Saturday, February 20, 2010

ဒုက္ခသည်များ ဒုက္ခသစ်မရှာကြပါနဲ့

Dr. တင့်ဆွေ

လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေကို ဆေးပညာမှာ Sexually Transmitted Diseases (STDs) လို့ အခုခေါ်ပါတယ်။ အရင်ကတော့ Venereal Diseases (VD) လို့ ခေါ်ခဲ့တယ်။ ကျနော်တို့ဆီမှာလည်း အရင်က “ကာလသားရောဂါ” လို့ ခေါ်ခဲ့ပြီး၊ ရောဂါ တိုက်ဖျက်ရေး ဌာနတောင် ဒီနာမည်နဲ့ လုပ်ခဲ့ ပါသေးတာ။

“ကာလသား” ဆိုတာ လူပျိုပေါက်ထက် ကြီးပြီး၊ များသောအားဖြင့် အိမ်ထောင်လည်း မကျသေးတဲ့ ယောက်ျားသား လူရွယ်တွေကို ခေါ်တာပါ။ တောရွာတွေမှာ “ကာလသားခေါင်း” ဆိုတာ ရပ်ရေးရွာရေး၊ လူမှုရေးကိစ္စတွေမှာ စေတနာနဲ့ (ဗော်လန်တီယာ) လုပ်နေသူတွေရဲ့ ခေါင်းဆောင်ကို ခေါ်တယ်။ အမိန့်နာခံသူကို ရွေးတာ၊ အထက်လူကြီးကို လာဘ်ထိုးနိုင်လို့ ခန့်တာမျိုး မဟုတ်ဘူး။ ရွာသားတွေက နှစ်လိုသဘောကျသူကိုသာ ရွေးတာ။ အင်မတန် ချစ်ဖို့ကောင်းတဲ့ ယဉ်ကျေးမှုပေါ့။

ကာလသားတွေသာ မဟုတ်ဘူး၊ STDs တွေက အရွယ်မရွေး ဖြစ်နိုင်တယ်။ မွေးစကလေးတွေတောင် ကူးတာ။ အမျိုးသားတွေရော၊ အမျိုးသမီးများတွေမှာပါ ဖြစ်တယ်။ ဖြစ်မှာပေါ့၊ လိင်ဆက်ဆံကြရာမှာ မဆင်ခြင်ကြလို့ တယောက်ကနေ နောက်တယောက်ကို ကူးတာကိုး။ ဒါ့ကြောင့် STIs လို့ ပြောတာက ပိုမှန်တယ်။ “I” ဆိုတာ Infection “ကူးစက်ရောဂါ” လို့ ကွက်ကွက်ကွင်းကွင်း ခေါ်လိုက်တာပါဘဲ။

Venereal လို့ ခေါ်တာကလဲ Venus ဗီးနပ်စ်ကနေ လာတာပါ။ ကျောင်းသားတွေက သောကြာဂြိုဟ်လို့ သင်ကြရမယ်။ စာဖတ်သူများကတော့ ဗီးနပ်စ်ကို အချစ်နဲ့ အလှကို ကိုယ်စားပြုတဲ့ ရောမနတ်သမီးလို့ သိကြမယ်။ ရောမ သာမကပါ၊ ဂရိနတ်သမီး (အဖရိုဒိုက်) နဲ့ပါ ဆက်စပ်မှု ရှိသေးတယ်။ လှလွန်းတယ်လို့ နာမည်ကြီးတဲ့ လက်နှစ်ဖက်ပြတ် ကျောက်ဆစ်ရုပ်ထု Aphrodite of Milos ကို Venus de Milo လို့ ပိုသိကြတယ် မဟုတ်လား။ “လှတာမက်တော့ ညစာခက်” ဆိုသလို ရောဂါက အတော်ကို ကြောက်ဖို့ ကောင်းတယ်။

