက်မှ အရည်အချင်းသို့” ဟူသော ဆောင်ပုဒ်နှင့်အညီ အရေအတွက် ပြည့်မီရေး ဖိအားပေး စုဆောင်းခဲ့သည်။ သို့ရာတွင် တ/ နောက်ပိုင်း တပ်မတော်၏ စာရင်းရှိ အင်အားမှာ ၄ သိန်းကျော်မျှ တိုးပွားလာသော်လည်း နောက်ဆက်တွဲအနေဖြင့် တနှစ်တာ ပျမ်းမျှပြုန်းတီးမှုမှာ စုဆောင်းရရှိမှု၏ ၇၅ ရာနှုန်းကျော် ရှိနေရာ ၎င်းနှင့် ဆက်စပ်၍ လစာ/ရိက္ခာ ထိန်ချန်မှုများပါ ပေါ်ပေါက်လာခဲ့သည်။
တပ်မတော် အကြီးအကဲများအနေဖြင့် ခွင့်မဲ့ပျက်ကွက်များ တိုးပွားလာခြင်းမှာ တပ်တွင်း စားဝတ်နေရေး ကျပ်တည်းခြင်း၊ သက်သာချောင်ချိရေး ဆောင်ရွက်ပေးနိုင်မှု နည်းပါးခြင်းကြောင့် ဖြစ်ရသည်ဟူသော ယူဆချက်နှင့်အတူ တပ်သားသစ်များ သင်တန်းဆင်း ရောက်ရှိလာပါက တပ်မှူးကိုယ်တိုင် နွေးထွေးစွာ ကြိုဆိုရန်၊ စစ်သည်စားရိပ်သာတွင် ရုပ်သံပြစက်များ တပ်ဆင်ပေးရန်၊ တပ်ရင်းတရင်းလျှင် ဘိလိယက်ခုံ ၂ ခုံ ထားရှိရန်၊ သင်တန်းဆင်း ရောက်ရှိလာသော တပ်သားသစ်များအား စောလျင်စွာ စစ်ဆင်ရေးတာဝန် မပေးရန်၊ စစ်သည်များ၏ လစာများအား ဘဏ်စုစာအုပ် ပြုလုပ်၍ စုဆောင်းစေရန်၊ တပ်နေပျော်ရေး စီမံချက်များ ရေးဆွဲ၍ တပ်တွင်း စည်းလုံးညီညွတ်ရေး တည်ဆောက်ရန် စသော ညွှန်ကြားချက်အမျိုးမျိုး ထုတ်၍ ဖြေရှင်းရန် ကြိုးစားနေသည်။
အချုပ်အားဖြင့်ဆိုသော် ''မျိုးစေ့မမှန် ပင်မသန်'' ဟူသည့် ရှေးဆိုရိုး ရှိသည်နှင့်အညီ ကိုယ်ပိုင်ခံယူချက်၊ ကိုယ်ပိုင်ရပ်တည်ချက်၊ ကိုယ်ပိုင်ယုံကြည်ချက်ဖြင့် တပ်မတော်သားဘဝကို လိုလိုလားလား မခံယူသေးသမျှ၊ တနည်းဆိုသော် မှားယွင်းနေသော လက်ရှိ ဖိအားပေး အတင်းအကျပ် စုဆောင်းသည့် စနစ်ဆိုးကြီး ရှိနေသမျှ ကာလပတ်လုံး မည်သို့သော ''သက်သာချောင်ချိရေး'' မျိုး ဆောင်ရွက်ပေးနေစေကာမူ ''ခွင့်မဲ့'' ဟူသော ပြဿနာမှာ မြန်မာ့တပ်မတော်အတွက် အဖြေမရှိသော ပုဒ်စာတပုဒ်အဖြစ်သာ ဆက်လက်၍ တည်ရှိနေဦးမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါတော့သည်။
No comments:
Post a Comment