Saturday, February 27, 2010

အားနာမိပါတယ်

မေရနံ့

‘‘ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ။ ၁၉၁၅ ရှေ့နေ ဦးဖာ သား’’ စတဲ့ ဗိုလ်ချုပ်အကြောင်း ရေးစပ်ထားတဲ့ ကဗျာလေးကို ကျမတို့ မူလတန်းတုန်းက ကျက်မှတ်ခဲ့ရဖူးတယ်။ ကျမတို့ ငယ် ငယ်က တော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို စာသင်ကျောင်းတွေမှာ ကြားခဲ့၊ သင်ခဲ့ရတယ်။ လွတ်လပ်ရေးနေ့၊ အာဇာနည်နေ့ စတဲ့ နေ့တွေ မှာဆိုရင် ဗိုလ်ချုပ်ကို ဂုဏ်ပြုတဲ့ ဇာတိမာန်တေးတွေကို နားထောင်ရင်း ကြီးပြင်းခဲ့ရပါတယ်။

ကျမတို့ အထက်တန်းကျောင်းကို ရောက်လာတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို သင်တာ၊ ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်အကြောင်း ပြောတာတွေ သိပ်မရှိတော့ဘူး။ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် တကယ့်ကို လေးစားတန်ဖိုးထားရတဲ့ ပုဂ္ဂိုလ်၊ လူငယ်တွေအတွက် လေးစားအတုဖွယ်ရာ ခေါင်းဆောင်တဦး ဖြစ်တယ်ဆိုတာကို ဆရာ/ဆရာမတွေကလည်း သိပ်မပြောကြတော့ပါဘူး။ တချို့ တိုးတက်တဲ့ အမြင်ရှိသူ ဆရာတချို့ ပြောရင်တောင် နိုင်ငံရေးသမား ယောင်ယောင်ဆိုပြီး ပစ်ပယ်တတ်ကြတယ်။


ကျမတို့ တက္ကသိုလ်တက်နေတဲ့ အချိန်ရောက်တော့ ဗိုလ်ချုပ်အကြောင်းနဲ့ ဗိုလ်ချုပ်ဓာတ်ပုံတွေပါ ပျောက်ကွယ်သွားခဲ့ပါတယ်။ ကျောင်းပြဋ္ဌာန်း စာအုပ်ထဲမှာ မတွေ့ရတော့ဘူး။ ဆရာ/ဆရာမတွေကလည်း ပြဋ္ဌာန်းစာအုပ်ထဲမှာ မပါတာ၊ မပြောရဘူးလို့ ပိတ်ပင်တာနဲ့ပဲ သူတို့ သိခဲ့ရတဲ့ ဗိုလ်ချုပ်အကြောင်းကို မပြောရဲကြတော့ဘူး။

ဗိုလ်ချုပ်မွေးနေ့၊ အာဇာနည်နေ့၊ လွတ်လပ်ရေးနေ့ အဲလို အထိမ်းအမှတ်နေ့တွေရောက်လို့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ လွတ်လပ်ရေး ကြိုးပမ်းခဲ့တဲ့ အာဇာနည်တွေအကြောင်း ပြောတာတောင် ခိုးပြီးပြောရတဲ့ အခြေအနေ ဖြစ်သွားရတယ်။ အတန်းထဲမှာ ဆရာမတွေ မသိအောင်၊ ဘေးက ကိုယ်နဲ့စိမ်းတဲ့ လူတွေမသိအောင် ထိန်းပြောနေရတဲ့အဖြစ်တွေ။ ဒါတွေကို ကျမ ကြုံတွေ့လာရ၊ သိလာရတော့ တကယ့်ကို စိတ်မကောင်း ဖြစ်မိပါတယ်။

ကျမတို့ ခပ်ငယ်ငယ် မူလတန်းကျောင်းတုန်းကဆိုရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံကို ကျမတို့တွေ တွေ့ခဲ့ရတယ်။ ကျောင်းအုပ်ကြီး ရုံးခန်းထဲမှာ၊ ဆရာ/ဆရာမတွေ နားနေဆောင်မှာ၊ စာသင်ခန်းထဲမှာ စသဖြင့် နေရာ အများအပြားမှာ တွေ့မြင်နိုင်တယ်။ အလေးပြု ကြရပါတယ်။

