Saturday, February 20, 2010

ဟက်ပီးဘတ်ဒေး အိုပါး

ရန်ကုန်သားတာတေ

ချိုကုပ်ဒူးကြီးကို စိတ္တဇဆေးရုံ ပို့ပေးလိုက်ရ သောကြောင့် ကိုယ်တိုင် ရူးချင်ချင် ဖြစ်သွားသော ဦးရုက္ခစိုးကြီးမှာ ချင်းမိုင် ပြန်လာပြီး ဒွိုင်ဆူထေ့ တောင်ပေါ်တွင် ၅ ရက်တိတိ တရားထိုင်၍ စိတ်ငြိမ်းချမ်းမှုကို ရှာဖွေလိုက်ရ လေသည်။ တရားထိုင်ပြီး မျက်စိနှစ်လုံး ဖွင့်လိုက်ချိန်တွင် သူ့ရှေ့၌ အလွန်တရာ ကျက်သရေ မင်္ဂလာ ကင်းမဲ့သူ တဦးကို တွေ့လိုက်ရ၏။

ရုက္ခစိုး။ ။ ဟာ ချိုကုပ်ဒူးကြီး ...။ ဒီမှာ ဘာလာလုပ်နေတာလဲ။ ခင်ဗျား စိတ္တဇဆေးရုံမှာ ဆိုလို့ အားလုံး ငြိမ်းချမ်းနေပြီ မှတ်တာ။

ချိုကုပ်။ ။ ဆေးရုံက ဆရာဝန်ကို တံခါး မဖွင့်ပေးရင် ဖမ်းမယ်ဆီးမယ် ခြိမ်းခြောက်ပြီး ထွက်လာတာ၊ သိတယ်မဟုတ်လား၊ ချိုကုပ်ဒူးကြီးတဲ့ တဒူးပဲရှိတယ် … နှစ်ဒူးရှိရင် ဂန်ဒူး လုပ်လိုက်မယ်။

ရုက္ခစိုး။ ။ (“ငါ ဘာအကုသိုလ်တွေများ လုပ်ထားမိပါလိမ့်” ဟု တွေးရင်း) ကျုပ် တရားထိုင်တဲ့ထိ လိုက်လာတာ ဘာလုပ် ဖို့လဲ။

ချိုကုပ်။ ။ ကျုပ်ရဲ့ အိုပါးကို မွေးနေ့ပွဲ ကျင်းပပေးချင်လို့။ မီးပန်းနဲ့ ဗြောက်အိုးကနေ နျူးကလီးယား လက်နက်အထိ ဖောက်လို့ ရတာမှန်သမျှ ထုတ်လုပ်နိုင်အောင် စွမ်းတဲ့ မြောက်ကိုရီးယားက အိုပါးလေ သိတယ် မဟုတ်လား။

ရုက္ခစိုး။ ။ ဟာ … မွေးနေ့ပွဲ ကျင်းပပေးချင်တာများ … ဆီအိုးနား ဟိုတယ်တို့၊ မှောင်ခိုကြီးများ ဟိုတယ်တို့ ရှိသားပဲ။ ဘာကိစ္စ ဒီဒွိုင်ဆူထေ့ တောထဲ လာကျင်းပချင်ရတာလဲ။

ချိုကုပ်။ ။ မြောက်အိုပါးက ရန်သူများတယ်ဆိုတော့ တော်ရုံလူ သူက ယုံတာ မဟုတ်ဘူး။ ကျုပ်ကလည်း သူ့ကို အရမ်း လေးစား၊ ချစ်ခင်၊ ကြောက်ရွံ့၊ ရိုသေ၊ အားကျ၊ ဂုဏ်ယူ လွန်းလို့ ဒီ မွေးနေ့ပွဲကို မကျင်းပပေးဘဲ မနေနိုင်ဘူး။ အဲဒါကြောင့် တခြား ဘယ်သူမှ မရှိတဲ့ ဒီတောထဲမှာ လာကျင်းပတာ။

ရုက္ခစိုး။ ။ ဟာ … ဒီမှာ ကျုပ်က လုံခြုံရေးမယူပေးနိုင်ဘူးနော်။ နောက်ပြီး ဖိုးရှုပ်နဲ့ ကြွက်စုတ်တို့ကလည်း ကျုပ်ဆီကို လာချင်တိုင်းလာ ပြန်ချင်တိုင်း ပြန်နေကြတာ။

ချိုကုပ်။ ။ ရတယ်၊ ရတယ် … ဒီ ၃ ယောက်ကိုတော့ ကျုပ်က ရကော်မန်း ပေးထားပြီးသား။ ပေါတောတောတွေ၊ ဘာ အန္တရာယ်မှ မပေးပါဘူးလို့ ပြောထားတယ်။

