Tuesday, February 23, 2010

ဂုဏ်ပြောင်တဲ့ အလုပ်သမားသပိတ်ကို ဝန်းရံကြ

ရဲဘော်ဖိုးသံချောင်း

ရန်ကုန် လှိုင်သာယာစက်မှုဇုန်မှာ အလုပ်သမားသပိတ်တွေ တနေရာပြီးတနေရာ ဆက်ကာဆက်ကာ ပေါ်ထွက်လာနေတယ်။
တန့်သွားမယ့်သဘော မရှိသေးပါဘူး။ ကျယ်ပြန့်လာနေတယ်လို့တောင် ဆိုရမလိုပါပဲ။

တိုက်ဆိုင်လှပါတယ်။

နအဖစစ်အစိုးရက ရွေးကောက်ပွဲအတွက် သူတို့တွင်းမှာ နေရာအတွက် ခွက်စောင်းခုတ်နေကြချိန်၊ နောက်အစိုးရလက်ကို
ပြောင်းမပေးမီ ဒင်းတို့တတွေ နိုင်ငံပိုင်ပစ္စည်းတွေကို တိုက်ရာပါပစ္စည်း ခွဲသလိုခွဲနေကြချိန်၊ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး
ကိုယ်စားလှယ် တောမတ်စ်ကင်တားနား မြန်မာပြည်ကိုရောက်နေချိန်၊ နအဖကို ဖားနေတဲ့လူတွေ လျှာကုန်လက်ပန်းကျနေချိန်၊
ပြည်သူလူထုကြီးဟာ ကိုယ့်ဘက်က လှုပ်ရှားမှု၊ အနည်းဆုံး တခုခုကို မြင်လိုလှနေချိန်။ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအသည်းနှလုံး၊ အလုပ်သမားလူတန်းစားရဲ့ ဗဟိုဌာနချုပ်တည်ရှိရာ မဟာရန်ကုန်မှာ အလုပ်သမတွေဟာ လက်သီးလက်မောင်းတန်း နေကြပါတယ်။

တဆက်တည်းပြောသင့်တဲ့ တိုက်ဆိုင်မှုကတော့ ၁၉၇၄ ခုနှစ်က ပြည်လုံးကျွတ်အလုပ်သမားသပိတ်ကြီးကို ပြန်သတိရစေတယ်
ဆိုတာပါပဲ။ မဆလစစ်အစိုးရက သူတို့ရဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြေညာလိုက်တော့ ဥပဒေဘောင်အတွင်းမှာ ရှိတဲ့ မဆလအစိုးရရဲ့ သဘောတူညီချက်နဲ့ ဖွဲ့စည်းထားတဲ့ ကောင်စီမျိုးစုံနဲ့ မီဒီယာပေါင်းစုံတို့က ခြိမ့်ခြိမ့်သဲထောက်ခံခဲ့ကြ ပါတယ်။ ဘယ်သူကမှ ဆန့်ကျင်ကြောင်း၊ သဘောမတူညီကြောင်း မပြောနိုင်ကြတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ မြစ်ငယ်မီးရထားစက်ရုံက စလိုက်တဲ့ အလုပ်သမားသပိတ်တွေဟာ တပြည်လုံးအနှံ့ကနေ မဆလ တဖက်သတ် အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောမတူ၊ လက်မခံကြောင်း ပြတ်ပြတ်သားသား၊ ပြက်ပြက်ထင်ထင် ဖော်ပြလိုက်ကြပါတယ်။ အခုလည်းပဲ နအဖစစ်အစိုးရက သူတို့ရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရွေးကောက်ပွဲကတဆင့် အကောင်အထည်ဖော်ဖို့ လုပ်နေတဲ့အချိန်မှာ ပြည်သူလူထုကို ဘယ်တော့မှ သစ္စာမဖောက်တဲ့ အလုပ်သမားလူတန်းစားဟာ တခါထရပ်ပြလိုက်ကြပြန်ပါပြီ။ ပြည်သူလူထုကြီးတရပ်လုံးရဲ့ကိုယ်စားပါ။

