Wednesday, February 24, 2010

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၅၅

မင်းဟန်

(၁၉၅)

အမှတ် ၁၈ ၊ ဝင်္ကပါလမ်း၊ ဗဟန်းမြို့နယ်။
၁၉၉၇ ခုနှစ်၊ သြဂုတ်လ ၅ ရက်။

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့ကြသည့် မျိုးချစ်နိုင်ငံရေးသမားကြီးများ ၂၃ ဦးအား ကိုယ်စားပြု၍ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင်မှ လက်မှတ်ရေးထိုးပြီး ‘ပန်ကြားလွှာ’ တစောင်အား နဝတဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး သန်းရွှေ့ထံသို့ ပေးပို့၏။ တိုင်းပြည်၏ အကျပ်အတည်း၊ အခက်အခဲများနှင့် တွေ့ကြုံရလေတိုင်း မျိုးချစ်နိုင်ငံရေးသမားကြီးများက ….. သူတို့ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများအရ ကျော်လွှားဖြေရှင်းနိုင်မည့် နည်းလမ်းအကြံဥာဏ်များအား စစ်အုပ်စုသို့ ရိုးသားဖြူစင်စွာနှင့် ပေးပို့မြဲဖြစ်သည်။ ထိုသို့ပေးပို့သည့် အကြိမ်တိုင်းတွင်လည်း စစ်အုပ်စုအာဏာပိုင်များသည် မျိုးချစ်နိုင်ငံရေးသမားကြီးများအား ခေါ်ယူ၍ ခြိမ်းခြောက်မြဲ၊ သတိပေးမြဲ….။ စွပ်စွဲပုတ်ခတ်မြဲပင်ဖြစ်သည်။ သို့သော်…. မျိုးချစ်နိုင်ငံရေးသမားကြီးများကမူ အမျိုးသား အကျိုးစီးပွားကိုသာကြည့်၍ သူတို့၏ အမြင်အယူအဆ၊ အကြံဥာဏ်များအား မရွံ့၊ မတွန့်ဘဲ ထုတ်ဖော်၍ ရေးသားခဲ့သည်ပင်….။

ဗိုလ်မှူးအောင်၏ ပန်ကြားလွှာတွင် ….လက်ရှိဖြစ်တည်နေသော မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းများအား ထောက်ပြထား၏။

ပြီးလျှင် …
“၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက် နံနက်ပိုင်းတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့် ခေါင်းဆောင်သော ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေ ခေါင်းဆောင်သော ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြကြောင်းနှင့် နှစ်ဦးနှစ်ဖက်တို့အနေနှင့် မိမိတို့ သဘောထားအမြင်အချို့ကို အပြန်အလှန် ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရှိရပါသည်။ သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးတို့သည် မည်သည့်ရည်ရွယ်ချက် အကြောင်းပြချက်များနှင့် တွေ့ဆုံခဲ့ကြသည်ဖြစ်စေ ဤကဲ့သို့ မျက်နှာချင်းဆိုင် တွေ့ဆုံခြင်းသည်ပင်လျှင် နှစ်ရှည်လများ ပြည်သူလူထုက တောင့်တခဲ့ကြသည့် နိုင်ငံရေးပြဿနာများကို မျက်နှာစုံညီ တွေ့ဆုံဖြေရှင်းရေး၏ ပဏာမဖြစ်သည်ဟု ယူဆကာ ကျွန်ုပ်တို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။

ဤကဲ့သို့ ပဏာမ တွေ့ဆုံရှင်းလင်းပြောဆိုမှုများမှတဆင့် မိမိတို့၏ ပုဂ္ဂိုလ်ရေးနှင့် အဖွဲ့အစည်းအရေးများသည် အထက်ဖော်ပြပါ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကျပ်အတည်းများကို ကျော်လွှားလွန်မြောက်စေနိုင်မည့် တတိုင်းတပြည်လုံး အကျိုးရှိစေမည့် ပြဿနာအရပ်ရပ်ကို နိုင်ငံချစ်စိတ်နှင့် ပြည်သူလူထုအကျိုးကို ဆောင်ရွက်လိုသည့် စိတ်ဓာတ်အရင်းခံဖြင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပါဝင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တို့ ဆက်လက်၍ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးကြပါရန် အနူးအညွတ် ပန်ကြားအပ်ပါသည်” ဟူ၍… ပန်ကြားလွှာအား အဆုံးသပ်၏။