မနက် ကျောင်းမတက်ခင် အလေးပြုအခမ်းအနား အမြဲပြုလုပ်ရတဲ့ အလေ့အထရှိတယ်။

‘‘ကျဆုံးနေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု’’ ဆိုပြီး အတန်းခေါင်းဆောင်ရဲ့ မာန်ပါပါအသံကြီးကို ဒီနေ့အထိ ကြားယောင်နေမိသေးတယ်။

‘‘ဗိုလ်ချုပ်ရဲ့ ရဲရင့်ပြတ်သားပြီး တိုင်းပြည်ကို အသက်ငယ်ငယ်နဲ့ ဦးဆောင်နိုင်ခဲ့တဲ့ စွမ်းရည်က မင်းတို့လို လူငယ်တွေကို ပစ်မထားကြဖို့၊ အထင်မသေးကြဖို့ကို သတိပေးနေတာပဲ’’ ဆိုပြီး ကျမတို့ ဆရာကြီးတယောက် ပြောတာကို ကြားခဲ့ရဖူးပါတယ်။ ဒါကြောင့် ကျမတို့ စိတ်ထဲစွဲထင်နေတာက ဗိုလ်ချုပ်ရဲ့ ကျေးဇူးကြောင့် ငါတို့လူငယ်တွေ ဂုဏ်တက်ခဲ့ရတယ်။ ငါတို့လူငယ်တွေ စိတ်ဓာတ်မြင့်မားလာခဲ့ရတယ် စသဖြင့် လူငယ်တွေအတွက် လေးစားဂုဏ်ယူထိုက်တဲ့ စံပြ ပုဂ္ဂိုလ်ကြီးအဖြစ် ကျမတို့ မှတ်ယူခဲ့ကြတယ်။ ဗိုလ်ချုပ်မွေးနေ့ကို ကလေးများနေ့အဖြစ်လည်း သတ်မှတ်ထားတာ ရှိပါတယ်။

၂ဝဝ၇ ခုနှစ်က ဗိုလ်ချုပ်မွေးနေ့ အမှတ်တရနဲ့ ကလေးများနေ့ ကျင်းပတဲ့ ပွဲကိုတော့ လက်ရှိ ထောင်ဒဏ် တကျွန်းကျခံနေရတဲ့ ကိုသူရိန်အောင်တို့ သူငယ်ချင်းတစုနေတဲ့ အိမ်မှာပဲ ကလေးတွေနဲ့အတူ ကြီးကျယ်ခမ်းနားမှု မရှိဘဲ တိတ်တဆိတ် ကျင်းပခဲ့တယ်။ ကျမတို့ ညီအမနှစ်ယောက်လည်း ဆရာမတွေအနေနဲ့ တက်ရောက်ခဲ့ရပါတယ်။ နေရာက လှိုင်သာယာမြို့နယ် ဈေလေးကားမှတ်တိုင်နားက ချောင်ကျကျ နေရာတခုမှာပါ။

တကယ်ဆို ကျမတို့ တိုင်းပြည်ကို နယ်ချဲ့လက်အောက်က လွတ်မြောက်အောင် ဦးဆောင်ပြီး ကယ်တင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကို ကြီးကြီးကျယ်ကျယ်၊ ခမ်းခမ်းနားနားနဲ့ လူသိရှင်ကြား ဂုဏ်ပြုရမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း စစ်အာဏာပိုင်တွေရဲ့ ကန့်သတ်ဖိနှိပ်မှုကြောင့် ကျမတို့တွေ တိတ်တိတ်လေး ကျင်းပပြီး ဂုဏ်ပြုခဲ့ကြရတယ်။ ကျမ စိတ်ထဲမှာတော့ ‘‘အားနာလိုက်တာ ဗိုလ်ချုပ်ရယ်’’ လို့ မကြာမကြာ ရေရွတ်နေမိပါတယ်။ မြန်မာတမျိုးသားလုံး သူ့ကျွန်ဘဝက လွတ်မြောက်ပြီး ကိုယ့်ထီးကိုယ့်နန်းနဲ့ နေနိုင်အောင် ဘဝကိုပေးပြီး အသက်ပါစတေးခဲ့တဲ့ ဗိုလ်ချုပ်၊ တိုင်းတပါးနယ်ချဲ့တွေရဲ့ လေးစားမှု၊ မြန်မာတမျိုးသားလုံးရဲ့ တန်ဖိုးထားယုံကြည်မှုတွေကို ရခဲ့တဲ့ ဗိုလ်ချုပ်။ ဒီလိုပုဂ္ဂိုလ်မျိုးကို ဒို့ခေတ်ကျမှ တိတ်တဆိတ်၊ ခိုးကြောင်ခိုးဝှက်နဲ့ ဂုဏ်ပြုနေရတယ်ဆိုပြီး ကျမ တကယ်ကို စိတ်မကောင်း ဖြစ်မိတာပါ။