တကယ်က မြန်မာပြည်ထဲကို ဒီလို ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်သွင်းယူလာတဲ့ နအဖစစ်ဗိုလ်ချုပ်တွေဟာ အလုပ်
သမားတွေရဲ့အရေးကို ဘယ်တုန်းကမှ ထည့်မစဉ်းစားခဲ့ပါဘူး။ သူတို့အတွက် ဘာစားကွက်ရှိမလဲ၊ ဘယ်လိုအကျိုးခံစားရမလဲ ဆိုတာလောက်ကိုသာ စဉ်းစားပြီး ခေါ်သွင်းလာတာဖြစ်ပါတယ်။ ဒီစက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်ဖို့ စာချုပ်တွေ ချုပ်ဆိုရာမှာ အလုပ်သမားအခွင့်အရေး၊ အလုပ်ခွင်သာယာပြည့်စုံရေး၊ အန္တရာယ်ကင်းစင်ရေး၊ သက်ဆိုင်ရာက ပုံမှန်ဝင်ရောက်စစ်ဆေးရေး စတဲ့အချက်တွေကို သာမန်ကာလျှံကာလောက်သာ ထည့်သွင်းလေ့ရှိပါတယ်။ သတ္တုမိုင်းတွေမှာတောင် သာမန်ဟန်ပြ စည်းကမ်းချက်လောက် ထားရှိတာပါ။ မဆလစစ်အစိုးရ လက်ထက်တုန်းကတော့ မဆလအစိုးရဟာ သူတို့ ပြည်သူပိုင် မသိမ်းချင်တာနဲ့ ကျန်ကောင်းလို့ကျန်တဲ့ ပုဂ္ဂလိကလုပ်ငန်းတွေမှာ သူတို့ရဲ့ လုပ်သားကောင်စီ ဆိုတာတွေကတဆင့် အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေကို ရန်တိုက်ပေးတဲ့အခါမှာ ၁၉၂၄ ခုနှစ်က အလုပ်သမားဥပဒေဆိုတာနဲ့ အလုပ်သမားဥပဒေ တလှေကြီးကို ကိုးကားပြီး လုပ်ငန်းရှင်တွေကို အနိုင်ကျင့်လေ့ရှိပါတယ်။ (၁)နေ့ အလုပ်ချိန် ဘယ်နှနာရီ၊ (၁) ပတ် ဘယ်နှနာရီထက် မကျော်လွန်ရ ဆိုတာတွေကိုလည်း ပြင်းပြင်းထန်ထန်၊ တိတိကျကျ တောင်းဆိုပါတယ်။ အဲဒီတုန်းက သူတို့အဖို့မှာ အဲဒီအလုပ်ရှင်တွေဟာ သူတို့ရဲ့ အကြီးဆုံးရန်သူ၊ ဗမာပြည်မှာ အဆိုးဆုံး သွေးစုပ်သူတွေလို့ သတ်မှတ်ထားတာကိုး။ အခုတော့ နအဖဟာ သူတို့ပင့်လာတဲ့ နိုင်ငံခြားက အရင်းရှင်တွေကို အစစ အခွင့်အရေးတွေပေး၊ အလုပ်သမားတွေကို အချိန်အကန့်အသတ်မရှိ၊ အလုပ်ရက်အကန့်အသတ်မရှိခိုင်း၊ သွေးစုပ်နေတာတွေကိုတော့ လက်ပိုက်ကြည့်နေကြပါတယ်။ မနက် (၇) နာရီကနေ ည (၁၁) နာရီ၊ နေ့လယ် (၁) နာရီနား၊ တနေ့ (၁၅) နာရီ အလုပ်ချိန်ဆိုတာ ဒီနေ့ခေတ်ကမ္ဘာမှာ ရှာမှရှားပါ။ ကျွဲတွေ နွားတွေကိုသာ ဒီနှုန်းနဲ့ခိုင်းရင် အစောကြီး သေကုန်ကြမှာပါ။ ဒါပေမယ့် နအဖခေတ်မှာတော့ ဒါဟာ လုပ်ရိုးလုပ်စဉ်တရားတခုတောင် ဖြစ်နေပါတယ်။