ဆေးတွေ မပေါ်ခင်ကဆို ကုရာနတ္ထိရောဂါတွေလို့ ထင်မှတ်ခဲ့ရသေးတယ်။ ဒီလိုရောဂါတွေကုဖို့ ပဋ္ဌမဆုံးဆေးရုံကို ၁၇၄၆ ကျမှ လန်ဒန်မှာ စဖွင့်တယ်။ စပိန်ပြည်တွင်းစစ် (၁၈၂ဝ-၂၃) ခေတ်ကတောင် “ရန်သူ့ကျည်ဆံလို ကြောက်ဖို့ ကောင်းတယ်” လို့ ပိုစတာတွေ ကပ်ခဲ့ကြသေးတယ်။

လိင်ဆက်ဆံရာ နေရာမှန်သမျှမှာ ရောဂါရတယ်။ လိင်အင်္ဂါ၊ ပါးစပ်၊ စအို။ နောက်ပြီး မအေကနေ ကလေး။ မူးယစ်ဆေး သွေးပြန်ကြော ထိုးနည်းတွေကနေလည်း ကူးနိုင်တယ်။ လိင်အင်္ဂါတွေမှာသာ မဟုတ်ဘဲ တခြားတခြား နေရာတွေမှာပါ ရောဂါရတတ်တယ်။ အဲလိုဖြစ်တာတွေက ပိုဆိုးတယ်။ Systemic STDs လို့ခေါ်တာတွေက HIV, Hepatitis B, Hepatitis C နဲ့ Human Herpes Virus တွေ ဖြစ်တယ်။

ရောဂါပိုးတွေကလည်း အမျိုးမျိုး။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ဖန်းဂတ်စ်၊ ပရိုဇိုးဝါးနဲ့ ပါရာဆိုက်၊ အကောင်စုံပါပဲ။ ဆစ်ဖလစ်ကို VD ခေါ်ကတည်းက ရောဂါ ရှိ-မရှိစမ်းတာကို Venereal Disease Research Laboratory (VDRL) tests လို့ ခေါ်တာ အခုအထိပဲ။ ဒီစမ်းသပ်နည်းက ရာနှုန်းပြည့် ဒီရောဂါရှိတယ်လို့ ပြောနိုင်တာတော့ မဟုတ်ပါ။

Chlamydia trachomatis ပိုးတွေကြောင့်က အဖြစ်အများဆုံးလို့ ပြောနိုင်တယ်။ ကျား-မ လိင်အင်္ဂါတွေမှာ အနာဖြစ်တာပါ။ အနာ ဆိုပေမယ့် မနာဘူး။ ပေါင်ခြံမှာ တက်စေ့တွေ ရောင်လာမယ်။ တက်စေ့ကနေ အနာလည်း ဖြစ်လာတတ်တယ်။ အမျိုးသမီးများ သားအိမ်အဝမှာ အဖြစ်များတယ်။ အဖြူဆင်းတယ်။ ဆင်းတာက ပြည်လိုနေတယ်။ နည်းနည်းဝါမယ်။ မီးခိုးရောင်၊ ခပ်စိမ်းစိမ်းအရောင်လည်း ဖြစ်နိုင်တယ်။ အမြှုပ်လိုလည်း ရှိတတ်တယ်။ အနံ့ဆိုးတယ်။ ယားမယ်။ သွေးနည်းနည်းလည်း စွန်းနိုင်တယ်။ ဆီး ခဏခဏ သွားချင်ပြီး ဆီးအောင့်တယ်။ အတွင်းအင်္ဂါတွေအထိ ရောက်နိုင်တယ်။ ဒီအချိန်မှာ လိင်ဆက်ဆံရင် နာမယ်။ စအိုလိင်ဆက်ဆံသူများဆိုရင် အစာဟောင်းအိမ်ကို ရောဂါရလို့ ဝမ်းသွားရင် နာမယ်။