(၁၉၆)
၁၉၉၇ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် (နဝတ) အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ခင်ညွန့်က …. အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးစိုးမြင့် (သခင်စိုးမြင့်) ၊ ဦးလွန်းတင်တို့အား ဆက်သွယ်လာပြီး၊ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်တွင် တွေ့ဆုံရန် အကြောင်းကြား၏။

(နဝတ) မှ အဖွဲ့ချုပ်နှင့် တွေ့ဆုံဆွေးနွေးရန် အစီအမံက…. အဖွဲ့ချုပ်မှ ငါတွေ့ချင်သည့်သူအား ခေါ်မည်။ ငါခေါ်သည့်သူသာ လာခဲ့.. ဟူ၍ ဖြစ်နေ၏။ ခက်ပြီ….။ အဖွဲ့ချုပ်မှ ၁၉၉၇ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၇ ကြိမ်မြောက် ရွေးကောက်ပွဲ နှစ်ပတ်လည်အထိမ်းအမှတ် အစည်းအဝေးတွင်က …. စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးရေး အပါအဝင် အဖွဲ့ချုပ်၏ အရေးကြီးသည့် မူဝါဒ၊ လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များအား ဆုံးဖြတ်လုပ်ဆောင်ရာတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦးအား MANDATE ပေးထား၏။ ဤအတွက် … (နဝတ) နှင့် တွေ့ဆုံဆွေးနွေးရေးတွင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်သည့် ဆွေးနွေးပွဲအား ဥက္ကဋ္ဌ ဦးအောင်ရွှေ တဦးတည်း သွားရောက်ရန် မဖြစ်နိုင်….။ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးမှလည်း ဤသို့ပင် ဆုံးဖြတ်ချက်ပေး၏။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အား (နဝတ) အတွင်းရေးမှူး (၁) ထံသို့ ပေးပို့ရန် ဆက်သွယ်၏။ မရ…။

၁၉၉၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် (နဝတ) မှ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၂ ဦးတို့အား လာရောက်၍ ခေါ်၏။ လာရောက်၍ ခေါ်ကြသည့် စစ်အရာရှိများအား…..

“ဥက္ကဋ္ဌ ဦးအောင်ရွှေက အဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်အရ အထွေထွေအတွင်းရေးမှူး မပါဘဲ ဖိတ်ကြားသည်ကို မလိုင်နိုင်ကြောင်းနှင့် အဖွဲ့ချုပ်၏ တွေ့ဆုံဆွေးနွေးရေးကို အစဉ်လမ်းဖွင့်ထားသည့် မူအရ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစိုးမြင့်နှင့် ဦးလွန်းတင်တို့ ၂ ဦးသည်သာလျှင် အဖွဲ့ချုပ်ကိုယ်စားလှယ်များအဖြစ်နှင့် ဗိုလ်ချုပ်ခင်ညွန့်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ရှင်းပြ၏။ (နဝတ) က လက်မခံ…။ ငြင်းပယ်ပြီး တွေ့ဆုံဆွေးနွေးပွဲအား ပယ်ဖျက်လိုက်သည်။ မတတ်နိုင်…။