မနက် ၉ နာရီလောက်မှာ ကလေးတွေ ရောက်လာတော့ ဗိုလ်ချုပ်ပုံပါတဲ့ အင်္ကျီလေးတွေကို ကျမတို့က ဆင်တူဝတ်ပေးကြပါတယ်။ အဲဒီနောက်တော့ ကျမတို့တွေ သင်ပေးထားတဲ့ ဗိုလ်ချုပ်ကဗျာလေးကို သီဆိုပြီး ဂုဏ်ပြုကြတယ်။ ကလေးလေးတွေက အရွယ်စုံမို့ အသံစုံပါပဲ။ သူတို့သီဆိုတဲ့ ဗိုလ်ချုပ်ကဗျာလေးကို ကြားရတဲ့ ကျမတို့တွေ ကြည်နူးပီတိ ဖြစ်ခဲ့ရပါတယ်။ ဗိုလ်ချုပ်အကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း ကလေးတွေကို ပြောပြ၊ ကလေးတွေ မေးတာကိုလည်း ပြန်ဖြေကြနဲ့ နွေးနွေးထွေးထွေးလေးပါ။ ပြီးတာနဲ့ ကလေးတွေကို ဆန်ပြုတ်တိုက်ပြီး လက်ဆောင်လေးတွေကို ဝေပေးကြပါတယ်။ ကလေးတွေနဲ့အတူ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ရတာလည်း ပျော်စရာပါပဲ။

အဲဒီကလေးတွေကို ကျမတို့တွေက စုပေါင်းပြီး စာသင်ပေးနေတာပါ။ ဦးဆောင်စီစဉ်သူကတော့ လက်ရှိ အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ ကိုသူရိန်အောင်တို့ သူငယ်ချင်းတစုပဲ ဖြစ်ပါတယ်။ သူတို့တွေက ကလေးတွေကို ချစ်တတ်တဲ့အပြင် ကလေးတွေရဲ့ လက်တွေ့ရင်ဆိုင်နေရတဲ့ ဘဝတွေကို နားလည်သိမြင်ထားကြသူတွေဖြစ်တော့ ကလေးတွေအတွက် အနာဂတ်ကို စနစ်တကျဖြစ်အောင် ကြိုးစားပေးနိုင်ဖို့ စဉ်းစားကြရင်းက ဒီကျောင်းလေးကို ဖွင့်ဖြစ်တာပါ။

ဒီလိုဖွင့်နိုင်ဖို့ကလည်း မလွယ်လှပါဘူး။ ကိုသူရိန်အောင်တို့က အလုပ်သမား အခွင့်အရေးအတွက် ပညာပေးဟောပြောသူတွေ၊ လူ့အခွင့်အရေး ပညာပေးလုပ်ငန်းတွေကို လုပ်ကိုင်သူ လူငယ်တစုဖြစ်နေတော့ အာဏာပိုင်တွေရဲ့ တရားဝင်ခွင့်ပြုချက်ကို ရနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ မဖြစ်ဖြစ်အောင် ကြိုးစားကြရင်းနဲ့ ဆရာ/ဆရာမတွေအဖြစ် ကိုယ်နဲ့နီးစပ်ရာ မိတ်ဆွေတွေကို အကူအညီတောင်းပြီး အကောင်အထည် ဖော်လာခဲ့ရတာပါ။

