Saturday, February 20, 2010

အလုပ်သမများ ဆန္ဒပြပွဲနှင့် စစ်အစိုးရ၏ ခြိမ်းခြောက်မှု

မမခင်

ဒီရက် ပိုင်းတွေမှာ မြန်မာပြန်ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံက အထည်ချုပ်စက်ရုံ အလုပ်သမလေးတွေ လစာငွေတိုးမြှင့်ရရှိရေး ဆန္ဒပြပွဲ ဆင်နွဲ နေကြတာကို အားလုံးကြားသိကြမယ် ထင်ပါတယ်။ ဒီဖြစ်ရပ်မျိုးဟာ မြန်မာပြည်က စက်ရုံတွေမှာ ရရှိတဲ့ လစာငွေက သိပ်ကို နဲပါး ကြတာမို့ မကြာခဏဖြစ်လေဖြစ်ထ ရှိပါတယ်။ ဒါပေမယ့် ဒီတခါ ဖြစ်ရပ်ကတော့ လုပ်အားခလစာနဲပါးမှုအပေါ် မကျေနပ်မှု ဆန္ဒပြပွဲ ဟာ ယခင်ကဖြစ်ပျက်ခဲ့တဲ့ ဆန္ဒပြမှုတွေထက် ပိုမိုပြင်းထန်လာတဲ့အသွင်ကို ဆောင်နေပါတယ်။ ဆန္ဒပြရာမှာ ပါဝင်တဲ့ အင်အားကလည်း နှစ်ထောင်ကျော်ရှိတာမို့ အင်အားတောင့်တင်းမှုကလည်း ယခင်ကဖြစ်လေဖြစ်ထရှိခဲ့တဲ့ စက်ရုံတွင်း ဆန္ဒပြပွဲတွေထက် ပိုပါတယ်။

ဒီအချက်ဟာ မကြာမီက အောက်ခြေစစ်မှုထမ်းတွေနဲ့ အစိုးရဝန်ထမ်းတွေကို လာစာငွေနှစ်သောင်း ဆောင်းပေးခဲ့တာနဲ့ ဆက်စပ်ပြီး နောက်ဆက်တွဲဖြစ်ပေါ်လာတာလို့ ဆိုနိုင်ပေမဲ့ တကယ်တော့ ဒီအကြောင်းအချက်တခုတည်းကြောင့် ဆန္ဒပြပွဲက ပိုပြင်းလာတာလို့ ပြောလို့မရပါဘူး။ မူလကပင် အလုပ်သမားတွေမှာ ခါးသီးလှတဲ့ အခြေအနေတွေက ရှိနေခဲ့ပြီး တစထက်တစ ပိုဆိုးရွားလာတာကို အခြေခံတယ်ဆိုရင် မှားမယ်မထင်ပါဘူး။

မြန်မာစစ်အစိုးရလက်အောက်မှာရှိတဲ့ အစိုးရပိုင်စက်ရုံတွေအပါအဝင် နိုင်ငံခြားဖက်စပ် စက်ရုံတွေမှာရော ပုဂ္ဂလိက စက်ရုံတွေမှာပါ အလုပ်သမားအခွင့်အရေးအတွက် ရပ်တည်ပေးမဲ့ အလုပ်သမားသမဂ္ဂဆိုတာမျိုး လုံးဝမရှိခဲ့တာမို့ မြန်မာစက်ရုံအလုပ်သမားတွေရဲ့ ဘဝဟာ အလုပ်ရှင်က ခိုင်းစေသမျှကို ရသမျှလုပ်အားခနဲ့ ကျေနပ်နေခဲ့ကြရတာပါ။ ပြီးတော့ အခြေခံလုပ်အားခံ အလွန်နဲနဲအပေါ်မှာ အိုတီကြေးလို့ အလုပ်သမားတွေခေါ်ဆိုတဲ့ အချိန်ပိုအားခကိုသာ အားထားပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြရတာမို့ သူတို့ရဲ့ဘဝဟာ နေ့စဉ်နေ့တိုင်း ပိတ်ရက်မရှိ နံနက်မိုးလင်းက အိပ်ယာဝင်ချိန်အထိကို လုပ်ကိုင်နေကြရတာပါ။