ရုက္ခစိုး။ ။ (“ဗုဒ္ဓေါ … ငါတော့ လူပေါင်းမှားလို့ ငပေါပါ ဖြစ်ပြီ”) ဒါနဲ့ ရန်ကုန်က သူတို့သံရုံးမှာ ကျင်းပမလို့ဆို။

ချိုကုပ်။ ။ အဲဒါက သတ်သတ်၊ သူတို့ဘာသာ ကျင်းပတာကို ကျုပ်ဆီက တင်ကွေးတို့၊ ဉာဏ်ပျင်းတို့၊ ကြောင်သိန်းပျင်းတို့ လွှတ်လိုက်တယ်။ အခုဟာက ကျုပ်ကိုယ်တိုင် အိုပါးကို ဖိတ်ပြီး ကျင်းပပေးမှာ။

ရုက္ခစိုး။ ။ ဟိုဒင်းလေ … မြောက်ကိုရီးယား သမ္မတ မွေးနေ့ပွဲကို ခုလိုကြီး ကျင်းပပေးတယ်ဆိုတော့ လူပြောစရာကြီး ဖြစ်မနေဘူးလား။

ချိုကုပ်။ ။ ဘာလဲ … အာဏာရှင်ရဲ့ မွေးနေ့ပွဲကို ကျင်းပပေးတယ်လို့ ဆိုချင်တာလား။ ကျုပ်တို့ အာဏာရှင် အချင်းချင်းမှ မစည်းလုံးရင် ဘယ်သူစည်းလုံးမလဲ … ဦးရုက္ခစိုးရဲ့။ ပြီးတော့ ခုလိုလေး မထိတထိ လုပ်ပေးလိုက်ရင် အမေရိကားက နှာခေါင်းရှည် တွေလည်း ကလိကလိဖြစ်မယ်လေ … ။ အိုပါးကလည်း ကျုပ်လက်နက် လိုတဲ့အခါတိုင်း မငြိုငြင်တော့ဘူးပေါ့၊ တချက်ခုတ် နှစ်ချက်ပြတ်ပဲ။ နောက်တော့ ကမ္ဘာမှာ မြန်မာကွဆိုပြီး လုပ်ဖို့က နည်းလမ်း သိပ်မကျန်တော့ဘူး၊ ခုခေတ်က သူများမလုပ်တာ ထ လုပ်မှ ဆရာကြီးဖြစ်တာ မဟုတ်လား။ ကဲ ခေါ်လိုက်တော့မယ်နော်။

ပြောပြောဆိုဆို ချိုကုပ်ဒူးကြီးက “ရွှီ” ခနဲ လက်ခေါက် မှုတ်လိုက်ရာ ဆင်မယဉ်သာဟန်ဖြင့် ကြင်ယာတော် ကွိုင်ကွိုင်က ကိတ်မုန့်ကြီးတလုံးကို ကိုင်ရင်း ရှေ့ဆုံးမှ လျှောက်လာသည်။ သူ့နောက်မှ သမီးတော်များ၊ မြေးတော်များက ဆိုင်ရာ ဆိုင်ရာ များကို ကိုင်ရင်း လိုက်ပါလာသည်။ (ဆိုင်ရာ ဆိုင်ရာ ဆိုသည်မှာ ကိုရီးယားဆိုဂျူး အရက်ပုလင်း၊ စားဖွယ်သောက်ဖွယ်များကို ဆိုလိုသည်)

နောက်ဆုံးတွင် မျက်မှန်အနက်ကြီးတပ်၍ မမြင်မကမ်း တုန်တုန်ချိချိ လိုက်ပါလာသူက အိုပါး ကင်ခြုံတကာအီး ဖြစ်သည်။ ကင်ခြုံတကာအီးက လက်တဘက်ကို မြှောက်ကာ ဟန်အပြည့်ဖြင့် “ဟိုင်း ဟစ်တလာ … အဲ ယောင်လို့ … ဟိုင်း … ဒူးကြီး” ဟု နှုတ်ဆက်လိုက်ရာ … ချိုကုပ်ဒူးကြီးကလည်း “အနယားဆရော” ဟု ကိုရီးယားလေ အပြည့်ဖြင့် ပြန်နှုတ်ဆက် လိုက်သည်။

ချိုကုပ်။ ။ ဆာဒန်းငေး အိုပါး … (“အစ်ကိုကြီးကို အရမ်းချစ်ပါတယ်” ဟု ကိုရီးယားလို ပြောခြင်း ဖြစ်သည်။ ကိုရီးယား ဇာတ်လမ်းတွဲများကို ထုံးလိုခြေ၊ ရေလိုနှောက်ထားသော ချိုကုပ်ဒူးကြီးမှာ ကိုရီးယားလို ရေပက်မဝင် ပြောဆို နေသော်လည်း စာဖတ်သူ နားမလည်မည် စိုးသောကြောင့် မြန်မာဘာသာသို့ တိုက်ရိုက် ပြန်ဆို ရေးသားလိုက်ပါသည်)