ဒုတိယအများဆုံးဖြစ်တာက Gonorrhea ဂနိုရီးယား။ လွန်ခဲ့တဲ့ နှစ် ၅ဝဝဝ က တရုတ်မှာ ဖြစ်ခဲ့တယ်လို့ သမိုင်းဆရာတွေက ပြောတယ်။ ပိုးရှိပေမယ့် ဘာမှမဖြစ်သလိုလည်း နေတတ်တယ်။ ပိုးရှိနေသူနဲ့ ဆက်ဆံပြီး၊ ၄-၅ ရက်မှာ စတယ်။ ယောက်ျားတွေမှာ ဆီးအောင့်တာ၊ ဆီးလမ်းကနေ အဖြူရည်၊ အဝါရည် ကျတာ။ ဆက်ဖြစ်ရင် အကြောနာ၊ အစေ့နာတာ ဖြစ်မယ်။ ဗမာတွေက “ဆီးပူး-ညောင်းကျ” လို့ အရပ်ထဲမှာ ပြောတာပေါ့။ ပုဆိုးကို မ-ပင့်ပြီး လမ်းသွားရတယ်။ (ဂေး) တွေမှာ စအို ရောင်နိုင်မယ်။ လမ်းလျှောက်ပုံ တမျိုးပေါ့။ အမျိုးသမီးဆိုရင် အဖြူဆင်းမယ်။ ဆီးက ပန်းထွက်သလို သွားတယ်။ ကြားရက် သွေးဆင်းတာ ဖြစ်တတ်သေးတယ်။ ဆက်ဆံရင်လည်း နာမယ်။ အထဲကို ရောဂါပြန့်ရင် သားအိမ်ဘေးက အင်္ဂါမှန်သမျှ ရောင်နိုင်တယ်။ သေသေချာချာ ဆေးမကုရင် ယောက်ျားရော၊ မိန်းမပါ ကလေးမရတာ ဖြစ်သွားတတ်တယ်။

Chancroid (ရှန်ကာ) ဆိုတာဖြစ်ရင် လိင်အင်္ဂါမှာ အနာ၊ အကြိတ် ပေါ်လာမယ်။ ပေါင်ခြံက အကြိတ်တွေ ရောင်လာတယ်။ ရေယုံဆိုတာ ကိုယ်ခန္ဓာမှာ ဖြစ်တာတမျိုး၊ ပါးစပ်တဝိုက် ဖြစ်တာတမျိုး။ လိင်လမ်းမှာလည်း ဖြစ်သေးတယ်။ Genital Herpes ခေါ်တယ်။ (HSV-2) ဗိုင်းရပ်စ် ကနေဖြစ်တာ။ အရည်ကြည်ဖုတွေ ဖြစ်တယ်၊ နာတယ်၊ ယားတယ်။ မွေးလာမယ့် ကလေးကို ကူးနိုင်တယ်။

Human Papillomavirus (HPV) လိင်လမ်းကြောင်း ကြွက်နို့ကလည်း ဒီအုပ်စုဝင်ရောဂါ ဖြစ်တယ်။ Lymphogranuloma Venereum (LGV) ဆိုတာက တက်စေ့တွေ ရောင်တာပါ။ လိင်အင်္ဂါမယ် မနာတဲ့ အနာဖြစ်လို့ ဆစ်ဖလစ်နဲ့ မှားတတ်တယ်။

ဆစ်ဖလစ် ရောဂါသမိုင်းက ၁၅ ရာစုကတည်းကတဲ့။ ကွန်မြူနစ်ကမ္ဘာရဲ့ ဆရာကြီး နှစ်ဆူဖြစ်ကြတဲ့ လီနင်နဲ့ တော်လ်စထွိုင်းတို့လည်း ဒီရောဂါနဲ့ မကင်းဘူးတဲ့။ အာဏာရှင်ကမ္ဘာကဆိုရင် ဂျာမဏီက ဟစ်တလာ၊ အီတလီက မူဆိုလီနီ၊ ရုရှားက လူဆိုးဘုရင် အိုင်ဗင် စသူတွေ ပါတယ်။ “နာမည်ဆိုးရှိသူများ သတိထားကြပါ။”

ဆေးစာတွေကို ဗမာလိုပြန်ရင် အတော့်ကို အဆီအငေါ်မတည့်တာ ဒီရောဂါပဲ။ ဗမာတွေက Chickenpox ကို ရေကျောက် ခေါ်ပြီး၊ ခုခေတ်မှာ မျိုးတုံးသွားပြီဖြစ်တဲ့ Smallpox ကို “ကျောက်ကြီး” လို့ ခေါ်ကြတယ်။ အင်္ဂလိပ်လို The Great Pox ဆိုတာကို တိတိကျကျ ဘာသာပြန်ရင် “မဟာကျောက်ရောဂါ” ပေါ့။ အဲဒါ Syphilis “ဆစ်ဖလစ်” ကို ခေါ်တာပါ။