အခုအခါ ဗမာပြည်တွင်းမှာ လုပ်ငန်းရှင်ချင်းအတူတူ နအဖနဲ့သူတို့အသိုင်းအဝိုင်းက လူတွေပိုင်တဲ့ စက်ရုံတွေ (သူများနာမည်တွေနဲ့ထားတာ၊ အများစုက ပြည်ပနဲ့ဖက်စပ်တွေ)၊ လုပ်ငန်းတွေကိုကျတော့ အခွန်အပါအဝင် အထူးအခွင့်အရေးတွေ အမြောက်အမြား ခံစားခွင့်ပေးထားပြီး တခြားစက်ရုံတွေ လုပ်ငန်းတွေကိုတော့ အခွန်အမျိုးမျိုး၊ ကန့်သတ်ချက်အမျိုးမျိုးနဲ့ ဖိနှိပ်ထားပါတယ်။ ဒါကြောင့် ဒီတိုင်းပြည်မှာ စီးပွားရေး အခြေအနေကောင်းတဲ့ စက်ရုံလုပ်ငန်းတွေနဲ့ စီးပွားရေးအခြေအနေ မကောင်းဘဲ မသေမရှင် တဲတဲလေး ရပ်တည်နေရတဲ့ စက်ရုံလုပ်ငန်းရယ်လို့ နှစ်မျိုးနှစ်စား သိသိသာသာကွဲနေပါတယ်။ ဘယ်ဟာမျိုးကို ဘယ်လိုလူမျိုးက ပိုင်တယ်ဆိုတာ အထူးမေးနေ၊ ပြောနေစရာမလိုတော့ပါဘူး။

ဒီတခါ အလုပ်သမားသပိတ်တွေ ပေါ်တယ်ဆိုတော့ နအဖတာဝန်ရှိသူတွေက ကြားကနေ ဝင်ရောက်ဖျန်ဖြေပေးတယ်ဆိုတာ
လုပ်ခဲ့ပါတယ်။ ဒီနေရာမှာ မေးစရာပေါ်လာတာက တကယ်လို့များ သပိတ်တွေဟာ အစိုးရပိုင်လုပ်ငန်းတွေ၊ စက်ရုံတွေမှာ၊ ဒါမှ
မဟုတ် နအဖထိပ်သီးတွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ၊ စက်ရုံတွေမှာ ပေါ်တယ်ဆိုရင် နအဖက ကြားဝင်ဖျန်ဖြေတယ် ဆိုတဲ့နည်းနဲ့ ဖြေရှင်းပါ့မလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။

သေချာတာက ဒီအချိန်မှာ နအဖ အကြမ်းမကိုင်နိုင်ဘူး ဖြစ်နေပါတယ်။ ဦးတင်ဦးကို ပြန်တောင်လွှတ်ပေးနေရတယ် မဟုတ်ပါလား။ လာမယ့်ရွေးကောက်ပွဲအတွက် သူတို့တွင်း ခြေပုန်းခုတ်တာ၊ အမြီးချင်းလိမ်တာ၊ ချောင်ထိုးတာတွေ လုပ်နေရတဲ့ကိစ္စတွေက သူတို့အတွက် ပိုအရေးကြီးတယ်ဆိုတာ ငြင်းစရာမလိုပါဘူး။ ဒီလိုအချိန်မှာ အလုပ်သမားသပိတ်တွေက “သခွတ်ပင်က မီးတကျည်ကျည်” ဖြစ်နေတာမျိုး သူတို့မတွေ့ချင်ပါဘူး။ ဒါပေမယ့် ဒါကို အကြမ်းဖက်နှိမ်နင်းလိုက်ရင်လည်း သူတို့အတွက် လွယ်လွယ်ကူကူမပြီးဘဲ ယမ်းပုံထဲ မီးပွားချလိုက်သလို ဖြစ်သွားရင် သူတို့ရဲ့ ရွေးကောက်ပွဲအစီအစဉ်တွေ၊ သူတို့ချင်း ထိန်းညှိထားတာတွေ၊ ဝေစုခွဲထားတာတွေ၊ အားလုံး ပိုကမောက်ကမ ဖြစ်ကုန်နိုင်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်တွေဟာ ထိန်းထိန်းသိမ်းသိမ်း လုပ်နေကြတာဖြစ်ပါတယ်။

ဒီလိုအချိန်အခါကောင်းမှာ ပေါ်လာတဲ့ အလုပ်သမားသပိတ်ကို ပြည်သူလူထုကြီးနဲ့အတူ အတိုက်အခံအင်အားစုတွေ (ပြည်
တွင်းပြည်ပအားလုံး) ဝန်းရံကြဖို့လိုပါတယ်။ နအဖဟာ ဒီကိစ္စကို တမင်သေးငယ်အောင်၊ သူများတွေ သတိမထားမိအောင် လုပ်နေချိန်မှာ အာရုံစိုက်ကြရပါမယ်။ အထောက်အကူဖြစ်နိုင်မယ့် လုပ်ငန်းတွေကို ကြံဆလုပ်ကိုင်ကြရပါမယ်။ ဒါပေမယ့် သူတို့မှာ ဆေးအတွက်ကြောင့် လေးဆိုတာမျိုးတော့ မဖြစ်သင့်ပါ။



No comments:

Post a Comment