ဥပမာအားဖြင့် အစိုးရပိုင်စက်ရုံတရုံဖြစ်တဲ့ ရွှေတောင်အထည်စက်ရုံမှာ ဆိုရင် စက်ရုံမှူးဗိုလ်မှူးဆိုသူက အလုပ်သမားများရဲ့ လုပ်အားကို တလ ရက် ၃၀မှာ ရက် ၃၀ လုံး နားရက်မပေးဘဲ ည ၁၀ နာရီထိ အချိန်ရှည်ဆင်းစေပြီး အချိန်ပိုလုပ်အားခကိုတော့ တနေ့လျှင် ၂၀၀ ကျပ်သာပေးခဲ့တယ်လို့ဆိုကြပါတယ်။

ဒါ့အပြင် စက်ရုံအလုပ်သမားများရဲ့ လုပ်အားနဲ့ သူပိုင်မြေယာတွေ ရှင်းလင်းဖေါ်ထုတ်ပေးရတာမျိုး ခေါင်းပုံဖြတ် စေခိုင်းမှုတွေလည်း ရှိနေခဲတာပါ။ စက်ရုံအများစုရဲ့ စက်ရုံမှူးတွေဟာ စစ်တပ်ကလာတဲ့ စစ်ဗိုလ်တွေဖြစ်လို့ အလုပ်သမားတွေအဖို့ အလုပ်သမားအခွင့်အရေးတောင်းဆိုနိုင်ဖို့ မဆိုထားနဲ့။ မကျေနပ်ချက်ကို ပြန်ပြောမိရင် အကြောင်းမရှိအကြောင်းရှာ အလုပ်ဖြုတ်ခြင်း၊ ချောက်တွန်းဖမ်းဆီးချုပ်နှောင်ခံရတာမျိုး မဖြစ်အောင် ဆင်ခြင်နေထိုင်ကြရတာပါ။

ဒီအခြေအနေဟာ ရွှေပြည်သာ၊ လှိုင်သာယာတို့လို စက်မှုဇုံတွေမှာရှိတဲ့ နိုင်ငံခြားဖက်စပ်စက်ရုံတွေမှာ ပိုလို့တောင်ဆိုးရွားနေပါသေးတယ်။ အုပ်ချုပ်သူအများစုက စစ်တပ်နဲ့ လည်းကောင်းတို့နဲ့ အလွမ်းသင့်သူအသိုင်းအဝန်းကလာကြာတာမို့ လစာငွေအပေါ် အလုပ်အားအပေါ် အလုပ်ချိန်အပေါ် နည်းမျိုးစုံနဲ့ ခေါင်းပုံဖြတ်ခံနေကြရပါတယ်။ အလုပ်ချိန်ဟာ နံနက် ၇း၀၀ နာရီက ည ၁၁း၀၀ နာရီထိ ရှည်လျားနေတတ်ပါတယ်။ နေ့လည်ထမင်းစားချိန်ကို နာရီဝက်ဘဲ ခွင့်ပြုပါတယ်။ အလုပ်ချိန်ရှည်လျားလွန်းတော့ မြန်မာပြည်က စက်ရုံအလုပ်သမားတယောက်ဟာ မိုးလင်းလို့ မျက်နှာသစ်ပြီးတာနဲ့ အလုပ်ကိုသွား၊ အလုပ်က အိမ်ပြန်ရောက်တာနဲ့ အိပ်ယာဝင်၊ ဒီလိုနဲ့ မိသားစုနဲ့ ပျော်ပျော်ပါးပါးနေထိုင်ချိန်၊ မိတ်ဆွေအပေါင်းအသင်းနဲ့ တွေ့ဆုံချိန်၊ စာပေဗဟုတုတလေ့လာချိန်၊ တီဗွီ/ဗီဒီယိုကြည့်ရှုလေ့လာချိန်၊ ဘာသာတရားကိုးကွယ်ဆည်းကပ်ချိန် ဆိုတဲ့ လူတယောက်ရဲ့ သာမန်ဘဝတခုမှာ ရရှိသင့်ချိန်တွေတောင် ပျောက်ကွယ်နေကြပါပြီ။