ကျမတို့ ညီမနှစ်ယောက်ကိုလည်း ကိုသူရိန်အောင်ကပဲ ဦးဇင်း(ဦးဂမ္ဘီရ)ဆီ အကူအညီတောင်းပြီး ကျမတို့ကို ကလေးတွေအတွက် ကျောင်းဆရာမ လုပ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ဦးဇင်းကလည်း ‘‘နင်တို့တွေ ဘွဲ့ရပြီး အလုပ်မရှိ၊ အကိုင်မရှိနဲ့ဆို ကြာလာရင် လူညွန့်တုံးကုန်မယ်ဟ။ အဲဒီတော့ အခု ကိုသူရိန်တို့ကျောင်းမှာ ဆရာမ သွားလုပ်ကြ။ လစာတော့ ရမှာမဟုတ်ဘူး။ ဘော်လန်တီယာအဖြစ် လုပ်ကြရမှာပဲ။ ဒါလည်း အကျိုးမယုတ်ပါဘူးဟာ။ နင်တို့အတွက် အတွေ့အကြုံရသလို ကုသိုလ်လည်း ရမှာပါ။ သွားဖို့လမ်းစရိတ် (ကားခ) စတဲ့ လိုအပ်တာတွေကိုတော့ ကိုသူရိန်နဲ့ငါ ညှိပြီး ထောက်ပံ့ပေးမယ်’’ လို့ ပြောပြီးတဲ့နောက် မကြာခင်မှာပဲ ကျမတို့ ညီအမနှစ်ယောက် ဆရာမတွေ ဖြစ်ခဲ့ကြရတယ်။

နေ့တိုင်း ကျမတို့ အိမ်ကနေ မနက် ၁ဝ နာရီလောက်က စထွက်ပြီး နေ့လည် ၁ နာရီအမီ ရောက်အောင် သွားကြရတယ်။ ကျမတို့နေတာက ရွှေပြည်သာမြို့နယ် ဆရာစံရပ်ကွက်မှာဆိုတော့ လှိုင်သာယာကို ကား ၂ ဆင့်စီးပြီးမှ ရောက်တယ်။ ကျမတို့ ညီအမနှစ်ယောက်က နေ့ခင်း ၁ နာရီကနေ ၃ နာရီအထိ ကလေးတွေကို စာသင်ပေးရပါတယ်။

ခရီးလမ်းက ကားစီးရတာနဲ့ ပင်ပန်းတယ်လို့ ဆိုနိုင်ပေမယ့် ကျောင်းရောက်တော့လည်း ကလေးတွေနဲ့ တွေ့ရပြီဆိုရင် အသံစာစာလေးတွေနဲ့ ကြိုတတ်ကြတဲ့ သူတို့လေးတွေကြောင့် အမောပြေသွားရပါတယ်။ သူတို့လေးတွေရဲ့ ဘဝတွေကို သနားတဲ့ စိတ်က ဝင်လာတော့ ကားစီးလို့ ပင်ပန်းလာရတဲ့ အမောတွေတောင် ပျောက်သွားခဲ့ရတယ်။ ကိုယ့်အမောထက် သူတို့ရဲ့ ဘဝအမောတွေက ပိုပြီး ပြင်းထန်နေတာကိုး။

ကျမတို့ နယ်မှာနေတုန်းက ၁ဝ တန်း ကျောင်းသား/ကျောင်းသူတွေကို သင်ပေးခဲ့ရတဲ့ အတွေ့အကြုံနဲ့ အခု ကလေးတွေကို စာသင်ပေးရမယ်ဆိုတော့ အစပိုင်းရက်တွေမှာ တော်တော်အခက်အခဲဖြစ်တယ်။ ကလေးတွေဆိုတာ အတော်စိတ်ရှည်နိုင်မှရယ်။ အဲလိုမှ မဟုတ်ရင် သူတို့ကို စာသင်ပေးနိုင်ဖို့အရေးက ခပ်ဝေးဝေး ဖြစ်သွားနိုင်တယ်။ ပြီးတော့ သူတို့လေးတွေ အများစုက သာမန်ကလေးတွေ မဟုတ်ကြဘူး။ မိဘတွေနဲ့အတူ နေ့စဉ်စားဝတ်နေရေးတွေကို ရုန်းကန်နေတဲ့ ကလေးတွေ ဖြစ်ကြတယ်။ ဒီလိုဆိုတော့ ကျမတို့မှာ တော်တော်သည်းခံရပါတယ်။

အစပိုင်းရက်တွေမှာ ကလေးငယ်တွေ ကျောင်းတက်ဖို့ အချိန်နောက်ကျရင် ကျမက စိတ်ဆိုးတတ်တယ်။ အချိန်မလေးစားဘူး၊ ဘယ်ဝင်ဆော့နေတာလဲဆိုပြီး ရိုက်မယ်ဟန်ပြင်တယ်။ ဒါပေမဲ့ ကလေးပြန်ဖြေတဲ့ စကားသံ အဆုံးမှာတော့ ကျမ စိတ်ဆိုးဒေါသထွက်နေရာက ကရုဏာသက်မိသွားတယ်။