(နဝတ) ၏ အဖွဲ့ချုပ်နှင့် တွေ့ဆုံဆွေးနွေးရေး အစီအမံ၏ ရည်ရွယ်ချက်က ရှင်းသည်။

“တွေ့ဆုံဆွေးနွေးရာတွင် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် မပါဝင်စေရန် တားဆီးပိတ်ဆို့ထားမည်။ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်များနှင့် ကျန်အဖွဲ့ဝင်များအကြား ညီညွှတ်ရေးကို ပျက်ပြားအောင် ကြံရွယ်လုပ်ဆောင်မည်။ အာဏာပိုင်များအနေနှင့် တွေ့ဆုံလိုသည့်အချိန်တွင် တွေ့ဆုံလိုသည့် အရေအတွက်ကို အမည်တပ်ခေါ်တွေ့ခြင်းဖြင့် အဖွဲ့ချုပ်အပေါ် တန်းတူရည်တူ သဘောမထားဘဲ ဆွေးနွေးပွဲ မစမီကပင် အပေါ်စီးရယူထားမည်။ တဖက်တွင် အာဏာပိုင်များက အဖွဲ့ချုပ်အား အချိန်မရွေး ဆက်သွယ်လိုသည့် အချိန်တွင် ဆက်သွယ်နိုင်သည်ဟု သဘောထားသော်လည်း အဖွဲ့ချုပ်က အရေးကြီးသည့် ကိစ္စများ ဆက်သွယ်ပြောကြားရန် ကြိုးစားသည့်အခါတွင် လျစ်လျူရှု၍နေမည်။ တွေ့ဆုံမှုတခုတွင် တဖက်အဖွဲ့အစည်းမှ မည်သူမပါဝင်ရ၊ မည်သူပါဝင်ရမည်ဟု သတ်မှတ်ခြင်းသည် ယင်းအဖွဲ့အစည်း၏ လုပ်ပိုင်ခွင့်ကို ထိပါး၍ ဝင်ရောက်စွက်ဖက်မည်။ တွေ့ဆုံလိုမှုမှာလည်း အဓိပ္ပာယ်ရှိသည့် နိုင်ငံရေးအရ ဆွေးနွေးမှုမဟုတ်။ အာဏာပိုင်များ၏ လုပ်ဆောင်ချက်သည် မိမိတို့အစီအမံအတိုင်း၊ အဖွဲ့ချုပ်က တသွေမတိမ်း နာခံလျှင်နာခံ၊ မနာခံလျှင် အဖွဲ့ချုပ်သည် တွေ့ဆုံဆွေးနွေးမှုကို ပျက်ပြားအောင်လုပ်သည်ဟု ချက်ချင်း စွပ်စွဲနိုင်ရန် ကြိုတင်အကွက်ချ စီမံထားမည်….” ဟူ၍ တွေ့ရ၏။ မလွယ်….။

(၁၉၇)
အမှတ် (၉၇/ခ)၊ အနောက်ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်၏ ဗဟိုဌာနချုပ်ရှိ ၉ နှစ်မြောက် အဖွဲ့ချုပ် ဖွဲ့စည်းထူထောင်ခြင်း အခမ်းအနားနှင့် နှစ်ပတ်လည် ညီလာခံအား ၁၉၉၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့များတွင် ပြုလုပ်ကျင်းပ၏။ စာတမ်းနှစ်စောင်အား အဖွဲ့ချုပ်၏ နှစ်ပါတ်လည်ညီလာခံတွင် ဗဟိုအလုပ်မှုဆောင်အဖွဲ့မှ တင်သွင်း၏။ ညီလာခံကအတည်ပြုပေး၏။ စာတမ်း ၂ စောင်က …. နိုင်ငံရေးစာတမ်းနှင့် စီးပွားရေးစာတမ်း ဖြစ်သည်။ စီးပွားရေးစာတမ်း၏ အမည်က …. ‘မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စီးပွားရေးလမ်းစဉ်’ ဟူ၍ ဖြစ်သည်။ စာတမ်းတွင် ၂ ပိုင်းခွဲ၍ ဖော်ပြထားသည်။

ပထမပိုင်းတွင် မျက်မှောက်ခေတ်လူမှုရေး၊ စီးပွားရေးအခြေအနေများအား သုံးသပ်ဆန်းစစ်ထားပြီး၊ ထိုအခြေအနေများမှ မည်သို့ပြုပြင်မည့် နည်းလမ်းကိုလည်း ရေးထား၏။ ဒုတိယပိုင်းတွင်က… မြန်မာ့စီးပွားရေး ပြန်လည်၍ နလန်ထူထောင်လာပြီးသည့်နောက် …. လူတန်းစေ့နေနိုင်ရေးအတွက် အဖွဲ့ချုပ်မှ ချမှတ်ထားသည့် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအား တင်ပြထား၏။ အနှစ်သာရအား ချုပ်ရပါမူ…. အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးဆိုင်ရာ၊ စီးပွားရေးလမ်းစဉ် (သို့မဟုတ်) Makro ဘောဂဗေဒဆိုင်ရာ မူဝါဒ သဘောထားက …