အလုပ်ခွင်မှာလည်း အလုပ်သမားကြီးကြပ်သူတွေက ဟိုဟိုဒီဒီခေါင်းလှည့်ကြည့်တာကိုတောင် စည်းကမ်းဖောက်ဖျက်စာရင်းသွင်းပြီး လစာဖြတ်တောက်တာမျိုးလုပ်ချင်ကြတယ်လို့ ဆိုပါတယ်။ သိုးမွေးထိုးစက်ရုံလို စက်ရုံမျိုးမှာဆိုရင် သိုးမွေးထိုးအပ်ကလေး ချည်ပေါက်ထဲဝင် မဝင်ကို နေ့စဉ်အချိန်ပြည့်ကြည့်ရှုနေရတဲ့ အဖြစ်မှာ မျက်လုံးတွေကိုက်ခဲနေလို့ မျက်စိဆရာဝန်ပြဖို့ အချိန်မပေးနိုင်ကြပါဘူး။ ပြစရာငွေလည်း မရှိကြပါဘူး။ တကယ်တော့ လုပ်ငန်းခွင် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လုံလုံလောက်လောက်ပြည့်ပြည့်စုံစုံ ရှိသင့်ပါတယ်။ စက်ရုံတွေမှာ ဆေးပေးခန်းဆိုတဲ့ မည်ကာ မတ္တ ဆေးပေးဌာနတွေရှိနေတတ်ပေမဲ့ လက်တွေ့မှာတော့ ခေါင်းကိုက်လို့ ကိုယ်လက်ကိုက်ခဲလို့ ပါရာစီတမောတလုံးသောက်ချင်တာမျိုး လွယ်ကူစွာမရနိုင်သလို အလုပ်ခွင်အတွင်း သာမန်ထိခိုက်ပွန်းပဲမှုမျိုးအတွက် တင်ချာအိုင်အိုဒင်းနဲ့ (၃၀ိ) တန်ပတ်တီးတလိပ်ရရှိဖို့တောင် အလွန်ခက်ခဲကြပါတယ်။ အမျိုးသမီးအလုပ်သမားတွေအနေနဲ့ မီးဖွားခွင့်ဆိုတာမျိုး သီးသန့်ခံစားခွင့် ရရှိသင့်ပေမယ့် အမျိုးသမီးအလုပ်သမားအများစုက လခစားအမြဲတမ်းဝန်ထမ်းမဟုတ်ဘဲ နေ့စားအလုပ်သမားများဖြစ်ကြတဲ့အတွက် အလုပ်မလုပ်နိုင်လို့ အလုပ်မဆင်းရင် လုပ်အားခံမရဘဲ ဘဝတွေပါ။
`
ဒီလိုအခြေအနေမျိုးမှာ လစဉ်ရရှိကြတဲ့ လုပ်အားခဟာ စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေးတွေနဲ့ လုံးဝမလုံလောက်ကြလို့ အလုပ်သမားအားလုံးလိုလိုဟာ ကြွေးပင်လယ်ထဲမျောနေကြသူတွေချည်းပါပဲ။ အကယ်၍ အလုပ်သမားတယောက်က ကြွေးကင်းသူဆိုရင် မြန်မာပြည်က စက်ရုံအလုပ်သမားစစ်ရဲ့လားလို့ မေးခွန်းထုတ်ရလောက်အောင် လကုန်ရက်ဟာ ငွေစာရင်ရုံးပေါ်က လစာရင်း၊ စက်ရုံဝင်းထဲမှာ ကြွေးရှင်နဲ့ စာရင်းရှင်းဆိုတဲ့ (ရှင်းပြီးခြင်း ရှင်းနေ့)လို့တောင် ပြောရလိုဖြစ်နေတာကြာပါပြီ။ စစ်အစိုးရက ချမ်းသာကြွယ်ဝပြီးသား လုပ်ငန်းရှင်၊ သူတို့နဲ့ပတ်သက်သူတွေကို ၁ % အတိုးနှုန်းလောက်နဲ့ သိန်းပေါင်းထောင်သောင်းချီချေးငှားပေးပေမဲ့ များစွာသော အောက်ခြေက အလုပ်သမားတွေအတွက် လုံလောက်မျှတတဲ့ ချေးငွေစနစ်မျိုးမရှိပါဘူး။ ဒါကြောင့် သာရေးနာရေးကိစ္စတွေ မလွဲမရှောင်သာ ကြုံလာတဲ့အခါ အလုပ်သမားတွေ ချေးငှားသုံးစွဲရတဲ့ အတိုးနှုန်းထားဟာ ၁၀ % မှာ ၅၀ % ထိတောင်ရှိနေပါတယ်။ ရွှေပြည်သာ၊ လှိုင်သာယာဝန်းကျင်က စက်ရုံအလုပ်သမားတွေရဲ့ မိသားစုတွေနေထိုင်တဲ့ ရပ်ကွက်တွေကို သွားရောက်လေ့လာကြည့်ရင် ကြွေးရှင်နဲ့ နပန်းလုံးနေရတဲ့ ငြီးတွားသံတွေကို ကြားသိရမှာပါ။ ငယ်ရွယ်နုပျိုတဲ့ မိဘကို လုပ်ကြွေးမွေးမြူနေသူ အလုပ်သမလေးတချို့ဆိုရင် လကုန်လို့ ကြွေးရှင်နဲ့ စရင်းရှင်းရရင် ရှင်းစရာငွေမကျန် မရှိတော့လို့ (သတ်သာသေလိုက်ချင်တော့တယ်) ဆိုတဲ့ အသံမျိုးကိုတောင် ကြားရနိုင်ပါတယ်။ ဘဝဝမ်းစာအခက်အခဲမျိုးစုံကြုံနေရတဲ့ အထည့်ချုပ်အလုပ်သမလေးတချို့ဆိုရင် စက်ရုံက ဗိုလ်မှူးဆိုသူတွေရဲ့ မြူဆွယ်မှု၊ စည်းရုံးသိမ်းသွင်းမှုနဲ့ ဘဝပျက်ရသူတွေလည်း ရှိနေပါတယ်။ ဒါတွေဟာ လူမှုရေးပြဿနာလို့ ရုတ်တရက် ယူဆချင်ယူဆနိုင်ပေမဲ့ တကယ်ကတော့ စစ်အစိုးရလက်အောက်မှာ အလုပ်သမားအခွင့်အရေးကို အာမခံပေးနိုင်မဲ့၊ တောင်းဆိုပေးနိုင်မဲ့ အလုပ်သမားသမဂ္ဂတွေ အလုပ်သမားအသင်းအဖွဲ့တွေ မရှင်သန်နိုင်လို့ ဖြစ်နေရတဲ့ ပြဿနာတွေလို့ ပြောနိုင်ပါတယ်။