‘‘သား .. အမေနဲ့ ဈေးရောင်းလိုက်သွားရလို့တဲ့’’

တချို့ကလေးတွေဆို ‘‘ထမင်းမစားရသေးလို့ ကျောင်းမလာနိုင်ဘူး’’ ဆိုတာက ရှိသေးတယ်။ တချို့ကျတော့လည်း ခဲတံနဲ့ စာအုပ် မရှိလို့ဆိုပြီး ငိုမဲ့မဲ့နဲ့ ပြောလာတာလည်း ရှိတယ်။

ရန်ကုန်လိုနေရာမျိုးမှာ လက်လုပ်လက်စား အလုပ်သမားတွေအနေနဲ့ ကိုယ့်ကလေးတယောက်ကို ကျောင်းထားဖို့ဆိုတာ အင်မတန် ခက်ခဲတဲ့ ကိစ္စတခုပါပဲ။ သူတို့လေးတွေရဲ့ ဝမ်းရေးအတွက် မိဘတွေနဲ့အတူ နေ့မအားညမအား ရှာဖွေနေရပေမယ့်၊ နေ့ညထမင်းတောင် နပ်မှန်အောင် မစားနိုင်ကြတဲ့ အခြေအနေဖြစ်တော့ ပညာရေးနဲ့၊ တခြားကိစ္စတွေအတွက် သူတို့တွေမှာ မစဉ်းစားနိုင်ကြဘူး။ အများစုက နယ်ကနေ ပြောင်းလာပြီး ရန်ကုန်မှာ ရရာအလုပ်ကလေးတွေနဲ့ ဖြစ်သလို ရပ်တည်နေကြရတဲ့ အဖြစ်တွေမို့ ကိုယ်ပိုင်အိမ်ယာတွေ မရှိကြဘူး။ အိမ်ခန်ငှားနေရကြရတယ်။ တချို့လည်း စက်ရုံက အလုပ်သမားတန်းလျားမှာ နေကြရတယ်။

‘‘ဒီ(ရန်ကုန်)မှာ ကျောတနေရာ ချနိုင်ဖို့နဲ့ နေ့စဉ် ထမင်းစားဖို့တောင် နပ်မှန်အောင် မနည်းရုန်းနေရတာ။ ကလေးပညာရေးဆိုတာ ခေါင်းထဲမထည့်အားသေးပါဘူး ဆရာမရယ်။ ဘာပဲဖြစ်ဖြစ် ကျမတို့ မသင်ခဲ့ရတဲ့ စာတွေကို သူတို့ကို တတ်စေချင်ပါတယ်။ ဒါပေမဲ့ စာတတ်ဖို့ထက် သူတို့ ထမင်းနပ်မှန်ဖို့က အဓိကမဟုတ်လား’’ ဆိုပြီးတောင် ကျမတို့ကို ပြန်ပြီး အမေးခံရဖူးတယ်။

စာသင်ခန်းဆိုတာက သူတို့ကလေးတွေအတွက် မလိုအပ်ဘူးလို့ တရားသေ ယူဆမထားကြပေမယ့် သူတို့ရဲ့ နေ့စဉ်ဝမ်းစာကိစ္စက ရှေ့တန်းရောက်လာတော့ ကလေးတွေခမျာ စာသင်ခန်းတွေကို ကျောခိုင်းခဲ့ကြရတယ်။ စာသင်ခန်းဆိုတာ သူတို့လေးတွေအတွက် ကိုယ်နဲ့မဆိုင်တော့တဲ့ အရာတခု ဖြစ်သွားတယ်။ သူတို့အနေနဲ့ လက်လှမ်းမမီနိုင်တော့တဲ့ အရာလို့လည်း မှတ်ယူသွားကြတာ ရှိတယ်။

ဒီအခြေအနေတွေကို နားလည်သိမြင်လာတဲ့ ကိုသူရိန်အောင်တို့အုပ်စုက ကလေးတွေကို စရိတ်ငြိမ်း စာသင်နိုင်ဖို့ ကြိုစားပေးပါတယ်။ စာအုပ်၊ ခဲတံ၊ ဘောပင် စတာတွေကို ထောက်ပံ့ပေးပြီး ကလေးတွေကို ကျောင်းပို့ဖို့ မိဘတွေကို ပြောရတယ်။ စာသင်ဖို့နေရာကိုလည်း ကလေးတွေရဲ့ အိမ်နဲ့ အနီးဆုံးနေရာမှာ စီစဉ်ပေးရပါတယ်။