“၁။ တိုင်းပြည်တွင် ဈေးနှုန်း၊ ငွေကြေးနှင့် အလုပ်အကိုင်များ တည်ငြိမ်ပြီး၊ ကျပ်ငွေစက္ကူအား တိုင်းသူပြည်သားများ အယုံအကြည်ရှိစေရန် ဆောင်ရွက်မည်။
၂။ သင့်တော်သည့်ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ လမ်းစဉ်ချမှတ်၍ အစိုးရအသုံးစရိတ် ပိုင်နိုင်ထိရောက်စွာ ချုပ်ကိုင်ရန်။
၃။ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း ပြည်လည်ဆန်းစစ်လျက် ကျပ်ငွေတန်ဖိုး ယုတ္တိရှိစွာ သတ်မှတ်ရန်။
၎။ ပြည်တွင်းကုန်ဈေးနှုန်းများ ကျဆင်းစေရန် နိုင်ငံခြားမှ သင့်တော်သည့် ကုန်ပစ္စည်းများ တင်သွင်းရန်။
၅။ ပို့ကုန်အမျိုးမျိုး တိုးချဲ့ထုတ်လုပ်နိုင်ရေး ဦးစားပေးဆောင်ရွက်ရန်။
၆။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာစေရန် လက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေများ ပြင်ဆင်ရေးဆွဲရန်
၇။ နိုင်ငံခြားကြွေးမြီများ လျော့ပါးသွားရေးနှင့် နိုင်ငံခြားအကူအညီများ ပြန်လည်ရရှိစေရန်
၈။ စီးပွားရေးလုပ်ငန်းများ ချုပ်ချယ်ကန့်သတ်ထားသည့် အမိန့်၊ ကြေညာချက်များနှင့် ဥပဒေစည်းမျဉ်းများအား ပြန်လည်ဆန်းစစ်ပြင်ဆင်ရန်
၉။ ပုဂ္ဂလိက လုပ်ငန်းများ အကျိုးအမြတ် ပိုမိုရရှိလာစေရန် လက်ရှိအခွန်စနစ် ပြန်လည်ဆန်းစစ်ပြင်ဆင်ရန်။
၁ဝ။ စီးပွားရေး အခန်းကဏ္ဍအားလုံး လွတ်လပ်ပြီး တရားမျှတသည့် ဈေးကွက်စီးပွားရေးစနစ်ကို အခြေခံ၍ ပုဂ္ဂလိက လုပ်ငန်းများ လျင်မြန်စွာ တိုးတက်ရှင်သန်လာစေရန်
၁၁။ တိုင်းပြည်အား ထိရောက်စွာ အကူအညီပေးနိုင်မည့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း မြှင်တင်ရန် စသည်တို့ ဖြစ်ပါသည်။ တိုင်းပြည်တွင် လူမှုစီးပွားရေး တည်ငြိမ်မှုရှိစေရန်အတွက် ယျေဘုယျအခြေအနေများကို ထည့်တွက်ရမှာ ဖြစ်ပါတယ်။ အလောတကြီး ဆောင်ရွက်မှုများကို ရှောင်ရှားလျက် အနည်းဆုံးလိုအပ်ချက်များကို ထည့်တွက်ထားရန်။”…. ဟူ၍ ဖြစ်၏။

နှစ်ပတ်လည် အခမ်းအနားတွင် …. ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းစကားပြော၏။ ဒေါ်အောင်ဆန်းစုကြည်က … ၁၉၉၇ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ … (နဝတ) အတွင်းရေးမှူး (၁) နှင့် အဖွဲ့ချုပ်အကြား တွေ့ဆုံခဲ့မှု အခြေအနေနှင့် စက်တင်ဘာလ ၁၆ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲ ပျက်ပယ်ခဲ့ရသည့် အကြောင်းတို့အား ရှင်းလင်းပြောဆိုပြီး အဆုံး၌…..

