Sunday, February 21, 2010

မဲဆောက်စက်ရုံ မြင်ကွင်းစုံ (၂)


မဲဆောက်မြို့မှာ စက်ချုပ်အလုပ်ရုံတွေဟာ သိုးမွှေးစက်ရုံတွေထက် ပိုများပါတယ်။ သိုးမွှေးစက်ရုံတွေမှာ အလုပ်ပြတ်တာတွေ ရှိပေမယ့် စက်ချုပ်အလုပ်ရုံတွေမှာတော့ အလုပ်ပြတ်တယ်လို့ သိပ်မရှိကြပါဘူး။ ဒါပေမဲ့ သိုးမွှေး စက်ရုံတွေမှာ အလုပ်ကောင်းတဲ့လတွေနဲ့ စက်ချုပ်ရုံတွေက အလုပ်ကောင်းတဲ့လတွေမှာ ဝင်ငွေကို ယှဉ်ကြည့်မယ်ဆိုရင် သိုးမွှေးစက်ရုံတွေက ဝင်ငွေပိုကောင်းပါတယ်။


သိုးမွှေးစက်ရုံတွေက အလုပ်ပြတ်တဲ့လတွေ ရှိနေတဲ့အတွက်ကြောင့်သာ တနှစ်ပတ်လုံး ဝင်ငွေအရဆိုရင်တော့ စက်ချုပ်တဲ့ သူတွေက ဝင်ငွေပိုကောင်းသွားကြတာပါ။ အဲဒါတွေကြောင့် တချို့သိုးမွှေးအလုပ်သမားတွေလည်း စက်ချုပ်လုပ်ငန်းဘက်ကို ပြောင်းလုပ်နေကြပါတယ်။

မြန်မာနိုင်ငံမှာလည်း အထည်ချုပ်စက်ရုံတွေရှိပါတယ်။ များသောအားဖြင့်တော့ တရုတ်နဲ့ ကိုးရီးယားနိုင်ငံတွေက လာဖွင့်ထားကြတာပါ။ စက်ရုံကြီးတွေမှာဆို အလုပ်သမား တထောင်ကျော်လောက် ရှိကြပြီး၊ စက်ရုံသေးရင်တော့ အလုပ်သမား ၂ဝဝ ကနေ ၃ဝဝ ကျော်အထိပဲ ရှိပါတယ်။ တချို့စက်ရုံငယ်လေးတွေကိုတော့ မြန်မာတွေ ပိုင်ကြပါတယ်။

၂ဝဝ၄ ခုနှစ်မတိုင်ခင် ကာလတွေက ရန်ကုန်မြို့ အင်းလျားလမ်းမှာရှိတဲ့ တော်ဝင်သဇင် အထည်ချုပ်စက်ရုံ ငယ်လေးမှာ လုပ်ခဲ့ဖူးတဲ့ စက်ချုပ်အလုပ်သမတဦးရဲ့ ပြောပြချက်အရဆိုရင် “ကျမတို့ စက်ရုံကတော့ နေ့စဉ် မနက် ၇ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိ ပုံမှန်ဆင်းရတယ်။ အလုပ်ကတော့ ဒေးကြေး (Daily Wages) လို့ခေါ်တဲ့ နေ့စားပေါ့။ စက်ချုပ်တဲ့သူတယောက်ဟာ အဲဒီအချိန်တုန်းက တနေ့မှ မြန်မာငွေ ၁၇ဝ၊ ၁၈ဝ လောက်ပဲ ရကြပါတယ်။ ပုံမှန် ၄ နာရီခွဲထိဆိုပေမယ့် နေ့တိုင်းလိုလို ၆ နာရီခွဲအထိ ဆင်းပေးရပါတယ်။ အချိန်ပိုကြေးလည်း မရဘူး။