လှိုင်သာယာ ဈေးလေးမှတ်တိုင်နားက ကိုသူရိန်အောင်တို့ သူငယ်ချင်းတစုနေတဲ့ အိမ်တလုံးမှာ တနေရာ စီစဉ်ပြီး၊ နောက်တနေရာကိုတော့ လှိုင်သာယာစက်မှုဇုန်ထဲက အလုပ်သမားတန်းလျားမှာ စီစဉ်ထားပါတယ်။ တနင်္လာကနေ စနေနေ့အထိ စာသင်ရက် တပတ်ကို ၆ ရက်မှာ တနေရာကို ၃ ရက်စီခွဲပြီး သင်ပေးရတယ်။ ဈေးလေးမှတ်တိုင်နားက အိမ်မှာ စာသင်ပေးရတာ သိပ်ပြီးပြဿနာမရှိပေမယ့် စက်မှုဇုန်ထဲက အလုပ်သမား တန်းလျားမှာကျတော့ နေရာအခက်အခဲ ရှိတယ်။

အလုပ်သမားတန်းလျားရှေ့က အရိပ်ရတဲ့ သစ်ပင်တွေအောက်မှာ ဖျာလေးတွေခင်းပြီး စာသင်ကြရတယ်။ သူတို့မိဘတွေရဲ့ အိမ်ခန်းတွေမှာက ကလေး အယောက် ၃ဝ ဝန်းကျင်လောက်အတွက် နေရာအခက်အခဲ ရှိတာကြောင့် သင်ဖို့ မဖြစ်နိုင်ပါဘူး။ အရိပ်ရတဲ့ သစ်ပင်အောက်မှာ သစ်သားစားပွဲခုံလေးတွေချပြီး စာသင်ကြရတယ်။ နေစောင်းလို့ နေရောင်ထိုးလာပြီဆိုရင်လည်း နေရောင်ကွယ်တဲ့ သစ်ပင်ရိပ် တဖက်ကိုပြောင်းပြီး သင်ကြရတယ်။

အဲလိုဒုက္ခမျိုးစုံနဲ့ ယှဉ်တွဲပြီး သင်ကြားရတဲ့ ပညာရေးတွေဖြစ်ပေမယ့် ကလေးတွေက ကြိုးစားမှု ရှိကြပါတယ်။ တချို့ကလေးတွေဆို ဥာဏ်လည်းထက်၊ စားလည်းကြိုးစားကြတော့ အားရစရာကောင်းပါတယ်။ ဒါပေမဲ့ သူတို့ဘဝက ဒီ့ထက်ပိုပြီး အဆင့်မြင်ပညာတွေကို ကြိုးစားသင်ယူနိုင်အောင် အခွင့်အရေးမပေးကြပါဘူး။ ပတ်ဝန်ကျင် အသိုင်းအဝိုင်းကလည်း ကလေးတွေအတွက် ကြိုးစားနိုင်သလောက် ကြိုးစားခွင့်ရှိအောင် အခွင့်အလမ်းတွေ ဖန်တီးထားတာ မရှိတော့ ကျမတို့ စိတ်မကောင်း ဖြစ်မိပါတယ်။

ကလေးတို့ကြီးရင် ဘာလုပ်မှာလဲလို့ ကျမက အခွင့်သာရင် မေးတတ်တယ်။ ၂ဝဝ၇ ခုနှစ်ကပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ လုပ်ပြီးခါစ တနေ့မှာပါ။ ခပ်သွက်သွက်ရှိတဲ့ ကလေးငယ်နှစ်ယောက်ရဲ့ ပြောစကားကို ကျမ ထူးထူးခြားခြား မှတ်မိနေတာလေး ရှိတယ်။

‘‘မင်းတို့တွေကြီးလာရင် ဘာလုပ်ကြမလဲ။ ဘယ်လိုပုဂ္ဂိုလ်ကြီးတွေဖြစ်ချင်ကြလဲ’’ ဆိုတော့ ကလေးငယ်တယောက်က ‘‘ဗိုလ်ချုပ်အောင်ဆန်းလို ဗိုလ်ချုပ်ကြီး ဖြစ်ချင်တယ်’’။ နောက်ကလေးငယ် တယောက်ကကျတော့ ‘‘သား .. ပိုက်ဆံတွေ အများကြီး ရှိချင်တယ်’’ တဲ့။