ချိုကုပ်ဒူးကြီးက ဆိုဂျူးပုလင်းကို ဖွင့်ကာ ကင်ခြုံတကာအီးကို တခွက်ထည့်ပေးလိုက်ပြီး သူ့ခွက်ထဲလည်း ထည့်ကာ
“ချီးယားစ် အိုပါး သက်တော် သောင်းကျော်ရှည်ပါစေ ...။ အိုပါးရဲ့ တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေ။ ကဲ … အခု အချိန်မှာ အိုပါးက ကျနော့်ကို မွေးနေ့ အထိမ်းအမှတ် စကားလေး ချီးမြှင့်စေချင်ပါတယ်။

ခြုံတကာအီး။ ။ ပြောဆိုလည်း ပြောရတာပေါ့ … ဒီမှာ ... ဒူးကြီး … မင်းအနေနဲ့ ငါ့ကို မီဖို့ အများကြီး လိုသေးတယ်။

ချိုကုပ်။ ။ ဟုတ်ကဲ့ပါ ခညာ။ ဘာတွေလိုသေးလဲဆိုတာ အမိန့်ရှိပါဦး။

ခြုံတကာအီး။ ။ ငါ့လို မီးပန်းနဲ့ ဗြောက်အိုးကနေ နျူကလီးယား လက်နက် ထုတ်လုပ်နိုင်လား ပြောကြည့်လိုက်။

ချိုကုပ်။ ။ ခြင်ဆေးခွေတော့ ထုတ်နိုင်နေပါပြီခင်ဗျာ။

ခြုံတကာအီး။ ။ မင်းကို မေးမယ်၊ မင်းဆီမှာ နိုင်ငံရေးအကျဉ်းသား ဘယ်နှယောက်ရှိလဲ ...။

ချိုကုပ်။ ။ နိုင်ငံရေးအကျဉ်းသား ဘယ်နှယောက်မှ မရှိဘူးလေ။

“ညာပြီ၊ ညာပြီ” ဟု ဦးရုက္ခစိုးက စိတ်ထဲက ဝင်ပြောလိုက်သည်။

ခြုံတကာအီး။ ။ လူ့အခွင့်အရေး အဖွဲ့တွေကို ညာသလို ငါ့ကို လာမညာနဲ့လေ … မင်းဆီမှာ ၂၀၀၀ ကျော်ရှိတယ်။

ချိုကုပ်။ ။ အဲဒါက … ပြည်ပအခြေစိုက် ဒေဝါလီတို့၊ အေဘီစီဒီတို့၊ လွှင့်တိုင်းမှား သတင်းဌာနတို့က လျှောက်ပြောတာပါ … တကယ်က နိုင်ငံရေးအကျဉ်းသား တယောက်မှ မရှိဘူး။

ခြုံတကာအီး။ ။ ဘယ်လိုပဲ ဖြစ်ဖြစ် ရှိတယ် ဆိုတဲ့ အသံထွက်တယ်လေ … ငါ့တိုင်းပြည်မှာ ဘာသံမှကို မထွက်ဘူး။ နိုင်ငံရေး အကျဉ်းသား ဘယ်နှယောက်ရှိလဲ … ဘယ်သူမှ မသိစေရဘူး သဘောပေါက်။ ကဲ ကဲ ထားပါတော့ … မင်းဆီမှာက ကျော်သူတို့၊ ဦးဝင်းတင်တို့ … ဟိုအော် ဒီအော်နဲ့ … ဆူဆူပူပူ ဘယ်လောက် နားညည်းဖို့ ကောင်းလဲ။ ငါ့ဆီမှာဆို အဲဒီလို အသံ … တချက် တောင် မထွက်စေ ရဘူး။ ပြီးတော့ ဦးတင်ဦးကိုလည်း လွှတ်ပေးလိုက်သေးတယ်၊ သူကလည်း အသက်သာကြီးတာ အသံကတော့ အကျယ်ကြီးပဲ။

ချိုကုပ်။ ။ ဒါကတော့ ရွေးကောက်ပွဲမလုပ်ခင် ပြည်သူလူထုဆီက မေတ္တာခံယူဖို့ မျက်နှာကောင်းရအောင် လုပ်လိုက်တာပါ။ သူလည်း နေရမယ့်အချိန်မှ သိပ်မကျန်တော့ဘဲ။