သူဋ္ဌေးက အလုပ် အရေးကြီးလို့ ည ၇ နာရီကျော် ၁၂ နာရီထိ ဆင်းပေးရတာမျိုးလည်း ရှိတယ်။ အဲသလို အချိန်ပို ဆင်းပေးရရင်တော့ ကော်ဖီတိုက်တယ်။ မာမား ခေါက်ဆွဲထုပ် ကျွေးတယ်။ တခါတလေ ထမင်းကြော်တွေဘာတွေ ကျွေးပါတယ်။ အလုပ်လာတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် လာရတယ်။ ၄ နာရီခွဲကျော် သွားရင်တော့ သူဋ္ဌေးက သူ့ကားနဲ့ လိုက်ပို့ပေးတယ်။ တလကို မြန်မာငွေ ၇ဝဝဝ၊ ၈ဝဝဝ လောက် ရကြပါတယ်။ အခုတော့ ရုံပျက်သွားပြီ။ ရုံပျက်တော့ သူဋ္ဌေးက အလုပ်သမားတွေကို ဒေးကြေးနဲ့တွက်ပြီး ၃ လစာ လျော်ကြေးပေးတယ်လေ” လို့ ပြောပြပါတယ်။ အဲဒီကာလတွေမှာ လိုင်းစူပါလို့ခေါ်တဲ့ တလိုင်းချင်း ကြီးကြပ်ရတဲ့ သူတွေဆိုရင် တနေ့ကို ၄၅ဝ လောက် ရကြောင်းလည်း ဆက်ပြီး ပြောပြပါတယ်။

မဲဆောက်က အထည်ချုပ် စက်ရုံတွေကတော့ အထက်မှာ ပြောခဲ့သလိုပဲ တော်တော်ကို များပါတယ်။ ခန့်မှန်းခြေဆိုရင် ၂ဝဝ ကျော်လောက် ရှိပါမယ်။ မဲဆောက်မှာတော့ အထည်ချုပ်အလုပ်ကို စဝင်,ဝင်ချင်း ဘတ် ၇ဝ ရပါတယ်။ မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ ပုံမှန်အလုပ်ဆင်းရတယ်။ တချို့စက်ရုံတွေမှာကတော့ ညနေ ၅ နာရီက ကျော်သွားရင် အချိန်ပိုကြေးအဖြစ် တနာရီကို ၁ဝ ဘတ်နှုန်း ပေးပါတယ်။ စနေ၊ တနင်္ဂနွေနဲ့ တရားဝင် အလုပ်ပိတ်ရက်တွေမှာ အလုပ်ဆင်းရလည်း ဒီလိုပါပဲ။ ပိတ်ရက်မရှိပါဘူး။ လစာထုတ်ပြီး နောက်တနေ့ တရက်တော့ ပိတ်ပေးပါတယ်။ တလလုံးမှာ တရက်တည်း ပိတ်ပေးတဲ့သဘောပါ။