“အာဃာတကင်းစင်ရေးဆိုတာ ဒါပါပဲ။ အဖွဲ့ချုပ်ဟာ ပြည်သူပြည်သားတွေ ပေးအပ်ခဲ့တဲ့တာဝန်ကို ထမ်းဆောင်ခွင့် ရလာတဲ့အခါ အတိုက်အခံလုပ်သူတွေရဲ့ အခွင့်အရေးတွေပါ ပြည့်ပြည့်ဝဝ စောင့်ရှောက်ရမှာပါ။ ကိုယ့်စိတ်သဘောနဲ့ ကွဲလွဲတဲ့သူများနဲ့ ပြေလည်မှုရလိုတာဟာ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတရပ် ဖြစ်ပါတယ်။ ဒီလိုနည်းအရ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရေးနဲ့ အများပြည်သူ လက်ခံယုံကြည်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ထွန်းရေးတို့ကို ရှေးရှုပြီး အနှစ်သာရရှိတဲ့ ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစဉ်တစိုက် ခိုင်ခိုင်မာမာ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အနှစ်သာရရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲရဲ့ သဘောသဘာဝနဲ့ ပတ်သက်လို့ ပွင့်လင်းရိုးသားမှု၊ အပြန်အလှန် လေးစားမှုနဲ့ အများပြည်သူအကျိုးအတွက် ဦးတည်ဆောင်ရွက်မှုတို့အပေါ်မှာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပွင့်လင်းရိုးသားမှု၊ အပြန်အလှန်လေးစားမှု သဘောများအရ တွေ့ဆုံဆွေးနွေးပွဲတက်ဖို့ ဖိတ်ကြားတဲ့အခါမှာ ဆွေးနွေးမယ့် အကြောင်းအရာကို ဖော်ပြပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် အစီအစဉ်ကို ချမှတ်ရမှာ ဖြစ်ပါတယ်။ မိမိတို့ ကိုယ်စားလှယ်များကို သက်ဆိုင်ရာ အဖွဲ့အစည်းကသာ ရွေးချယ်ရမှာ ဖြစ်ပါတယ်။

တနိုင်ငံလုံးအတွက် အောင်ပွဲဖြစ်ရမယ့် တွေ့ဆုံဆွေးနွေးပွဲ ပေါ်ပေါက်ရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အာမခံပါတယ်။ အဲဒါဟာ ကျမတို့ရဲ့ အဓိကကျတဲ့ လုပ်ငန်းစဉ်တရပ်ပါပဲ” ဟူ၍ မိန့်ခွန်းအား အဆုံးသပ်လိုက်၏။


(၁၉၈)
၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်…၊ ၁၃၅၉ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ရက်စွဲနှင့် (နဝတ) သည် အမိန့်ကြေညာချက်များအား တခုပြီးတခု ထုတ်ပြန်နေ၏။ ပထမအမိန့်ကြေညာချက်က ‘နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့’ အား ‘နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ’ ဟု အမည်ပြောင်းခြင်း ဖြစ်၏။ (နဝတ) မှ (နအဖ) ဟူ၍…။ ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက် အာဏာသိမ်းမှုအပြီး ၉ နှစ် တလနှင့် ၂၈ ရက်အကြာတွင်…. အာဏာသိမ်းစစ်အုပ်စုက …. နိုင်ငံတော်အား ငြိမ်ဝပ်ပိပြားအောင် တည်ဆောက်၍ပြီးပြီဟု ဆိုလို၍လား မသိ….။ ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အမည်အား စွန့်လိုက်၏။

