Monday, February 15, 2010

ဦးတင်ဦး ရွှေတိဂုံဘုရား တက်ရောက်ကြည်ညို

အောင်ထက်/၁၅ ဖေဖော်ဝါရီ ၂ဝ၁ဝ

နေအိမ်အကျယ်ချုပ် သက်တမ်းစေ့၍ လွတ်မြောက်လာသော အန်အယ်လ်ဒီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးသည် ယမန်နေ့ ဖေဖော်ဝါရီ (၁၄) ၇က် နံနက် (၁၀) နာရီခန့်တွင် ရွှေတိဂုံဘုရားသို့ တက်ရောက်ဖူးမြော်ကာ ၀တ်ပြုဆုတောင်း ခဲ့သည်။

ဦးတင်ဦးနှင့်အတူ ဇနီးနှင့် မိသားစု (၅) ဦးတို့သည် ဘုရားဝတ်ပြု ဆုတောင်းခြင်း၊ ရေသပ္ပာယ်ခြင်း၊ အောင်မြေနင်းခြင်းတို့ဖြင့် ရွှေတိဂုံဘုရား ရင်ပြင်တော်၌ (၄၅) မိနစ်ခန့် ကြာမြင့်ခဲ့သည်ဟု အန်အယ်လ်ဒီလူငယ် (စည်းရုံးရေး) မှ မဖြူဖြူသင်းက ပြောသည်။

“ဘဘ ရွှေတိဂုံဘုရားဖူးမယ်ဆိုတာ၊ ဘဘ ရွှေတိဂုံတက်သွားပြီဆိုတာ သိတာနဲ့ ဖုန်းတွေဆက်ကြရင်း မြောက်ဘက်မုခ်ကို လိုက်သွားကြတယ်။ ဘဘက မလိုက်နဲ့တဲ့။ ရုတ်ရုတ်သဲသဲနဲ့ ဘုရားဖူးတွေ စိတ်အနှောင့် အယှက်ဖြစ်မယ်တဲ့။ သူ့ဘာသာသူ သွားမယ်ပြောပေမယ့် ကျမ အပါအ၀င် အန်အယ်လ်ဒီ (၂၀) ခန့်က ရွှေတိဂုံဘုရားက သွားစောင့်နေတယ်” ဟု ၎င်းက ပြောသည်။


ရွှေတိဂုံရင်ပြင်တော်ပေါ် ၀တ်ပြုဆုတောင်းရာတွင် သောကြာထောင့်၊ အင်္ဂါထောင့်နှင့် စနေထောင့်များသို့ သွားရောက်ကာ ၀တ်ပြုဆုတောင်း မေတ္တာပို့သခဲ့သည်ဟု သိရသည်။

ဘုရားဖူးပြည်သူအချို့သည် ဦးတင်ဦးကို မြင်တွေ့ကြသောအခါ ဘဘဦးတင်ဦး ပြန်လွတ်လာပြီ၊ ဗိုလ်ချုပ်ကြီး ပြန်လွတ်လာပြီနှင့် လူငယ်အချို့ ဦးတင်ဦးနောက်က လိုက်လာကြသေးသည်ဟု အန်အယ်လ်ဒီလူငယ်တဦးက ပြောသည်။

ဖေဖော်ဝါရီ (၁၄) ရက်နေ့သည် တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်နေခြင်း၊ တရုတ်နှစ်သစ်ကူးကာလဖြစ်နေခြင်း၊ Valentine (ချစ်သူများနေ့) နှင့် တိုက်ဆိုင်နေခြင်းတို့ကြောင့် ယခင်ရက်များထက် ရွှေတိဂုံဘုရားရင်ပြင်တော်၌ ဘုရားဖူးများ စည်ကားခဲ့သည်။

ဦးတင်ဦးသည် ယမန်နေ့က အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလွန်းတင်တို့ နေအိမ်များသို့လည်း သွားရောက်ဂါရ၀ပြုခဲ့သည်။

No comments:

Post a Comment