အာလူးအချောင်းကြော်ကို French fries လို့ခေါ်မှ ခေတ်မီတယ်။ French kiss ဆိုတာလည်း လုပ်တတ်ကြတယ်။ French disease ဆိုတာကိုပါ သိဖို့လိုတယ်။ ဆစ်ဖလစ်ကို အီတာလျန် နဲ့ ဂျာမန်တွေက အဲလို ခေါ်တာ။ ဒတ်ခ်ျတွေကတော့ စပိန်ကို လွှဲချတယ်၊ ရုရှားတွေက ပိုလန်ကို လက်ညှိုးထိုးပြီး၊ တူရကီတွေက နည်းနည်းပိုဆိုးတယ်။ "Christian disease" တဲ့။ အမှန်က သူတို့ဆီကို ဒီလူတွေဆီကနေ ကူးလာတာလို့ ပြောချင်ကြတာပါ။

ဆစ်ဖလစ်ကို အဆင့်တွေခွဲ လေ့လာရတယ်။ ၁၊ ၂၊ ၃၊ ၄။ Treponema pallidum ဗက်တီးရီးယား ပိုးဝင်ပြီး၊ ၂၁ ရက်အကြာ၊ လိင်ဆက်ဆံရာနေရာ မှန်သမျှမယ် မနာတဲ့ အနာလေးတွေ စဖြစ်တယ်။ ၁ လ၊ ၁ လခွဲနေရင် ပျောက်သွားမယ်။ နောက်အဆင့် ဖြစ်လာရင် မယားတဲ့ အနီပြင်တွေ ခြေသလုံး၊ လက်၊ ကျောတို့မှာ ပေါ်မယ်။ ဒီအဆင့်က ပိုပြီး ကူးစက်စေနိုင်တယ်။ ကိုယ်ပူတာ၊ လည်ချောင်းနာ၊ အစားပျက်၊ အလေးချိန်လျော့၊ တက်စေ့ရောင်တာတွေ ဖြစ်မယ်။ နောက်ပြီး ဘယ်အင်္ဂါအစိတ်အပိုင်းမဆို ရောဂါပြန့်မယ်။ အဆစ်၊ အသည်း၊ ကျောက်ကပ်။

မပျောက်သေးတဲ့ သူတွေ ၂ % လောက်က တတိယ အဆင့် ရောက်သွားမယ်။ သွေးကြောကြီးတွေ ဖောင်းမယ်၊ Gummas တက်စေ့တွေ ရောင်မယ်၊ Neuro-syphilis ဦးနှောက်ဆစ်ဖလစ်ဖြစ်မယ်၊ မျက်စိ၊ နားကို ကူးစက်တော့မယ်။ ၂ နှစ် ကြာရင် တတိယအဆင့်ဆိုတာ ဖြစ်လာတယ်။

နောက်ဆုံးအဆင့်ဆိုတာ ရောဂါကူးချိန်ကနေ ၁ နှစ်ကနေ ၁ဝ နှစ်အတွင်းဖြစ်တယ်။ ဒီထက်လည်း ကြာနိုင်သေးတယ်။ အရိုး၊ အဆစ်နဲ့ အာရုံကြောတွေမှာ Gummas (ဂါမာ) ဆိုတာတွေ ဖြစ်လာမယ်။ အာရုံကြော ဆစ်ဖလစ်ဖြစ်ရင် ရောဂါလက္ခဏာ မပေါ်တဲ့အဆင့်ကနေ စိတ်မကောင်းသူလို ဖြစ်သွားတဲ့အဆင့်ထိ ဖြစ်နိုင်တယ်။ နှလုံးကနေထွက်တဲ့ အကြီးဆုံး သွေးလွှတ်ကြောကြီးမှာ ရောဂါရလာတတ်တယ်။ သိပ်တော့ အစိုးရိမ်မကြီးပါနဲ့ ပဋိဇီဝဆေးတွေ မပေါ်ခင်ကသာ ၂၅-၃၅ % ဖြစ်တာပါ။ အဲ့ ခုခေတ်မှာတော့ Neurosyphilis ဟာ HIV ရှိသူတွေမှာသာ များနေပါတယ်။