ပြီးလျှင် …. ၁၉၈၈ အာဏာသိမ်းအဖွဲ့တွင် ပါဝင်ခဲ့ကြသည့် ဗိုလ်ချုပ် ၁၄ ဦးကိုလည်း ဖြုတ်၍၊ ထုတ်၍၊ ဖမ်းပြီး… အရေးယူလိုက်၏။ ထုတ်ပစ်ခြင်းခံရသည့် ဗိုလ်ချုပ် ၁၄ ဦးတွင် …. ဗိုလ်ချုပ်ကျော်ဘ၊ ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်မြင့်အောင်၊ ဗိုလ်ချုပ်အေးသောင်…. စသည့် တဗိုလ်တမင်း မင်းမူနေကြသည့် တပ်မတော်အတွင်းမှ စစ်ဘုရင်ကြီးများလည်း ပါသွားကြ၏။ လာဘ်စားမှု၊ အကျင့်ပျက်ဖောက်ပြားမှုများကြောင့်ဟူ၍ အကြောင်းပြပြီး ပိုင်ဆိုင်မှုများ အားလုံးကိုလည်း အသာစီးရသွားသည့် စစ်အုပ်စုက သိမ်း၏။ တိုက်များ၊ ကားများ၊ ရတနာများ၊ လုပ်ငန်းများ….။ အရပ်ရပ်တန်ဖိုးက အံ့သြလောက်ဖွယ်ရာ ကိန်းဂဏန်းများဖြစ်၏။ နာမည်ပြောင်း၍ လူသစ်အချို့နှင့် ပြောင်းလဲဖွဲ့စည်းခဲ့သည့် စစ်ကောင်စီသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပတ်သက်လျှင်မူ သဘောထားမပြောင်း…။

၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် (နအဖ) ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီး တင်လှိုင်က … အဖွဲ့ချုပ် ခေါင်းဆောင်များအား တွေ့ဆုံရန် ကြိုတင်၍ အကြောင်းကြားစာပေးပို့ပြီး ဆင့်ခေါ်၏။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်က (နအဖ) နှင့် ဆက်သွယ်ရေးလမ်းကြောင်းအား ဖွင့်ထားမည်။ တွေ့ဆုံဆွေးနွေးရေးအား မည်သို့ပင်ဖြစ်စေ မိမိဘက်မှ ပိတ်မပစ်ဟူသည့် မူအရ …. ပြည်ထဲရေးဝန်ကြီး၏ ဆင့်စာအတိုင်း သွားရောက်၍ တွေ့ဆုံကြရန် သဘောထားချထား၏။ သို့သော်…. အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ၊ ဒု- ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူနှင့် အတွင်းရေးမှူးတို့မှမူ တွေ့ဆုံမည်မဟုတ်…။ ဗဟိုအလုပ်အမှုဆောင်များသည်သာ ပြန်ထဲရေးဝန်ကြီးဆိုသူနှင့် တွေ့ဆုံမည်။

တွေ့ဆုံမှုက … ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီတွင် တွေ့ဆုံကြ၏။

ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်က (နအဖ) အာဏာပိုင်များ ပြောခိုင်းလိုက်သည့် စကားများအား ကြက်တူရွေးတကောင်ကဲ့သို့ ရွတ်ပြ၏။ အဓိကဆိုလိုရင်းကား….. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပြန်သည့် ကြေညာချက်၊ သတင်းလွှာများ၊ ပေးစာများအား မထုတ်ပြန်ရန် ပိတ်ပင်ခြင်းဖြစ်သည်။

ဗိုလ်မှူးကြီးတင်လှိုင်၏ ရွတ်ဖတ်မှုက … “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ….. ဆင်ခြင်သင့်ပြီဖြစ်ကြောင်း၊ ဒီလိုသာ ဆက်ပြီးလုပ်နေပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောဆိုနေတဲ့၊ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ဆိုတာတွေဟာ ဝေးသထက်ဝေးသွားနိုင်ကြောင်း၊ ဒီလိုဝေးသွားတာဟာလည်း နိုင်ငံတော်အစိုးရက လုပ်တာမဟုတ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူကြီးများအနေဖြင့် ပြန်လည်ဆင်ခြင်သုံးသပ်နိုင်အောင် သတိရှိဖို့ ရှိပြီဖြစ်ကြောင်း….”

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကား…. အမည်သာပြောင်း၏။ မူဝါဒကား… မပြောင်း။

No comments:

Post a Comment