အမေရိကန်နဲ့ အနောက်ဥရောပလို နိုင်ငံတွေမှာ အလုပ်သမားသမဂ္ဂတွေဟာ အလွန်သြဇာရှိတယ်လို့ ဆိုကြပါတယ်။ မြန်မာပြည်လို အာဏရှင်နိုင်ငံတခုမှာတော့ အလုပ်သမားသမဂ္ဂဆိုတာ အိမ်မက်မက်ဖို့ မဆိုထားနဲ့ ကြားတောင်ကြားဘူးသူ နဲမယ်ထင်ပါတယ်။ ဒါကြောင့် အလုပ်သမားအများစုဟာ ကိုယ်အခွင့်အရေးကိုယ် မသိနိုင်ဖြစ်နေကြပါတယ်။ ပြောရရင်တော့ လက်ရှိအခြေအနေမှာ အလုပ်သမားတွေရဲ့ ဘဝဟာ အလုံပိတ်စက်ရုံတွေထဲမှာ အကျဉ်းထောင်ထဲက အကျဉ်းသားတွေရဲ့ ဘဝနဲ့ သိပ်မထူးလှပါဘူး။ ဒီအတွက် မကြာသေးမီကာလက စစ်အစိုးရခေါင်းဆောင် ဗိုလ်သန်းရွှေရဲ့ စက်မှုနိုင်ငံတော်ကြီးတည်ထောင်မယ်လို့ဆိုတဲ့ ကြွေးကြော်သံကို မေးခွန်းထုတ်ရမှာက အကျဉ်းထောင်ထဲမှာ စက်ရုံဆောက်ပြီး စစ်ဗိုလ်စက်ရုံမှူး ထောင်ဝါဒါတွေနဲ့ အကျဉ်းသားတွေကို မဝရေစာကျွေးပြီး ဆထက်ထမ်းပိုးတိုး အလုပ်ကြမ်းခိုင်းစေဖို့ ကြံရွယ်နေသလားဆိုတာပါဘဲ။