အလုပ်သမား ၂ဝဝ လောက်ရှိတဲ့ စက်ရုံမှာ အလုပ်လုပ်ဖူးတဲ့ စက်ချုပ်သမတယောက်ကတော့ “ကျမတို့ စက်ရုံက အလုပ်စဝင်မယ်ဆိုရင် ကျွမ်းကျင်မှုအပေါ် မူတည်ပြီး ဘတ် ၆ဝ၊ ၇ဝ လောက် ပေးပါတယ်။ နေ့စားပေါ့။ အထည်ချုပ်တွေက အများအားဖြင့် နေ့စားခေါ်တာ များပါတယ်။ ဒါဇင်စား၊ အထည်ကောက်ချုပ်ရတာ နည်းပါတယ်။ အလုပ်ရုံထဲမှာတော့ ချည်ဆင်ပေးတယ်။ ချုပ်တဲ့သူကချုပ်၊ ဓားစက်လိုက်သူလိုက်၊ ကင်းစက်ဆိုတာလည်း ရှိသေးတယ်။ အဲဒါတွေပြီးရင်တော့ ကြယ်သီးဖောက်ပေါ့။ နေ့စားဖြစ်တဲ့အတွက် သိုးမွှေးစက်ဆွဲတဲ့သူတွေလို ဒါဇင်မအပ်ရပါဘူး။ အရည်အချင်းပေါ်လိုက်ပြီး တချို့လည်း ၈ဝ၊ ၉ဝ ရကြပါတယ်။ အလုပ်ချိန်ကတော့ ည ၉ နာရီအထိဟာ ပုံမှန်ပါပဲ။ တချို့စက်ရုံကြီးတွေမှာ စက်ရုံထဲမှာ နေရပေမယ့် တချို့လည်း အပြင်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နေ,နေကြရတာပဲ။ ကိုယ့်ဟာကိုယ် ချက်စားရတယ်။ တချို့သူဋ္ဌေးတွေကတော့ ထမင်းပေးတယ်လေ။ ဒါပေမဲ့ အလကား မဟုတ်ဘူး။ အိုတီကြေးထဲက ဖြတ်တယ်။ ဒီလိုပါပဲ၊ တလကို မြန်မာငွေ ၅ သောင်းလောက် အိမ်ကိုပြန်ပို့နိုင်ဖို့ ခြိုးခြံချွေတာစားရတာပေါ့။ တလကို ၄၊ ၅ ရာလောက်နဲ့ ဖြစ်အောင် စားရတယ်” လို့ ပြောပြသွားပါတယ်။

ငွေငါးသောင်းပို့ဖို့ကိစ္စနဲ့ ပတ်သက်ပြီး အလုပ်သမတဦးက သူတို့စက်ရုံတွေမှာ ခေတ်စားနေတဲ့ မြန်မာပြည်က အမေရေးလိုက်တဲ့ စာလေးကို ရယ်စရာ ဟာသလေးတခုအဖြစ် အခုလို ပြောပြပါတယ်။ “သမီး နေကောင်း…. အမေ ဆုတောင်း… ပို့လိုက်ပါလေ…. ငွေငါးသောင်း” ဆိုတာပဲ ဖြစ်ပါတယ်။

မဲဆောက်က တချို့အထည်ချုပ်စက်ရုံကြီးတွေမှာ ညကို ၂ နာရီအထိ အလုပ်ဆင်းပေးကြရပါတယ်။ အဲဒီလို ညဥ့်နက်သန်းခေါင် အလုပ်ဆင်းထားရပေမဲ့ နောက်တနေ့မနက် ကျတော့လည်း ပုံမှန် ၈ နာရီ ပြန်ဆင်းကြရတာပါ။ နေ့စဉ်ရက်ဆက် အဲဒီလိုလုပ်နေတဲ့အတွက် ဝÀ လို့ခေါ်တဲ့ အလုပ်သမားတွေကို ကြီးကြပ်ရတဲ့သူတွေနဲ့ အဆင်ပြေတဲ့ သူတွေကတော့ ပွိုင့်ကောင်းကောင်းတွေ ချုပ်ရပြီး တလကို ဘတ် ၄-၅ ထောင်လောက်တော့ ရကြပါတယ်။ ပွိုင့်ကောင်းကောင်း ဆိုတာကတော့ စက်ချုပ်ရတာ နည်းနည်းခက်တဲ့ အပိုင်းပါ။ ဥပမာ လည်ပင်းပေါက်လို နေရာမျိုးပေါ့။ အဲဒီလိုနေရာမျိုးမှာ လုပ်ရတဲ့သူတွေကတော့ လုပ်သက်ရှိပြီး၊ စက်ချုပ်ကျွမ်းကျင်ရပါမယ်။ လုပ်သက်လည်း ရှိတယ်။ စက်ချုပ်လည်း ကျွမ်းကျင်တာချင်း တူရင်တောင်မှ မန်နေဂျာတွေ၊ လိုင်းစူပါလို့ခေါ်တဲ့ အုပ်ချုပ်သူတွေနဲ့ အဆင်ပြေတဲ့ သူတွေကိုသာ ခိုင်းလေ့ရှိပါတယ်။ ပိုက်ဆံပိုရတဲ့ နေရာဆိုရင်လည်း မမှားပါဘူး။