ဘာဖြစ်လို့လဲဆိုပြီး ကျမကမေးတော့ ဗိုလ်ချုပ်ကြီးဖြစ်ချင်တယ်ဆိုတဲ့ကလေးက ‘‘လူတွေကို ကာကွယ်ချင်လို့’’ တဲ့။ ပိုက်ဆံအများကြီး ရှိချင်တယ်ဆိုတဲ့ ကလေးကျတော့ ‘‘ထမင်းကောင်းကောင်း စားချင်လို့’’ တဲ့။ ဒီစကားလေးတွေ ကြားရတော့ ကျမတို့မှာ ဝမ်းသာရခက်၊ ဝမ်းနည်းခက်နဲ့ ဘယ်လိုခံစားရမှန်းကို မသိတော့ဘူး ဖြစ်သွားတယ်။

ဗိုလ်ချုပ်အောင်ဆန်းက ငယ်ငယ်လေးနဲ့ ဘာလို့သေရတာလဲဆရာမ၊ သတ်တယ်ဆိုတာ ဘယ်သူလဲ၊ အာဇာနည် ၉ ဦး ဆိုတာက ဘယ်သူတွေလဲဆိုတဲ့ မေးခွန်းတွေကိုလည်း မေးတတ်ကြတယ်။ ပြောပြပြီးတဲ့ အရာတခုကို မေ့သွားပြန်လည်း အားမနာတမ်း ထပ်မေးတတ်ကြတဲ့ အကျင့်လေးတွေက အားရကျေနပ်စရာပါ။

နောင်နှစ်မှာလည်း ဒီလို (ကလေးများနေ့) နေ့မျိုး လုပ်ပေးဦးနော် ဆရာမလို့ ကြိုပြီး ပူဆာတတ်တဲ့ ကလေးငယ် တယောက်ကော မိဘတွေနဲ့အတူ ဘဝတိုက်ပွဲတွေကို ဆက်တိုက်နေရတုန်းပဲလား၊ ကျမ သတိရမိပါတယ်။

ကျမတို့ တိုင်းပြည်မှာ ပညာရေးက ငွေနဲ့ လမ်းခင်းနေရတယ်။ အစိုးရကျောင်းတွေမှာ ငွေကြေးချို့တဲ့မှုကြောင့် သင်ကြားခွင့် မရရှာကြတဲ့ ကလေးတွေအတွက် စေတနာ့ဝန်ထမ်း ဆရာမတွေ လိုနေဆဲပါ။ ကလေးတွေ မေးသမျှ၊ ကလေးတွေ ဆော့သမျှ၊ ကလေးတွေဒုက္ခကို နားလည်သည်းခံပြီး သမိုင်းအစစ်အမှန်တွေကို နားလည်အောင် ပြောပြပေးဖို့၊ သင်ကြားပေးဖို့ အင်မတန်မှကို လိုအပ်နေပါတယ်။

တကယ်တော့ ကလေးတွေက ကျမတို့နိုင်ငံရဲ့ အတိတ်သမိုင်းတွေကို စိတ်ဝင်စားမှု ရှိနေတယ်။ အရာရာကို သိချင်တတ်ချင်တဲ့ စိတ်ကလေးတွေနဲ့ ရှင်သန်နေကြသူတွေ ဖြစ်တယ်။ သူတိုတွေ တိုးတက်ချင်ကြတယ်။ အနာဂတ်အတွက် သူတို့တွေမှာ မျှော်လင့်ချက်အိပ်မက်တွေ ရှိနေကြတယ်။ ဒါတွေကို နည်းမှန်လမ်းမှန်နဲ့ စနစ်တကျ အကောင်အထည် ဖော်နိုင်အောင်၊ လေ့လာသင်ကြားနိုင်အောင် အခွင့်အလမ်းတွေ ဖန်တီးပေးထားဖို့ပဲ လိုတယ်။ သူတို့တွေရဲ့ တိုးတက်ချင်တဲ့စိတ်၊ သိချင်တတ်ချင်တဲ့စိတ်တွေကို လမ်းလွဲမသွားအောင် ဖန်တီးပေးထားခြင်းအားဖြင့် အနာဂတ် အမိမြန်မာပြည်ဟာ လှပစိုပြေနေမှာ ဖြစ်တယ်လို့ ကျမ ယုံကြည်မိပါတယ်။

No comments:

Post a Comment