အချုပ်အားဖြင့် ပြောရရင်တော့ မြန်မာပြည်က အလုပ်သမားတွေရဲ့ ဘဝတွေ ဆင်းရဲမွဲတေမှုကလွတ်မြောက်ပြီး မျှတတဲ့ အခွင့်အရေးတွေ ခံစားနိုင်ဖို့ ဦးဆောင်ဦးရွက်ပြုပေးမဲ့ အလုပ်သမားသမဂ္ဂတွေ အလုပ်သမားအသင်းအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းနိုင်ဖို့ လိုအပ်ပါတယ်။

အလုပ်သမားသမဂ္ဂ အသင်းအဖွဲ့တွေ ဖွဲ့နိုင်၊ ရှင်သန်နိုင်ဖို့ကလည်း စစ်အာဏာရှင်တွေ ကြီးစိုးနေဦးမယ်ဆိုရင်တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ စစ်တပ်ကို ကျောထောက်နောက်ခံထားတဲ့ စစ်အာဏာရှင်စနစ်တွေ မှန်သမျှကို ဖယ်ရှားပြီး လွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီနိုင်ငံရေး ပုံစံသစ်တခုကို ရရှိအောင် အားလုံးက ဝိုင်းဝန်းကြိုးစားနိုင်မှသာ အလုပ်သမားတွေရဲ့ ဘဝကလည်း တိုးတက်ကောင်းမွန်လာမှာပါ။

လက်ရှိအနေအထားအတိုင်း စစ်အာဏာရှင်တွေ ကြီးစိုးနေဦးမယ်ဆိုရင်တော့ မကြာမီကာလက တွေ့မြင်ခဲ့ရတဲ့ အသက် ၁၅ နှစ်နဲ့ ၄၀ ကြား နုနယ်ပျိုမြစ်တဲ့ မိန်မသားအလုပ်သမလေးများကို ထောင်နဲ့ချီတဲ့ စစ်ဗိုလ် စစ်သား၊ လုံထိန်း၊ ရဲ၊ မီးသတ်တပ်ဖွဲ့တွေက သေနတ်တကားကားနဲ့ ခြိမ်းခြောက်နေတဲ့ မဖွယ်မရာ စက်ဆုတ်ဖွယ်မြင်ကွင်း မျိုးတွေတွေကို ILO အဖွဲ့ကြီး အပါအဝင် ကမ္ဘာအလုပ်သမား မိသားစုတွေနဲ့ ကျန်ကမ္ဘာသားတွေ အားလုံးစိတ်မချမ်းမြေ့ဖွယ် ရှုမြင်နေရဦးမှာ ဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။

No comments:

Post a Comment