ကိုယ့်ကိုယ်ကို လူသားတယောက်ပါလား ဆိုတာတောင် မေ့နေကြပါပြီ။ ပိုက်ဆံရရေး၊ မြန်မာပြည်ကို များများ ပို့နိုင်ရေး ဆိုတဲ့ စိတ်တွေနဲ့ လုပ်နေကြတာပါ။ ငါတို့မြန်မာပြည်မှာ အဲဒီလိုလုပ်ချင်လို့တောင် လုပ်စရာအလုပ်ကမရှိ။ လုပ်ရပြန်တော့လည်း လုပ်အားခတွေက ဒီမှာထက် အဆမတန်နည်း။ ဒီတနှစ်ကုန်ရင်တော့ ပြန်နိုင်ပါပြီ။ နောက်တနှစ် ဆိုရင်တော့ မြန်မာပြည်မှာ လုပ်ကိုင်စားဖို့ အရင်းအနှီးလေး ရလောက်ပါပြီဆိုပြီး အားခဲကာ လုပ်ကြပေမယ့် အချိန်တန်တော့ အိမ်မပြန်နိုင်ကြသေးပါဘူး။ နှစ်တွေလည်း အတော်ကြာနေကြပါပြီ။

တချို့အလုပ်သမားတွေကတော့ မဲဆောက်မှာထက် ပိုပြီးအလုပ်ကောင်းတဲ့၊ ဝင်ငွေကောင်းတဲ့ ဘန်ကောက်လို နေရာမျိုးကို သွားပြီးအလုပ်လုပ်ကြပါတယ်။ ဘန်ကောက်မှာ အလုပ်လုပ်နေတဲ့ စက်ချုပ်အလုပ်သမတဦးရဲ့ ပြောပြချက်အရဆိုရင် “ဘန်ကောက်မှာ ဒေကြေး တနေ့ကို ဘတ် ၂၂ဝ လောက်ရတယ်။ အလုပ်လဲကောင်းပါတယ်။ အလုပ်ပြတ်တာ သိပ်မရှိပါဘူး။ ဘန်ကောက်သွားတဲ့ပွဲစားခကတော့ ၁၅ဝဝဝ (ဘတ်တသောင်းခွဲ) ပေးရတယ်။ တချို့လည်း ၁၆ဝဝဝ လောက် ပေးရတာတွေလည်း ရှိတာပေါ့။ အဲလောက်ပေးရလည်း သွားနေကြတာပဲလေ။ ဟိုမှာက ဒေးကြေးအပြင် အိုတီကြေး (Overtime wages) ကလည်း တနာရီကို ဘတ် ၃ဝ လောက်ရတာ” လို့ ပြောပြပါတယ်။ ဘန်ကောက်မှာ ဘယ်လောက်ပဲ ဝင်ငွေတွေ ကောင်းနေပါစေ၊ အလုပ်သမားလက်မှတ် မရှိလို့ ရဲက ဖမ်းမိသွားပြီဆိုရင်တော့ မဲဆောက်ကနေတဆင့် မြဝတီကို ပြန်ပို့ပါတယ်။ အဲဒီမှာ မြဝတီကနေ မဲဆောက်ကို ပြန်ရောက်လာတာပါပဲ။