ခြုံတကာအီး။ ။ ငါ့ဆီမှာ နိုင်ငံရေးအကျဉ်းသားမပြောနဲ့ နျူကလီးယား စက်ရုံကြီးတောင် ဘယ်သူမှ မမြင်အောင် ဖွက်ထား နိုင်တယ် သဘောပေါက်။

ချိုကုပ်။ ။ အဲဒါတော့ ဟုတ်ပါတယ်လေ။ အဲဒါကြောင့် ကျနော်လည်း အိုပါးကို မီအောင် ကြိုးစားနေပါတယ်။

ရုက္ခစိုး။ ။ ဟုတ်တယ်၊ ဟုတ်တယ် … စက်ရုံတွေ လျှောက်ကြည့်၊ လုပ်ငန်းတွေလျှောက်ကြည့်ပြီး လိုအပ်သည်များကို မှာစားတဲ့ နေရာမှာတော့ တော်တော်လေး မီနေပြီ။

ကင်တကာခြုံအီးက ဖိဟောက်နေသောကြောင့် စိတ်တိုစပြုနေသော ချိုကုပ်ဒူးကြီးမှာ ဦးရုက္ခစိုးကြီးစကားကြောင့် ဒေါသ ထွက်သွားသည်။

ချိုကုပ်။ ။ နေပါဦး အိုပါးရယ်၊ မြောက်ကိုရီးယားမှာ ကုန်ဈေးနှုန်းတွေ တက်တော့ ပြည်သူလူထုကို အိုပါးက တောင်းပန် တယ်နော်။

ခြုံတကာအီး။ ။ ဒါကတော့ ကိုယ်လည်း ဘာမှမတတ်နိုင်တဲ့အတူတူ ပြည်သူလူထုကို စေတနာ ထားသလိုလို ဘာလိုလိုနဲ့ တောင်းပန်တာပါ။

ချိုကုပ်။ ။ အဲဒီမှာ အကွာကြီးကွာသွားပြီ။ ရာဇဝင်ရိုင်းတယ်ဗျ၊ ကျနော်က ဘယ်တော့မှ မတောင်းပန်ဘူး။ အာဏာရှင်မှန်ရင် ပြောင်လိမ် တတ်ရတယ် … ငှဲ ငှဲ ငှဲ။

ခြုံတကာအီး နည်းနည်းနှာတင်းသွားသည်။ လက်သီးလက်မောင်းတန်း၍ ...

ခြုံတကာအီး။ ။ ဒီမှာ ဒူးကြီး … ဖားတုလို့ ခရုခုန် … ဖင်ကျိုးရုံပဲ ရှိတော့မပေါ့ကွယ် … မတူရင် လာမတုနဲ့ ကြားလား ...။ မင်း ပြည်သူတွေနဲ့ ငါ့ပြည်သူတွေ ဘယ်သူပို ဆင်းရဲလဲ … ယှဉ်ကြည့်လိုက်စမ်း ...။

ခြုံတကာအီးစကားကြောင့် ချိုကုပ်ဒူးကြီး ငိုင်သွားသည်။

ချိုကုပ်။ ။ သြော် … ဒါကြောင့်လည်း … ခေါင်းဆောင်ကြီး၊ ခေါင်းဆောင်ကြီး ဆိုပြီး နာမည်ကြီးနေတာကိုး … ခုတော့ ကျနော် သိပါပြီ။ ကျနော့် တိုင်းသူပြည်သားတွေ ဒီထက်မက ဆင်းရဲတွင်းထဲ ရောက်အောင် ကြိုးစားပါတော့မယ် ခညာ။

ခြုံတကာအီးက လက်ဆယ်ချောင်းထောင်၍ “ဆယ်နှစ် … ဆယ်နှစ်” ဟု ပြောလိုက်သည်။ ချိုကုပ်ဒူးကြီးက ခြုံတကာအီးကို လေးစားသည့် အကြည့်ဖြင့် ကြည့်ရင်း အကြိမ်ကြိမ် အလေးပြုကာ ကြင်ယာတော်နှင့် သမီးတော်၊ မြေးတော်များကို မျက်စ ပစ်ပြလိုက်သည် …။ ကွိုင်ကွိုင်နှင့် အဖွဲ့က တယောက်တပေါက် ကီးကြောင်သံများဖြင့် “ဟက်ပီးဘတ်ဒေး” သီချင်းအစား ဘယ်သူ ရေးစပ်ပေးမှန်းမသိသော “နျူကလီးယားရှိမှ တို့ တင့်တယ်မည်” ဆိုသည့် သီချင်းကို သီဆိုကြပြီး ကင်ခြုံတကာအီးက ဖရောင်းတိုင်မီးကို “ဖူး” ခနဲ မှုတ်၍ မွေးနေ့ပွဲကို အဆုံးသတ်လိုက် လေတော့သည်။

No comments:

Post a Comment