ဒီလို လက္ခဏာတွေရှိတိုင်း နာခေါင်းမရှုံ့ပါနဲ့။ အမျိုးသမီးများမှာဖြစ်တဲ့ Vaginal Infections မွေးလမ်းကြောင်း ရောင်တာက သန့်ရှင်းရေး နည်းလို့လည်း ဖြစ်တတ်တယ်။ Trichomoniasis ပိုးက လိင်နဲ့မဆိုင်တဲ့ အဝတ်စိုလိုမျိုးမှာ ၁ နာရီလောက် ရှင်နေနိုင်လို့ အတူသုံးမိရင် ကူးနိုင်တယ်။ ဒါ့အပြင် ဖိုဆိုရင် ယင်ဖိုတောင် မသန်းဖူးတဲ့ အမျိုးသမီးများမှာတောင်မှ ဗက်တီးရီးယား အရေအတွက် အပြောင်းအလဲကြောင့် ဖြစ်ရတတ်တယ်။ သန့်ရှင်းရေး လုပ်တဲ့အခါ ရှေ့ကနေ နောက်ဖက်ဆီ လုပ်ရတာကို မှတ်ပါ၊ လုပ်ပါ။ ပဋိဇီဝဆေးတွေကြောင့်လည်း ဖန်းဂတ်စ် (ရိစ်) ပိုးဝင်နိုင်တယ်။

ဒီရောဂါတွေကို ကာကွယ်ဘို့ တချို့က လိင်ကိစ္စမှန်သမျှ ဝေရမဏိ လုပ်ခိုင်းတယ်။ သီလမစောင့်နိုင်ရင်တော့ “ကွန်ဒွန်” က အလွန်မတန် အသုံးဝင်ပါတယ်။ ကိုယ်ခန္ဓာ ရင်းနှီးရသူတွေကို ပညာပေးတာ ထိရောက်အောင်လုပ်ဖို့ အလွန့်အလွန်ကို အရေးကြီးပါတယ်။ ကိုယ့်အိမ်ထောင်ဘက်၊ ကိုယ့်အဖော်ကို လူစိတ်ထားပြီး ဆက်ဆံသင့်တယ်။ ဖြစ်လာရင် HIV နဲ့ B, C ပိုးတွေကလွဲရင် ဆေးတွေက အတော်ကို နိုင်ပါတယ်။ တချို့ဆို တခါသောက်နဲ့ ပျောက်တယ်။ ဆေးပါတ် လည်အောင်တော့ ကုဖို့လိုတယ်။ အတူနေဖော် နှစ်ယောက်လုံး တပြိုင်တည်း ဆေးကုရပါမယ်။

ဆစ်ဖလစ်ဟာ အမေရိကားကို ကိုလန်ဘတ်စ် မတွေ့ခင်ကတည်းက ရှိတယ်လို့ နောက်မှရောက်တဲ့ ဥရောပသားတွေက ပြောတယ်။ ဒီနောက် ရောက်လာကြမယ့် ဗမာတွေ အပါအဝင် အာဖရိကနဲ့ အာရှက လူမှန်သမျှကို မလာခင် ဆေးစစ်တဲ့အခါ ဒီရောဂါကိုပါ စစ်တယ်။ ပိုးတွေ့ရင်လည်း ၁ ပတ် ၁လုံး၊ ၃ ပတ် ဆေးထိုးခိုင်းပြီး၊ ဆေးအောင် လုပ်ပေးလိုက်ပါမယ်။ ဒါပေမဲ့ သူတို့ဆီမယ် ၁ နှစ်မှာ လူ ၁၇ သန်းလောက် ဒီရောဂါသည် အသစ်တွေ ရှိနေတယ်။ ဆေးစစ်အောင်လို့ ရောက်သွားကြမယ့် ဒုက္ခသည်များ၊ ဟိုရောက်ရင် ဒုက္ခသစ်မရှာကြဖို့ သတိပေးပါတယ်ခင်ဗျား။


No comments:

Post a Comment