မဲဆောက်နဲ့ ဘန်ကောက် ဘယ်နေရာမှာပဲလုပ်လုပ်၊ တချို့အလုပ်သမားတွေကို သူဋ္ဌေးက ဘတ်လို့ခေါ်တဲ့ အလုပ်သမားလက်မှတ် လုပ်ပေးထားပေမယ့်လည်း မရှိတဲ့လူက ပိုများပါတယ်။ လုပ်ပေးထားတဲ့ အလုပ်သမားတွေအတွက် ကုန်ကျတဲ့ စရိတ်ကို တလချင်းစီ ပြန်ဖြတ်ပါတယ်။ မဲဆောက်မှာတော့ သိုးမွှေးစက်ရုံပဲဖြစ်ဖြစ်၊ အထည်ချုပ် စက်ရုံပဲဖြစ်ဖြစ် ဘတ် (အလုပ်သမားလက်မှတ်) မရှိတဲ့လူကို တလ ဘတ် ၁၅ဝ ကောက်ပါတယ်။ သူတို့အပြောကတော့ ရဲမဖမ်းအောင် ရဲကြေးပေးရတဲ့ သဘောမျိုးပါ။ ဒါပေမဲ့ တကယ့်တကယ် စီမံချက်ရှိတယ်၊ ဘန်ကောက်က ရဲတွေ လာဖမ်းတော့မယ်ဆိုရင် လက်မှတ်မရှိတဲ့ အလုပ်သမားတွေအားလုံး ပုန်းကြ၊ ရှောင်ကြရတာပါပဲ။

ဘယ်လိုပဲ ဘာတွေဖြစ်နေပါစေ၊ ရဲပဲ ဖမ်းဖမ်း၊ ထောင်ပဲ ကျကျ၊ အမိမြန်မာပြည်နဲ့စာရင် ဝင်ငွေလေး ကောင်းနေတော့ နေ့စဉ်လိုလို မဲဆောက်မှာ အလုပ်လုပ်ရအောင် လာတဲ့ မြန်မာပြည်သားတွေ ဒုနဲ့ဒေးပါ။ တချို့အလုပ်သမားတွေဆိုရင် မဲဆောက်မှာ အလုပ်မကောင်းလို့ အလုပ်ကောင်းတဲ့ ဘန်ကောက်လိုနေရာမျိုးကို စွန့်စွန့်စားစား တောလမ်း ခရီးကနေ သွားကြရပါတယ်။ အဲဒီလိုသွားတဲ့နေရာမှာ အဆင်ပြေပြေနဲ့ ရောက်သွားတဲ့သူတွေ ရှိသလို၊ လမ်းခရီးမှာတင် ထိုင်းအာဏာပိုင်တွေက ဖမ်းမိပြီး ထောင်ထဲရောက်သွားရတဲ့သူတွေလည်း ရှိပါတယ်။

ဟိုတလောက ကြားသိရတဲ့ သတင်းတွေအရတော့ မဲဆောက်ကနေ ဘန်ကောက်သွားတဲ့ မြန်မာအလုပ်သမား ၉ ယောက်လောက် လမ်းမှာ ပစ်သတ်ခံရပါတယ်။ ဟိုးအရင်နှစ်တွေကလည်း ရနောင်းဘက်ကနေ ကွန်တိန်နာကားနဲ့ အလုပ်သမားတွေ ဘန်ကောက်အသွား လမ်းမှာအသက်ရှူကျပ်ပြီး အစုလိုက်အပြုံလိုက် သေဆုံးကြရပါသေးတယ်။

သယံဇာတတွေ ပေါကြွယ်ဝပါတယ်ဆိုတဲ့ ကျနော်တို့တိုင်းပြည်မှာ ကျနော်တို့တွေ ဘာမှမခံစား၊ မစံစားရဘဲ အများစုဟာ သူတပါးနိုင်ငံတွေမှာ မျက်နှာငယ်ငယ်နဲ့ အခုလို အလုပ်လုပ်နေကြရတာတွေ၊ အနှိမ်ခံ၊ အဖိနှိပ်ခံရရုံတင် မကဘဲ မထင်ရင်မထင်သလို ပစ်သတ်ခံနေရတာတွေကို တွေးမိတိုင်း တခုခုတော့ လိုနေသလို ခံစားနေရပါတယ်။

No comments:

Post a Comment